Friday 31 May 2013

အကျဉ်းစံ လိပ်ပြာ

အကျဉ်းစံလိပ်ပြာ


“ကလင်ကလင် ကလင်”    
 ကိုင်ဆောင်သူမရှိ၍ တိတ်ဆိတ်သွားသော ဖုန်းလေးကို ကျွန်မ ငေးကြည့်နေမိသည်။ ဟိုးအရင်ကလို ဖုန်းကိုကျွန်မကိုင်ပြီဆိုလျှင်တော့
“ပြန်လာနေပြီနော် မ အတွက် ပေါင်မုန့်ဝယ်လာခဲ့မယ် မောင့်ကို မျှော်နေနော် တာ့တာ”
ဆိုသည့် စကားတစ်ခွန်းပဲပြောကာ ဖုန်းချသွားပေလိမ့်မည်။ ခုတော့ ထိုဖုန်းသည် သူပြန်လာတော့မည်ဆိုသည့်အကြောင်း အသိပေးရုံဖုန်းသက်သက်သာ ဖြစ်နေပေတော့သည်။
ဒီချိန်ဆို သူဖုန်းချပြီးတာနဲ့ လမ်းကူးနေလောက်ပြီ။ ပြီးလျှင် ဝမ့်ဝမ့်စတိုးဆိုင်သို့ဝင်ကာ ပေါင်မုန့်တစ်ထုပ်ဝယ်ဦးမည်။ နောက် အိမ်အပြန်ဘက်စ်ကားလေးမှတ်တိုင်စာခရီးကို သူ ခြေကျင်လျှောက်လာဦးမည်။ တိုက်တံခါးဝကို ရောက်ပြီဆိုတာနှင့် တိုက်တံခါးသော့ဖွင့်ကာ အပေါ်တက်လာပေလိမ့်မည်။ အခန်းနံပါတ် ၁၀၃ ဆိုသည့် ဒီအခန်းရှေ့ရောက်လျှင်တော့ သူ ရပ်ပေလိမ့်မည်။ ထို့နောက် သော့ဖွင့်ဝင်လာလိမ့်မည်။
“မိန်းမကလည်းကွာ အလုပ်ကပြန်လာရင် မောင် ဆာနေမှာပေါ့လို့မတွေးမိဘူးလား ထမင်းလည်းချက်မထားဘူး… ခုမှချက်ရတော့ မောင့်ကျ အဆာလွန်တော့တာပေါ့.. ရော့ မိန်းမအကြိုက် ပေါင်မုန့်ဝယ်လာတယ်”

၃၁-၅-၂၀၁၃--

၃၁-၅-၂၀၁၃----

မျှော်မထားပေမဲ့
နောက်တစ်နေ့ကတော့
ရောက်မြဲအတိုင်း ရောက်လာခဲ့ပြီ

၃၀-၅-၂၀၁၃---


၃၀-၅-၂၀၁၃

ထွက်ပေါက်
လိုနေတဲ့ ထွက်ပေါက်တွေကို
တကူးတကလိုက်မရှာနဲ့
အနီးဆုံးမှာ
ရှိတယ်

အစာမကျေခြင်းများ

“အစာမကျေခြင်းများ...”

အဲဒီကစပြဿဒ်မီးလောင်တော့တာပဲ။
ဘယ်သူ စတဲ့ မီးလဲ။

မကြည့်နဲ့ အစအဆုံး အကျိုးနဲ့ အကြောင်းခွဲမရ
သိက္ခာတွေ တပုံကြီးနဲ့
လမ်းပေါ်မှာ အပြောခံရမှာ ကြောက်တယ်
မာနတွေ တအုံကြီးနဲ့
မျက်စွန်းမျက်စလေးတောင် မုန်းတယ်။

တခါက ရွှေယုန်နဲ့ ရွှေကျား
သက်ကယ်ရိတ်သွားသတဲ့
ပြောကြတာပါပဲ
ရွှေကျားမှားသတဲ့
ရွှေကျားမှားသတဲ့လား
ဒီလိုပဲ ပုံပြင်လေးတစ်ပုဒ်ပေါ့ ရှိခဲ့ဖူးတယ်။

ကျွန်တော်က ဆရာကြီးဗျ
ဗလာတွေ တသီကြီးရှိနေတာကို ငြင်းခုန်ရင်း
ဆရာကြီးဟန်ဆောင်ရတာ ကြိုက်တယ်
ပညာရှိမဟုတ်ဘူးငြင်းရင်း
ပညာရှိတဲ့သူ လို့ အထင်ခံရတာ ကြိုက်တယ်
စကားမစပ် ကျွန်တော် ပညာရှိမဟုတ်ဘူးဗျ
ခင်ဗျားတို့ကတော့ ဆက်ထင်နိုင်ပါတယ်
ကျွန်တော်ဟာ ပညာရှိ လို့။

ပြည်သူတွေ ငတ်နေတယ်
ပြည်သူတွေ ငတ်နေတယ် လို့
ခဏခဏ အော်ပေးရတာကြိုက်တယ်
ကျွန်တော်မှမငတ်တာ
တခြားနေရာမှာ ရေမရှိတာစိတ်မပူဘူး
ကျွန်တော့်အိမ်မှာ မီးမလာမှာစိတ်ပူတယ်
ရေတင်လို့မရရင် ရေမရတော့ဘူးမဟုတ်လား
ကျွန်တော်က ငတေကြီးပေါ့
ခင်ဗျားတို့အမြင်မှာ သူတော်ကောင်းဖြစ်ဖို့
မနည်း ကြိုးစားခဲ့ရတာ
ဟိုနေရာလည်း စီစီ
ဒီနေရာလည်း စီစီ
ပါလေရာ ငပိချက်ကြီး ဖြစ်ခဲ့ရ။

ဝုန်းဒိုင်းကျဲ လိုင်းသားတွေ တတိတိနဲ့
ကဗျာတွေ ဖန်တီး
ဆာနေတဲ့ ဝမ်းဟောင်းလောင်းတွေ ဆီကနေ မုဒ်တွေယူခဲ့ပေါ့
တကယ်ဆို လက်တွေ့ကျကျ လုပ်ငန်းခွင်က
ကိုယ်တိုင်အလုပ်ကြိုးစားပြီး ပိုလျှံတာကို ရအောင်လှူ
ဒီလိုလူချည်းသာဆို ဘယ်သူမှ မငတ်ဘူး
မယုံမရှိနဲ့
ခုတော့ ကျွန်တော့် အမျိုးအဆွေတွေ ငတ်နေတယ်ဗျ အော်ရင်း
ကဗျာတွေ တစ်ပုဒ်ပြီးတစ်ပုဒ်။

ဟိုမှာ ရေရှားနေတယ်
ဟိုမှာထမင်းငတ်နေတယ်
ဟိုမှာ ကျ ပြည့်လျှံနေတယ်
တကယ်ဆို ကိုယ်ကိုယ်တိုင်ရဲ့ လက်ကြားက စီးကရက်ကို
ဘယ်သူပစ်နိုင်လို့လဲ
အချိန်တန်ရင် မာဆက်လေးလောက်တော့ သွားချင်ကြတာချည်း။

