Monday 20 May 2013

အချစ်ရေ လွမ်းတယ်

စိတ်တစ်ခုလုံး မှေးမှိန်ဖျော့တော့
လျော့တိလျော့ရဲ ကမ္ဘာ
ငါက ငါမဟုတ်တော့
ပျောက်ဆုံးနေခဲ့သလား



အဝေးမှာ
ဟိုးအဝေးမှာ
ဟိုးအဝေး အဝေးမှာ

လွမ်းတယ်
တိတ်တဆိတ်ဆိုခဲ့မိတဲ့စကားတွေ
အစိမ်းရောင်ခလုတ်လေးရဲ့ အလှောင်ခံနေ့ရက်များ
ငါ မင်းကို မချစ်ခဲ့မိရင် ကောင်းမလား

မဖြစ်ဘူး
မဖြစ်ဘူးနော်
အချစ်တစ်ခုမရှိရုံနဲ့
ငါက သစ်ခြောက်ပင်ဖြစ်သွားမယ်

အနည်းဆုံးတော့
ခြောက်သွေ့သွေ့နိုင်တယ်ဆိုရင်တောင်မှ
ဆူးအပြည့်နဲ့ ကန္တရပင်လေးဖြစ်ချင်တယ်
ကောင်းကင်ကို မျှော်ကြည့်ရင်း
ငေးမှိုင်နေမိတတ်တဲ့ကန္တရသစ်ပင်
ကန္တရသစ်ပင်လေး ဖြစ်ချင်တယ်


အရိပ်တွေ အရိပ်တွေ
အရိပ်တွေ ကနေတယ်
အဲဒီအရိပ်တွေမှာ စိတ်တစ်လုံးနစ်ကျ
ကိုယ့်ကိုယ်နှစ်ချမိခဲ့ နေ့များစွာ

မျက်ရည်မကျတတ်သူတစ်ယောက်အတွက်
ဝဲဘက်ရင်အုံအောက်က နှလုံးသားလေးက ငိုပြတယ်
မဟုတ်ဘူး
လုံးဝမဟုတ်ဘူး

အဆုံးမသတ်သေးပေမဲ့
အဆုံးမရှိတော့တဲ့ လမ်းပါပဲ
ရူးရူးမိုက်မိုက်ပါပဲ
ဒီလမ်းကို ဆက်လျှောက်ကြည့်ဦးမယ်

ကိုယ့်စိတ်နဲ့ကိုယ်ရူးတာ ဘယ်သူ့ထိခိုက်မလဲလေ
ဟုတ်တယ်မဟုတ်လား

စိတ်တွေပေါက်ထွက်သွားအောင် အော်ပစ်လိုက်ချင်တယ်
ဒါဆိုပြေလျော့သွားမလား
အရိပ်တွေကို မေ့ပျောက်သွားနိုင်မလား
ဘာပဲဖြစ်ဖြစ်ဒီအရိပ်တွေက ငါ့အတွက်
ဇာတ်လမ်းချောချောလေးတွေပါပဲ
ကုန်ကြမ်းတစ်ခုထက်ပိုပါတယ်

က နေတဲ့ အရိပ်တွေမှာ စိတ်ကို ထပ်ထပ် နှစ်ချပစ်လိုက်တယ်
ငါ့နှလုံးသားလေး ပျော်လာတယ်
ဝေ့ဝဲလာတဲ့ နှင်းစက်တွေနဲ့ အတူ ငါ့နှလုံးသားလေး ပျော်-သွားတယ်

“...”
ဘယ်သူမှ မကြားလိုက်တဲ့ လွမ်းဆွတ်ခြင်းတေးသွားပါပဲ
စိတ်တစ်ခုလုံး အပြေပြေအလျော့လျော့
စိတ်ရှိလက်ရှိကို လွမ်းပစ်လိုက်တယ်

 

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်