Tuesday 14 May 2013

ချစ်သူ..

အလင်းခက်တွေ အိပ်တဲ့ညနေခင်း
တိမ်တွေ ခရီးသွားနေချိန်မှာ
မခွဲချင့်ခွဲချင် လက်ကလေးတစ်စုံဟာ
စိတ်ချင်းမဝေးကြေး ကတိတွေအထပ်ထပ်နဲ့
လမ်းခွဲခဲ့ရရှာ..............။

(-)

ချိတ်ဆက်မထားတဲ့ လက်တစ်စုံဟာ
ဝိုင်ဖိုင်တွေ ငြိနေရ
ဝေးကွာသွားသလောက်
ဝေးကွာတဲ့ အတိုင်းအတာအရ
ဟောဒီဘယ်ဖက်ရင်အောက်က နှလုံးသားက
စုးအောင့်တယ်

(-)

တီတီတာတာ ကျွမ်းဝင်ခဲ့ စကားများစွာဟာ
အဆောင် ၃၇ မှာပျံ့နေခဲ့
လွမ်းတယ်
၃၇ ရှေ့က မြက်ခင်းလေးအသိပါပဲ
အဆောင် ၃၇ရဲ့ ကော်ရစ်ဒါလေးအသိပါပဲ
ကော်၇စ်ဒါပေါ်က နှုတ်ဆက်နေတဲ့ လက်ကလေးတစ်ဖက်နဲ့
မြက်ခင်းပြင်က နှုတ်ဆက်နေတဲ့ လက်ကလေးတစ်ဖက်ဟာ
အချင်းချင်း ထွေးပွေ့ချင်ခဲ့တာ..

(-)

ရုံးရှေ့ မှတ်တိုင်မှာ ဆင်းတော့
မျက်ဝန်းလေးတစ်စုံက ပြုံးကြည့်တယ်
လက်ကလေးနှစ်ဖက် အတူတူဆုံတယ်
ကင်တင်းန်လေးမှာ ထိုင်မိတယ်
ဝေါ့ခ်မန်းကက်ဆက်လေးက အသံတွေကို နှစ်ယောက်အတူနားထောင်ခဲ့
ထမင်းသုပ်တစ်ပွဲကို နှစ်ယောက်အတူစားခဲ့ဖူးတယ်
မင်း အလိုက်တသိနဲ့ ဖွင့်ပေးခဲ့တဲ့ ရေသန့်ဗူးလေးတွေ အသိပါပဲ
ကျောင်းတက်ခေါင်းလောင်းသံဟာ
ဒို့နှစ်ယောက်အတွက် ငရဲတေးသံဖြစ်ခဲ့တယ်။

(-)

ဂျုန်းဂျုန်းဂျက်ဂျက်မြည်နေတဲ့ ရထားသံဟာ
ဒို့နှစ်ယောက်အတွက်
တေးသံသာပဲ
တစ်ယောက်ပုခုံးကို တစ်ယောက်မှီနွဲ့လို့ ပျော်ခဲ့ဖူး
တိုးကြောင်ကလေးဘူတာ ဆိုတဲ့ မှတ်တိုင်ရောက်တိုင်း
ဝမ်းနည်းခဲ့ရဖူးတယ်
တစ်ယောက်တစ်ကမ္ဘာစီမခြားဘူး
တစ်ယောက်တစ်မြို့နယ်စီခြားတဲ့ နေရာ
ဝေးကွာချိန်တိုင်းမှာ ဝမ်းနည်းတတ်ရစမြဲပါပဲ

(-)

ဘွဲ့နှင်းဆောင်ကြီးကို တူတူငေးလို့
ဘွဲစင်မြင့်ပေါ် တူတူတက်မယ် အားခဲခဲ့ဘူး
ဘဝတွေက မတူညီကြလေတော့
တစ်ယောက်က ဘွဲ့တက်ယူချိန်မှာ
တစ်ယောက်က စာရွက်လေးတစ်ရွက်နဲ့ပဲ ကျေနပ်ခဲ့ဖူးတယ်
ဒါပေမယ့်လည်း လက်ကလေးနှစ်ဖက် မဖြုတ်ခဲ့ဘူးနော်
ထာဝရအတွက်..တဲ့

(-)

အမှတ်တရ ဓါတ်ပုံရိုက်မယ်
ဒီစကားတစ်ခွန်းမှာ စိတ်က ခွင့်မပြုချင်သလိုလို
ဓါတ်ပုံရိုက်ရင် ခွဲရတတ်တယ် ကောင်လေးရဲ့လို့လည်း တိတ်တခိုးဆိုမိသေးရဲ့
ဒါပေမယ့်လည်း တားမြစ်ဖို့ မဝံ့ရဲခဲ့တော့
သူ အမှတ်တရအမှတ်တရနဲ့ ဓါတ်ပုံတွေ ရိုက်သွားလိုက်တာ
ခုတော့လည်း ကိုယ်အမှတ်တရ လွမ်းနေရတယ်
သူ့ကမ္ဘာဟာ ကိုယ်နဲ့ဝေးရာ အမှောင်ထုမှာ။

(-)

ကမ္ဘာ့အမှောင်ခြမ်းမှာ ပျော်ရဲ့လား
ကမ္ဘာအမှောင်ခြမ်းမှာ ကိုယ်မပါပဲ ပျော်ရဲ့လား
ကိုယ်မေးတိုင်းသူပြုံးတယ်
စကားတွေ ပြန်ဆိုမလာဘူး
ကိုယ် မုန်းတယ်
တစ်နေ့တော့ ကိုယ်လိုက်ခဲ့ပါ့မယ်
တာဝန် တွေ လွဲပြီးတဲ့တစ်နေ့
ကိုယ်လိုက်..ခဲ့..ပါ့..မယ်

(-)

တစ်ခုပြီးတစ်ခု ဆင်ထားတဲ့ ဇာတ်ကွက်ထဲကို
တစ်လှမ်းချင်းစီခြေချ
နစ်နေတဲ့ ဝဲကို ဆွဲမနှုတ်ချင်ဘူး
ကမ္ဘာ့အမှောင်ခြမ်းဆီ အမြန်ရောက်မယ့်နည်း
မသင်ကြားပဲ တတ်ထားတယ်
ကိုယ် အရာအားလုံးနှုတ်ဆက်
ကောင်လေးရဲ့ ကမ္ဘာကို သွားတော့မယ်.။

(-)

ဝေါ့ခ်မန်း ကက်ဆက်လေးးတစ်လုံး
ထမင်းသုပ်တစ်ပွဲ
ကင်တင်းန်လေးတစ်ခု
ကြိုနေတဲ့ လက်ကလေးတစ်ဖက်
မျက်လုံးအစုံကို မှိတ်လိုက်တယ်
အရာအားလုံးငြိမ်းချမ်းသွား
အသက် ရှုထုတ်ခြင်းကင်းမဲ့ ခန္ဓာ
ကမ္ဘာကြီးကို လက်ပြနှုတ်ဆက်
.........................
.......................
................
အတူတူဆုံကြမယ့် လက်ကလေးတစ်စုံ။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်