လာပါပြီ ကျူးတဲတွေ
နေရာတစ်ခုပေးပြန်တော့
ရောင်းပြီး တခြားနေရာမှာ ထပ်ကျူးတယ်
ကဲ နိုင်ငံတော်က သတ်မှတ်တဲ့စည်းမျဉ်းမှာ
၁၂ နှစ်ကြာထိ ပိုင်ရှင်က လှည့်မကြည့်ဖြစ်ရင်
ကျူးသမားက မပိုင်ပေမဲ့ ဆိုင်သတဲ့
ဒီလို တိတိပပသတ်မှတ်ချက်တွေကြား
ကျူးတဲ နဲ့ ပိုင်ရှင် ဖြစ်လိုက်တိုင်း
ပိုင်ရှင်ချည်း အပြောခံလိုက်ရ
အားနည်းသူဘက် လိုက်ပါပေးတာပါ နဲ့
တကယ်ဆို ကိုယ့်အိမ်ကိုယ်ပြန်ရဖို့
ကျူးသမားကို ကျွေးလိုက်ရတာ မနည်းမနော
ဒါပေမဲ့လည်း ကျွန်တော်က လူကောင်းကြီးပါ
ဘာပဲဖြစ်ဖြစ် ကျူးသမားမှန်တယ်
သူက မရှိဆင်းရဲသားမဟုတ်လား။

နာမည်လေး ရတာနဲ့
ကျွန်တော်ကိုယ့်ကိုယ်ကို ဆရာကြီးထင်မိ
ဒီကဗျာက
ဖြစ်သမျှလောကကို အစာမကျေလို့ ရေးတဲ့ကဗျာ
မှန်ချင်မှန်မှားချင်မှားမယ်
ကျွန်တော့် ခံယူချက်နဲ့ကျွန်တော်
ကျွန်တော့်ကိုယ်ကျွန်တော် အစာမကျေလို့ ရေးတဲ့ကဗျာ
မကျေနပ်ရင် ကြိုက်သလိုပြောနိုင်တယ်
သေချာတာက ပြည်သူတွေ ငတ်နေတယ် ကျွန်တော်မငတ်ဘူး။

Wednesday 29 May 2013

29-5-2013----

၂၉-၅-၂၀၁၃-----

အလင်းစတွေကို ဖမ်းပြီး လေထုနဲ့အတူပို့လိုက်တယ်
ငှက်ကလေး
မင်း တွေ့မိပါရဲ့လား
အလင်းတွေထဲမှာ မေတ္တာတရားတွေက တလူးလူးတလွန့်လွန့်
ကျွန်တော်ချစ်တဲ့ ငှက်ကလေး အေးမြပါစေ....
ကျွန်တော်ချစ်တဲ့ ငှက်ကလေး အေးမြပါစေ
ကျွန်တော်ချစ်တဲ့ငှက်ကလေး အေးမြပါစေ။

Tuesday 28 May 2013

၂၈-၅-၂၀၁၃



အလွမ်းတွေဖြေဖို့
သက်တံ့တံတားတစ်စင်း
ဖန်ဆင်းပစ်ချင်တယ်
ကောင်းကင်ကနေ သူ့ကို ငေးနေလို့ရတယ်မဟုတ်လား
ဟေး
ကြားလား ကြားသလား
ဟောဒီတချက်ချက်ခုန်နေတဲ့ အလွမ်းတွေက
ပြင်ပကမ္ဘာကြီးကို ထိုးဖေါက်ခိုင်းနေတယ်
ဟေးး
မြင်လား မြင်ရဲ့လား
နေရာအနှံ့ကြွေနေတဲ့ သစ်ရွက်ဝါတွေကို
သွေးကြောတွေဟာ အညိုရောင်သမ်းလာ
သူ့ရနံ့ရမှ ရှင်သန်ခွင့်ရမဲ့ သစ်ပင်
လေပြေခရီးသည်တွေကို တွေ့တိုင်းမှာမိနေကျ
ကျေးဇူးပြု၍
ငှက်ကလေးရဲ့ ရနံ့ကိုသယ်ခဲ့ပါ
ဟေး
ကမ္ဘာ့ခေါင်မိုးကြီးပေါက်ထွက်သွားအောင် အော်ပစ်မိတယ်
ကျွန်တော့်လက်တွေ ကနေပြီ
သစ်ခက်သစ်ရွက်တွေ ကနေပြီ
သူ မြင်မလားလို့
သူ့အတွက် ဖျော်ဖြေနေမိ
တကယ်ဆို သူ့အရိပ်အယောင်တောင် မမြင်ရသေးဘူး
ဟေး
မြင်လား မြင်ရဲ့လား
မျှော်နေကျ တောင်ပံခတ်သံလေး ပျောက်ဆုံးနေတဲ့အခါ
ငါ့ရှင်သန်မှုဟာ အဓိပ္ပါယ်မဲ့လာတယ်
လွမ်းတယ် .............။

Monday 27 May 2013

သူနဲ့ကျွန်တော်(၂)

ကျွန်တော်က သူမေ့နေတဲ့ တေးသွားလေးပါ
သူက ကျွန်တော်ဆိုနေကျ သံစဉ်လေးရဲ့ ပိုင်ရှင်
အသွင်မတူသူနှစ်ယောက်
ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတစ်ခုမှာ ဆုံခဲ့ကြတယ်

အချစ်တဲ့လေ.......




“စိမ်းလဲ့ ခု ဘယ်နားမှာလဲ ငါ မမြင်ရဘူး”

သူ့ စကားကြောင့် ကျွန်မ ပြုံးလိုက်မိရင်း လက်ကလေးတစ်ဖက် မြှောက်ကာ ဝှေ့ယမ်းပြလိုက်မသည်။

“နောက်တည့်တည့်ကို လှည့်ကြည့် သစ်ပင်ပုလေး ဘေးမှာ ရပ်နေတယ် တွေ့လား ဒီမှာ ဒီမှာ ဒီကို ကြည့်”
တွေ့ပြီဆို တာ သေချာတော့မှ ဖုန်းကို ပိတ်လိုက်ရင်း မုန့်ဆိုင်ဝယ် ဘာမုန့်စားရင်ကောင်းမလဲ ဟု ရွေးနေလိုက်သည်။ သူ ဆိုလျှင်ကော ဘာမုန့်ကြိုက်လေမလဲ ဟုလည်းတွေးရင်း..။

အနားသို့ရောက်လာသော သူ့ကို မုန့်စားရန် ခေါ်တော့ ကိုယ်တော်က မစားတဲ့။ဘာတက်နိုင်မလဲ လေ။ သူ မစားတော့ ကျွန်မပဲ စားရတော့တာပေါ့။ သူကတော့အနားဝယ် ရပ်ရင်း ကျွန်မ မုန့်စားနေသည်ကို ကြည့်နေသည်။ ကဲ မင်္ဂလာဈေးကိုတော့ သူ့ကို ခေါ်ပြီးပြီ။ ပြီးရင် သူ့ကို ဘယ်လိုပုံပြောင်းရင် ကောင်းမလဲ ဆိုသည့် အတွေးကို တရစပ်တွေးရင်း အလုပ်ရှုပ်နေလိုက်သည်။

သူဆိုသည်က ကျွန်မ၏ ချစ်သူ မမည်သော ချစ်ရသူ။

၂၇-၅-၂၀၁၃




ပျော်ပါစေ ငှက်ကလေး
ကောင်းကင်ကြီးက လင်းလင်းလက်လက်နဲ့
ငှက်ကလေးတစ်ကောင်ကို ကြိုလင့်လို့
စူပုတ်ပုတ်နှုတ်ခမ်းကြီးက ခပ်ပါးပါးပြုံးလိုက်ပါ
နောက်
ဆိုပါ
တေးဆိုပါ
တေးချိုချိုလေးတွေ ဆိုကြည့်ပါ
ငှက်ကလေး တဖြည်းဖြည်းပျော်လာလိမ့်မယ်

Sunday 26 May 2013

၂၆-၅-၂၀၁၃----




လွမ်းခွင့်မရှိတဲ့ နယ်မြေကနေ စည်းကျော်လွမ်းနေမိခဲ့
အမြဲရောက်တဲ့ နေ၇ာတစ်ခု
ဒီနေ့ရှောင်သွားမိတယ်
အမြဲ ကြည့်ခဲ့တဲ့ နေရာလေးတစ်ခု
ဒီနေ့ ကျော်သွားမိပြီ
အလွမ်းနက်လို့ ညတာရှည်လေသလား

