Thursday 29 August 2013

မြေစာအို

 (၁)
 ရင်ထဲမှာ တဆစ်ဆစ်နဲ့ နာနေလိုက်တာ။ သားနဲ့ မတော်ရသေးတဲ့ ချွေးမလောင်းကတော့ဖြင့် သူမအား မြေးဦးကို ဆုံးရှုံးလိုက်ရတဲ့ ဘွားအေတစ်ယောက်အဖြစ် မမြင်ကြလေဘူးထင့်။
သေချာအောင်ထပ်မေးလိုက်မိသည်။
“သား နင် တကယ် အဲ့ဒီလိုလုပ်မှာလား”
 ခေါင်းငြိတ်ပြလိုက်တဲ့ သားကို သူမ တိတ်ဆိတ်စွာသာ ငေးကြည့်နေလိုက်မိသည်။ အမေဖြစ်သူရဲ့ မျက်နှာကို မဖတ်တတ်တဲ့သား ဟူ၍လည်း အပြစ်မတင်လိုတော့ပြီ။ ကိုယ်တိုင်ကိုက ပဲ့ပြင်ဆုံးမနိုင်အား နည်းခဲ့တာကိုးဟုသာ သူမကိုယ်သူမ အပြစ်ဖို့မိချေပြီ။
 “ဆန်သွားဆေးလိုက်ဦးမယ် ”
 ကျလုဆဲဆဲ မျက်ရည်အားထိန်းလိုက်ရင်း သားနှင့် ချွေးမ မမည်သော ချွေးမလောင်းရှေ့မှ ထွက်လာလိုက်သည်။
 “မဟုတ်ဘူးလေ အမေ သားကို ပိုက်ဆံနည်းနည်းစီစဉ်ပေးပါဦး အဲ့ဒါလုပ်ဖို့က ငါးသောင်းလောက်ကုန်မယ်တဲ့ ငါးသောင်းလောက်စီစဉ်ပေးပါ နောက်တစ်ခါဆို ဒီလိုမဖြစ်စေရပါဘူး အမေ့…”
“ဟဲ့ ငါ့မှာဘယ်လိုလုပ်ရှိမှာလဲ အိမ်ငှားဖို့စုထားတာတောင် ၃၀၀၀၀လောက်ပဲရှိသေးတယ်”
 နောက်မှလိုက်လာသည့် သား၏  တီးတိုးပြောသံကြောင့် သူမ ငေါက်လိုက်တော့ သား၏ မျက်လုံးက သူမလက်ကိုကြည့်နေသည်။ သက်ပြင်းတစ်ချက်ချလိုက်ရင်း လက်က လက်စွပ်ကိုချွတ်လိုက်မိ၏။ ဒါ ဟိုးတလောကမှ သူမ လုပ်အားခတွေစုပြီးလုပ်ထားသောလက်စွပ်လေး။ ယူပါစေတော့လေ ဟုတွေးရင်း သားထံပေးကာထွက်လာလိုက်မိသည်။ ကိုယ့်သွေးသားရင်း ဆုံးရှုံးတာတောင် ကြုံပြီးမှတော့ ဒီလက်စွပ်တစ်ကွင်းက ဘာအရေးလဲကွယ်။ လေးလံနေသည့်ခြေလှမ်းတို့အား ပေါ့ပါးသွက်လက်နေသယောင်ဟန်ဆောင်ရင်း အိမ်နောက်ခန်းသို့ အပြေးဝင်မိချေပြီ။
 တကယ်ဆို ကိုယ့်ဘာသာပိုက်ဆံရှာပြီး မအေမသိအောင်လုပ်ကြပါတော့လား။ တနင်္ဂနွေကို သူမ မုန်းမိပြီ။ထိုတနင်္ဂနွေတွင်သာ အလုပ်မနားခဲ့မိပါက၊ ရန်ကင်းသွားခဲ့မိပါက ဘယ်လောက်ကောင်းလိမ့်မလဲလေ။ ခုတော့….။
(-၂)
 “သူဇာ လက်မထပ်ချင်သေးလို့လား….. လက်ထပ်ရင် အိမ်ခန်းတွေ ငှားနေစရာမှမလိုတာ ကိုယ်နဲ့အမေနှစ်ယောက်တည်းပဲဟာ အခုအိမ်မှာပဲနေလို့ရတာပဲ”
 သဲ့သဲ့ကြားနေရသော စကားကို နားစွင့်ရင်း သူမ စိတ်လှုပ်ရှားနေမိသည်။ သူဇာဆိုသည့် ကလေးမက သားဖြစ်သူ နိုင်ဦးနှင့် ရည်းစားဖြစ်နေတာကြာပြီ။ လမ်းမှာ အသွားအလာပြုရင်းတွေ့ဖြစ်သော်လည်း ပြုံးပြနှုတ်ဆက်ရုံထက်မပိုခဲ့။ သူဇာတို့ မိသားစုက သူမတို့မိသားစုထက် ပိုမိုပြည့်စုံသည်မို့ သဘောမတူစရာလည်း မရှိခဲ့ပါ။ သို့သော် သူများချွေးမလောင်းများလို လမ်းမှာတွေ့တိုင်း သူမကို ဟက်ဟက်ပက်ပက်မရှိတာကိုတော့ စိတ်အနည်းငယ်ခုမိသည်။ သို့သော် သူဇာနှင့် ဆုံတိုင်း အတတ်နိုင်ဆုံး ပြုံးပြုံးချိုချိုသာ စကားပြောဖြစ်ခဲ့သည်။ ထိုကောင်မလေးကတော့ သူမကို အရေးမစိုက်ဟန်နှင့်။ ယနေ့မှာတော့ တနင်္ဂနွေ အလုပ်ပိတ်ရက်ကြီး တွင် သားက သူဇာ့ကို အိမ်သို့ခေါ်လာခဲ့ခြင်းပင်။ ဘာတွေတိုင်ပင်စရာရှိပါလိမ့်ဟုတွေးရင်း ဆက်နားစွင့်နေမိသည်။ ဒီနေ့ သူမက ရန်ကင်းဘက်ခဏသွားဦးမည်ဟု ပြောထားသဖြင့်အိမ်တွင် သူမရှိမည်ဟု သားသိလိမ့်မည်မထင်။
ဖျတ်ခနဲပြုံးလိုက်သော သူဇာ့မျက်နှာပေါ်မှ အပြုံးကို ဒေါ်သောင်းဦးမကြိုက်။ အရာရာကို သိနားလည်နေသည့် ကိုယ့်ကိုယ်ကို အထင်ကြီးသည့်အပြုံးဟု တိတ်တဆိတ်မှတ်ချက်ချလိုက်မိသည်။
သို့သော် သူဇာ့ခေါင်းခါလိုက်ဟန်ကိုကြည့်၍ သူမပျော်သွားမိသည်။ တချိန်ချိန်မှာ လက်ထပ်မှာပေမယ့် ယခုချိန်မှာ လက်ထပ်မယ်ဆိုလျှင် ဖြည့်ဆည်းပေးနိုင်ဖို့ အင်အား သူမမှာမရှိသေးပါ။ သားလေးချို့ချို့တဲ့တဲ့နှင့် မင်္ဂလာဆောင်ရပေမည်။ သားလေးနှင့် သူမ နှစ်ဦးသာရှိသည့် ဘဝမှာတောင် တခါတရံ သားလေး ပ့န်းရန် အလုပ်နားရသည့်အခါမျိုးတွင် သူမလုပ်စာသာ ထိုင်စားနေကြရသည်မဟုတ်ပါလား။ ထိုအထဲကမှ အိမ်ငှားဖို့ ပြန်စုရသေးသည်။ သူတို့ကိုသာ ယခုအချိန်တွင် လက်ထပ်ပေးလိုက်ပါက အတွေးမဆုံးခင် ခေါင်းယမ်းလိုက်မိသည်။
 “မဟုတ်ဘူးဆိုရင် ဘာလို့ ကိုယ်တို့ကလေးကို ဖျက်ချမှာလဲကွာ”
အိုး ကလေးဖျက်ချမယ် တဲ့လား။ ဖျတ်ခနဲ ပြေးထွက်လုလုခြေလှမ်းတို့ကို မနည်းထိန်းလိုက်ရသည်။ ဒါဆို သူမမှာ မြေးလေးရှိနေပြီပေါ့ ဟူသည့်အတွးနှင့် တလှိုက်လှိုက်ခုန်တက်လာသော ပီတိတို့ကို တားမြစ်မရခဲ့။
 “ကိုယ်တို့အသက် ငယ်သေးတယ်လေ.. ခုမှ နှစ်ဆယ့်တစ်ပဲရှိသေးတာကို နောက်သုံးနှစ်လောက်ဆိုရင်တော့ စဉ်းစားမှာပါ”
 သား ပခုံးအား ခပ်ဖွဖွကိုင်ကာ ပြောလိုက်သော သူဇာ့စကားကို ကြားတော့ သူမ စိတ်အားလျော့စွာဖြင့် ပုဆစ်တုပ် ထိုင်ချလိုက်မိသည်။  နောက်သုံးနှစ်ဆိုလျှုင်လည်း တစ်ခုခုနှင့် ငြင်းပစ်မှာသေချာပါသည်။ ဒီလိုအချိန်မှာတောင် စည်းမစောင့်သည့် သူတို့နှစ်ယောက်ဟာ နောက်သုံးနှစ်ကြာမည်ဆိုလျှင်တော့ လက်ထပ်ဖို့ အသီးသီး ငြီးငွေ့သွားပါလိမ့်မည်။
