မေတ္တာငတ်သူ
(၁)
“ဒီနေ့ကစပြီး
သမီးက ဆယ်တန်းကျောင်းသူကြီး ဖြစ်သွားပြီ. .ရိုးရိုးအထက်တန်း ကျောင်းသူမဟုတ်ဘူးနော်
ဆယ်တန်းကျောင်းသူ..ဟုတ်လား ကြည့်ပါဦး လှလိုက်တဲ့ ဆယ်တန်းကျောင်းသူကြီး”
သူမ၏
အိကျီ င်္ကို သေချာပြန့်ပြန့်ရပ်ရပ်ဖြစ်အောင် လက်ဖြင့်သပ်ပေးနေသော အစ်မဖြစ်သူပြောစကားကြောင့်
ပြုံးမိတော့မည့်အခိုက်
“အိုအေ..ဘာတွေဖြစ်နေတုန်း..ဆယ်တန်းတက်ရမှာပဲဟာ
ရိုးရိုးအထက်တန်းတက်ရတာပဲကို အငယ်မကျူရှင်ဖိုး ကုန်တဲ့အခါကျမှ မျက်နှာမမဲ့နဲ့ ငါကတော့
တခါတည်းပြောထားမယ်နော် နင်တို့အဖေပေးတာက ဈေးဖိုးတောင်လောက်တာမဟုတ်ဘူး..အဲဒီတော့ ကျူရှင်လစာ
ငါပေးနိုင်မှာမဟုတ်ဘူး”
“အမေကလည်း
ကလေး ပထမဆုံးဆယ်တန်းတက်မဲ့နေ့မှ ဒါတွေပြောနေရလား….ပြီးမှပြောတော့ ဘာဖြစ်မှာမို့လို့လဲ…
အစောတည်းကပြောထားသားပဲ..ကလေးကျောင်းစရိတ်
ကျွန်မပေးမှာပါဆို”
“ရှင်းအောင်ပြောထားတာဟေ့…နင်လည်း
ငါ့ကို ဒီလ အသုံးစရိတ်ပိုပေးဦး”
ပြောရင်း
အိမ်နောက်ဖေးထွက်သွားသော အမေဖြစ်သူအားကြည့်ရင်း သူမရင်ထဲ အားငယ်ခြင်းများစွာ။ မကြီးမျက်ဝန်းထဲမှာ
သူမဆယ်တန်းကျောင်းသူဖြစ်သည့်အတွက် ဂုဏ်ယူနေသည်ကို မြင်တွေ့ရသည်၏ ဆယ်ချိုးတစ်ချိုးလောက်
အမေ သူမအတွက်ဂုဏ်ယူပေးလျှင် ဘယ်လောက်များကောင်းမလဲ။
(၂)
. ငိုညည်းသံသဲ့သဲ့ကြောင့် နိုးထမိတော့ မကြီးက
တိတ်တဆိတ် မျက်ရည်ကျလို့။ မကြီးထံမှ တစ်ချက်တစ်ချက်ထွက်ပေါ်လာသော ရှိုက်သံက သူမအား နိုးထသွားစေခြင်းပင်။
ဟုတ်ပေသားပဲ။ ဒီနေ့ ဆယ်တန်းတွေအောင်စာရင်းထွက်မည့်နေ့။ သူမပင်
သတိမထားမိခဲ့။ ဆယ်တန်းကျတယ် ဆိုသည့်အသိနှင့် သူမ ငိုင်သွားမိသည်။ ဂုဏ်ထူးမပါတောင် အောင်မှာ
သေချာသည်ဟု ကိုယ့်ကိုယ်ကို ယုံကြည်ထားသည့် သူမ မယုံနိုင်။ ဖြေပြီးကတည်းက သေချာပြီးသား။
ဂုဏ်ထူးမပါနိုင်သလို ကျလည်းမကျနိုင်ရယ်လို့။ ရင်ထဲမှာ လေပွေတစ်ခုက နေရာစုံတိုက်ခတ်ပြီး
ပူဆင်းသွားအောင် လုပ်လေသလား။ မကြီး မျက်နှာကလည်း ညှိုးရော်လို့။ သူမကို တိုးတိုးလေးပြောပြန်သည်။
