Monday 28 April 2014

“သူကား ပန်းငုဝါဖြစ်စေ…. ကိုယ်သည်ကား…”

“သူကား ပန်းငုဝါဖြစ်စေ…. ကိုယ်သည်ကား…”
--++---
ကိုယ့်အတွက်တော့ ချစ်ခြင်းတရားဆိုသည်မှာ အိပ်မက်တစ်ခုစာမျှထိပင် ရေရာသေချာမှုမရှိခဲ့။ အရာရာသည် ဝေဝေဝါးဝါးနိုင်စွာ..။
အလွမ်းဆိုသည်ကိုပင် ပိုင်ပိုင်နိုင်နိုင်လွမ်းခွင့်ရှိပါရဲ့လား ဟု ဆန်းစစ်မိသည့်အခါ အရာရာသည် ဝေးသထက်ဝေးရာသို့ လွင့်ပေတော့၏။
အပြုံးမမည်သည့် နှုတ်ခမ်းတွန့်တွန့်လေးတွေကို ရော်ရမ်းမှန်းဆကာ လွမ်းသည်။ အမုန်းမမည်သည့် သံယောဇဉ်ဖြူဖြူတို့ကို မုန်းလျက်နှင့် လွမ်းသည်။ မေတ္တာဆိုသည် တစ်ခါတစ်ရံတော့ ခါးတတ်ကြောင်း သူသိအောင်တော့ ပြောပြချင်ပါသေးသည်။
ခွင့် ဆိုသည်မှာ တစ်ပါးသူပေးမှ ရသည့်အရာဟု ဆိုလျှင် ကိုယ်ငြင်းဆိုချင်ပါသည်။ ကိုယ်က လွမ်းခွင့်ကို သူမပေးပါဘဲ စိတ်တိုင်းကျသုံးစွဲနေသူမို့သာတည်း။ သို့မဟုတ် အခွင့်မရှိပါဘဲ လွမ်းနေမိသူမို့သာတည်း။ သူမသိပါဘဲ ကိုယ့်တစ်ယောက်တည်း စိတ်ကူးနှင့် ရွက်လွှင့်ကာ လွမ်းနေရခြင်းသည်ပင် ဘဝ၏ ခမ်းနားလှပသော အချိန် စလေးများ ဟု တင်စားခေါ်ဆိုချင်မိလေသည်။

Tuesday 8 April 2014

uRefr\nmbufzdeyfuav;


“ကျွန်မ၏ ညာဘက်ဖိနပ်ကလေး”