တံခါးပိတ်သံတို့ကို အတိုင်းသားကြားနေရသော်လည်း သူမ ထွက်ပြီးတားမြစ်ဖို့ ဆွံ့အနေမိသည်။ ဒီချိန်မှာ သူမ ပါးစပ်က ထွက်လာမှာက တစ်ခွန်းတည်းသာဖြစ်သည်။
“ကလေး ဖျက်မချပါနဲ့ ဟူ၍ပင်။ သူမ တားရင် သား လက်ခံပါ့မလား၊ သားလက်ခံရင်တောင် သူဇာက လက်ခံပါ့မလား ဟူသည့် မရေမရာအတွေးများစွာတို့ကို ထိုတစ်နေ့လုံးသယ်ဆောင်နေမိရင်း။
 (၃)
 “အစ်မရယ် မငိုပါနဲ့ သူတို့က နားမှမလည်ကြတာကိုး”
 “မဟုတ်ပါဘူး ရွက်ဝါရယ် မိဘကလည်းသဘောတူရဲ့နဲ့ ဘာ့ကြောင့်များကိုယ့်သွေးသားကို ဖျက်ဆီးချင်ရတာလဲ သူတို့ကို တကယ်နားမလည်လို့ပါ အိမ်ထောင်သည်ဘဝကိုမလိုချင်ရင်လည်း ဘာ့ကြောင့်များ…ကမြင်းကြောထခဲ့ကြသေးလဲဟယ် ခုတော့ ကိုယ်ဝန်ဖျက်ချတာက သူတို့ ဝမ်းနည်းစိတ်မကောင်းဖြစ်ရတော့ ငါ”
 “အစ်မရယ် စိတ်လျှော့ပါ ဟင်း…….နိုင်ဦးတို့ကလည်းခက်ပါတယ် ဒါ့ထက် အစ်မ လက်စွပ်ကော”
 အလုပ်ရှင် ရွက်ဝါ၏ မေးသံကြောင့် ဒေါ်သောင်းဦး ခပ်ယဲ့ယဲ့လေးပြုံးပြလိုက်မိရင်း
 “သူတို့အတွက် ပေးလိုက်ရတယ်လေ ဖျက်ချဖို့ ပိုက်ဆံလိုတယ်တဲ့”
 ဖြေအပြီးမှာ ခပ်မဲ့မဲ့လေးပြုံးရင်း မျက်လုံးထောင့်စွန်းမှ ပြိုကျတော့မည့် မျက်ရည်စတို့အား လက်ဖြင့်ခပ်ကြမ်းကြမ်းသုတ်လိုက်မိ၏။ ရွက်ဝါဆိုသည်က အလုပ်ရှင်ပေမယ့် သူမအတွက်တော့ ညီမတစ်ဦးကဲ့သို့ ရင်ဖွင့်ရာ၊ တိုင်ပင်ရာ၊ အားကိုးရာတစ်ခုဖြစ်သည်မလား။
 “မအေ့လုပ်စာတောင် မရှောင်ပါ့လား အစ်မရယ် သူ့ပန်းရံကရတဲ့ လစာတွေကျ ဘယ်နားသွားသုံးထားလို့တုန်း”
 ရွက်ဝါ၏ မခံမရပ်နိုင်ဟန်နှင့်မေးသည့် စကားသံကြားတော့ စိတ်ဝယ်နွမ်းချိနေသည့်ကြားမှ သူမ ပြုံးမိပြန်သည်။
 “ကောင်မလေးကတော့ ပြောပါတယ် လကုန်ရင် သူပြန်ဆပ်မယ်တဲ့”
 ထိုစကားဖြေအပြီးမှာ သူမရင်ထဲဝယ် စူးနင့်လာပြန်သည်။ လောကကိုမျက်လုံးစုံဖွင့်ကာ နိုးထဖို့အားယူနေသည့် သန္ဓေသားအား ကိုယ့်သွေးသားအဖြစ်မမှတ်ယူချင်သူတို့အား မုန်းသည်။ သားကိုလည်း မုန်းသည်။ ချွေးမလောင်းကိုလည်းမုန်းသည်။ အို..အရာအားလုံးကို မုန်းပါသည်လေ။ ကိုယ့်သားသမီးအပေါ် ပဲ့ပြင်ဆုံးမနိုင်စွမ်းမရှိသည့် သူမကိုယ်သူမလည်း မုန်းမိပြီ။
 “ရွက်ဝါ မကြီး ဒီနေ့ နေ့တဝက်နဲ့ ပြန်မယ်နော် ရလား”
 “ရတယ် အစ်မ ရတယ် အိမ်အလုပ်က သိပ်မရှုပ်ပါဘူး ကိုယ့်ဘာသာစိတ်ချမ်းသာအောင်နေ အစ်မ အဲ့ဒီကိစ္စတွေကို အစအဆုံးလိုက်တွေးမနေနဲ့ ကြားလား စိတ်အေးအေးချမ်းချမ်းနေ”
 ခေါင်းငြိတ်ပြရင်း ပစ္စည်းတို့သိမ်းကာ ထထွက်လာတော့ စိတ်နှင့်ထပ်တူ ခြေလှမ်းတို့က လေးလံမြဲလေးလံလျက်……..။
 (၄)
 အို.. ငါ့မြေးကြီးထင်ပ။
ဝဝတုတ်တုတ်ခဲခဲ ကလေးငယ်အားကြည့်ရင့် သူမ ကြည်နူးစွာ ပြုံးနေမိသည်။ ဟော.. မီးနေသည်ချွေးမလေး ကုတင်ပေါ်မှာလှဲနေသော်ငြား မျက်လုံးတို့ကတော့ဖြင့် ကလေးပျောက်သွားမှာစိုးသည့်အလား ကလေးထံသာ ရစ်ဝဲနေသည်။ အံမယ် သွားလေသူကြီးကလည်း သားဘေးတွင် ရပ်ပြီး ကလေးကိုကြည့်လို့ပါ့လား။ မျက်နှာကလည်း ပြုံးပြုံးကြီး။ သားမျက်နှာကလည်းလည်း အလားတူပင် ပြုံးပျော်ဝံ့ကြွားနေဟန်။
 ဟင်……….သွားလေသူကြီးက သားဘေးမှာ။ ရုတ်တရက် ရေရွတ်ရင်း အသေအချာပြန်ကြည့်လိုက်မိသည်။ မှန်သည်။ ကွယ်လွန်ပြီဖြစ်သည့် သူမယောင်္ကျားက သားဘေးမှာ ပြုံးပျော်လျှက်။  ဒါ အိပ်မက်ပဲ ဟူသော အသိနှင့် သူမ နိုးထလိုက်မိသည်။ သွားလေသူကြီးသာရှိလျှင်ဖြင့် သားကို ဆုံးမနိုင်လေမည်လား။
သူမကိုတောင် မနှိုးတော့ပဲ သားအလုပ်သွားလေပြီလား။ ဒါမှမဟုတ် သူဇာ ခေါ်ရာနောက်ပဲ ပါလေသလား။ သူဇာ ဆိုသည့်ကလေးမနှင့် သားကို သဘောမတူသော်လည်း အခုလို သား၏ကိုယ်ဝန်ကိုလွယ်ထားချိန်မှာတော့ သူမ လက်ထပ်ပေးချင်မိ၏။ သူဇာ၏ မိဘများလည်း သူတို့သမီးနှင့် သူမသား မေတ္တာမျှနေသည်ကို သိကြလေသည်။ ဒါဆို သားနှင့် သူဇာ့ကြား လက်ထပ်ခြင်းမရှိအောင် ဘယ်အရာကများတားဆီးထားလေသလဲ။  အကယ်၍များ တစုံတစ်ယောက်ကသာ သားကို “တဏှာကျေးကျွန်သက်သက်ပဲ” ဟုစွပ်စွဲပြောဆိုလာလျှင် သူ မ ပြိုင်ငြင်းမည်မဟုတ်ပါ။ သားနှင့်အတူ လောကသစ္စာကိုချိုးဖေါက်ဖို့ သူဇာတစ်ယောက်လုံးရှိနေမှတော့ ဘာပြောနိုင်မည်လဲ။ ဒီကမ္ဘာမှာ ကျင်လည်နေသည့် လူများထဲတွင် သားနှင့်သူဇာလို လောကသစ္ဆာကို ချိုးဖေါက်သူများဘယ်လောက်တောင် ရှိနေလိမ့်မလဲ။ ထိုလူပေါင်းများစွာကြောင့် သူမလို စိတ်ဆင်းရဲနေသူများ၊ အကြောင်းမဲ့ သေဆုံးသွားကြရှာသည့် သူမမြေးလေးလို အဖြစ်ဆိုးများ ဘယ်လောက်တောင်များလိမ့်မလဲ။ အဆုံးမသတ်နိုငသည့် အတွေးများစွာနှင့်အတူ ရွံမုန်းစွာ သက်ပြင်းချမိသည်။
“ကလင် ကလင် ကလင်”
နာရီမှ အလမ်းမြည်လာသံကြောင့် ကပြာကယာထလိုက်ရင်း မျက်နှာသစ်ရေချိုးရန်ပြင်လိုက်သည်။ ဒီနေ့တော့  အလုပ်ဆင်းမှဖြစ်မည်။ ကိုယ့်တွင် ဘယ်လောက်ပဲ စိတ်ဆင်းရဲစရာရှိပါစေ၊ အလုပ်ရှင်ကောင်းတိုင်း ကိုယ်က အခွင့်အရေးယူလို့ မဖြစ်ဘူးမဟုတ်လား။
ရည်ဝေ