“နောက်တစ်နှစ်ကြိုးစားပေါ့
ကလေးရယ်…ဒီတစ်ခါတော့ ဘော်ဒါဆောင်မှာနေပေါ့…မကြီး ပိုက်ဆံစုထားတာရှိတယ်လေ”
“အင်း”
ဟု ခေါင်းငြိတ်ပြလိုက်ရင်း မကြီးကိုသနားလွန်းစွာ ကြည့်လိုက်မိသည်။ ပတ်ဝန်းကျင်က လက်ညိုးထိုးမည်မှာ
ဒီအစ်မက အလိုလိုက်လွန်းသောကြောင့် ကျသည်ရယ်လို့။ အမေနှင့်အဖေက လည်း လက်ညိုးထိုးဦးမည်။
စိတ်တို့က တင်းကျပ်လာသည်။ ကိုယ့်ကိုယ်ကို စာမေးပွဲ ကျသည် ဟုလည်း မယုံနိုင်သေး။
“မကြီး
သမီး မယုံဘူး မကြီးရယ် စာမေးပွဲ ကျမယ်လို့ မယုံဘူး..ပြန်သွားကြည့်ရအောင်”
“အင်း..သွားပြန်ကြည့်မယ်လေ”
ပြောရင်း စက်ဘီးထုတ်ကာ သွားကြည့်ဖြစ်တော့…။
“မကြီးရေ..အောင်တယ်
သမီးအောင်တယ်”..ပြောရင်း ပြေးဖက်ဖြစ်တော့ မကြီး မျက်ရည်ကျ၏။ ပြီး ပြုံးရင်းပြောသည်က
“အင်း
မကြီးမှ အောင်စာရင်းမကြည့်တတ်တာကိုး ငါ့ညီမလေးအလကားသက်သက် ငိုလိုက်ရတယ်”
ညီအစ်မနှစ်ယောက်သား
ပျော်ရွှင်စွာရယ်လိုက်မိပြန်သည်။ ကျသည်ဟုသိပြီးမှ အောင်သည်ဟုသိရ၍ထင့်.။ ဂုဏ်ထူးမပါသော်ငြား
ရင်မှာ အတိုင်းအဆမဲ့ ပျော်ရွှင်နေမိကြသည်။
“အမေနဲ့
အဖေ့ကိုလည်း ဝမ်းသာသွားအောင်မြန်မြန် သွားပြောကြရအောင်လေ” မကြီး ပြောသောစကားကို သူမလည်း
ခေါင်းငြိတ်ကာ အပျော်တွေနှင့် စက်ဘီစီးအိမ်ပြန်ခဲ့ကြသည်။ လမ်းမထက် တစ်မျှော်တစ်ခေါ်ကြီး
နင်းအပြီးဝယ်…တွေ့ပါပြီ။ သူမတို့ အိမ်လေး။သူမတို့ထွက်လာတုန်းကအိပ်နေသော အမေနှင့် အဖေ
နိုးပြီလား။
အိမ်ရောက်တော့
အမေတရေးနိုးထင့်။ ထထိုင်နေတာတွေ့သည်။
“အကြီးမ
နင် အောင်အောင့်ကိုတွေ့ခဲ့သေးလား”
“မတွေ့ခဲ့ဘူး..အောင်အောင်ပြန်မလာသေးဘူးလား”
“ဟုတ်တယ်….ဘယ်သွားနေလဲမသိ
ဒီအောင်အောင်ကတော့”
“အမေ့သားက အသုဘဖဲဝိုင်းတစ်ခုခုမှာရောက်ချင်ရောက်နေမှာပေါ့”
သူမရှောင်ထွက်ခဲ့မိတော့ပြီ။
ဆယ်တန်းစာမေးပွဲအောင်စာရင်းကြည့်သူတွေနှင့် လမ်းမကြီးထက် ဒီလောက်လှုပ်ရွလှုပ်ရွဆူညံနေတာ