Saturday 25 May 2013

ပန်းပွင့်လေး မေ့နေမယ့် ဥယျာဉ်မှူး


မျက်ဝန်းတစ်စုံ။ ထူးဆန်းလွန်းသည့် မျက်ဝန်းတစ်စုံ။ ထိုမျက်ဝန်းတစ်စုံသည် ဘယ်အချိန်ကြည့်ကြည့် ဖျတ်လတ်ရွှင်လန်းမှုတို့ပျောက်ဆုံးနေကာ ရီဝေ ငေးငိုင်နေတတ်သည်။ ထိုမျက်ဝန်းတစ်စုံကို ကြည့်မိလိုက်တိုင်း ကြီးမားသော ပူဆွေးမှုတို့ ဖုံးကွယ်ထားသည်ဟု ခံစားရသည်။ ထို့ပြင် ထိုမျက်ဝန်းတစ်စုံဝယ် နာကျင်မှုကို ခံရခက်စွာ လှောင်ပြောင်နေသည့်သဏ္ဍန်တို့ ရောပြွန်းနေသည်။
မျက်ဝန်းတစ်စုံပိုင်ရှင်၏ရုပ်ရည်သည် ချောမောလှပသော စာရင်းထဲတွင်မဝင်သလို ချစ်စဖွယ်အသွင်သဏ္ဍန်လည်း မရှိခဲ့။ သို့သော် သူ့ကတိစကားတစ်ခွန်းကြားရုံနှင့် သေချာပေါက် ကတိတည်မည့်သူဟု ယုံကြည်စေသည့်သူမျိုး ဖြစ်သည်။
ထိုမျက်ဝန်းတစ်စုံပိုင်ရှင်သည် အမြဲလိုလို ပြုံးရွှင်ကြည်သာစွာ နေပြတတ်၏။ အားနာတတ်၏။ လူတိုင်းနှင့် သင့်တင့်စွာ ပေါင်းသင်းဆက်ဆံတတ်၏။ လူတိုင်းက သူသည် လူကောင်းတစ်ယောက်၊ လူရည်မွန်တစ်ယောက်ဟု ပြောကြသည်သာ ဖြစ်၏။ သူစကားပြောလျှင် အမြဲလိုလိုပင် ထိန်းပြောတတ်သည်။ ဘယ်သောအခါမှ တရားလက်လွတ် စကားပြောသည်ရယ်မရှိခဲ့။ ထို့ကြောင့်သာပဲ သူ့ကို ပတ်ဝန်းကျင်က ချစ်ခင်ခဲ့ခြင်းဖြစ်မည်။ သူသည် သူ့မိသားစုကိုလည်း အချစ်ကြီးတတ်သူဖြစ်ပြန်သေးသည်။ စိတ်ထားကလည်း နူးညံ့လွန်းသည်။ သူ့ကိုယ်သူ ဂရုစိုက်ဖို့မေ့နေတတ်သောသူသည် သူ့အလုပ်ကိုလည်း ချစ်မြတ်နိုးတတ်သူဖြစ်သေး၏။
ထိုကဲ့သို့ ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်လှသော သူ့မျက်ဝန်းတစ်စုံအတွင်းမှ နာကျင်မှုတို့ကို တစ်စုံတစ်ယောက်က ဖမ်းဆုပ်ရရှိမိသွားသည့်အခါ……။
ထိုသူသည် ကျွန်မ ဖြစ်နေသည့်အခါ…………….။
ကံတရားက အလွန်ပင် ဆန်းကြယ်လှပါသည်။ ထိုဆန်းကြယ်လှသည့် ကံတရားကို အပြစ်တင်ချင်သလားဟု ကျွန်မကို မေးလာပါက အမှန်ကန်အရဲရင့်ဆုံး ဖြေပြလိုက်ချင်ပါသည်။
“ဘယ်တော့မှ အပြစ်မတင်ဘူး” ဟုပင်။
(-)

၂၅-၅-၂၀၁၃-----




သူစိမ်းတွေပါ
တားမြစ်ခွင့်မရှိတဲ့ နယ်မြေမှာ နေအပ်တယ်
တကယ်ဆို
ဖုန်းလေးတစ်ကောလောက်ဆက်ရုံနဲ့
ပွန်းပဲ့သွားမယ့် ထားအပ်တဲ့ သိက္ခာတရားတွေ
လူး

၂၄-၅-၂၀၁၃----



ငှက်တစ်ကောင်ကို လွမ်းဆွတ်နေတဲ့ သစ်ပင်တစ်ပင်

တကယ်ဆိုသူက အရူးပဲ

စိတ္တဇ အချစ်တွေကို အထပ်ထပ်ပျိုး

လိုချင်သူမရှိလည်း

သူကတော့ ပန်းပွင့်တွေ တစ်ပွင့်ပြီးတစ်ပွင့်ခြွေတယ်

၂၃-၅-၂၀၁၃----



အလင်းသဲ့သဲ့မှာ အငိုက်မိနေဆဲ စိတ်တွေ
လင်းလက်မလာသေးဘူး
ညို့နေတဲ့ တိမ်တွေက ငါ့ကောင်းကင်ကို အုပ်မိုးနေတုန်းပဲ
ငှက်ကလေးရေ
ငါက ရူးတတ်တယ်

။။။။။။။။။။။။။။။။။။။။။။

Wednesday 22 May 2013

“ငိုချင်တယ်”



ရင်တစ်ခုလုံး တဒိတ်ဒိတ်နဲ့
ငလျှင်လှုပ်နေသလိုပဲ
မြင်နေရတာက မီးပင်လယ်
ကျော်ဖြတ်ဖို့ မလွယ်တော့ဘူး
ဟုတ်တယ်
မကျော်ဖြတ်နိုင်တော့ဘူး
ဒီမီးပင်လယ်ကိုယ် ဘာနဲ့ငြိမ်းသတ်ရမလဲ
ဖြေပါ
ကျေးဇူးပြု၍ ဖြေပါ။

22-5-2013-----

ကျေနပ်တယ်
ကျေနပ်ပါတယ်
မြင်ခွင့်ရခြင်းက ခဏတာပါပဲ
မင်းအဆင်ပြေတယ်ဆိုတာ သိရလို့ ကျေနပ်တယ်
မင်းပျော်ရွှင်တယ်ဆိုတာ သိရလို့ ကျေနပ်တယ်
မင်းနေကောင်းနေတယ်ဆို သိရလို့ ကျေနပ်တယ်

အချစ်ဆိုတာ ချစ်နေရုံလေးနဲ့ လှနေသတဲ့
ကဗျာတစ်ပုဒ်မှာ ဖတ်ဖူးတဲ့စာသားလေး
ဒီစာသားလေးနဲ့ပဲ ထပ်ပြောချင်တယ်
မင်းကို ချစ်ခွင့်ရရုံနဲ့ပဲ ငါ့ကမ္ဘာ လှနေပါတယ်

Tuesday 21 May 2013

တိမ်ဖုံးတဲ့ ကောင်းကင်

တိမ်ဖုံးတဲ့ ကောင်းကင်
မဟာရန်ကုန်ဆိုတဲ့မြို့တော်ကြီးမှာ အထည်ချုပ်လုပ်သားဘဝနှင့် ဘဝစခဲ့သူ ဇွဲ ခုတော့ တချို့တချို့သောအရာများကို ခေါင်းငုံ့ကြည့်၍ ရချေပြီ။ လူနေမှုအဆင့်အတန်းဟုတိုင်းထွာမည်ဆိုလျှင်ဖြင့် သေချာပါသည်။ ဇွဲံသည် သာမန် လူလတ်တန်းစားဘဝရှိသူတစ်ဦးဖြစ်ပြီး မချမ်းသာသလို ဆင်းရဲမနေသူတစ်ဦးလည်း ဖြစ်နေပေပြီ။