--+++----
ဖိနပ်တစ်ရံ၏ တန်ဖိုးသည် ဈေးနှုန်းကြီးမြင့်ခြင်းနှင့် စတိုင်ကျလှပခြင်းလေလား။ သို့မဟုတ် သက်တောင့်သက်သာရှိခြင်းနှင့် သုံးစွဲသူအတွက် ဝယ်ယူဖို့ ဈေးမကြီးခြင်းလေလား။ မည်သို့ပင်ဆိုစေကာမူ ယခု ဖိနပ်ဆိုင်ရှေ့တွင် ကျွန်မ ရပ်နေပါသည်။ ဖိနပ်ဆိုင်ထဲသို့ ဝင်ကာ ဖိနပ်သစ်ဝယ်ယူဖို့သည် ကျွန်မချမှတ်ထားသော စည်းမျဉ်းသေကြီးကို ချိုးဖေါက်ရမည့်အနေအထားဖြစ်နေသည်မို့ ဖိနပ်ဆိုင်ရှေ့တွင်သာ ရပ်လျှက် အတွင်းသို့ မလှမ်းနိုင်ဖြစ်နေပေ၏။
ဖိနပ်ဆိုင်အတွင်းမှ ဖိနပ်လှလှလေးများသည် တစ်ရံပြီးတစ်ရံ ပြင်ပသို့ထွက်ခွာသွားကြသည်။ ဆိုင်ဝန်ထမ်းကောင်မလေးကလည်း ကျွန်မကို ကွက်ကြည့်ကွက်ကြည့် ရှိချေပြီ။ သို့သော် ကျွန်မ ဖိနပ်ဆိုင်တွင်းသို့ မဝင်မိသေး။
ကျွန်မက ဖိနပ်လှလှများကို မချစ်တတ်ပါ။ ထို့အတူ ဈေးကြီးကြီးဖိနပ်များကိုလည်း မချစ်တတ်ပါ။ သို့သော် ကျွန်မသည်လည်း မိန်းမသားတစ်ဦးမို့ ဒေါက်ဖိနပ်များကို ကြိုက်နှစ်သက်တတ်ပါ၏။ သုံးလက်မဒေါက်စီးကာ လမ်းလျှောက်ရလျှင်ပင် ကိုယ်သည်သူ့အလိုလို စတိုင်ကျသွားသည်၊ အရာအားလုံးကို အပေါ်စီးမှ ကြည့်လိုက်ရသည် ဆိုသည့် ခံစားချက်ဖြင့် မိုးမမြင်လေမမြင်ပျော်ကာ ဝယ်စီးဖူး၏။ သို့သော် ထိုဖိနပ်သည် ကျွန်မအတွက် အသုံးမဝင်။ ဘက်စ်ကားပေါ်တက်လိုက်တိုင်း တပါးသူ ခြေထောက်ကို ထိသဖြင့် ခဏခဏတောင်းပန်ရ၏။ ထို့အပြင် ခပ်မြန်မြန်လျှောက်၍မရ။ ထိုအချိန်တုန်းက တက္ကသိုလ်ကျောင်းသူဖြစ်သည်မို့ ပို၍ပင် လှချင်ခဲ့သော်လည်း အချိန်တစ်ခုအရောက်မှာတော့ မဖြစ်မနေပင် သူ့ကို စွန့်ခဲ့ရတော့၏။ ကျောင်းတက်ခေါင်းလောင်းထိုးချိန်တွင် ကင်တင်းန်မှာပဲရှိသေးသည့် ကျွန်မ ကျောင်းသို့ပြေးအသွားမှာ ချော်လဲခဲ့ခြင်းပင်။ ရလဒ်အဖြစ် ဒေါက်တစ်ဖက်ကျိုးလျှက်ရှိသော ဖိနပ်ကို နောက်တစ်နေ့မှာတော့ မစီးတော့။ တစ်ခြားဖိနပ်ပြောင်းခဲ့ရသည်။ သို့သော်လည်း ဒေါက်ဖိနပ်စီးသည့်ဒဏ်ကြောင့် ခါးနာခြေသလုံးနာရောဂါကိုတော့ ရက်အတန်ကြာထိ လက်ခံထားခဲ့ရလေသည်။ ထိုအချိန်မှ၍ သက်တောင့်သက်သာဖြစ်စေမည့် ဖိနပ်တို့ကိုသာ ရွေးချယ်ခဲ့မိတော့သည်။

Friday 4 April 2014

“မြိနေအောင် သွေးထားတဲ့ မြားတစ်စင်း ”