အမေသိသင့်ပါသည်။ ဒီနေ့ ဆယ်တန်းအောင်စာရင်း ထွက်သည့်နေ့မှန်း။ ဒီအချိန်မှာ အပြင်ထွက်ပြီးပြန်လာသောသမီးသည်
ဆယ်တန်းအောင်စာရင်းကြည့်ပြန်လာသူမှန်း။ည တချက်လေးတောင်မမေးခဲ့။
“အမေ့
ကလေး စာမေးပွဲအောင်တယ်”
“သြော်…ဂုဏ်ထူးပါလား”
“မပါဘူး”
“ဂုဏ်ထူးမပါပဲ
ရိုးရိုးအောင်တာလေးများ ဘာတွေဒီလောက်ပျော်နေတာတုန်း”
“အမေ့ဘာအလုပ်မှမလုပ်ပဲ
ဖဲဝိုင်းတကာရောက်နေတဲ့သားထက်တော့ ကလေးက သာပါတယ်…နည်းနည်းလည်း စောင်းငဲ့ကြည့်ဦး အမေရာ..ခု
အောင်အောင့်ဘက်ချည်းပိုနေတယ်”
“ဟဲ့..ငါကဘာလုပ်နေလို့လဲ..ဟိုကောင်လေးကလည်း
ခုထိပြန်မလာသေးဘူး..မစောင့်တော့ဘူး..သွားအိပ်တော့မယ်”
မကြားချင်သော်ငြား
ကြားနေရသည့်အသံများ။
“မကြီး
အိပ်တော့လေ..မနက်လည်း အလုပ်သွားရဦးမှာကို”
သူမ၏
ခေါင်းအား သပ်ပေးနေသော မကြီးလက်ကိုကိုင်ရင်း မငိုမိအောင်ထိန်းရသည်မှာ ပင်ပန်းလှပါသည်။
သူမငိုလျှင် မကြီး အမေ့ကိုပြောတော့မည်။ အမေနှင့် စကားများတော့မည်။ မများစေချင်ပါ။ အမေ့ကြောင့်
အဖေနှင့်ပါ စကားများပေလိမ်မည်။ ထိုအခါအဖေ လက်ပါလျှင်……………………။
(၃)
သိတတ်ပါသည်ဆိုသည့်အရွယ်တည်းက
သူမကို စိတ်ခွန်အားပေးသူမှာ မိဘနှစ်ပါးမဟုတ်ပဲ မကြီးဖြစ်နေသည်မှာ ဝမ်းနည်းစရာကောင်းလှပါသည်။
သို့သော် မကြီး၏ ချစ်ခြင်းသည် သူမအား လုံခြုံစေသည်မှာ ယနေ့ထက်ထိ။ မကြီး၏ ချစ်ခြင်းဖြင့်
လုံခြုံခြင်းသည် မိဘနှစ်ပါး လိုက်မမှီနိုင်အောင်ထိ ဖြစ်ခဲ့သည်။
အမေနှင့်အဖေသည်
ရုံးဝန်ထမ်းတွေဖြစ်သော်ငြား လစာ လောက်လောက်ငါးငါးမရသောကြောင့်၎င်း၊ ဈေးနှုန်းကြီးမြင့်လွန်း၍၎င်း
ငွေကြေးအဆင်မပြေ၍ မကြီးသည် ခြောက်တန်းတက်မည့်နှစ်မှာပင် ကျောင်းမှ နားခဲ့ရသည်။
ကျောင်းမနားချင်ပဲနားခဲ့ရသောမကြီးသည်
အောင်အောင့်ကိုလည်း လက်မလွှတ်ခဲ့။ အထည်ချုပ်မှာ အလုပ်လုပ်ရင်း ကျောင်းပြန်တတ်ရန် ပြောကာ
လာစာမှန်သမျှ သူမနှင့် အောင်အောင့် ကျောင်းစားရိတ်သာ။ စက်ရုံမှပေးသည့် နေ့လည်စာကိုပင်မစားပဲ
