Tuesday 22 November 2011

ကြိုးလေးသုံးချောင်း



“အမေ သား အမေနဲ့ ရွာကို ပြန်လိုက်လို့ မရဘူးလားဟင်”

“ဟဲ့ ဒီမှာ အလုပ် လုပ်ရပါမယ်ဆိုကာမှ… အငယ်လေး နင် ငါ့ကို ရုတ်ရုတ် ရုတ်ရုတ် တော့ မလုပ်နဲ့နော် နင့်အစ်ကို နှစ်ယောက်လုံးလည်း ဒီဆိုင်မှာရှိတယ် ဘာကြောက်နေတာတုန်း”

အမေနှင့် ညီဖြစ်သူ ၏ တီးတိုးစကားဆိုနေသံကြောင့် အောင်ဝင်း ဝင်ပြောလိုက်မိသည်။

Sunday 20 November 2011

မေတ္တာရောင်ပြန်



“အဲ့ဒီအချိန်တုန်းက ငါသိတာ တစ်ခုတည်းပဲ..သူ့ကိုပဲကြည့်နေချင်တယ် သူ့မျက်နှာလေး ညှိုးသွားမှာ ငါကြောက်နေတယ်”
သူငယ်ချင်းများ၏ ခပ်လှောင်လှောင်အကြည့်ကို သိပါလျက် သူ ဂရုမစိုက်နိုင်ပါ။ သူ့ရင်တွင်းဝေဒနာတို့ ဖွင့်ဟမှ သူ အနည်းငယ် နေသာထိုင်သာရှိလိမ့်မည်။
“နေပါဦး..ငါမေးပါရစေဦး မင်းက သူ့ကို မြင်မြင်ချင်းချစ်သွားတာလား”
အောင်သွင့် အမေးကို ခေါင်းခါပြမိရင်း
“မဟုတ်ဘူး.. သူ့ကို ငါသိတာ နှစ်ချီနေပြီ တစ်ခါမှ စကားလည်း မပြောခဲ့ဖူးဘူး အဲ့ဒီနေ့က..အဲ့ဒီနေ့က သူ ငါ့ကို အံ့သြတကြီး ပြောလိုက်ပုံလေး အရမ်းချစ်ဖို့ကောင်းတာပဲ”
အောင်သွင်နှင့် ရဲနောင်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ဖြစ်မိချေပြီ။
“အချစ်ဆိုတဲ့ ခံစားချက်ကြီး ဖြစ်သွားလောက်အောင်ထိလား.. ဘာပြောလိုက်လို့လဲ”
ရဲနောင် အမေးစကားကြောင့် သူပြုံးမိရင်း ထိုအဖြစ်အပျက်လေးကို ပြန်လည် တမ်းတကြည့်မိလိုက်သည်။
……..