21-5-2013----


၂၁-၅-၂၀၁၃

တိမ်ထူထပ်တဲ့ရာသီဥတု

မိုးစလေးတွေ တဖွဲဖွဲကြွေ

ပြေး

Monday 20 May 2013

အချစ်ရေ လွမ်းတယ်

စိတ်တစ်ခုလုံး မှေးမှိန်ဖျော့တော့
လျော့တိလျော့ရဲ ကမ္ဘာ
ငါက ငါမဟုတ်တော့
ပျောက်ဆုံးနေခဲ့သလား

၂၀-၅-၂၀၁၃----------------




နာရီလက်တံတွေပြေးနေတယ်
ဟုတ်တယ်
သူတို့ပြေးနေတယ်

ကျွန်တော် ငေးနေတယ်
ဟုတ်တယ်
ကျွန်တော် ငေးနေတယ်

Sunday 19 May 2013

၁၉-၅-၂၀၁၃----


တစ္ဆေတွေ တစ္ဆေတွေ
ပြေးထွက်လာလိုက်တာ
ပုန်းကွယ်နေတဲ့ သံစဉ်တွေကို ဘယ်လို ဖျက်ရမလဲ
သံစဉ်တွေနောက်က အရိပ်တွေ..
ခံစားချက်ဆိုတဲ့ အရိပ်တွေ
ကြောက်တယ်

Saturday 18 May 2013

18-5-2013----------------




တချက်ချက်နဲ့မြည်နေတဲ့ စက္ကန့်တံတွေမှာ
ကျွန်တော့်နှလုံးသားလေးကပါ လိုက်လို့ခုန်
ညို့နေတဲ့ တိမ်သားတွေက
ကျွန်တော့်နှလုံးသားမှာပါ နေရာယူလာကြ
လွမ်းတယ်
ဆိတ်ငြိမ်အရပ်ကနေ ငေးကြည့်
မကျွမ်းတဲ့ တောအရပ်မှာရောက်နေပြီလား
ဒီတောက နက်လွန်းတယ်
လင်းချင်းနေတဲ့ ကျွန်တော့်စိတ်တွေဟာ
တောနက်နက်မှာ အလင်းမပြနိုင်ဘူး
လမ်း ပျောက်တယ်

အလွမ်းတွေနဲ့ လမ်းပျောက်တယ်
အလွမ်းတွေနဲ့ လမ်းပျောက်တယ်....

Friday 17 May 2013

သူ-ကျွန်တော်

“သူ-ကျွန်တော်”

တစ်ခါတလေ စိတ်ကူးနဲ့ရူးရတာဟာ
တိမ်ပေါ်မှာထိုင်ရင်း မိုးမိနေသလိုပဲ
လေထဲမှာလွင့်နေပေမယ့်
တစ်ကိုယ်လုံးကြွက်စုတ်ကိုဖြစ်လို့....

၁၇-၅-၂၀၁၃-------



သစ်ပင်တစ်ကောင်ကို
အပိုင်းပိုင်းဆွဲဆုတ်ပစ်လိုက်တယ်
သူ လဲပြိုမသွားသေးဘူး
ငါ့ဆီမှာ ကပ်ပါးတစ်ကောင်လိုတွယ်ငြိ
ငှက်တစ်ကောင်ကို တမ်းတ
ခဏခဏ ခဏခဏ
ငါ့စိတ်ကို အဆိပ်ကျွေးတယ်

Thursday 16 May 2013

သစ်ပင်အိုရဲ့ နေဝင်ချိန်


သစ်ပင်အိုရဲ့ နေဝင်ချိန်

            ညက ကျွန်တော့်ကို မုန်းနေသည်။ သို့မဟုတ် ကျွန်တော်က ညကို ကြောက်နေလေသည်လား။ ကျွန်တော် အိပ်စက်ခြင်းကို မုန်းခဲ့တာ ကြာပြီဖြစ်သည်။ တချိန်တုန်းကတော့ အိပ်စက်ခြင်းကို နှစ်ခြိုက်ခဲ့မည်ဟု ထင်ပါသည်။ အခုတော့ မျက်လုံးမှိတ်ရမှာကိုပင် ကြောက်တတ်ပြီဖြစ်၏။ တဖျတ်ဖျတ်ခတ်နေသော မျက်တောင်တို့ကိုပင် အခွင့်ရှိလျှင် မမှိတ်အောင် တားမြစ်မိချင်သည်ထိပင်ဖြစ်သည်။
            ညက ကျွန်တော့်ကို မုန်းနေသည်လား။ ကျွန်တော်က ညကို ကြောက်နေလေသည်လား။ ညအချိန်အခါရောက်တိုင်း ညသည် ကျွန်တော့်ကို အိပ်စက်ရန်မြူဆွယ်၏။ သို့သော် ကျွန်တော့်မျက်ဝန်းတို့က ညကို အံတုပုန်ကန်၏။ ထိုအခါတွင်မတော့ ညသည် သူ့မြူဆွယ်မှုမှ ရုန်းထွက်မိသော ကျွန်တော့်ကို နှိပ်စက်ကလူပြုလေတော့၏။ အပြုံးအေးအေးတို့ဖြင့် ကျွန်တော့်ကို လာရောက်ထိတွေ့၏။ အရယ်ခြောက်ကပ်ကပ်တို့ဖြင့် ကျွန်တော့်ကို လာရောက် ဆော့ကစား၏။ ညတွင် ကျွန်တော့်ကို မအိပ်အောင် အပြုစားဆုံးသော အရာမှာ တချောက်ချောက်မြည်နေသော နာရီသံဖြစ်၏။ အိပ်သင့်ပြီ၊ အိပ်သင့်ပြီဟု ကိုယ့်ကိုယ်ကို သတိပေးကာ မျက်ဝန်းအစုံကို မှိတ်ဖို့ကြိုးစားတိုင်း အမှောင်တို့က ပို၍ ကြီးရင့်လာသလို နာရီသံ တချောက်ချောက်ကလည်း တစ်စုံတစ်ခုရောက်လာတော့မည်ဟု အသိပေးနေဟန်ရှိ၏။

၁၆-၅-၂၀၁၃....



စိတ်တွေက ကိုယ်မှာမကပ်ဘူး
ပြေးတယ်
အဝေးကိုပြေးတယ်
မင်းရှ်ရာကိုပြေးတယ်

၁၅-၅-၂၀၁၃---

၁၅-၅-၂၀၁၃---

အလွမ်းသည်
နွေကို လှောင်လိုဟန်နှင့်
ရင်တစ်ခုလုံးကို မွှေနေသည်

တိတ်တဆိတ် ရွေ့နေသော တိမ်လွှာတို့အကြား
စိတ်ကို လွှင့်တင်ကြည့်မိ၏
အလွမ်းတို့ ပြေပျောက်စေလိုသော သဘောနှင့်။
ထိုအခါ ပို၍ပို၍ လွမ်းလာသည်

၁၅-၅-၂၀၁၃ ဆိုသည့် ၈ ဂဏန်းအောက်ဝယ်
ကျွန်တော့်အလွမ်းသည်
ပို၍ပို၍ ခါးသက်လာသည်

၁ဂဏန်းသမားတိုင်းသည်
၈ဂဏန်း၏ စိုးမိုးမှုအောက်
အလိုအလျောက်ကျရောက်တတ်ပါသလား
၈ဂဏန်းစိုးမိုးသောရက်တိုင်းတွင်
ကျွန်တော် သူ့ကို မွတ်မွတ်သိပ်သိပ်လွမ်းပါသည်