ပိုက်ဆံပဲယူကာ ကော်ဖီမစ်တစ်ထုပ်ဖြင့်ပြီးတတ်သော မကြီးအား သူမ သနားလှပါသည်။
အောင်အောင်ဆယ်တန်းနှစ်ခါကျပြီးးနောက်ပိုင်း
စာမေးပွဲမဖြေတော့ချိန် သူမ ဆယ်တန်းတက်ရန်ဖြစ်ခြင်းက မကြီးအတွက် ဝန်လျော့စေခဲ့သည်။ တခါတရံကျတော့လည်းတွေးမိပြန်ပါသည်။
ဖခင်ဆိုသည်မှာ အိမ်အသုံးစရိတ်ပေးပြီးသည်နှင့် တာဝန်ကျေသည်လားလို့။ သားသမီးတို့၏ ကျောင်းပညာရေး
အတက်အကျကို လေ့လာနေရမည်မှာလည်း ဖခင်တာဝန်ထဲမပါဘူးဖြစ်မည်။ သို့မဟုတ် သားဆိုးအပေါ်မှ
အချစ်ပိုသော မိဘနှစ်ပါးအတွက် တခါတရံ သူမ ဆိုးပြချင်စမ်းပါဘိ။
သို့သော်
သူမအား အချစ်တွေပုံပေးထားသော မကြီးအငြိုငြင်မခံနိုင်ပါလေ။ ငယ်ကတည်းက မကြီးမကြိုက်တာမလုပ်မိအောင်နေခဲ့သည်မှာ
အကျင့်တစ်ခုလိုပင်ဖြစ်နေသည်မဟုတ်ပါလား။ အကယ်၍များငြိုငြင်သွားလျှင် ရနေကျ အချစ်လေးတောင်မရတော့မှာစိုးသောကြောင့်။
တကယ်တမ်း
သူမသည် ရနေကျမကြီး၏ မေတ္တာလေးဆုံးရှုံးမှာစိုးသောကြောင့်သာ လိမ္မာပြနေရင်း လူလိမ္မာဖြစ်ခဲ့သူတစ်ဦးသာ။
လူလိမ္မာဖြစ်ခဲ့သည့် မေတ္တာငတ်သူတစ်ဦးသာမဟုတ်ပါလား
ပြုံးမိပြန်ပါပြီ။
လက်ရှိဘဝဝယ်
အနာတရတို့ ရရှိတိုင်း မကြီး၏ အယုအယလေးများပြန်လွမ်းမိသည်မှာ သူမအတွက် အစဉ်အလာတစ်ခုဖြစ်နေပေပြီ။
ပင်စင်စားမိဘနှစ်ပါးနှင့်အတူနေသူဆို၍ သူမတစ်ယောက်သာကျန်ခဲ့သည်။ သို့သော်ငြား မိန်းမရပြီဖြစ်သော
အောင်အောင် အိမ်သို့လာကာ အမေနှင့်အဖေ့ဆီ ပိုက်ဆံတောင်းတိုင်း ရှာပေးရသည်မှာ သူမသာ။
ဘယ်လိုပင် ဘွဲ့ရဖြစ်စေဦးတော့။ အကြီးတန်းစာရေးဆိုသော သမဝါယမဝန်ထမ်းတစ်ဦး၏ လစာမှာ အင်မတန်မှပင်
နည်းပါသည်။ အမေနှင့်အဖေ့ပင်စင်လစာ၊ သူမ၏ ဝန်ထမ်းလစာ ဒီသုံးခုပေါင်းမှ အိမ်စရိတ်လောက်ရုံမျှသာ။
ပိုက်ဆံလိုအပ်တိုင်း
မကြီးမိသားစုဆီ သွားရောက်လက်ဖြန့်ရသည်ကိုလည်း မုန်းလှပါသည်။
တခါတရံ သူမ မသွားပဲ မသိချင်ယောင်ဆောင်နေသည့်အခါ
အမေနှင့် မကြီးး ရန်ဖြစ်သည်ထိ ဖြစ်တတ်သည်။ အမေသွားသည့်အခါတိုင်း အစ်မနှင့် စကားမများသည့်အခါမရှိ။