“မြိနေအောင် သွေးထားတဲ့ မြားတစ်စင်း ”
--++--

(၁)
မြင်လား သား။ အဲဒါ မင်းအဖေ။ မင်းအဖေ လူယုတ်မာကြီးလေ။ သေချာမြင်အောင်ကြည့်ထားစမ်း ငါ့သား။ တစ်နေ့မှာ  မေမေ့အတွက် သားက လက်စားချေပေးမယ်မဟုတ်လားဟင်။
နှင်း၏ လက်ကို ဆုပ်ကိုင်ထားသည့် သား၏ လက်က ပို၍တင်းကျပ်သွားသည်မို့ သားငယ်ကြည့်ရာကို ကြည့်လိုက်မိတော့ မောင်နှင့် မိန်းမငယ်တစ်ဦး။ ဟင့်အင်း။ နှင်းအတွက်တော့ မည်သို့မျှမခံစားရပါ။ ကြိုပြီးသိထားပြီးသား အကြောင်းအရာတစ်ခုသာဖြစ်သည်။ ဒီကုန်တိုက်ကို ဒီလိုနေ့ဆို ဈေးဝယ်ထွက်နေကြ ဆိုတဲ့ အတွင်းသိစကားအရ သားနှင့် မောင့်ကို ရင်ဆိုင်ပေးလိုက်တာသာ ဖြစ်သည်။
သို့သော် ကိုယ့်ကို မော့်ကြည့်လာသည့် သားငယ်၏ မျက်ဝန်းလေးများကြောင့် ဒေါသကို အရှိန်ပြင်းကာ မျက်ဝန်းတွင် မျက်ရည်များစို့လာအောင် ပြုလုပ်လိုက်သည်။ ထို့နောက် ထိုင်ချလိုက်ရင်း သားကို
“သား သားတို့ အရွယ်ဝတ်တဲ့ အဝတ်အစားတန်းဘက် သွားရအောင်နော် မေမေ့အတွက် အဝတ်မဝယ်ချင်သေးဘူးနော်”
မျက်ရည်အဝဲသားနှင့် ခေါင်းညိတ်ပြလိုက်သည့် သားလေး၏ လက်ကလေးကို ဆွဲကိုင်ကာ ကလေးအဝတ်အစားတန်းဘက် လျှောက်လိုက်ရင်း နှင်း ကျေနပ်စွာ ပြုံးလိုက်မိသည်။
“မောင် မင်းအတွက် မြားတစ်စင်း ကိုယ် သွေးနေပြီ။ မင်း လွတ်အောင်ရှောင်နိုင်မှာလား မောင်”
သားလက်ကို ကိုင်ကာ ထလိုက်သည့်အချိန်မှာပဲ မောင့်မျက်ဝန်းတို့ အထိတ်တလန့်ဖြစ်သွားခဲ့သည်ကို သတိပြုမိ၏။ သို့သော် နှင်းက မသိကျိုးကျွံပြုကာ သားလက်ကို ဆွဲ၍ ထွက်ခွာလာခဲ့သည်မဟုတ်ပါလား။ တစ်ယောက်လက်ကို တစ်ယောက်ချိတ်ဆွဲထားသော မောင်နှင့်ထိုမိန်းကလေး၏ အကြောင်းကို နှင်းရှင်းမပြလည်း သုံးတန်းကျောင်းသားဦးနှောက်ဖြင့် သားနားလည်မည်ဟု ယုံကြည်သည်လေ။
--++--

Thursday 3 April 2014

ဆုံမှတ်မဲ့ ရင်ဝှက်တေး


“ဆုံမှတ်မဲ့ ရင်ဝှက်တေး”-ရည်ဝေ(လင်းရောင်ခြည်)
---++++-----

ကြာခဲ့ပြီ။ ဟုတ်သည်။ ကြာခဲ့ပြီဖြစ်သည်။
ခုံတန်းလေးသည်လည်း သူ၏ရှိမြဲနေရာ၌ ရှိနေသေးသည်။ သို့သော် ခုံတန်းလေးသည်လည်း ဇရာကို အံမတုနိုင်ဟန်ဖြင့် အိုမင်းရိရော်နေခဲ့ချေပြီ။ တစ်ချိန်က အစိမ်းရောင်ဖျော့ဖျော့တို့ ဆိုးခဲ့သော ခုံတန်းလေးသည် ယခုတော့လည်း အရောင်ပြယ်လုလု အစိမ်းရောင်ဖျော့တော့တော့ဖြင့် ကျွန်တော့်ကို ကြိုလင့်နေသည့်အလား။

