Saturday 11 May 2013

“ရူးမိုက်တဲ့ မရဏဖွါးတစ်ယောက်ရဲ့ တပိုင်းတစတေးသွား-၃”

၎ ကြွင်း စနေ မရဏဖွားတစ်ဦး
မြေကမ္ဘာပေါ်ခြေချတဲ့နေ့က
ထူးခြားဖြစ်စဉ်တစ်ခုမှ မရှိခဲ့ဘူး
မသိမသာရွာတဲ့ မိုးစက်ဖွဲဖွဲလေးတွေက ပဲ
ဘဝရဲ့ နမိတ်ကို ဆောင်လေတယ်ထင့်
အစဉ်အေးမြမဲ့သဘောလား
ဒါမှမဟုတ်....


ဒီလိုပါပဲ
ဒီတစ်ခေါက်လည်း ကောင်းကင်က
သူ့တစ်နေရာစာကိုမှ ကွက်ပြီးကာကွယ်ပေးဖို့ ကျန်ခဲ့တယ်
သူ့ကောင်းကင်မှာ မိုးစလေးတွေဆင်းသက်နေတာများ
တခြားသူတွေရဲ့ ရှောင်ဖယ်မှုကိုရဖို့ရွယ်လေတယ်ထင့်
ဘာပဲဖြစ်ဖြစ်
မိုးစက်လေးတွေကို သူချစ်ပါတယ်
မိုးစလေးတွေကို သူချစ်ပါတယ်
မိုးပွင့်လေးတွေကို သူ ချစ် ပါ တယ်

ကျွန်တော်ချစ်တဲ့ မိုးစက်ပွင့်လေးတွေရေ
ကျေးဇူးပြု၍ ကူညီပါ
ကျွန်တော့်အလွမ်းတွေကိုပါ တိုက်စားသွားပေးပါ
ကျွန်တော့်အချစ်တွေကိုပါ တိုက်စားသွားပေးပါ
ကျွန်တော့်နှလုံးသားကိုပါ ရေမျောသွားအောင် သဲသဲမဲမဲ မစဲတမ်း ရွာသွန်းပေးစမ်းပါ
အဝေးမှာ
ဟိုးအဝေးမှာ
ကျွန်တော့် ချစ်သူလေးက ဟိုးအဝေးမှာ
သူနဲ့ကျွန်တော့်ကြား နားမလည်ခြင်းတွေ ကာရံထားတယ်
သူနဲ့ကျွန်တော့်ကြား မညီမျှခြင်းတွေ ကာရံထားတယ်
သူနဲ့ကျွန်တော့်ကြား ဒိုးပြားလေးတွေ ကာရံထားတယ်
မိုးစလေးတွေရေ
ကျေးဇူးပြု၍ ကူညီပါ
သူရှိရာအရောက်သွားပေးနိုင်မလား
ပင်လယ်ကို ဖြတ်ပေးပါ
ကောင်းကင်တံတားနဲ့ ပင်လယ်ကိုဖြတ်လို့ သူ့ဆီအရောက်သွားပေးပါ
ကျွန်တော့်နှလုံးသား
ကျွန်တော့်ချစ်ခြင်း
ကျွန်တော့်တမ်းတခြင်းတွေကိုပါ တပါတည်း သယ်ဆောင်သွားပေးပါ
လွမ်းတယ် ဆိုတဲံ စကားအထပ်ထပ်ကို
သူကြားအောင်ပြောပေးပါ
မြတ်နိုးတယ်ဆိုတဲ့ စကားအထပ်ထပ်ကို
သူသိအောင် ပြောပေးပါ
သူဟာ
ကျွန်တော့်ဘဝရဲ့ သူစိမ်းအိပ်မက်
သွေးမရင်းတဲ့ တစ်ခုတည်းသော တမ်းတမိတဲ့ သူစိမ်းပါ
အိပ်မက်မှာပါတဲ့ တစ်ယောက်တည်းသော သူစိမ်းပါ
သူသိအောင်ပြောပေးပါ
ငါ့ချစ်ခြင်း အလင်းပွင့်ဖို့ မိုးပွင့်လေးရဲ့ အကူအညီလိုအပ်တယ်...။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်