အောင်အောင်ကလည်း တစ်လကို နှစ်ကြိမ်တော့ ပုံမှန်လာသည်သာ။
အောင်အောင်၏
ဆုတောင်းကောင်းပုံမျိုး၊ဆုတောင်းကောင်းသည့် ဘဝမျိုးကို သူမ အားကျလှပါသည်။ အမေနှင့်အဖေ့ဆီမှ
မေတ္တာအားလုံးစုပုံရသူသမီးတစ်ယောက်ဘဝမျိုး အိပ်မက်ထဲမှာပင် သူမ မရရှိခဲ့ဖူး။ မကြီးမေတ္တာကို
လက်လွှတ်ရမှာ ကြောက်သဖြင့် သူမ ငယ်စဉ်ကတည်းက မကြီးမတားရပါပဲ လမ်းမှန်သာ ရွေးလျှောက်ခဲ့သည်။
တစ်ကြိမ်လောက်များ ကိုယ်မှားခဲ့လျှင် ရနေကျ မကြီးမေတ္တာလေးအားဆုံးရှုံးမှာစိုးသောကြောင့်။
ဒီချိန်မှာ
သူ့အိမ်ထောင်နှင့်သူ ဖြစ်နေပြီဖြစ်သော မကြီးသည် သူမအား အရင်လို ကလေးဟုမခေါ်တော့ပါ။ နားလည်ပါသည်။
သမီးနှစ်ယောက်ရှိပြီဖြစ်သော မကြီးအနေနှင့် သူမအား အရင်လိုမေတ္တာတွေ အပြည့်အဝမပေးနိုင်တော့မှန်း။
အတိတ်တချို့သည် မျက်ဝန်းထဲဝယ်
ရစ်ဝဲလာပြန်သည်။
……..
“အောင်အောင်ဆိုးတာ
ငါလက်ခံတယ်..ဒါပေမဲ့ လမ်းမလယ်ခေါင်မှာ နင်မရိုက်သင့်ဘူး”
“အဖေ
မှားနေပြီနော်…အစ်မတစ်ယောက်အနေနဲ့ ကိုယ့်မောင်ကိုယ် ဆုံးမတာ ကျွန်မမှာ အပြစ်မရှိဘူး..လမ်းမက
ဖဲဝိုင်းမှာ ထိုင်နေလို့ ဆွဲခေါ်တာ သူမှမလာတာ”
မျက်နှာပိုးသေသေဖြင့်
ရပ်နေသောအောင်အောင်။ အဖေနှင့်အမေက လက်ညိုးငေါက်ငေါက်ထိုးကာပြောနေသည်ကို ခံနေရသော မကြီး။
စကားတွေက လွန်လာပါသည်။ မကြီးသူငယ်ချင်းယောက်င်္ကျားလေးများနှင့် စွပ်စွဲပြန်သည်။ အနေအထိုင်မတတ်
ဆိုသောစကားသံ၊ ဆူဆဲသံတွေ ညံလာသည်။
သူမတားချိန်မရမှီဝယ်
အဖေ့လက်ဝါးက အစ်မမျက်နှာပေါ်သို့။
“ငါ့စကားနားမထောင်တာ
နင် ငါ့အိမ်မနေနဲ့ ခုချက်ချင်းဆင်း”
“ဆင်းမှာပါ…ကျွန်မကလည်း
သိပ်နေချင်လွန်းလို့ မဟုတ်ပါဘူး..ဆင်းမှာပါ”
အမေလည်းမတား၊
အောင်အောင်လည်းမတား။ မကြီးထွက်သွားမှာစိုး၍ တားလိုက်သော သူမလက်ကို ဖြုတ်လိုက်သည့်ခဏ
သိလိုက်မိသည်က မကြီးထွက်သွားတော့မည်ဟု။
“အငယ်မ
နင်ပါမနေနိုင်ရင် နင်ပါလိုက်သွား”
“ကလေး…မကြီးသွားမှာက.”