အဇ္ဈတ္တ၏သားကောင်

အဇ္ဈတ္တ၏သားကောင်
            တဆက်ဆတ်တုန်နေသည့် လက်များဆီမှ တစ်စုံတစ်ခုကို တောင့်တနေကြောင်း အသိပေးနေသည်။ မဖြစ်ဖူးဟူသည့် အသိနှင့် တားထားသော်ငြား လက်တို့ကတော့ တဆတ်ဆတ်တုန်နေဆဲ။
----+++ - -
ညှီနံ့နဲ့ ချိုရှငံကျိနေတဲ့ ဒီအရသာ ဆိုတာသေချာပါသည်။ လျှာဖျားမှတဆင့်စီးဝင်လာမှုနှင့်အတူ လူတစ်ကိုယ်လုံး လေထဲမြောက်တက်နေသလိုထင်ရ၏။ တိမ်လွှာစီးနေသည့်အရသာဆိုသည်မှာ ဒါကိုခေါ်လေသလား။
သူမ လိုချင်တပ်မက်ခဲ့သောအရာ။ ပိုပြီး ခက်နက်နက်လေးတူးဆွလိုက်တော့ လက်ဖျံမှ နာကျင်မှုက အသည်းထိစိမ့်သွားရသည်။ သို့သော် သူမ မရပ်နိုင်။ ဒီအရသာကနေ ရုန်းမထွက်နိုင်။ လျှာဖျားမှအရသာသည် တစ်ကိုယ်လုံးရှိ အကြောများ စိမ့်သွားလောက်အောင်ကို ဆွဲဆောင်မှု ပြင်းလွန်းလှသည်။ လုံလောက်သော ကျေနပ်နှစ်သိမ့်မှုတစ်ခုရသည်ထိ ဒီအရသာကို သူမ ဆက်လက်သုံးဆောင်ရမည်။  နှလုံးမှ အောင့်တက်လာခြင်းကြောင့် လက်ဖျံကို နှုတ်ခမ်းဝမှ ဖြုတ်လိုက်မိသည်။ လက်ဖျံမှ နာကျင်မှုသည် နှလုံးထိ စီးဆင်းသွားလေသလား။ ဘာဖြစ်ဖြစ် ဒီနေ့အတွက်တော့ လက်ဖျံကို အနားပေးသင့်နေပြီ။
            လက်ဖျံမှ နာကျင်မှုသည် တစ်ကိုယ်လုံး လွင့်တက်လုအောင်ထိ တက်ကြွနေသော စိတ်တို့ကို မထိန်းနိုင်။
လက်ဖျံကို ပတ်တီးစည်းဖို့ရာကြည့်လိုက်တော့ လက်ဖျံတွင် သွားကိုက်ရာများသည် နေရာအနှံ့အပြား၌ ရှိနေပြီဖြစ်သည်။ ဒီအကျင့်ကို သူမ ရပ်သင့်ပြီဟု သတိပေးရင်း ပတ်တီးစည်းနေမိသည်။ သို့သော် သူမ စိတ်ကို သူမနိုင်ပါမည်လား ဆိုသည့် အတွေးကို တွေးမိတော့ လန့်သွားရသည်။ မဖြစ်၊ မဖြစ်ချေတော့။ သည်အကျင့်ကြီး ဖျောက်မှ ရတော့မည်။
ဒီအကျင့်နှင့် သူမ ရင်းနှီးမိသည်မှာ မကြာသေးပေမယ့် လက်ကတော့ သူ့ဒဏ်ရာတွေကို ပြသရင်း နားသင့်ပြီဟု အကြံပေးချေပြီ။
မျက်လုံးအစုံကို မှိတ်ရင်း လျှာဖျားမှလက်ကျန်ကို အရသာ ခံနေမိသည်။ ထို့အတူ စိတ်တို့ကလည်း…….။
 (၁)
“အာ့”
လက်ကို ကြည့်ရင်း  စိတ်ညစ်သွားမိသည်။ ဒီလက်ကို ရှသွားလောက်အောင်ထိ သူမ ရဲ့အတွေးတွေ ဘယ်ရောက်နေပါသလဲဟုလည်း ကိုယ့်ကိုယ်ကို  စိတ်တိုရင်း လက်ကို ဖိဖို့ရာ အနီးအနားသို့ရှာကြည့်တော လက်ခုစုတ်ကလွဲ၍ ဘာမျှမရှိ။ လက်ကို ဘေစင်တွင်ဆေး၍ ဖိလိုက်တော့ ထွက်လာသော အနီရဲရဲမဟုတ်သည့် ပန်းရောင်ဖျော့ဖျော့သွေးစတို့ကိုကြည့်ရင်း သူမ နှုတ်ခမ်းခြင့် ဖိကိုက်ချင်လာသည်။ လက်ကို နှုတ်ခမ်းသို့ တင်မိရင်း သွေးတို့ကို စုပ်ထုတ်လိုက်သည်။ ထို့နောက် မြေပြင်ပေါ်ထွေးချလိုက်တော့ မြေပြင်ဝယ် ပြန့်ကျဲသွားသည်က ပန်းနုရောင်တံတွေးစများ။
            အိုး နှမြောလိုက်တာ။
            ကိုယ့်အတွေးကိုယ် ထိတ်လန့်သွားရရင်း မြေပြင်မှ အကြည့်လွှဲလိုက်ရသည်။ ဘာကို နှမြောတာလဲဟု မသေချာစွာဖြင့် ခဲတံဆက်ချွန်လိုက်သည်။ သို့သော် နှုတ်ခမ်းထက်ရှိအရသာခံ လျှာလေးကတော့ ချွဲကျိကျိငံတံတံ အရသာလေးကို စွဲကျန်စွာဖြင့် ထပ်မံကာ လိုချင်နေသေးကြောင်း ပြောပြနေသလိုလို။ သတိတရ နှင့် လက်မှ ဓါးရှရာကို ကြည့်လိုက်တော့ ဖြူဖျော့နေသည်မှာ ရှိသမျှသွေးတို့ အစုပ်ခံလိုက်ရသည့်ဟန်မျိုး။
            “အော် ငါ့ညီမရယ် ခဲတံချွန်ချင်တာများ ကိုကိုကြီးကို ချွန်ခိုင်းပေါ့ ခုတော့ လက်ထိသွားရပြီမလား သွားသွား ပလာစတာသွားကပ်ချေ ခဲတံ ကိုကိုကြီးချွန်ထားလိုက်မယ်”
            အနားကပ်ပြောလိုက်သည့် ကိုကိုကြီးစကားသံကြောင့် အထိတ်တလန့်မော့ကြည့်လိုက်မိကာ ဆေးပစ္စည်းများထားသဘ့်အခန်းသို့ ပြေးသွားလိုက်မိသည်။ လက်မှ နာကျင်မှုနှင့်အတူ ရင်ထဲဝယ် တစ်စုံတစ်ရာကို ပါ ကျေနပ်နှစ်သိမ့်နေခဲ့သည်ကိုတော့ ကိုကိုကြီးအား မပြောပြဖြစ်ခဲ့။
--++----
            မဟုတ်ဖူး။ မဆေးနဲ့လေ။ နှမြောဖို့ကောင်းလိုက်တဲ့ သွေးတွေ ရေနဲ့အတူ မျောသွားကြရရှာတယ်။
            ဇော်ဇော့်လက်မှ သွေးများဆေးနေသည်ကို ကြည့်ရင်း အတွေးတွေက သူမကို နှိပ်စက်လာသည်။ မခံနိုင်လွန်းစွာနှင့် မျက်လုံးအစုံကိုမှိတ်လိုက်တော့ မျက်ဝန်းထဲပေါ်လာသည်က အနီရောင်။ အနီရင့်ရင့်အရောင်များ ဟိုတစ်စဒီတစ်စ ပြန့်ကျဲလျှက်။ လက်မှ ဆစ်ခနဲနာကျင်သွားသလိုရှိ၏။ သတိဝင်၍ မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်တော့ တစ်နေ့က ဓါးရှသည့်အနာကို နှုတ်ခမ်းဝတွင်တေ့ကာ သွားဖြင့် ကိုက်ဖြတ်ဖို့ကြိုးစားနေခြင်းပင်။ အလန့်တကြားနှင့် လက်ကို ရုတ်လိုက်မိရင်း ဇော်ဇော့်ကိုကြည့်လိုက်တော့ ဇော်ဇော်နှင့် သူ့သူငယ်ချင်းကဖြင့် ခြင်းလုံးပြန်ခတ်နေပြီဖြစ်သည်။ ခြင်းလုံးခတ်၍ လဲရာမှ ဇော်ဇော့်လက်ဝယ် ကျောက်ခဲနဲ့ခြစ်မိကာ ဒဏ်ရာရသွားခြင်းဖြစ်သည်။ ကျောင်းမှ အပြန်လမ်းတစ်လျှောက်ဝယ် ကျောင်းကစားကွင်းအတွင်းမှ ဇော်ဇော့်ဒဏ်ရာကိုသာ မြင်ယောင်နေမိသည်။ အနီရောင်။
            ဖေဖေနှင့် မေမေ့အခန်းဆီမှ လဲပြိုသံများနှင့်အတု ဆူညံလွန်းသည့်အသံများစွာ ထွက်ပေါ်လာခြင်းကြောင့် နားနှစ်ဖက်ကို လက်ဖြင့် ဇွတ်အတင်းအုပ်ထားလိုက်မိသည်။ ကိုကိုကြီး ထွက်သွားပြီဖြစ်သည်။ ကိုကိုကြီးသည် သူမတို့နှင့် မနေ။ ပုသိမ်မှ အဖိုးအဖွားများနှင့်သာ သွားနေမည်ဟုဆိုကာ ထွက်သွားခြင်းပင်ဖြစ်သည်။ မေမေ မတားခဲ့။ ဖေဖေကလည်း မတားခဲ့။ ညစဉ်ရန်ဖြစ်နေသော မေမေနှင့်ဖေဖေ့ကို တစ်ညတွင် ကိုကိုကြီးဝင်ဆွဲ၍ ကိုကိုကြီးပါးတစ်ခြမ်း ရောင်ကိုင်းနေခဲ့ဖူးသည်။ ထိုနေ့မှစ၍ ကိုကိုကြီး ပုသိမ်သို့ ထွက်ခွာသွားခဲ့ခြင်းပင်။
