Saturday 24 December 2011

နှစ်သစ်မှာ ဝဋ်ကျွတ်ပြီ


“ဟေး..အပျိုကြီး ဘယ်တော့ စားရမှာလဲဟေး”

ဘေးအိမ်မှ ဗလွတ်ရွှတ်တွ နေတတ်လေ့ရှိသော၊ သူမကိုဆို အမြဲနောက်လေ့ရှိသော ဦးလှဘူး။

“ဘယ်တော့မှ စားရဘူးဗျို့..မျှော်မနေနဲ့တော့ ဦးလှဗူးသမီးမင်္ဂလာဆောင်ရောက်ရင်သာ အပြတ်အသတ်ကျွေးဖို့စဉ်းစားထား”
“ဟားဟား..ငါ့သမီးက ခုမှ ဆယ်နှစ်ရှိသေးလို့ဟ..တော်ကြာညည်းရှာထားသမျှ ဘုန်းကြီးစားသွားမှာစိုးလို့မေးတာပါဟာ..စိတ်မဆိုးပါနဲ့”

ကဲ ပြီးကရော။ ဘုန်းကြီးစားသွားမှာ စိုးလို့တဲ့။ ငါနော်။ မျက်စောင်းတွေ ပစ်ထိုးပြီး ထွက်လာလိုက်တော့သည်။ အော်လည်းအော်ပေးခဲ့လိုက်သေးသည်။

“ကမ္ဘာလဆန်းတစ်ရက်နေ့ဗျို့..ကမ္ဘာလဆန်းတစ်ရက်နေ့”

Friday 23 December 2011

အပြစ်ရှိသလား ချစ်ခြင်းငယ်

ညနေခင်း ရောက်လာပြီဆိုတော့သွားနေကျနေရာလေးတစ်ခုကိုသွားဖို့ စိတ်ကမခိုင်းရပါပဲနှင့် လူက ပြင်နေချေပြီ။
… အမြဲထိုင်နေကျ လက်ဖက်ရည်ဆိုင်လေး။ တိတ်တိတ်ဆိတ်ဆိတ်နှင့်………..။
ဆိုင်နံမည်က ”အသည်းကွဲဆည်းဆာ” တဲ့။ ဘာတွေဘယ်လိုတိုက်ဆိုင်နေလဲတော့မသိပါဘူး။ အဲဒီမှာ ထိုင်တဲ့ လူငယ်တွေများပေမဲ့ ကိုယ့်အတွေးနဲ့ကိုယ်သာ။ ဟေးလားဝါးလားမရှိ။ ငါး…..ပတ်မယ် ခြောက်…..တစ်လုံးအပိုင်မရှိ။ ၀ုန်းဒိုင်းကျဲနေတဲ့ ဗွီဒီယိုဆိုတာမရှိ။ အသည်းကွဲသီချင်းအေးတစ်ချို့နဲ့ လိမ္မာပါးနပ်သော၊ ယဉ်ကျေးပျူငှာသော စားပွဲထိုးလေးတွေရှိသည်။ နံရံတစ်ချို့မှာ အမြစ်တွယ်နေတတ်သော အသိပေးဆုံးမစာများမရှိ။ ဆုံးမစာကပ်စရာမလိုအောင်ကို ဒီဆိုင်လေးက အေးငြိမ်းငြိမ်သက်နေသလို အလွမ်းရောင်သမ်းနေသည်ကိုက ဒီဆိုင်လေးရဲ့ အကျင့်ပဲဖြစ်မည်ထင်ပါသည်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဒီဆိုင်လေးကိုနှစ်သက်သည်။ ညနေတိုင်း ဒီဆိုင်လေးမှာ ကျဆိမ့်တစ်ခွက်ရယ်၊ Vegas တစ်လိပ်ရယ်က တစ်နေ့တာရဲ့ ရသလိုဖြစ်နေချေပြီ။ နောက်…………….စာအုပ်တစ်အုပ်ရယ်။
ဘေးနားမှာ လာမေးသည့်ကလေးငယ်ကို ကျဆိမ့်တစ်ခွက်၊ Vegas တစ်ပွဲ ဟုမှာလိုက်ချိန်ဝယ် မျက်ဝန်းထောင့်စွန်းမှာ အလင်းငယ်တစ်ချို့ဖြတ်ပြေးသွားသည်။