စကားဆုံးအောင်မပြောလည်းသိပါသည်။
မကြီးချစ်သူဆီကို မကြီးသွားတော့မည်မှန်း။ သူမအားငဲ့၍ လက်မထပ်သေးသော မကြီး ဒီတစ်ခါတော့
စိတ်ပိုင်းဖြတ်ပြီး သွားမည်ထင့်။
…………………………………..
ထိုအချိန်ကသာ
သူမတားခွင့်ရခဲ့လျှင်၊ မဖြစ်ဖြစ်အောင်တားခဲ့မိလျှင် ကောင်းမည်ထင်သည်။ မဖြစ်နိုင်။ သူမအတွက်
မကြီး၏ နွေးထွေးသောရင်ကို ဆက်လက်ခိုလှုံခွင့်ရသော်ငြား မကြီးအတွက်တော့ ယနေ့လို ချစ်စရာသမီးနှစ်ယောက်နှင့်
အိမ်ထောင်သည်ဘဝမျိုးပိုင်ဆိုင်နိုင်မည်မထင်။
မကြီးယောင်္ကျားသည်လည်း
မကြီးကို နားလည်ပေးသူ။ သမဝါယမရုံး၏ ဦးစီးမှုးအဆင့်ရှိ ရုံးအရာရှိတစ်ဦးဖြစ်ပါလျက်နှင့်
အတန်းပညာကိုမတွက်ပဲ မကြီးအားလက်ထပ်ယူသည်ကိုကြည့်ခြင်းဖြင့်သိသာနေသည်မှာ မကြီးကို အလွန်ပင်ချစ်သည်ဟု။
မကြီးရေ
သိရဲ့လား။ မကြီးရဲ့ ညီမလေး မကောင်းတဲ့အတွေးတွေ ဝင်နေပြန်ပါပြီ။ မကြီးရဲ့ အယုယကို အရင်လိုပြန်လိုချင်လွန်းလို့လေ။
စိတ်ထဲကနေ ပြောမိရင်းပြုံးမိပြန်ပါပြီ။
“ဘာတွေ
ပြုံးနေတာလဲ…ဘာမှမပြောပဲနဲ့”
“အော်..မကြီးသမီးတွေအလွန်လည်တာပဲလို့..ပိုပိုက
ငါးနှစ်ဆိုတော့ ကျောင်းတက်ရတော့မှာပေါ့…ဘယ်ကျောင်းမှာအပ်မှာလဲ”
“အနီးနားကကျောင်းမှာပဲ
အပ်မှာပါဟာ..စိုစိုလည်း အရင် ပိုပို့အပ်ခဲ့တဲ့ ကျောင်းမှာပဲ မူကြိုထားမှာ..နောက်သုံးလဆို
သုံးနှစ်ပြည့်ပြီဆိုတော့ ကျောင်းပျော်ထားလို့ရပြီလေ..”