ပိုင်ဆိုင်ခွင့်မရသော ပန်းလေးတစ်ပွင့်ကိုမှ
မြတ်မြတ်နိုးနိုးပန်ဆင်ချင်သူ ကျွန်တော်သည်
သစ်ပင်ရူးတစ်ကောင်ဖြစ်ကြောင်း ထပ်မံပြောကြားချင်သေးသည်

သစ်ပင်ရူးတစ်ကောင်သည်
ငှက်ကလေးတစ်ကောင်ကို ငေးကြည့်နေမိသည်မှာ
တစ်ခုသော အချိန်အတိုင်းအတာသို့ရောက်ရှိလာပြီဖြစ်၏
သို့သော်
သစ်ပင်ရူး၏ စိတ်သည်
လေပွေကဲ့သို့ လှုတ်ခတ်လျှက်ရှိဆဲ
သစ်ပင်ရူးသည်
မအပ်မစပ်
ငှက်တစ်ကောင်ကိုမှ ချစ်မိလေခြင်း
ဘဝမတူသည့်အခါ ကွာခြားမှုတို့ များများလာသည်
စိတ်အကွာအဝေးသည်လည်း မိုင်တွေ ရှည်လွန်းလှ၏
မည်သို့ပင်ဖြစ်စေကာမူ ငှက်ကလေးတစ်ကောင်အတွက်
သစ်ပင်လေးတစ်ပင်ရှင်သန်ခဲ့ဖူးသည

တကူးတကပျိုးခြင်းမဟုတ်ခဲ့သော ထိုသစ်ပင်သည်
ယခုအခါ အတော်အတန် ရင့်သန်လျှက်ရှိပြီဖြစ်၏
ထိုအချစ်သစ်ပင်ကိုသတ်၇န်
အဆိပ်ခတ်ဝံ့သူ အလိုရှိ၏
ကူညီနိုင်က ကူညီနိုင်စေရန်
အသိပေးပါသည်။
သစ်ပင်တစ်ပင်ကိုသတ်ရန်
အဆိပ်ခတ်ဝံ့သူ အလိုရှိပါသည်။

Tuesday 14 May 2013

ချစ်သူ..

အလင်းခက်တွေ အိပ်တဲ့ညနေခင်း
တိမ်တွေ ခရီးသွားနေချိန်မှာ
မခွဲချင့်ခွဲချင် လက်ကလေးတစ်စုံဟာ
စိတ်ချင်းမဝေးကြေး ကတိတွေအထပ်ထပ်နဲ့
လမ်းခွဲခဲ့ရရှာ..............။

“ရူးမိုက်တဲ့ မရဏဖွါးတစ်ယောက်ရဲ့ တပိုင်းတစတေးသွား-၄”



ကိုယ်နဲ့မတော်တဲ့ ဖိနပ်ကို ဇွတ်အတင်းထိုးထည့်
ဘယ်လမ်းကို သွားသွား ခလုတ်တိုက်တယ်
ရှောင်မရတိမ်းမရ ချော်ကျနေတဲ့ လမ်းတွေမှာ
ကျွန်တော် ဒီဖိနပ်ကို ချွတ်ဖို့သင့်ပြီမှန်းသိပါရဲ့
မချွတ်နိုင်သေးဘူး
မာန၊ အတ္တ၊ သိက္ခာ အားလုံးပါဝင်တယ်

၁၄-၅-၂၀၁၃.....




ဇာတ်က တဖြည်းနာသထက်နာလာတယ်
မြင်သာထင်သာဝေဒနာတွေဟာ ဖုံးအုပ်နိုင်စွမ်းမရှိတော့ဘူး
အောက်ချင်းငှက်မောင်နှံကို ကြည့်နေရတဲ့ ကိန္ဒရီလို
ရင်ကွဲအသဲကြေ
ကိုယ့်လက်ဖျံကိုယ် ဓါးနဲ့ထိုးမိဖို့
သဲ့သဲ့လေးပဲ လိုတယ်
မလာနဲ့

“အချစ်ရူးတစ်ကောင်မှာ ဦးနှောက်မရှိဘူး”



ငေးကြည့်နေတဲ့ နာရီက သံစဉ်တွေ တစ်ချက်ချက်လွင့်
ချစ်သူ့ခြေရာနောက် တစ်ကောက်ကောက်လိုက်တတ်တဲ့ ကျွန်တော်က
အချစ်ရူးတစ်ကောင်ပါ
ဘယ်အချိန်က ဝင်ကိုက်သွားလဲ မသိတဲ့ ဒီဗိုင်းရပ်စ်က ရစ်ခ်ျတာစကေး ပြင်းအားများတယ်
ကဲ ဘယ်လိုလဲ ဘယ်လိုလဲဘယ်လိုလဲ

Monday 13 May 2013

“ကြိတ်-ရူး”



သ နေမိတဲ့ ဒဏ်ရာတွေ ဖြေလျော့ဖို့ ကြိုးစားကြည့်တယ်
မြတ်နိုးခြင်းတွေသာ အင်အားကြီးမားလာတယ်
ကြိုးစားကြည့်တယ်
ကြိုးစားမှုတွေသာ ကျဆုံးသွားတယ်
ဒဏ်ရာနွံကနေ ရုန်းထွက်ဖို့မေ့နေတုန်း

၁၃-၅-၂၀၁၃---



ကမ်းပါးစွန်းကနေ ခုန်ချပစ်လိုက်တယ်
အရှိန်အဟုန်မဲ့ လွတ်ကျသွားခဲ့
ဘယ်အချိန် ဘယ်လိုမျိုး
အတောင်ပံတွေဟာ ရုတ်တရက် တဖျတ်ဖျတ်ခတ်မလဲ
ငါ့အတောင်ပံတွေဟာ အသက်ရှိကြောင်း သက်သေပြနိုင်တဲ့တစ်နေ့
အားလုံးကို အနိုင်ပိုင်းပစ်မယ်
အခုတော့ အရှိန်အဟုန်မဲ့
လွတ်ကျကြည့်လိုက်ဦးမယ်

Sunday 12 May 2013

12-5-2013.......


စူးအောင့်နေတဲ့ ရင်ဘက်က
ဝမ်းနည်းမှုတွေ မြိုချနေကြောင်းအသိပေးနေတယ်
ခိုကိုးရာမဲ့ စိတ်တွေက
ကောင်းကင်ဆီပြေးတယ်

Saturday 11 May 2013

“..ဘဝပန်းချီဟာ.ဘောင်..မှာ ပိတ်မိနေတယ်.”



ပြေးထွက်ချင်စိတ်တွေနဲ့
စိတ်တွေ လွှင့်တင်နေခဲ့တယ်
ဒါပေမဲ့လည်း မလွတ်ပါဘူး
တာဝန်ဆိုတာ
ရှောင်လွှဲဖို့မှ မဟုတ်တာပဲ။

ဘောင် တွေ လျှော့ ပေး ပါ...