            မျက်ဝန်းအစုံကို မှိတ်ရင်း အိပ်စက်ဖို့ကြိုးစားမိသည်။ သို့သော် မှိတ်ထားသည့် အမြင်လွှာတွင် ဇော်ဇော့်လက်ဖျံက သွေးများရဲလျှက်ပေါ်လာသည်။ ခေါင်းကို ဆတ်ခနဲ ခါပစ်မိရင်း မျက်လုံးအစုံကို ဖွင့်လိုက်မှိတ်လိုက်လုပ်ကာ အာရုံပြောင်းကြည့်သည်။ဖျတ်ခနဲဖျတ်ခနဲ ပေါ်လာသည်က အနီကွက်များ။ တလက်လက်တောက်ပနေသောအနီကွက်များ။ လျှာဖျားမှ စိမ့်ဆင်းလာသည့် ချဉ်တင်တင်အရသာကြောင့် ခံတွင်းချဉ်တယ်ဆိုဒါမျိုးများလားဟု တွေးရင်း ရေထသောက်လိုက်သည်။ သို့သော် မပြေသေးသလိုလို။ ယောင်္ကျားလေးများ ခံတွင်းချဉ်လျှင် ဆေးလိပ်သောက်ကြသည်ဟု ကြားဖူး၏။သူမ ကကော ခံတွင်းချဉ်ခြင်းပျောက်ဖို့ရာ ဘာလုပ်ရမည်လဲ။
            မျက်ဝန်းအစုံက စာကြည့်စားပွဲပေါ်မှ ခဲချွန်ဓါးလေးရှိရာသို့ ရောက်သွားသည်။
            မဖြစ်သင့်ဘူး ဟု အလန့်တကြားခေါင်းခါလိုက်မိရင်း စောင်ခြုံထဲသို့ တိုးဝင်လိုက်သည်။ သို့သော် မျက်ဝန်းအစုံသို့ လာရောက်နှောင့်ယှက်နေသည်က ခဲချွန်ဓါးတစ်ချောင်း။
----++++-----
                                                                (၂)
မေမေနှင့်ဖေဖေသည်လည်း ပုသိမ်ရှိ ကိုကိုကြီးထံဝယ် သွားရောက်နေထိုင်ခဲ့ပြီဖြစ်သည်။ သူမကတော့ ဘွဲ့ရကတည်းက ရန်ကုန်တွင် အဆောင်ငှားနေရင်းဖြင့်သာ ကျန်ရှိခဲ့၏။ ဒီအချိန်မှတော့ မေမေနှင့်ဖေဖေ့ကြားဝယ် ဆက်လက်ဝင်မပါလိုတော့။ အကြောင်းအရာမဲ့ ခေါင်းစဉ်မဲ့ ရန်ပွဲများကိုလည်း မကြားချင်တော့။ ထို့အတွက်ပင် ရန်ကုန်တွင် ကျန်ရှိခဲ့ခြင်းပင်။
ညစဉ် အိပ်မက်များခြောက်လှန့်နေသည့်ကြားမှ အနီရင့်ရင့်အိပ်မက်ကို သူမ မေ့လျော့နိုင်အောင် ကြိုးစားနိုင်ခဲ့သည်။ မျက်စိရှေ့ဝယ် အနီနှင့်ပတ်သတ်သမျှ မည်သည့်အရာနှင့်မျှ မထိတွေ့မိအောင်ကြိုးစားနိုင်ခဲ့ပြီဖြစ်၏။ သို့သော် အနီရောင်သည် သူမရှေ့သို့ တကျော့ပြန်ရောက်ရှိလာသောအခါ…………။
----+++---
 “သွယ် ဒီနေ့ အလုပ်မနားဘူးလား နင် မနေ့ညက ဖျားနေလို့ နားမယ်ထင်လို့ ငါက မခေါ်ပဲ ထွက်လာခဲ့တာ”
            “အစ်မသွယ် ဒီနေ့ အလုပ်လာတာ နောက်ကျတယ်နော်”
            အိအိနှင့် သန့်ရှင်းရေး အလုပ်သမားလေးများ၏ နှုတ်ခွန်းဆက်သံကို ခေါင်းသာ ငြိတ်ပြနိုင်ရင်း ပြန်ပြုံးပြဖို့ကိုတော့ စိတ်မပါခဲ့။ ကိုယ့်အလုပ်ရှိရာ ကောင်တာဆီသို့သာ ခြေတို့ ဦးတည်နေမိရင်း။
            ဘောက်ချာကို လက်မှ ကျွမ်းကျင်စွာ ရေးနေသော်လည်း စိတ်က အလုပ်တွင်မရှိပြီ။ ကွန်ပြူတာမှ အလိုအလျောက်တွက်ထုတ်ပေးသော ဆော့ဖ်ဝဲနှင့် ငွေရေစက် နှစ်ခု ကြောင့်သာ အလုပ်တို့ တိကျနေခြင်းဖြစ်သည်။ ရေနေမိသော မှန်အချပ်ရေ တို့ကို ဘောက်ချာနှင့် ကိုက်ညီမညီ ပြန်စစ်ဆေးလိုက်သည်။ ထို့နောက် ဘောက်ချာကို အိအိဆီလှမ်းပေးလိုက်ရင်း သူမ နောက်ထပ်ဝယ်ယူသူဆီသို့ လှည့်လိုက်စဉ် လက်ဖမိုးဆီမှ စူးခနဲ ခံစားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်တော့ လက်ဖမိုးဝယ် သွေးစို့နေသည်ကို တွေ့ရ၏။ မှန်ချပ်နှင့်ထိကာ ရှသွားခြင်းသာ။
            စို့တက်နေသည့် သွေးစလေးတို့ကို ကြည့်ရင်း လှိုက်ခနဲ ခုန်တက်လာသော ပျော်ရွှင်မှုတို့ကို ထိန်းမရနိုင်ခဲ့။ ခြောက်သွေ့နေသော ခံစားချက်တို့သည် ရုတ်တရက် စိမ်းလန်းစိုပြည်လာသလိုထင်ရ၏။ မှန်ဆိုင်မှာ သူမ အလုပ်ဝင်လာတာ လေးလနီးပါးရှိသော်ငြား တစ်ခါမျှ မှန်မရှဖူး။ မရှဖြစ်အောင် သတိထားခဲ့သည်။ ခုတော့ ထိုကဲ့သို့နေခဲ့ခြင်းသည်ပင် သူမ စိတ်၏နုပျိုမှုတို့ ပျောက်ဆုံးခြင်းအစဟု စွဲမှတ်လိုက်၏။ စိတ်ထဲမှ တဒိတ်ဒိတ်ခုန်လာသော ပျော်ရွှင်မှုနှင့်အတူ လက်ဆက်သည့်ရနံ့တို့ကို ရှုရှိုက်လိုက်၏။
            “အစ်မသွယ် ပလာစတာ”
            ဝန်ထမ်းတစ်ယောက်ပေးလာသော အနာကပ်ပလာစတာကိုယူရင်း ဝန်ထမ်းများနားနေခန်းဆီသို့ ထွက်လာလိုက်သည်။ အနောက်က ကျန်ခဲ့သူတို့ကတော ထင်လိမ့်မည်။ ပလာစတာ ကပ်ရန် အနာကို သွားဆေးခြင်းဟု။ အနာကို သွားဆေးသည်ကတော့ဟုတ်ပါသည်။ သို့သော် ပလာစတာကပ်ရန်သီးသန့်တော့ မဟုတ်။
            “သွယ် သူဌေးခေါ်နေတယ် နင့်ကို”
            အနောက်မှ လှမ်းခေါ်လိုက်သော အသံကြောင့် လှည့်ကြည့်လိုက်တော့ အိအိ။ လာခဲ့မယ်ဟူသည့် သဘောနှင့် ခေါင်းဆတ်ပြလိုက်ပြီး လုပ်လက်စအလုပ်ကို လက်စသတ်ရန်ပြင်လိုက်သည်။ မှန်ရှရာလေးကို ကွက်နေသော သွားရာလေးများကို မမြင်ရန် ပလာစတာနောက်တစ်ခု လိုအပ်ပါသည်။ ဒီအချိန်မှာတော့ မနေ့ကတည်းက လိုအပ်နေသော တစ်စုံတစ်ရာသည် သူမ ကိုယ်ထဲသို့ ခုန်ဆင်းကာ အားအင်တို့ ဖြည့်ဆည်းပေးလိုက်သလို ထင်ရ၏။ လှမ်းလိုက်သမျှ ခြေလှမ်းတိုင်းသည် အားအင်တို့ အပြည့်လွန်နေလေမလားဟူသည့် အတွေးဖြင့် ခြေလှမ်းတို့ကို သိမ်မွေ့မှုရှိအောင် အေးအေးသက်သာ လှမ်းလိုက်ရသည်။
            “သမီး သွယ်လေး နေကောင်းရဲ့လား ”
            “ကောင်းပါတယ် အန်တီ”
            ပြန်ဖြေလိုက်သည့် သူမ၏ အသံမှာ အားအင်အပြည့်ပါနေသည်ဟု သူမ ယုံကြည်သည်။
            “အစ်မသွယ်လေးက တစ်နေ့တစ်ခြားကြောက်ဖို့ကောင်းလာပြီ။ ပိန်ညှော်ဖြူဆုပ်နေတဲ့ မျက်နှာနဲ့ အလုပ်ကို ဘယ်လိုများလာပါလိမ့် အစ်မအိအိကကော သူ့သူငယ်ချင်းကို နားဖို့မပြောဘူးလားမသိဘူး”
            “အစ်မသွယ်လည်း သနားပါတယ် သူ့အဖေနဲ့အမေက ပုသိမ်သွားတဲ့ လမ်းမှာတင် အက်ဆီးဒန့်နဲ့ ဆုံးသွားတာ မကြာသေးဘူးတဲ့ ဒါပေမဲ့ သူကလိုက်မသွားပဲ ရန်ကုန်မှာပဲ ကျန်နေပြီး အလုပ်ချည်းဖိလုပ်နေတယ် တော်တော်စိတ်ထောင်းကိုယ်ကြေဖြစ်နေတယ်ထင်တယ်”