Saturday 19 November 2011

ချို

(၁)
ဆောင်းက..
လမင်းကို စောစီးစွာ မသယ်ဆောင်ပေမဲ့
အမှောင်ကိုတော့….
နှစ်ခြိုက်စွာသယ်ဆောင်ရင်း..
နေ့တာတိုစေတယ်…
ဘာမဆိုင်ညာမဆိုင်နဲ့
ကျွန်တော့် ဝဲဖက်ရင်အုံက
အလွမ်းနင့်နင့်တွေ လွှတ်ချဖို့တွေးလိုက်မိပါရဲ့
နှစ်နှစ်ခြိုက်ခြိုက်ကြီးထမ်းပိုးထားတာ
နှစ်နှစ်တောင်ကြာမြင့်ခဲ့ပြီပဲ။
(၂)
ဆောင်းနံနက်ခင်းမှာ
ရွှေဝါရောင်အလင်းတို့ ကျဲဖြန့်
တလက်လက်တောာက်နေတဲ့..ကတ္တရာလမ်းလေးထက်
အခြေကြီးတဲ့..ရွှေမင်းသမီးလေးတပါးလှမ်းအလာ…..
ကျွန်တော့်နှလုံးသား အသက်မဲ့သွားသတဲ့
….
အိပ်မက်ကအလန့်တကြားထအနိုးမှာ
ကျွန်တော်လွမ်းမိသွားတယ်
အချိန်ကာလအပိုင်းအခြားဟာ…
သူ့ဟာသူလည်ပတ်နေခဲ့ပေမဲ့
သူနဲ့အတူ
ကျွန်တာ့်အလွမ်းတွေ…သယ်ဆောင်မသွားဘူး
နှလုံးသားထဲ…ချန်ခဲ့တယ်
လွမ်းတယ်…..ကွယ်။
(၃)
မင်း မေ့သင့်ပြီ…..
သူငယ်ချင်းအရင်းခေါက်ခေါက်ရဲ့
မချင့်မရဲစကားသံအဆုံး…
ကျွန်တော်ပြုံးမိပါရဲ့…..
အလွမ်းနင့်နင့်ကို ထမ်းပိုးထားသူတစ်ယောက်အနေနဲ့..
မမေ့ချင်ပဲ ဘယ်နေမှာလဲကွယ်
ခက်တာက..အချစ်ဆိုတာကလည်း..
တကူးတကပျိုးစရာမလိုပါပဲနဲ့ကို
ငွါးငွါးစွင့်စွင့် ပွင့်လန်းတတ်တာမျိုးဆိုတော့…
အလွမ်းနင့်နင့်နဲ့ပဲ…
မြတ်နိုးနေမြဲပေါ့ကွယ်။
(၄)
ကျွန်မ နာမည် ချိုပါ..တဲ့
နာမည်နဲ့လိုက်အောင် ချိုရှတဲ့ စကားသံလေးနဲ့
နှလုံးသားကိုစွဲဆောင်တယ်
မျက်နှာဝိုင်းလေးနဲ့
မသိခြင်းတရားတွေ စုပုံနေတဲ့….
မျက်ဝန်းကြည်ကြည်လေးက…….
ချစ်ခြင်းတို့ ဖွင့်ဟမဲ့
နှုတ်ခမ်းကို ဆွံ့အစေတယ်
လွမ်းလိုက်တာ…ချို
နွေရဲ့ အရိပ်မှာ ပိတောက်ရောင် ဝမ်းဆက်နဲ့
ခပ်တွန့်တွန့်နှုတ်ခမ်း…….
ငါ့ရင်ထဲမှာ…ကျန်တုန်းပဲကွယ်
ခင်မင်ခြင်းကို ခုတုံးလုပ်ပြီး….
ချစ်တယ်ဆိုတဲ့စကား မပြောကြားနဲ့တဲ့လား….
သီးသန့်ဖြစ်တည်တဲ့ ချစ်ခြင်းဟာ..
ခင်မင်ခြင်းထက် စောစီးစွာ ပွင့်ဖူးခဲ့ကြောင်း
ဖြေရှင်းခွင့်မရခဲ့ဖူးကွယ်……..
ဝမ်းနည်းမိလိုက်တာ…
မာနကြီးပုံကတော့
တက္ကသိုလ်ရဲ့ ငွေလဝန်းပီသပါပေရဲ့ကွယ်။
(၄)
မင်း ဘယ်ဝယ်ဘယ်ဆီမှာလဲ…
မမှန်းဆတက်ဘူး…
ကိုယ်သိတာက…မင်းနဲ့ ကိုယ့်ကြား..
မာန ပဝါပါးခြားတယ်….။
ဒီကဗျာအမြင်မှာ ကျွန်တော့်သူငယ်ချင်းက ပြောပြန်ရဲ့
မရူးနဲ့…ကွာ..တဲ့
ကျွန်တော်ကတော့ ပြုံးမိရုံသာ
ရူးပါစေ..အချစ်အတွက်..ချို့အတွက် ကျွန်တော်ရူးဝံ့တယ်..လို့
စိတ်ထဲက ပြောမိပါရဲ့ကွယ်။
(၅)
မဟုတ်ဘူး……..
ကိုယ် ငြင်းချင်တယ်..မဟုတ်ဘူးလို့
ကိုယ်မယုံဘူး
မယုံချင်ဘူးကွယ်
အနီရောင်နှုတ်ခမ်းနဲ့
ဆေးဆိုးပန်းရိုက်မျက်နှာ
ချို..ဟာ..ချို မဟုတ်တော့ဘူးကွယ်
ကြည်လင်သန့်ရှင်းတဲ့ အပြုံးလေး..
ပျောက်ကွယ်ခဲ့ပြီ…..
ရိုးသားမှုတွေ ဖြတ်စီးတဲ့ မျက်ဝန်းလေး
ပျောက်ကွယ်ခဲ့ပြီ
ရုန်းကန်မှုတွေနဲ့ အသားကျတဲ့ မျက်ဝန်းလေးက
ကိုယ့်ကို ကြည့်ရင်း ပြုံးပြန်တယ်
မသိမိတဲ့ နှစ်နှစ်အတွင်းမှာ……
ချို.ဘဝကို ရေစုန်မျောခဲ့သတဲ့
ရွှေမင်းသမီးအဖြစ်ကနေ
အဖဆုံးလို့…အမိအသုံးမတတ်တော့….
အထည်ကြီးပျက်ခဲ့သတဲ့
အခြေမယိုင်အောင်… မြေစမ်းခရမ်းပျိုးရင်း
အသုံးနဲ့ အဖြုန်းခွဲမတတ်တဲ့အခါ….
အမေ့အတွက်..
မောင်အတွက်…..နဲ့
နောက်ဆုံးတော့လည်း..
စားသောက်ဆိုင်မှာ အဆိုကျော်ဆိုတာကိုရွေးမိခဲ့သတဲ့ကွယ်
ရင်နာတယ်…ချို။
(၆)
အချစ်တစ်ခုအတွက်
နှလုံးသားက
လိုလိုချင်ချင်ပဲ ဘဝကို ရင်းဖို့ပြင်တဲ့အခါ
သား…မိဘမျက်နှာ အိုးမဲသုတ်ချင်သလား.တဲ့
အမေ့ ငိုညည်းသံတိုးတိုးနဲ့
အဖေ့ တောက်ခတ်သံ
သူငယ်ချင်းတချို့ရဲ့..
မချင့်မရဲ တားမြစ်သံ….
ကျွန်တော်ကျော်ဖြတ်ခဲ့တယ်…နောက်လှည့်မကြည့်စတမ်းပေါ့
သည်တစ်ခါတော့..လက်ခံပေး ချို
ရင်တွင်းအပျော်နဲ့ နှလုံးသာ့းကိုပေးဖို့အလာ
ကျွန်တော် ရင်ကွဲရပြန်ပြီပဲ
အမျိုးအမည်မသိတဲ့ တိုင်းတစ်ပါးသားရင်မှာ
ပလီတာတာစကားဆိုနေတာ..ချို တဲ့လား
တချိန်က ကျွန်တော်တန်ဖိုးထားတဲ့
ချို့ရင်တဲ့က မျိုးချစ်စိတ်တွေ
တချိန်က ကျွန်တော်မြတ်နိုးခဲ့တဲ့
ချို့ရဲ့ မြန်မာဆန်မှုတွေ
အရာအားလုံး..ပျောက်ဆုံးလို့
ခုတော့လည်း………
ချို..အမျိုးမဖျက်ချင်စမ်းပါနဲ့ လို့
မဝံ့မရဲ တောင်းဆိုချင်မိသေးတယ်ကွယ်
အသဲကွဲတယ်ဆိုတာထက်
အမျိုးဖျက်ခံရတာ..ပိုရင်နာတယ်...ချို။
……………………………………………………
ရည်ဝေ
၁၈ နိုဝင်ဘာ ၂၀၁၁
Sm17206.blogspot.com
Freeblogsppot.org/htayhsu