လွတ် လွတ် လပ် လပ်
လွတ် လွတ် လပ် လပ်
လွတ် လွတ် လပ် လပ်
ဟား တိုက် ရယ် ပစ် ကြည့် ချင် တယ်
စိတ် တွေ ပါ - ပါ သွား မ လား လို့

11-5-2013--



အပြုံးအရယ်
အငိုအမဲ့
အသက်မဲ့ ညနေခင်းများ
တိတ်ဆိတ်ခဲ့ တေးသံသာများ
အချစ်မရှိရုံနဲ့ ဘဝက ခြောက်ကပ်သွားတတ်သလား
အရှုံးအနိုင် မတွက်ခဲ့သူ
အမြတ်ရခဲ့တယ်
ခံစားချက်တွေ တသီတသန်းနဲ့..။

“ရူးမိုက်တဲ့ မရဏဖွါးတစ်ယောက်ရဲ့ တပိုင်းတစတေးသွား-၃”

၎ ကြွင်း စနေ မရဏဖွားတစ်ဦး
မြေကမ္ဘာပေါ်ခြေချတဲ့နေ့က
ထူးခြားဖြစ်စဉ်တစ်ခုမှ မရှိခဲ့ဘူး
မသိမသာရွာတဲ့ မိုးစက်ဖွဲဖွဲလေးတွေက ပဲ
ဘဝရဲ့ နမိတ်ကို ဆောင်လေတယ်ထင့်
အစဉ်အေးမြမဲ့သဘောလား
ဒါမှမဟုတ်....

“ရူးမိုက်တဲ့ မရဏဖွါးတစ်ယောက်ရဲ့ တပိုင်းတစတေးသွား-၂”


မူးနေတယ်
မျက်လုံးတွေ မူးနေတယ်
စိတ်တွေ မူးနေတယ်
နှလုံးသားလေး မူးနေတယ်
အရာရာဟာ ရီရီဝေဝေ
မှိုင်းမှုန်နေတဲ့ အတိတ်လမ်းစကို တစ်ချက်ဆွဲဖြန့်ကြည့်လိုက်တယ်
အကြွင်း ၄ မရဏဖွား စနေ
အကြွင်း ၄ မရဏဖွား စနေ

“ရူးမိုက်တဲ့ မရဏဖွါးတစ်ယောက်ရဲ့ တပိုင်းတစတေးသွား-၁”




မူးနေတယ်
မျက်လုံးတွေ မူးနေတယ်
အရာရာဟာ ရီရီဝေဝေ
ကျွန်တော်ဟာ တကယ်ကို ရူးမိုက်သူအဖြစ်ကိုယ့်ကိုယ်ကို ကင်ပွန်းတပ်
ပြီးတော့ လွှင့်ပစ်လိုက်တယ်ကိုယ့်ကိုယ်ကို
ချစ်ခြင်းတရားရဲ့ အဝေးဆီကို
မလွတ်ဘူး
ပြေးမလွတ်မှန်းသိရဲ့နဲ့

“ဗီလိန်လည်း အသဲကွဲတတ်တယ်”




ဒီဇာတ်လမ်းမှာ ကျွန်တော်က ဗီလိန်
မဖြစ်သာလို့ ရှောင်ခဲ့ရတဲ့ လမ်းဆုံ
မဖြစ်သာလို့ မျက်နှာလွှဲခဲ့ရတဲ့ လမ်းဆုံ
ဒီလမ်းဆုံမှာ ကျွန်တော်က ဗီလိန်
ဗီလိန်မှဗီလိန်

Friday 10 May 2013

၁၀-၅-၂၀၁၃----



ဝေး တယ်
ဝေး ရ မယ် မှန်း သိ တယ်
ဝေး ဖို့ လို အပ် နေ ပြီ မှန်း သိ တယ်
ဝေး ကြ ဖို့ ဆုံ တွေ့ ခဲ့ မှန်း သိ တယ်
ကျွန် တော့် နှ လုံး သား က ဒုံး ဝေး နေ တုန်း ပဲ
ဝေး တယ်
မုန်း ပါ

9-5-2013.....


“ကမ်းပါးစွန်းမှာ ”

လေဟာနယ်ကို ခြေတစ်ဖက်ကျွံနေတဲ့
သစ်ပင်တစ်ပင်အတွက်
ဇာတ်ညွှန်းကိုပိုင်သူက ငှက်ကလေး လေ
သစ်ပင်လေးဟာဇာတ်သိမ်းကို ပြောင်းဖို့
အခွင့်အရေးမရှိသလို
ဇွတ်အတင်းမကြိုးစားခဲ့ပါဘူး
ဆွံ့အတိတ်ဆိတ်
အရိပ်ကမ္ဘာမှာပဲ ပျော်နေလိုက်တယ်

Wednesday 8 May 2013

၈-၇-၂၀၁၃ ငှက်ကလေး/ကြယ်စင်သို့ တစ်နေ့တာ

တားမရတဲ့ မြစ်တစ်စင်းက
တသွင်သွင်စီးဆင်းတုန်း
ငှက်ကလေး
မင်းမချစ်လည်း ငါချစ်တယ်
အချစ်ဆိုတာက ပြန်မရတိုင်း ပျောက်ကွယ်တတ်သလား
ခုထိတော့ ငါက ဒီမြစ်မှာ ရင်တွေ တဆစ်ဆစ်ကိုက်ရင်း ကူးခတ်တုန်း
ငှက်ကလေး ချစ်တယ်

စပျစ်သီးကား ချဉ်မြဲချဉ်လျှက်…


စပျစ်သီးကား ချဉ်မြဲချဉ်လျှက်…

            ငယ်စဉ်ကာလ အင်္ဂလိပ်စာသင်ရိုးထဲက မရနိုင်သော စပျစ်သီးကို ချဉ်သည်ဟု သတ်မှတ်ခဲ့ဖူးသည့် မြေခွေးကို ကျွန်တော် ပြက်ရယ်ပြုခဲ့ဖူးသည်။ သို့သော် ယခုတော့ မြေခွေးကို နားလည်နိုင်ပြီထင့်။ သို့မဟုတ် တခါတရံ ကျွန်တော်ကိုယ်တိုင် မရွေးချယ်ရပါပဲ မာနကို မြှင့်တင်ရင်း၊ သိက္ခာကို အဖတ်ဆယ်ရင်း မြေခွေး၏နေရာသို့ရောက်သွားရသည်။ ထို့ကြောင့်သာ မြေခွေး၏ ဆုံးဖြတ်ချက်ကို ပို၍နားလည်လာသည်ထင့်။ ယခုအချိန်တွင်သာထိုသင်ရိုးကိုပြ၍ မြေခွေးကိုလှောင်ဖို့ ကျွန်တော့်ကို အဖေါ်စပ်လာပါက သေချာပါသည်။ ကျွန်တော်ငြင်းပယ်ပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော်ကျွန်တော်ကိုယ်တိုင်ကိုက မြေခွေးတစ်ကောင်ဖြစ်နေသည် မဟုတ်ပါလား။
            စပျစ်သီးခိုင်ကတော့ အပင်ပေါ်တွင် သူ့ဘာသာ အမြင်တင့်လျှက်ရှိဆဲ၊ ကျွန်တော်တို့တွေကလည်း တစ်ခါမျှော်မှန်းရုံနဲ့ မရလျှင် ချဉ်သည်ဟု အပြစ်ပြောတတ်ဆဲ။

Tuesday 7 May 2013

၇-၅-၂၀၁၃ .....