            နောက်နားဆီမှ ကြားနေရသော စကားသံတို့ကို သူမ သရုပ်မခွဲတတ်။ ဘာအကြောင်းအရာကို ပြောနေတယ် ဆိုတာကိုပင် တော်တော်နားထောင်ယူရ၏။ စိတ်ထောင်းကိုယ်ကြေဆိုသော စကားလောက်သာကြားရသည်မို့ ခေါင်းကို ဆက်ခနဲခါယမ်းပစ်ရင်း အလုပ်လုပ်ဖို့ကြိုးစားလိုက်သည်။ ထိုအကြောင်းအရာကို စဉ်းစားဖို့ထက် ဆက်ခနဲဆက်ခနဲ ကျဉ်တက်လာသော လက်မှ အနာက နာကျင်မှုကိုပြေလျော့စေလိုခြင်းမဟုတ်ပါပဲ လျှာဖျားမှ တောင့်တမှုကို ပိုပြင်းထန်လာနေသည်မဟုတ်ပါလား။ ဒီနေ့သည် သူမအတွက်အားအင်တို့ ပိုပြည့်ဖြိုးနေသလို ထင်ရ၏။ အကြောင်းအရာကို တကူးတက ရှာဖို့ရာမလိုတော့။ပလာစတာကပ်ထားသော လက်ဖမိုးလေးကြောင့်သာ ဖြစ်သည်ဟု သူမ တစ်ထစ်ချ ယုံကြည်ပစ်လိုက်သည်။
                                                                                 (၃)
            ကုထင်ထက်အိပ်နေသည့် အိအိ၏ ကုပ်သားဖွေးဖွေးလေးအောက်မှ သွေးကြောစိမ်းများက သူမကို ညှို့ယူနေသလိုလို။ တစ်ချက်တစ်ချက် တိုက်ခက်လာသည့် ပန်ကာမှလေကြောင့် အိအိ၏ ဆံပင်တိုနှံ့နှံ့လေးများက ကုပ်သားလေးထက်မှ ဝဲပျံသွားတိုင်း ဖျတ်ခနဲ တွေ့လိုက်ရသည့် သွေးကြောစိမ်းလေးများမှ ပို၍ ခုန်လှုပ်နေသလိုထင်ရ၏။ လက်ထဲမှ ဓါးဖြင့် ထိုသွေးကြောလေးကို ထိုးခွဲဖို့ပြင်လိုက်စဉ်ပင်….။
            “အားးးးးးးးးး”
            ဖျတ်ခနဲ လန့်နိုးသွားမိသည်။ ရင်တစ်ခုလုံး ခြောက်သွေ့နေ၍ ရေတစ်ခွက်ကို အလျှင်အမြန်သောက်လိုက်ရသည်။ သူမတစ်ယောက်တည်းသာ ရှိသော အိပ်ခန်းလေးကတော့ အိမ်မြောင်စုတ်ထိုးသံမှလွဲ၍ တိတ်ဆိတ်ငြိမ်သက်နေဆဲ။ သူမ ဘာ့ကြောင့်များ နေ့ခင်းက အဖြစ်အပျက်ကို ပြန်မြင်မက်နေရပါသလဲ။ နေ့ခင်းက အိအိရဲ့ အခန်းဆီသို့သွားတုန်းက အိအိက အိပ်ချင်ယောင်ဆောင်ကာ သူမကို ခြောက်လန့်ခဲ့သည်။သို့သော် သူမကို ဆက်လက် ခြောက်လန့်နေခဲ့တာက အိအိ၏ လည်ပင်းပေါ်မှ သွေးကြောမျှင်လေးများ။ ထိုသွေးကြောမျှင်လေးများကို လက်ဖြင့်ကိုင်ကြည့်ဖို့ ကြိုးစားလိုက်စဉ်မှာပင် အိအိက ဝါးခနဲအော်ကာ ခြောက်လန့်လိုက်ခြင်းဖြစ်သည်။
            လျှာဖျားမှ ငံကျိကျိနှင့်ချိုရှညှီမြသော အရသာကို တောင့်တနေသလိုထင်ရ၏။ သတိတရဖြင့် လက်ကိုမကြည့်လိုက်တော့  ဓါးရှရာလေးက အနာကပ်ပလာစတာလေး ကပ်လျှက်သား။ ထိုမှတစ်ဆင့် လက်ကောက်ဝတ်ကို ကြည့်လိုက်မိတော့ လက်ကောက်ဝတ်မှ သွေးကြောစိမ်းမြမြလေးက သူမ၏ စိတ်တို့ကိုမရိုးမရွဖြစ်စေပြန်သည်။ မဖြစ်သေး။ တစ်နေ့ကပင် သွားဖြင့် အသေအကျေကိုက်ခဲ့ပြီးပြီ။ အနည်းဆုံးတော့ တစ်ပတ်လောက်နားမှဖြစ်မည်။
            “ကလင် ကလင် ကလင် ကလင်”
            နာရီအလမ်းပေးသံကြောင့် နာရီကိုကြည့်မိတော့ မနက် ခုနှစ်နာရီခွဲပြီဖြစ်သည်။ အိပ်ယာမှ ထရင်း အလုပ်သွားရန် ပြင်ဆင်လိုက်သည်။ ရေချိုးနေသည့် အချိန်မှာပင် မျက်ဝန်းတို့က လက်မှ အနာဆီသို့ မကြခဏအကြည့်ရောက်သွားသည်ကိုတော့ သူမ တားမရနိုင်။ သို့သော် လက်ကောက်ဝတ်မှ သွေးကြောစိမ်းစိမ်းလေးတို့ကိုတော့ မမြင်နိုင်အောင် ရေချိုးခန်းမီးအရှိန်ဖြင့် တားထားနိုင်လိုက်ပါသည်။
                                                                                     (၄)
            ကြည့်လက်စ ဇာတ်လမ်းမှ သရဲကားကို ကြည့်ရင်း သူမ ကိုယ့်သွားကိုယ် ပြန်စမ်းကြည့်နေမိသည်။ သူမမှာကော အစွယ်များရှိလျှင် ဘယ်လောက်ကောင်းလိမ့်မလဲ ဆိုသည့်အတွေးလေးကလည်း တဖျတ်ဖျတ်နှင့်။ စိုစွတ်နေတဲ့ အမှောင်တွေမှာ လျှောက်သွားဖို့ လင်းလက်တဲ့ မျက်ဝန်းတစ်စုံရှိလျှင် ဘယ်လောက်ကောင်းလိမ့်မလဲလေ ..။
            “ဟိတ်”
            နောက်နားဆီမှ အသံကြောင့် လှည့်ကြည့်လိုက်တော့ အိအိ။ အဆောင်နေသူငယ်ချင်းဖြစ်သလို လောကတွင် သူငယ်ချင်းဟူ၍ တစ်ဦးတည်းသာရှိသည့် အိအိ။ အိကျီ င်္လက်ပြတ်လေးနှင့် အဆောင်နေရင်း ဘောင်းဘီတိုလေး ဝတ်ထားသည်မှာ ချစ်စဖွယ်။
            “အမယ် သူက သရဲကားကြည့်နေတာကို ဒီခွေ ဖွင့်ကွာ ကိုရီးယားကားကြည့်ရအောင် ”
            ပေးလာသည့် ခွေကို ဖွင့်လိုက်ရင်း အခန်းမီးကို မှိန်လိုက်သည်။ ဝင်းလက်နေသည့် သွေးကြောများကို သူမမမြင်မတွေ့လို။ ကိုရီးယားဇာတ်လမ်းတွဲကလေးနောက် သူမ ပါ လိုက်ပါမိသွားသည်။ အိမ်ထောင်ရေးဇာတ်လမ်းကောင်းလေးကို သူတို့မို့ရိုက်တတ်လွန်းသည်။
            “ဘုက်”
ရုတ်တရက် ပေါင်ပေါ်သို့ ဘုတ်ခနဲကျလာသောအရာကြောင့် ကြည့်လိုက်တော့ အိအိ။ သူမ ပေါင်ပေါ်သို့ ခေါင်းလေးဘေးတစ်စောင်းတင်ထားသလိုရှိ၏။ အိအိကို အခန်းပြန်အိပ်ဟု ပြောရန်နှိုးဖို့ပြင်လိုက်စဉ် တစုံတစ်ရာက သူမကို ညှို့ယူသွားသည်။ ဆံပင်ကုပ်ဝဲလေးအောက်မှ ကုပ်သားဖွေးဖွေးလေးများ။ ရုတ်တရက် သွားတို့မှ တစ်စုံတစ်ခုကို ဆာလောင်လာသလိုရှိ၏။ သူမ ငတ်နေသည်။ ဟုတ်သည်။ သူမ ငတ်နေတာ ကြာပြီဖြစ်သည်။
တဆစ်ဆစ်ကိုက်ခဲလာသည့် လက်ကောက်ဝတ်ကြောင့် သူမ လျှာဖျားမှ တစ်စုံတစ်ရာကို ပိုပိုတောင့်တလာသလိုလိုရှိ၏။ သူမ ဘာလုပ်ချင်နေတာလဲ။ မဖြစ်သင့်ဘူး ဟု တွေးရင်းဇွတ်အတင်းနှိုးရန်ပြင်လိုက်တော့ လက်က အိအိကုပ်သားလေးများဆီဝယ် လူးလွန့်နေပြန်သည်။ သွားများယားယံခြင်းဝေဒနာကို ဘယ်လိုကုစားရမလဲလေ။ အနေရခက်စွာ အိအိကုပ်သားများဆီမှ အကြည့်လွှဲလိုက်သည်။ သို့သော် ပြန်ကြည့်မိပြန်သည်။ ကိုကိုကြီး လက်တစ်ဖက်ကို သူမကိုက်ခဲ့သည်။ ကိုကိုကြီးမငို၊ မငိုခဲ့။ မေမေနှင့်ဖေဖေရန်ဖြစ်သည့်ညက ကိုကိုကြီး၏ လက်တစ်ဖက်ကို သူမ ကိုက်ခဲ့ဖူးသည်။ ဖျက်ခနဲ သွေးစက်တို့ပြန့်ကျဲနေသော လက်တစ်ဖက်ကို အမြင်တွင်မြင်လိုက်ရတော့ လျှာဖျားက ပိုပိုယားယံလာသည်။  သို့သော် မျက်လုံးအစုံကို မှိတ်ရင်း အိအိကို နှိုးဖို့ကြိုးစားလိုက်သည်။ သူမ အောင်မြင်ပါ့မလား ဟု ကိုယ့်ကိုယ်ကို မယုံမရဲ။ အိအိကို နှိုးနိုင်ပါ့မလား။ သူမကိုယ်သူမ ကျရှုံးတော့မည်လေလား။

ရည်ဝေ(လင်းရောင်ခြည်)

Saturday 24 August 2013

အမှားပျောက်သော တစ်နေ့နေ့


သူ ကျွန်တော် ဝေးကွာခဲ့တာကြာပြီဖြစ်သည်။
သူမှားသလား။ ကျွန်တော်မှားသလား။
အမှားတစ်ခုကို အစဆွဲထုတ်ကြည့်ပါဦးမည်။

ကဗျာတစ်ပုဒ်အကြောင်း သူက အစအဆုံးသိသလောက် ကျွန်တော်က သူရှင်းပြသလောက်ကိုပဲ နာယူတတ်ခဲ့သူဖြစ်သည်။ ဝတ္ထုတစ်ပုဒ်အကြောင်းကို သူက ဝေဖန်ပိုင်းခြားတတ်သလောက် ကျွန်တော်ကတော့ စာဖတ်သူသီးသန့်အနေအထားသာရှိသည်။ သို့သော် သူသည် စာချစ်သူတစ်ယောက်ဖြစ်၍ ကျွန်တော်သည်လည်း စာချစ်သူတစ်ယောက်ဖြစ်နေသည်ကတော့ သေချာပါသည်။ သူက စာရေးဆရာများအပေါ် ရူးသွပ်သလောက် ကျွန်တော်ကတော့ စိတ်နှင့် အစပ်အဟပ်တည့်သော စာများကိုသာ ရှာဖွေဖတ်ရင်း သူကဲ့သို့ စာရေးဆရာများအပေါ် မရူးသွပ်မိခဲ့။ စိတ်နှင့် အစပ်အဟပ်တည့်သော စာရေးသားသူ ဆရာဆိုလျှင် နာမည်လောက်သာ မှတ်ထားပြီး နောက်ထပ်ဝယ်သော စာအုပ်များတွင် ထိုစာရေးဆရာများသာ တိုးလာတတ်ခဲ့သည်။
ဟုတ်၏။ သူသည် ဗဟုသုတဟင်းလေးအိုးကြီးဆိုလျှင် ကျွန်တော်က မဆလာတစ်ထုပ်သာဖြစ်သည်။ သူကဲ့သို့ ဗဟုသုတ မကြွယ်ဝပဲ ကိုယ်လေ့လာလိုက်စားချင်သော ပညာရပ်မှာသာလျှင် ကျွမ်းကျင်မှုရှိပါသည်။ သူက စာရေးဆရာ ဖြစ်ဖို့ ရည်မှန်းချက်ရှိသူဆိုလျှင် ကျွန်တော်က သူရေးသည့်စာများကို မနားတမ်းဖတ်ပေးမည်ဆိုသည့် ကတိကို ပေးနိုင်သည့် အဆင့်တွင်သာ ရှိပါသည်။

သေချာတာကတော့ သူသည် ကျွန်တော်၏ သူငယ်ချင်းကောင်း အဆင့်တွင်ရှိလျှက် ကျွန်တော်သည် သူ၏ သူငယ်ချင်းကောင်းအဆင့်တွင် ရှိနေပါသည်။
သူ နှင့် ကျွန်တော့်ကြား မာနလေးများ ခပ်ပါးပါးစည်းချထားသည်ဟု ကျွန်တော် ယုံကြည်သည်။ ထိုမာနစည်းကို ကျော်ဖြတ်ရန် သူကလည်း မရဲဝံ့သလို ကျွန်တော်ကလည်း မရဲဝဲ့ခဲ့ပါ။
ရင်ဖွင့် ပေါင်း၍ရသော သူငယ်ချင်းနှစ်ယောက်ကြား ခြားနေသော မာနကို တိုက်ဖျက်ဖို့ သူကော ကျွန်တော်ပါ ကြိုးစားခဲ့သည်ကတော့ အသေအချာ။ သို့သော် မအောင်မြင်ခဲ့ခြင်းကပင် သူနှင့်ကျွန်တော့်အတွက်ဝေးကွာခြင်းတို့ ဖန်ဆင်းခဲ့ပြီဖြစ်သည်။ သို့သော် စိတ်ချင်းနီးစပ်နေသည်ဟုလည်း ယုံကြည်နေမိပြန်သေးသည်။
သူနှင့် ကျွန်တော့်ကြား နေရာယူလာသော ဝေးကွာမှုတို့တွင် စိမ်းသက်မှုများ မရှိခဲ့ခြင်းသည် သူနှင့် ကျွန်တော့်အတွက် ကံကောင်းမှုတစ်ခုပင်ဖြစ်သည်။ စိမ်းသက်မှုတို့ မရှိငြား နှလုံးသားချင်းရင်းနှီးမှုအတွက် ဝေးကွာမှုတို့ကို ကျွန်တော် ပြန်လည် အဖြေရှာရပါမည်။
-+-
ကျွန်တော်နှင့် ခင်သူအတော်များများက ကျွန်တော့်ကို ဝေဖန်ကြသည်။ မာနကြီးလွန်းသည် တဲ့။ သူ့အတွက်ဆို ကျွန်တော့်မာနတရားကို အဆင့်နှိမ့်ပေးခဲ့သည်ကိုတော့ ကျွန်တော်ကိုယ်တိုင် သေချာခဲ့ပါသည်။ သူကိုယ်တိုင်လည်း ထိုနည်းလည်းကောင်းဖြစ်မည်ဟု ယုံကြည်မိသည်။
သူ အရင်ကလို ကျွန်တော်နှင့်တွေ့တိုင်း ပြုံးမပြတော့။ သူ အရင်ကလို ကျွန်တော့်ကို တွေ့တိုင်းမခေါ်တော့။ သူ အရင်ကလို ကျွန်တော်နှင့် စကားတို့ ဖေါင်မဖွဲ့တော့။
သူနျင့် ကျွန်တော့်ကြား ခြားထားသော မာနစည်းပါးပါးသည် တစ်စုံတစ်ရာနှင့် ပေါင်းစပ်ကာ အင်အားကြီးမားသည့် ထုထပ်ခိုင်ခံ့သော နံရံတစ်ခုဖြစ်သွားသည်ကတော့ သေချာနေပါသည်။ ထိုအရာကို ဖြိုခွဲရန် ကျွန်တော်ကြိုးစားနေပါသည်။ သူကော ကြိုးစားပါမည်လား။ သို့မဟုတ် ကျွန်တော့်ကိုသာမန်ကာ လျှံကာသူငယ်ချင်းတစ်ယောက်အဖြစ် မေ့သွားလေမည်လား။ ကျွန်တော် စိုးရိမ်နေပါသည်။ သူနှင့် ကျွန်တော့်အတွက် ချရန်ခက်ခဲလှသော ညီမျှခြင်းကို ချဖို့ ကျွန်တော်ကြိုးစားနေခဲ့သည်ကို သူ သိစေချင်လှပါသည်။
သို့သော် ခပ်ပါးပါးကျန်ရှိနေသော မာနတရားက ထုတ်ဖေါ်ဖို့ တားဆီးနေပြန်သည်။
လွမ်းသည်။
ကျွ်တော့်အိပ်မက်တွေကို သူ့အား တခုတ်တရ ဖွင့်ပြောပြခဲ့သော နေ့တို့ကို လွမ်းသည်။ ကျွန်တော့်ဘဝအမောတွေကို သူ့ကိုပြောရင်း ဖြေလျော့ခဲ့သော နေ့တို့ကို လွမ်းသည်။ ကျွန်တော့်တစ်နေ့တာကို သူ့ကို ဖွင့်ပြောပြရင်း ကျွန်တော့်ဒိုင်ယာရီလေးအဖြစ် ထားရှိခဲ့သော နေ့တို့ကို လွမ်းသည်။
လွမ်းသည်။
သူ့အိပ်မက်တွေကို တခုတ်တရ ဖွင့်ပြောခဲ့သောသူ့လေသံလေးကို လွမ်းသည်။ သူ့ဘဝအမောတွေကို သရော်သံစွတ်ပြီး ပြောတတ်သော သူ့လေသံလေးကို လွမ်းသည်။ သူ့တစ်နေ့တုကို ဖွင့်ပြောပြရင်း ကျွန်တော့်ကို သူ့ဒိုင်ယာရီလေးအဖြစ်ရှိနေစေခဲ့သော နေ့တို့ကို လွမ်းသည်။
သူ့စိတ်အနည်မထိုင်မှုတို့ကို ကျွန်တော်သိခွင့်ရှိသော နေ့တို့ကို လွမ်းပါသည်။ ကျွန်တော့်စိတ်အနည်မထိုင်မှုတို့ကို သူသိခွင့်ရှိသော နေ့တို့ကို လွမ်းပါသည်။ သူနှင့် ကျွန်တော်သည် ချစ်သူ မဟုတ်ခဲ့ပါ။ ချစ်သူထက်ပိုသော သူငယ်ချင်းများ ဖြစ်ပါသည်။
သူ့အတွက်ဆိုလျှင် ကျွန်တော် ညလုံးပေါက် အိပ်ရေးပျက်ကာ တွေးပူဖူးသည်။ သူကော ကျွန်တော့်အတွက် စိတ်ပူဖူးသလားဟု ကျွန်တော်မသိပါ။ သေချာတာကတော့သူ့နှလုံးသားကို ကျွန်တော်ယုံကြည်နေပါသည်။ သူသည် သိခွင့်မကြုံသေးသော ကျွန်တော့်ဘဝအရေးတို့အတွက် စိတ်ပူနေပါလိမ့်မည်။
နီးစပ်ခြင်း ဝေးကွာခြင်းကို တိုင်းတာမိသမျှ သူနှင့်ကျွန်တော့်ဝေးကွာခြင်းဆိုသည်မှာ စကားလက်ဆုံမကျရုံနှင့် သူ့အကြောင်း မသိရရုံလောက်၊ ကိုယ့်အကြောင်း သူ့မပြောရသေးရုံလောက်သာ ရှိပါသေးသည်။ တကယ်ဆို သူနှင့် ကျွန်တော့်ကြား ဝေးကွာခြင်းတံတိုင်းပိုကြီးမားလာခြင်းမှာ အချိန်မလုံလောာက်မှုကြောင့်သာ ဖြစ်နိုင်ပါသည်။ သူသည်လည်း အလုပ်များသော ဝန်ထမ်းတစ်ဦးဖြစ်သလို ကျွန်တော်သည်လည်း အလုပ်များသော လူတစ်ယောက်ဖြစ်နေသည်။ သူ့အတွက်အရင်လို အချိန်မပေးနိုင်တော့သလို ကျွန်တော့်အတွက်လည်း သူ အချိန်မပေးနိုင်တော့တာသာ ဖြစ်သည်။

တစ်ချိန်ချိန်၊ သူသည်လည်း မီလျှံနာသူဌေးတစ်ဦးဖြစ်၍ ကျွန်တော်သည်လည်း မီလျှံနာတစ်ဦးဖြစ်သော ဘဝတွင် သူနှင့် ကျွန်တော် စကားလက်ဆုံပြန်ကျနိုင်ပါလိမ့်မည်။
ယခုအချိန်မှာတော့ နှလု့းသားချင်းနီး၍ အနေဝေးကွာနေသော သူငယ်ချင်းတစ်ယောက်ကို လွမ်းဆွတ်နေရုံမျှသာ တတ်နိုင်ပါတော့သည်။
-+-
သူ ကျွန်တော် ဝေးကွာနေပါသည်။
ဝေးကွာခြင်းအဖြေကိုလည်း ရှာတွေ့ပြီဖြစ်ပါသည်။
သူနှင့် ကျွန်တော် ကိုရီးယားဇာတ်ကားတွေထဲကလို ဆိုဂျူသောက်ချိန်မရပါ။ သူ့အားချိန်သည် အိပ်ချိန်ဖြစ်နေသလို ကျွန်တော်အားချိန်သည်လည်း အိပ်ချိန်ဖြစ်နေပါသည်။ သူနှင့်ကျွန်တော် ကိုရီးယားဇာတ်လမ်းတွဲများထဲကလို ဖုန်းနေ့စဉ်မပြောနိုင်ပါ။ ဖုန်းခ ဈေးကြီးလွန်းပါသည်။ သူနှင့် ကျွန်တော် တစ်ယောက်ကိုတစ်ယောက်လွမ်းနေပါသည်။ သို့သော် I miss you ဆိုသည် မက်ဆေ့ဂ်ျလည်း မပို့ကြပါ။ မက်ဆေ့ဂ်ျတစ်စောင်၂၅ကျပ်ကောက်သော မြန်မာနိုင်ငံဖြစ်နေပါသည်။
သို့သော် သူနှင့် ကျွန်တော်သည်မြန်မာနိုင်ငံသားများဖြစ်ပါသည်။ ရင်းနှီးနွေးထွေးသော သူငယ်ချင်းအစဉ်အလာကို လက်ဆင့်ကမ်းသယ်ဆောင်လာကြသူများဖြစ်ပါသည်။ သူ ကျွန်တော် ဝေးကွာနေကြသော်လည်း စိတ်ချင်းနီးစပ်နေသည်မို့ တစ်ချိန်ချိန် ကိုသာ မျှော်လင့်ရပါတော့မည်။ မြန်မာနိုင်ငံတွင် လူတစ်ဦး၏ အခြေခံလစာဖြင့် တစ်မိသားစုလုံးစားသောက်နိုင်သည့် အချိန်၊ ဖုန်းခေါ်ဆိုခနှုန်းထားများ ကျဆင်းသွားသည့်အချိန်၊ သို့မဟုတ် အင်တာနက်သုံးနှုန်းခများသည် နေ့စဉ်ဝင်ငွေကို မထိခိုက်နိုင်လောက်သည့်အချိန်တွင်တော့ သူနှင့် ကျွန်တော် စကားလက်ဆုံကျဖို့ရာ အခွင့်အလမ်းများပြားလာမည်ဟု ထင်ပါသည်။
ထို တစ်နေ့နေ့ကို ကျွန်တော် မျှော်လင့်နေပါသည်။
အမှားစသည် သူ့ထံတွင်မရှိသလို ကျွန်တော့်ထံတွင်လည်း မရှိပါ။ အမှားစသည်…။

ရည်ဝေ(လင်းရောင်ခြည်)

Saturday 17 August 2013

အိပ်မက်ကကြိုး


“အိပ်မက်ကကြိုး-ဝါ-
ပြေလျော့သွားသော ဆက်ထုံးတစ်ခု”

ဟာလာဟင်းလင်းမြေနေရာကို တိုင်စိုက်ထူပြီး အမိုးလေးတပ်ရုံမျှနှင့်ငါတော့ မိုးစိုမှာမဟုတ်တော့ဘူးဟူသည့် အတွေးသည် အနည်းငယ်များရူးကြောင်ကြောင်နိုင်လေမလား။ အမိုးလေးတပ်ပြီးပြီးချင်း ဘေးမှအုတ်စီလိုက်ရုံနှင့် ချောပင်မချောရပါသေးသော အကြမ်းထည်ကိုကြည့်ရင်း စိတ်လုံခြုံမှုအနည်းငယ်တိုးလာသည်ဟုဆိုလျှင် ရူးနေသည်ဟု ပြောကြမလား။ ထိုအကြမ်းထည်ကိုပင် အရှေ့တံခါးပေါက်နှင့် နောက်ဖေးပေါက်တပ်ဆင်ပြီးချိန်မှာတော့ လူနေ၍မဖြစ်သေးသော၊ ပစ္စည်းများရှင်းလင်းမပြီးသေးသော၊ အုတ်နံရံများကိုအချောပင်မသတ်ရသေးသော အခြေအနေမှာပင် ငါ ဒီအိမ်မှာနေလို့ရပြီဆိုသည့်အတွေးကို လွတ်လွတ်ကျွတ်ကျွတ်ကြီးတွေးလိုက်မိပြီဖြစ်သည်။

Friday 9 August 2013

ကျွန်မတွင် မျက်မှန်နှစ်လက် ရှိပါသည်

ကျွန်မတွင် မျက်မှန်တစ်လက်ရှိသည်။ တစ်ဖက်လျှင် ပါဝါ အနုတ် ၄၀၀စီရှိသောမျက်မှန်တစ်လက်ရှိပါသည်။
သူ့ကို မတပ်လျှင် ကြည့်သမျှသော အရာတိုင်းတို့သည် ဝါးတားတားနိုင်လွန်းသဖြင့် ညအိပ်ချိန်မှလွဲ၍ အချိန်ပြည့်ရှိသော ကျွန်မ၏ အဖေါ်လေးဟုလည်း တင်စားခေါ်ဝေါ်မိသော မျက်မှန်ကလေးဖြစ်သည်။ သူ့တွင် အရောင်ထည့်မထားပါ။ မျက်မှန်ကိုင်းလေး၏ အရောင်ကတော့ ကော်ဖီရောင်လေးဖြစ်သည်။ သူ့မတိုင်ခင် အစောဆုံးကာလများတွင်တော့ မျက်မှန်အလက်ပေါင်းများစွာကို တပ်ဆင်ခဲ့ရသည်။ သူနှင့်ကျမှ ကျွန်မလည်း အချိန်ကြာမြင့်စွာ တပ်ဆင်မိခြင်းပင်ဖြစ်သည်။
           

Wednesday 7 August 2013

သစ်ပင်ပျောက်ဆုံးခြင်း



သူ
ကျွန်တော်
အိပ်မက်တွေ ပျောက်ဆုံးခဲ့ပြီဖြစ်၏။

တနေ့တခြားဟာတာတာနိုင်လာသော ကိုယ့်နှလုံးသားကိုယ်မုန်းမိရင်း သူ့အတွက်အလွမ်းများကိုရှာကြည့်တော့ဗလာ။ သူသည်ကျွန်တော့်အတွက် ဗလာဖြစ်နေပြီဖြစ်သည်။ ငှက်ကလေးကျွန်တော့်ကိုမပြုစားတော့ပါ။ သူ့ပြုစားခြင်းများကိုလွှတ်ချလိုက်လေသည်လား။

Monday 5 August 2013

သက်ရှိနာ

“သက်ရှိနာ”


            ကိုယ် လူဖြစ်ခြင်း၏ အသီးအပွင့်ကို ခံစားနေရသည်။ ကိုယ်သည်အသက်ရှိသော သတ္တဝါအဆင့်မှ လူအဆင့်သို့ အလိုမတူပဲ ရာထူးတိုးမြှင့်ခြင်းခံလိုက်ရသော သာမန်သက်ရှိတစ်ကောင်ဖြစ်သည်။ ကိုယ့်တွင် ဦးနှောက်ရှိပါသလား။ မသိ။ ကိုယ်မသိပါ။ ကိုယ့်တွင်ရှိသော ဦးနှောက်သည်ပုစွန်ဦးနှောက်လို ဗလာဖြစ်နေနိုင်သည်။ သူများခိုင်းမှ လုပ်တတ်သော ကွန်ပြူတာဦးနှောက်ဖြစ်နေနိုင်သည်။ သို့မဟုတ် ဥာဏ်ပညာကြီးရင့်လွန်းသော လူပီသသည့် ဦးနှောက်ဖြစ်နေနိုင်သည်။ လက်ရှိအချိန်မှာတော့ ကိုယ့်တွင် ဦးနှောက်ရှိမရှိ ကိုယ်သေချာရေရာစွာမသိသေး။
            ကိုယ်ရှင်သန်မှုသည် အဆင့်မည်မျှတွင်ရှိနေကြောင်း ကိုယ်မတွက်ချက်တတ်သေးပါ။ ဆာလျှင်စားမည်။ ငိုက်လျှင် အိပ်မည်။ စာကျက်ချိန် စာကျက်မည် ဆိုသည့်အဆင့်မှ အလိုမတူပဲ ဗားရှင်းမြှင့်ခံလိုက်ရသည့်အခါ ကိုယ့်တွင် တစ်ခါမျှ မပေါ်လာဖူးသော အတွေးတို့ဝင်လာချေပြီ။ ကိုယ် မှော်ဆရာ ဖြစ်ချင်သည်။ မှော်ဆရာဖြစ်ချင်လာပြီ။ မှော်ဆရာဖြစ်ချင်နေပြီဖြစ်သည်။