Sunday 6 November 2011

သူ့အရပ်နှင့် သူ့ဇာတ်

“သူ့အရပ်နှင့် သူ့ဇာတ်”

(၁)
“တကယ်က မြို့ကလူတွေလည်း တောကို အလည်သဘောနဲ့ လာတာပဲကောင်းတယ်…တောကလူတွေလည်း မြို့ကို ဘုရားဖူးသဘောမျိုး အလည်လာတာပဲကောင်းတယ်”
အရီးစိန်စကားကြောင့် မြနှစ်ပြုံးလိုက်မိသည်။ မြို့ကိုရောက်တာ ဆယ့်ငါးရက်ရှိပြီဆိုတော့ အရီးစိန် ပျင်းချေပြီပေါ့။ ရွာမှာဆိုအလုပ်နှင့်လက် မပြတ်တမ်းနေလာသူဆိုတော့လည်း ခုမြို့မှာ ဆယ့်ငါးရက်ကြီးများတောင် နေလာရတော့ ပျင်းလည်းပျင်းလောက်ပါသည်လေ။လက်ကတော့ အဝတ်ကို ဟန်မပျက် ခေါက်ရင်း နားစ့င့်လိုက်မိသည်။
“ဘာ့လို့တုန်း အန်တီစိန်ရဲ့”
ဒါ မြနှစ်တို့ တည်းနေသည့် အိမ်ပိုင်ရှင်၏ သမီးဖြစ်သူ မမချောချောလေး မမနိုင်၏ အမေးစကား။
“အင်း ဘာ့လို့ဆို လုပ်ကိုင်စားသောက်ပုံခြင်းမှ မတူတာပ..ကျုပ်ကတော့ တောနေမလား မြို့နေမလားဆို တောပဲရွေးမှာပ…”
ဟုတ်ပ..မြနှစ်လည်း တောပဲနေမှာပ မြနှစ်တို့ရွာမှာက ဘာမှ မျက်စိရှုပ်နားရှုပ်စရာမရှိဘူးလေ ခု ဒီရန်ကုန်ရောက်မှပဲ တချို့ မိန်းမငယ်တွေဆို မြနှစ်ကြည့်တောင်မကြည့်ရဲ တိုလိုက်တာများ နန့်လို့..နောက် အကုန်ဖော်မယ်စဉ်းစားထားသလားအောက်မေ့ရတယ်..နေပူကျဲတဲကြီးထဲ ကြိုးတစ်ချောင်းဆိုလား..ဘာဆိုလားနဲ့..ဘောင်းဘီတိုနှံ့နှံ့လေးတွေနဲ့ ကြည့်ရဲစရာကိုမရှိ….။ စိတ်ထဲက ထောက်ခံလိုက်ရင်း ဆက်နားစွင့်လိုက်သည်။