Sunday 11 December 2011

မတူညီ


သူ နောက်တစ်ချက် ထပ်ပစ်လိုက်သည်။ ဘာသံမှ မကြားရ။ အသံတိတ်ပြောင်း တပ်ထား၍ ဖြစ်သည်။ သူချိန်ရွယ်လိုက်သော သစ်သီးကလည်း အောက်ကိုပြုတ်ကျမလာ။ သူ့ကိုလာခေါ်သော ကောင်လေးထံမှ လှောင်ပြုံးတစ်ချက်တွေ့လိုက်ရသည်။ ဘာရယ်ညာရယ်မဟုက် ကောင်လေးရှိန်သွားမလားရယ်လို့ သေနတ်ပစ်ပြလိုက်တာ ကျည်ဆံနှစ်ခုသာ ကုန်သွားသည်။ မှန်လည်းမမှန်။ အရှက်ထပ်ကွဲမှာ စိုးသောကြောင့်ကော၊ ကျည်ဆံ ကုန်မှာ စိုးတာကြောင့်ကော သေနတ်ကို ခါးကြားပြန်ထိုးလိုက်ပြီး ကောင်လေးကို မေးဆက်ပြလိုက်သည်။ အရှေ့မှ လမ်းပြ..ဟူသောသဘောဖြင့်။ သစ်ပင်အောက်ရောက်တော့ သူခဏရပ်ခိုင်းလိုက်သည်။ ပြီး သစ်ပင်ပေါ်တက်၍ အစောနက သေနပ်ဖြင့် ပစ်တုန်းက ကျမလာသော သစ်သီးကို အားပါးတရ ခူးယူဆွဲဖြဲပစ်လိုက်သည်။ ပြီးနောက် ခရီးဆက်လိုက်သည်။
………….

Monday 5 December 2011

ကျေနပ်ပြုံးနှင့် ငိုမိသည်


“ဆံပင်ဖြူရှာပေးရင် မုန့်ဖိုးပေးမယ်”

ဦးကြီးအောင် ပြောလိုက်သည့်စကားကြောင့် ရင်ထဲ အနည်းငယ် မျက်သွားသည်။ သို့သော် အမေက ပြန်မလာသေး။ အမေ့အစ်မဖြစ်သူ ကြီးကြီးနှင့် ခဏနေဟု ပြောကာ အမေ ရန်ကုန်သွားသည်မှာ တစ်ပတ်ပင်ကြာမြင့်ချေပြီ။ ကြီးကြီးက သူ ဥပုသ် စောင့်သည့်ရက်ဆို ထမင်းမချက်။ သည်တော့ ပိုက်ဆံရှိမှ အဆာပြေမုန့်ဝယ်စားရမည်လေ။ မျက်နှာကို အချိုဆုံးပြုံးလိုက်ရင်း

“တစ်ပင်ကိုဘယ်လောက်ပေးမှာလဲ ဦးကြီးအောင်ရ ”

ခပ်ပြုံးပြုံးသာမေးလိုက်ရသော်လည်း ရင်ထဲမှာတော့ အောင့်ခနဲ။ သူမ သည် အသက် တစ်ဆယ့်နှစ်နှစ်ရှိပြီ ဆိုတော့လည်း အကြောင်းအရာတော်တော်များများကို အတော်အတန် သိပါပြီလေ။ သူမ တို့မိသားစုကို အထည်ကြီးပျက် မိသားစုဟု ပါတ်ဝန်းကျင်မှ ခေါ်ကြသည်ကိုလည်း သိပါသည်။ ဟိုးအရင်ကဆိုလျှင် လူတော်တော်များများ က သူမ ကိုတွေ့လျှင် ချစ်စရာလေးဟု ပြောရင်း မုန့်တွေ ဇွတ်အတင်းကျွေးတတ်ကြသည်လေ။ ခုများတော့ အဖေကလည်း ရန်ကုန်ကို အလုပ်ကြောင့် ပြောင်းရပြီး အမေကလည်း လိုက်သွားသည့်အချိန်မျိုးမှာတော့ မုန့်ကျွေးမည့်သူများလည်း မရှိတော့။

“တစ်ပင်ကို နှစ်ကျပ်ပေးမယ် မိအေးရေ.. နှုတ်သာနှုတ်ပေး.. နက်နေတဲ့ ဆံပင်တော့ မနှုတ်မိစေနဲ့ပေါ့.. ဟုတ်လား”

ခေါင်းညိတ်မိရင်း စိတ်တွက်နှင့် တွက်လိုက်မိသည်က အသုပ်တစ်ပွဲရှစ်ကျပ် ဆိုတော့ လေးပင်လောက်နှုတ်ရင်ကို အဆာပြေ စားလို့ရပြီ ဟု။ မနက်ခင်းတစ်နပ်ပဲ စားရသေးသည်လေ။ အဒေါ်က ဥပုသ်နေ့ဆိုတော့  မနက်စာချက်ပြီးတည်းက ထမင်းထပ်မချက်တော့။ တူဝရီးနှစ်ယောက်စာ တစ်နပ်စာသာချက်ထားသည်လေ။
ဦးကြီးအောင် နှုတ်ခမ်းမှ ကျေနပ်ပြုံးကို မမြင်ချင်ယောင်ဆောင်မိရင်း ဆံပင်ဖြူနှုတ်ရန် ဦးကြီးအောင်ခေါင်းကို ဘီးနှင့် ဖီးလိုက်သည်။
အမေရယ် မြန်မြန် ပြန်လာပါတော့…။ ဒီမှာ သမီးကိုကြည့်ပါဦး စိတ်ထဲမှ တိုင်တည်ရေရွတ်သံကို အမေ ကြားပါစေလေ။

……………