“မကြီးတို့
လမ်းထိပ်ကလား”
“အေး.ဟုတ်တယ်”
“သြော်…….ပြန်တော့မယ်
မကြီး..ရုံးကအပြန် ဘာရယ်မဟုတ်ဘူး လမ်းလျှောက်လာတာ..မတွေ့တာလည်းကြာပြီလေ..အခါတိုင်း
ပိုက်ဆံလိုချင်တိုင်းရောက်ရောက်လာဖြစ်တာလေ..ဒီနေ့ကတော့ တွေ့ချင်လို့”
“ငါ့ညီမရယ်…နင်က
ငါ့ထက်တော်ပါတယ်..မိဘကိုလုပ်ကျွေးခွင့်ရနေတာ…ငါလေ ကလေးတွေအပေါ် ဘယ်သူ့မှအချစ်မပိုဖြစ်အောင်
သတိထားတယ်သိလား အမေနဲ့အဖေ့ကြောင့် ငါတို့ခံစားခဲ့ရသလိုမျိုး ငါ့သမီးတွေ မခံစားစေချင်လို့
ဘယ်တော့မှ…….”
“မကြီးရယ်.”
ဟုသာ ရေရွတ်မိပါတော့သည်လေ။
(၄)
အရင်လို
ကလေးဟု ခေါ်သော အသံကိုလွမ်းမိပါသည်။ ဟိုးငယ်ငယ်ကလို ထမင်းခွံကျွေးတာကို လိုချင်ပါသည်။
ဟိုးငယ်ငယ်ကလို မကြီးလက်မောင်းကိုအုံးရင်း အိပ်ချင်ပါသည်။ ဟိုးအရင်လို ညီအစ်မနှစ်ယောက်
အတူတူတွဲကာ လမ်းလျှောက်ထွက်ချင်လှပါသည်။
ပြန်မရနိုင်တော့ပြီမှန်းသိရက်နှင့်
သူမ အတ္တကြီးနေဆဲ။ ကိုယ်က ပြန်မပေးနိင်သည့်အပြင် မကြီး၏ မေတ္တာကို လောဘတကြီး လိုချင်နေဆဲ။
မကြီး
အိမ်မှာ မရှိကတည်းက အပြုံးရှားသွားသည့် သူမသည် အမေတို့နှင့်လည်း အတူပြုံးအတူရယ်ဆိုသည်မှာ
ရှားလှပါသည်။ ကိုယ်ဟာ သူစိမ်းတစ်ယောက်ဟု ခံစားနေရသည်ကိုက အမေနှင့်အဖေတို့၏ ထူးခြားချက်ဖြစ်မည်ထင့်။
အောင်အောင်တို့ လင်မယားနှင့် အပြုံးအရယ်များသော အမေနှင့်အဖေသည် သူမနှင့်ကျတော့ ဘာသိဘာသာ။
ကိုယ့်အတွေးကိုယ်
မချိပြုံး ပြုံးမိရင်း သက်ပြင်းချမိပြန်သည်။……………….
မကြီးတို့အိမ်နှင့်
ရှစ်မှက်တိုင်လောက်ခြားသောအိမ်ကိုလျှောက်လှမ်းလာသည့် သူမ ခြေထောက်တွေလည်း မသယ်ချင်လောက်အောင်ညောင်းပါသည်။
စိတ်တွေလည်းပြုံးမပြချင်လောက်အောင် နွမ်းပါသည်။ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် စိတ်တို့
ပိုကာ နွမ်းလျမိပါတော့သည်။ အိမ်ရှေ့ဝယ် မြင်နေရသည်က အောင်အောင်။ အလည်သတ်သတ်အမည်တပ်ကာ
လင်မယားနှစ်ယောက်ထမင်းမချက်ချင်တိုင်း ထမင်းလာစားလေသည်လား။ ဒါမှမဟုတ် ပိုက်ဆံပဲ လာတောင်းလေသည်လား။
ဒီလ မကြီးဆီသွားပြီး ပိုက်ဆံမချေးရပါစေနဲ့ ဘုရားဘုရား။ စိတ်ထဲဝယ် ဆုတောင်းရင်း ခြေလှမ်းတို့ကတော့
ဖြင့် လေးတိနှေးကန်စွာနှင့် အိမ်ထဲသို့ လှမ်းနေချေပြီ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ရည်ဝေ