၇--၅-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ

မျှော်လင့်နေတဲ့ တစ်နေ့နေ့ဟာ တဖြည်းဖြည်း နီးလို့လာ
ငှက်ကလေး
မင်းပျော်ရင် ငါကျေနပ်တယ်


၇-၅-၂၀၁၃ ကြယ်စင်သို့ တမ်းချင်း

မနေ့က မျက်ရည်ဟာ ဒီနေ့ထိ တစက်စက်ကျတုန်း
ကြယ်စင်
အိပ်မက်ချင်းချည်နှောင်ခွင့်ပျောက်ဆုံးပြီမှန်း
မထင်မှတ်ပဲ သိခွင့်ရခဲ့တဲ့တစ်နေ့တာမှာ
မင်းအတွက် ငါ အကြီးကြီးပျော်မိတယ်

Monday 6 May 2013

၆-၅-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ



တဖြည်းဖြည်းသေချာလာခဲ့ပြီ
ငှက်ကလေး
မင်းမရှိလို့မဖြစ်တော့ဘူး

pls take care your health
pls take care your habbit
pls take care your mind
pls take care yourself

၅-၅-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ




ငှက်ကလေး ဘာတွေဖြစ်နေလဲ
သိချင်လိုက်တာ
စိတ်မပါလက်မပါ အရွဲ့တိုက်နေတတ်တဲ့ မင်းပုံစံမှာ
ငါ ရင်မောလိုက်တာ

ငှက်ကလေး
တေးဆိုပါ
အမောတွေ ဖြည့်ပြီးတေးဆိုပစ်ပါ
လွတ်လပ်ခြင်းတွေ ပြန်ရှာပါ
ပျော်ရွှင်ခြင်းတွေပြန်ရှာစမ်းပါ
မင်းကိုမြင်နေရတာ
ဒဏ်ရာရနေတဲ့ ကျားနာနဲ့တူနေတယ်

၆-၅-၂၀၁၃ ကြယ်စင်သို့ တမ်းခြင်း


ကြယ်စင်
မင်းအလင်းတွေမှိန်လိုက်တာ
ခပ်ဖျော့ဖျော့အပြုံးက ငါ့ရင်ကိုနင့်စေတယ်

ကြယ်စင်
ကျေးဇူးပြု၍ နားထောင်
လူမိုက်ကြီးသိပ်မလုပ်စမ်းနဲ့

Sunday 5 May 2013

၅-၅-၂၀၁၃ ကြယ်စင်သို့တမ်းခြင်း



မေ့မယ် မေ့မယ် မေ့မယ်
ကြက်တူရွေးနှုတ်တိုက်သလို ရွတ်ရင်း
မင်းအလင်းမှာ မိနေတဲ့သူဟာ ငါပေါ့
ကြယ်စင်
မင်းက မှော်ဆရာပါ
ငါ့ကို ကြိုက်သလို စေခိုင်းဖို့ အခွင့်ရှိတယ်

Saturday 4 May 2013

မနက်စာ အာလူးဖုတ်ခြင်း


မနက်စာအာလူးဖုတ်ခြင်း

            အာလူးလေးတစ်လုံးကို မီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။ ထိုအရာသည်ပင် ကျွန်တော်၏ မနက်စာ ဖြစ်သည်။ ကျွန်တော် ငယ်ငယ်က အာလူးအလွန်ကြိုက်သည်ဟု မေမေပြောခဲ့ဖူးသည်ကို အမှတ်ရ၏။ သို့သော်ယခုအချိန်တွင် အာလူးကို ကျွန်တော် မုန်းနေပြီဆိုလျှင် မေမေရယ်လေမလား။
            ယခု ကျွန်တော်သည် အာလူးဖုတ်တစ်လုံးကို မနက်စာအဖြစ် စားရန်အလို့ငှာ စောင့်ဆိုင်းနေပါသည်။

ကြယ်စင်သို့

သစ်ပင်+ငှက်ကလေး= ဆူးတစ်စင်း+ကြယ်စင်
ကြယ်စင်- သစ်ပင်= -(ငှက်ကလေး-ဆူးတစ်စင်း)
(ကြယ်စင်-သစ်ပင်)+(ငှက်ကလေး-ဆူးတစ်စင်း)= သုည
ကြယ်စင်-ဆူးတစ်စင်း-+ငှက်ကလေး-သစ်ပင်= သုည
-(ကြယ်စင်+ဆူးတစ်စင်း)-(ငှက်ကလေး+သစ်ပင်)= သုည
ညီမျှခြင်း ချကြည့်လိုက်တော့ဘက်ညီပါတယ်
အနုတ်ကိုသာ ဘုံထုတ်ကြည့်လိုက် မင်းနဲ့ငါက ပေါင်းစပ်ဖို့နီးတယ်
ငှက်ကလေး
ကြယ်စင်
အဆိုးမြင်ဝါဒီတွေ တဆိတ်လောက် မောင်းထုတ်ပစ်စမ်းပါ
အဆုံးသတ်မှာ သုညရကတည်းက သေချာနေပြီ
ဒို့တွေ ဘဝရဲ့ မိုင်တိုင်ဆုံးထိ အတူရှိကြမယ် တဲ့

၎-၅-၂၀၁၃ ကြယ်စင်သို့တမ်းခြင်း



ကြယ်စင် စကားတွေဆိုချင်တယ်
ကြယ်စင့် ကို ငေးကြည့်ရင်း
ကြယ်စင့်အပါးမှာ ခဏနားနေချင်မိတယ်
ဆူးတစ်စင်းရဲ့ ပြင်းပြတဲ့ ရင်တွင်းတေးသံ
ကြယ်စင် မင်းမကြားဘူး
မကြားဘူးမဟုတ်လား

Friday 3 May 2013

၃--၅-၂၀၁၃ ကြယ်စင်သို့တမ်းချင်း



ကြယ်စင်
နေ့ခင်းမှာ ခပ်တည်တည်ခြောက်သွေ့ထက်ရှနေတဲ့ ငါ့ကိုကြည့်ပြီးရယ်နေသလား
မရယ်နဲ့
ဆူးတစ်စင်းက ပန်းတစ်ခင်းကိုလည်း ပျိုးတတ်ပါတယ်
မင်းအတွက် ပျိုးပေးတဲ့ပန်းတစ်ခင်း
ကမ္ဘာပျက်သည်ထိ လင်းလင်းချင်းချင်းရှိနေမယ်။

မေတ္တာငတ်သူ

မေတ္တာငတ်သူ
(၁)
“ဒီနေ့ကစပြီး သမီးက ဆယ်တန်းကျောင်းသူကြီး ဖြစ်သွားပြီ. .ရိုးရိုးအထက်တန်း ကျောင်းသူမဟုတ်ဘူးနော် ဆယ်တန်းကျောင်းသူ..ဟုတ်လား ကြည့်ပါဦး လှလိုက်တဲ့ ဆယ်တန်းကျောင်းသူကြီး”
သူမ၏ အိကျီ  င်္ကို သေချာပြန့်ပြန့်ရပ်ရပ်ဖြစ်အောင် လက်ဖြင့်သပ်ပေးနေသော အစ်မဖြစ်သူပြောစကားကြောင့် ပြုံးမိတော့မည့်အခိုက်
“အိုအေ..ဘာတွေဖြစ်နေတုန်း..ဆယ်တန်းတက်ရမှာပဲဟာ ရိုးရိုးအထက်တန်းတက်ရတာပဲကို အငယ်မကျူရှင်ဖိုး ကုန်တဲ့အခါကျမှ မျက်နှာမမဲ့နဲ့ ငါကတော့ တခါတည်းပြောထားမယ်နော် နင်တို့အဖေပေးတာက ဈေးဖိုးတောင်လောက်တာမဟုတ်ဘူး..အဲဒီတော့ ကျူရှင်လစာ ငါပေးနိုင်မှာမဟုတ်ဘူး”
“အမေကလည်း ကလေး ပထမဆုံးဆယ်တန်းတက်မဲ့နေ့မှ ဒါတွေပြောနေရလား….ပြီးမှပြောတော့ ဘာဖြစ်မှာမို့လို့လဲ…
အစောတည်းကပြောထားသားပဲ..ကလေးကျောင်းစရိတ် ကျွန်မပေးမှာပါဆို”
“ရှင်းအောင်ပြောထားတာဟေ့…နင်လည်း ငါ့ကို ဒီလ အသုံးစရိတ်ပိုပေးဦး”
ပြောရင်း အိမ်နောက်ဖေးထွက်သွားသော အမေဖြစ်သူအားကြည့်ရင်း သူမရင်ထဲ အားငယ်ခြင်းများစွာ။ မကြီးမျက်ဝန်းထဲမှာ သူမဆယ်တန်းကျောင်းသူဖြစ်သည့်အတွက် ဂုဏ်ယူနေသည်ကို မြင်တွေ့ရသည်၏ ဆယ်ချိုးတစ်ချိုးလောက် အမေ သူမအတွက်ဂုဏ်ယူပေးလျှင် ဘယ်လောက်များကောင်းမလဲ။