တစ်စုံတစ်ယောက်သည်ကော ခုံတန်းလေးကဲ့သို့ ကျွန်တော့်ကို ကြိုနေလေဦးမည်လား။ သို့မဟုတ် အရာရာကို ပြည်ဖုံးကား ချလိုက်လေပြီလား။ အခွင့်ရှိလျှင်ဖြင့် သိချင်စမ်းလှပါသည်။ သြော် သိချင်စမ်းလှပါသည်လေ။
ကျောင်းဆောင်၏ အလယ်တည့်တည့်တွင် စိုက်ပျိုးထားသည့် စိန်ပန်းနီနီကိုကြည့်ရင်း လမ်းဘေးအလေ့ကျပေါက်တတ်သည့် စိန်ပန်းနီကိုပင် ခူးမှာစိုးသည့်အလား တားဆီးထားသည့် ဆိုင်းဘုတ်တစ်ခုကို သတိရမိပြန်သည်။ “သတိ- ပိုင်ရှင်ရှိသည် မိမိကိုယ်ကို သူခိုးအဖြစ်မခံပါနှင့်” တဲ့လေ။

အတွေးနှင့်အတူ ခုံတန်းလေးတွင်ထိုင်ရင်း ကျောင်းတော်ကြီးကို ငေးကြည့်နေမိသည်။ တစ်ချိန်က ဒီကျောင်းတော်ကြီးတွင် လင်းခက် ဆိုသည့် ကျောင်းသားလေးတစ်ယောက် ပညာနို့ရည် သောက်စို့ခဲ့ဖူးသည်ပေါ့။ တစ်ချိန်ကတော့ ဒီကျောင်းတော်ကြီး၏ ကင်န်တီးန်ပေါင်းစုံတွင် လင်းခက်နှင့် တစ်ယောက်သောသူ၏ ခြေရာတို့ အထပ်ထပ်ရှိခဲ့ဖူးပေသည်။ ထိုကဲ့သို့ အထပ်ထပ်ရှိခဲ့ဖူးသည်ကို အမှတ်ရပါရဲ့လား မမမွန်။ စိတ်တွင်းမှ ထွက်ရှိလာသော မေးခွန်းကို ကပြာကသီသိမ်းအုပ်လိုက်ချိန်တွင် စိတ်၌ တစ်စုံတစ်ရာသော စေ့ဆော်မှုခံလိုက်ရသည့်အလား အနောက်ဘက်ဆီသို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်မိသည်။

ပန်းတစ်ပွင့် ရင့်ကျက်တည်ငြိမ်သည့် အလှဖြင့် သူ့ကို ငေးကြည့်နေလေသည်ပဲ။ မမမွန်။ သူ့ကို ကြိုဆိုလေသည်တော့ ဟုတ်ဟန်မတူ။ မမွန်၏ မျက်နှာသည် ပကတိ တည်ငြိမ်လွန်းလှသည်။ သို့သော် မျက်ဝန်းထဲမှာတော့ အငွေ့တစ်ချို့ လှိုင်းထနေလေသည်လား။ ဖျတ်ခနဲ သူထရပ်လိုက်မိသည်။ သူ့ကို ငေးကြည့်နေရာမှ သူရှိရာသို့ တစ်လှမ်းချင်းလှမ်းလာသော မမမွန်၏ အလှသည် စံပယ်ဖြူတစ်ပွင့်၏ ရင့်ကျက်တည်ငြိမ်မှုကဲ့သို့ပင်။ ဖြူစင်အေးချမ်းလှသည်။ သို့သော်…။ သူနှင့်မမမွန်ဆိုသည်က အဖြေမပီခဲ့သည် စွယ်တော်ရွက်လေးတွေ ဖြစ်ခဲ့သည် မဟုတ်လားလေ။

ကြာခဲ့ပြီ။ ကြာခဲ့ပါပြီ။
သူ၊ မမမွန်။ သက္ကရာဇ်များစွာသည် တစ်ရိပ်ရိပ်ပြေးလွှားလိုက်သည့် ရထားတစ်စင်းအလား…။