Thursday 2 May 2013

“၂-၅-၂၀၁၃ ကြယ်စင့်သို့ တမ်းခြင်း”




ကြယ်စင်ရေ
မင်းအတွက်ပန်းတစ်ခင်းပျိုးခဲ့တယ
မိုးမလင်းခင်မှာ လာဆွတ်လှည့်ပါ
ငါ မမြင်ချင်ယောင်ဆောင်နေပါ့မယ်....



ကြယ်စင်ရေ
မင်းကငါ့အတွက် ကဗျာပျိုးခင်း
မင်းကိုတစ်ခါကြည့်ရုံနဲ့
ကဗျာတစ်ပွင့်ကြွေကျတယ်
ကြယ်စင်ရေ
မင်းအတွက် ငါက ဆူးတစ်စင်း
ငါ့အကြည့်တစ်ချက်မှာ မင်းဟာ
နာကျင်မှုပေါင်းများစွာ လျှံကျတယ်
ဒါပေမယ့်လည်း
ကဗျာတစ်ခင်းနဲ့ ဆူးတစ်စင်းကို
ငါ ပေါင်းစပ်နေချင်ခဲ့တယ်

ကြယ်စင်
ကြယ်စင်
ကြယ်စင်
ကောင်းကင်ထိရောက်အောင်
အစွန်းရောက်ရင်ဘက်နဲ့ အော်ပစ်လိုက်တယ်
ဖုံးထားတဲ့ အဖြူရောင်အတ္တတွေနဲ့ ငါ
ရိုးရိုးသားသား လွမ်းနေကြောင်း မင်းသိစေချင်လိုက်တာ

မင်းရှေ့မှာငါက
ငါ့ကြီးမြတ်မှုကို အခါခါ နှိမ့်ချ
ငါ့စိတ်ရဲ့ သိမ်ငယ်မှုကို အခါခါလှပ်ပြ
အားပေးမှုကို လိုချင်ခဲ့တာမဟုတ်ဘူး
ကြယ်တစ်စင်း လမ်းချော်မှာစိုးရိမ်ခဲ့တာ

ကြယ်စင်ရေ
အထပ်ထပ်ခေါ်မိပြန်တယ်
လွမ်းတယ်

ကောင်းကင်နယ်မြေမှာဆုံဖို့
ငါ လက်မှတ်ဖြတ်ထားတယ်
ကြယ်စင့်ဘေးက ကြယ်တစ်စင်းအဖြစ်ရှိဖို့
သိပ်မကြာခင်မှာ ငါအရောက်လာခဲ့မယ်
ဆူးတစ်စင်းကို ကြယ်တစ်စင်းအဖြစ် မင်းမြင်ပေးပါ
ငါ....... အရောက်လာခဲ့မယ်

ကြယ်စင်ရေ
မင်းအတွက် စံပယ်တစ်ခင်းပျိုးပေးထားတယ်
ဆွတ်ဖို့ မမေ့ပါစေနဲ့
။။။။။။။။။။။။
ရည်ဝေ