ခွင့်လွှတ်ပေးပါ.....အမေ


ခွင့်လွှတ်ပေးပါ...အမေ

(၁)
ဟုတ်မှဟုတ်ရဲ့လား။
အံ့သြခြင်းများစွာနှင့် အသေအချာပြန်ကြည့်လိုက်မိသည်။ ဟုတ်သည်။ ကျွန်မရယ်နေသည်။ မိဘနှစ်ပါးနှင့်အတူကန်စွန်းခင်းထဲတွင် ရပ်လျှက် ဟက်ဟက်ပက်ပက်ကို ရယ်နေသည်။ ။ ဘယ်က ကန်စွန်းခင်းပါလိမ့်၊ မြင်ဖူးသလိုလိုတော့ ရှိသားဟုတွေးစဉ် အသိကလက်ခနဲ။ ရုံးဝင်းထဲက ကန်စွန်းခင်းပဲ။ ဒါပေမယ့် ကျွန်မတို့မှ ရုံးထဲမှာ မနေကြတော့တာ။ ဒါဆိုဒါက…အိပ်မက်ပေါ့။ ကျွန်မ နှမြောတသစွာနှင့်ပင် အိပ်မက်က နိုးထလိုက်ရသည်။
အိပ်ယာပေါ်ကနေတော့ မထမိသေး။ မအိပ်ခင် ညဦးပိုင်းက အမေနှင့် စကားများခဲ့သည်။

Thursday 2 May 2013

“၂-၅-၂၀၁၃ ကြယ်စင့်သို့ တမ်းခြင်း”




ကြယ်စင်ရေ
မင်းအတွက်ပန်းတစ်ခင်းပျိုးခဲ့တယ
မိုးမလင်းခင်မှာ လာဆွတ်လှည့်ပါ
ငါ မမြင်ချင်ယောင်ဆောင်နေပါ့မယ်....

Wednesday 1 May 2013

၁-၅-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ


ငှက်ကလေး
အချစ်ကြောင့်ရူးသွပ်ရင်း
ကိုယ့်ချစ်သူကိုယ် ဒဏ်ရာပေးနေမိတဲ့ ချစ်လူမိုက်တွေ တွေ့နေရတယ်
ကိုယ် ချစ်လူမိုက်မဖြစ်ချင်ဘူး
ငှက်ကလေးပျော်မယ်ဆို ကိုယ်ရှောင်ပေးပါရစေ
လမ်းချင်းတူနေရင်တောင် လမ်းခွဲမှာရပ်ရင်း
ငှက်ကလေး ကျော်ဖြတ်ပြီးမှ ကိုယ်ဖြတ်ပါ့မယ် ငှက်ကလေး
ငှက်ကလေးရေ လွမ်းလိုက်တာ
မေ့မယ်ဆိုတဲ့ ငါက မင်းကို လွမ်းနေတယ် ငှက်ကလေးရဲ့

တင်ဆက်သူများ


တင်ဆက်သူ

            ဘဝက ဇာတ်ခုံကြီးတစ်ခုဟု ဆိုကြပါစို့။ သို့ဆိုလျှင်ဖြင့် ခင်ဗျား၊ ကျွန်တော်၊ သူသည် အချင်းချင်း တင်ဆက်နေသော ဇာတ်သမားများ၊ သရုပ်ဆောင်များသာ ဖြစ်ချိမ့်မည်။
            ခင်ဗျား ဘာအလုပ်လုပ်လဲ ကျွန်တော်မသိသလို ကျွန်တော် ဘာအလုပ်လုပ်လည်း ခင်ဗျားသိနေစရာမလိုပါ။ ထို့အတူ ခင်ဗျားနဲ့ ကျွန်တော့်အကြောင်းလည်း သူသိစရာမလိုပါ။ အဓိကလိုအပ်သည်က ကျွန်တော်တို့အချင်းချင်းတွေ့ဆုံသည့် အခိုက်အတန့်တွင်တစ်ယောက်နှင့်တစ်ယောက် အပြုံးများဖြင့် ဖျော်ဖြေကြမည်။ အမုန်းများဖြင့် ဖျော်ဖြေကြမည်။ အာဃာတများဖြင့် ဖျော်ဖြေကြမည်။ မုဒိတာများဖြင့် ဖျော်ဖြေကြမည်။
            ကျွန်တော်တို့ ဆုံစည်းခိုက်ဝယ် တစ်ဦးနှင့်တစ်ဦးဖျော်ဖြေကြဖို့သည်သာ အဓိက မဟုတ်ပါလား။
            ဘဝကြီးက ပုံသေကားချပ်ဆန်လွန်းတယ် ဟု တချို့တလေက ညည်းဆိုကြသည်။ သို့ဆိုလျှင်ဖြင့်သူတို့သည် တသမတ်တည်းသရုပ်ဆောင်နေရသောသရုပ်ဆောင်ဘဝကို ငြီးငွေ့နေခြင်းသာ ဖြစ်ပေလိမ့်မည်။တချို့က ဘဝကြီးကကြမ်းတမ်းလွန်းတယ်ဟု ညည်းတတ်ကြပြန်သလို တချို့ကျတော့လည်း ဘဝကြီးက ပျင်းဖို့ကောင်းတယ်ဟု ညည်းတတ်ကြပြန်သေးသည်။ ကိုယ်သရုပ်ဆောင်ရမည့်နေရာကို ပိုင်နိုင်စွာ သရုပ်မဆောင်နိုင်တော့သည့်အခါ ဖြစ်ပေါ်လာတတ်သောစိတ်ငြီးငွေ့မှုတစ်မျိုးပင်ဖြစ်ပေလိမ့်မည်။
            ကျွန်တော်သည်လည်း ယခုတလော ကိုယ့်ဘဝကိုယ် ငြီးငွေ့နေမိသည်။ ကျွန်တော် သရုပ်ဆောင်ရမည့် အပိုင်းကို ပိုင်နိုငစွာသရုပ်ဆောင်ဖို့ စွမ်းရည်တို့ ကျဆင်းလာခြင်းကြောင့် ဖြစ်သည်။ စွမ်းရည်ဆိုသည်မှာ အဃာတခြင်း ပြိုင်ဖို့ ကျွန်တော့်တွင် ဒေါသရှိမှရမည်။ သို့သော် ကျွန်တော့်တွင် ဒေါသဆိုသော စွမ်းရည်ပျောက်ဆုံးနေသည်။ ဘဝဝယ် ပျော်ရွှင်နေကြောင်း ပြသဖို့ရာ အပြုံးတွေ လှိုင်လှိုင်ကြီးပွင့်ပြရမည်။ သို့သော် ကျွန်တော့်တွင် အပြုံးတို့ပွင့်ဖို့ရာ ပျော်ရွှင်မှုတို့ ဆိတ်သုဉ်းနေပြန်သည်။ ဒေါသ၊ ပျော်ရွှင်မှု၊ ဝမ်းသာမှု၊ ဝမ်းနည်းမှု စသော စွမ်းရည်တို့ ပျောက်ဆုံးနေပြီဆိုလျှင် တင်ဆက်သူကောင်းတစ်ယောက် ဖြစ်နိုင်ဦးမည်လား။ 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx