Saturday 4 May 2013

မနက်စာ အာလူးဖုတ်ခြင်း


မနက်စာအာလူးဖုတ်ခြင်း

            အာလူးလေးတစ်လုံးကို မီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။ ထိုအရာသည်ပင် ကျွန်တော်၏ မနက်စာ ဖြစ်သည်။ ကျွန်တော် ငယ်ငယ်က အာလူးအလွန်ကြိုက်သည်ဟု မေမေပြောခဲ့ဖူးသည်ကို အမှတ်ရ၏။ သို့သော်ယခုအချိန်တွင် အာလူးကို ကျွန်တော် မုန်းနေပြီဆိုလျှင် မေမေရယ်လေမလား။
            ယခု ကျွန်တော်သည် အာလူးဖုတ်တစ်လုံးကို မနက်စာအဖြစ် စားရန်အလို့ငှာ စောင့်ဆိုင်းနေပါသည်။


(-)
             “မေမေ သား ကျောင်းသွားရတော့မယ် မနက်စာမြန်မြန်ကျွေးတော့ ကျောင်းနောက်ကျလိမ့်မယ်”             “အေးပါ သားရယ် ရော့ ဒီအာလူးဖုတ်လေးနှစ်လုံးစားသွား”             ဒါသည် ကျွန်တော့်ငယ်ဘဝရှိ နံနက်ခင်းအတော်တော်များများကို သိမ်းပိုက်ထားသော နံနက်ခင်းတေးသွားဖြစ်သည်။ အာလူးဖုတ်ကို ငယ်စဉ်က အလွန်ကြိုက်ခဲ့သည် ဟု မေမေ ဘယ်လောက်ပြောပြော၊ ယခုအချိန်တွင်တော့ ကျွန်တော့်ကိုယ်ကျွန်တော်ပင် ထိုစကားကို ယုံဖို့ရာခက်ခဲနေပြီဖြစ်သည်။ ယနေ့၊ ယခုအချိန်တွင် အာလူးကို ကျွန်တော်မကြိုက်ပါ။ အာလူးဟင်းအရည်ကျဲလေးဆိုသော စကားကိုလည်း မနှစ်သက်ပါ။ အာလူးဖုတ် ကိုလည်း မနှစ်သက်ပါ။ အာလူးပြုတ်ကိုလည်းမနှစ်သက်ပါ။             ငယ်စဉ်ကတော့ မေမေနှင့်ဖေဖေ ရန်ဖြစ်၍ ကျွန်တော်ငိုသည့်အခါတိုင်း ကိုကိုက ကျွန်တော့်မျက်လုံးကိုအာလူးခွံတို့နှင့် လာအုပ်ပေးသည်ကိုတော့ အမှတ်တရ သတိရမိ၏။ အခုချိန်မှာတော့ ကိုကိုသည်လည်း ကျွန်တော့်မျက်လုံးတို့အယောင်သက်သာသလား၊ မသက်သာသလား စသည်တို့ကို ဂရုစိုက်နိုင်ဟန်မတူတော့။ သူသည်လည်း သူ့မိသားစုဝန်ကို ထမ်းနေရသလို၊ ကျွန်တော်သည်လည်း ကျွန်တော့်ဘဝဝန်ကို ထမ်းနေရသည်မဟုတ်ပါလား။             လမ်းမှာ အမှတ်တမဲ့ဆုံသည့်အခိုက်မှာပင် ပြုံးပြနှုတ်ဆက်ဖို့ရာထက် အချိန်ပိုမရခဲ့။             ရန်ကုန်ဆိုတဲ့ မြို့ကြီးကိုက ကျွန်တော်တို့လို လက်လှုပ်မှ ပါးစပ်လှုပ်ရမယ့် အောက်ခြေလူတန်းစားမျိုးအတွက် ပြေးပြေးလွှားလွှား၊ သွားသွားလာလာ လှုပ်ရှားနိုင်မှ ထမင်းနပ်မှန်သည့်မြို့ဖြစ်သည်မို့ တစ်ယောက်နှင့်တစ်ယောက် ပြုံးပြရုံထက် ပိုမိုကာနှုတ်မဆက်နိုင်သည်ကိုလည်း အပြစ်မဆိုချင်ပြန်။ ကိုကိုက ကျွန်တော့်ကို စကားဆိုချင်သည်ထားဦးတော့၊ ထိုစကားဆိုမည့်အချိန်အတွက် ကျွန်တော့်ဘက်က ပေးနိုင်ဖို့ မသေချာပြန်။ ဘာပဲဖြစ်ဖြစ် ကိုကိုနှင့်ကျွန်တော်သည် အာလူးဖုတ်များကို အတူတကွ အခွံနွှာကာ စားခဲ့ဖူးသည်ကတော့ အသေအချာ။ ကျွန်တော်ငိုသည့်အခါတိုင်းလည်း ကျွန်တော့်မျက်လုံးတို့ အယောင်သက်သာဖို့ရာ အာလူးခွံလေးများ လာအုပ်ပေးတတ်သည်ကလည်း အသေအချာ။             ယခုတော့ ကျွန်တော်သည် မနက်စာအတွက် အာလူးဖုတ်တစ်လုံးကို စောင့်မျှော်နေရသည်။
(-)
             “မေမေ အာလူးကတ်တလိတ်စားချင်တယ် ကြော်ကျွေး”            
            “အေးပါသားရယ် လကုန်ရင် ကြော်ကျွေးပါ့မယ်”            
ကျွန်တော်ပြောနေကျ ထိုစကားသည် သုံးလတစ်ခါတော့ အသက်ဝင်တတ်သည်။ ဆီများများသုံးကာကြော်ရသော အာလူးကတ်တလိတ်ကြော်ကို ကျွန်တော်ကြိုက်ပါရဲ့၊ တစ်အိမ်သားလုံးလည်းကြိုက်ပါရဲ့နှင့် မေမေဘာလို့ ကြော်မကျွေးတာလဲ ဟု မေမေ့ကို ငြူစူမိသော အချိန်များကလည်း မနည်းမနော။ မေမေ့ကိုတောင်းဆိုမိခဲ့သော အချိန်များကလည်းမနည်းမနော။ သုံးလတစ်ခါလောက် အသက်ဝင်လာသော အာလူးကတ်တလိတ်ကြော်ကို စားရစဉ်အချိန်မှာတော့ မေမေကြော်တာအရမ်းကောင်းတာပဲ ဟုတွေးရင်း နောက်ရက်များတွင်ပါ ဆက်စားနေချင်မိခဲ့သည်။ သို့သော် သုံးလမှ တစ်ရက်သာကြော်သော ထိုအာလူးကတ်တလိတ်ကြော်ရောက်ဖို့ရာ အချိန်တို့စောင့်ရပါဦးမည်။             လကုန်ရက်နီးလေလေ မနက်ခင်းတိုင်းတွင် အာလူးဖုတ်က နေရာယူလေလေဖြစ်ကြောင်း ကျွန်တော်သတိထားဖို့ မေ့လျော့ခဲ့သည်။ ရံဖန်ရံခါ ညနေခင်းတချို့တွင်ပါ အာလူးဖုတ်ကို စားလာရတော့ လူဆိုးလေးကျွန်တော်ဂျစ်တိုက်ချင်လာပါတော့သည်။ ကြက်ဥကြော်ကြီးတွေ့လျှက်နှင့် အာလူးဖုတ်နှင့် ထမင်းကျွေးသည်ဟု ငြူစူမိသော စိတ်နှင့် ခြေဆောင့်ငိုဖူးခဲ့သည်။ ထိုနေ့က ကျွန်တော့်အစား ဖေဖေ က အာလူးဖုတ်ကို ကိုကိုနဲ့အတူစားပြတော့ မနာလိုဝန်တိုစိတ်လေးကလည်းဖြစ်ရသေးသည်။ ကိုကို့ကိုများ ဖေဖေပိုချစ်သွားလေမမလား ဟူသည့်အတွေးလေးနှင့်။
            ဈေးသို့မေမေနဲ့အတူ ကျွန်တော်လိုက်သွားသည့်အခါတိုင်း မေမေ့ကို အာလူးဝယ်ဖို့ ပူဆာသည်ဟု မေမေပြောဖူးခဲ့သည်။ ယခုတော့ ကျွန်တော်ကိုယ်တိုင် စိတ်က ငြင်းဆန်နေပါရက် လက်က အာလူးကိုပဲဝယ်မိသည်မို့ ဟုတ်ပါ့မလားဟု ပြန်မေးမိသည်။ တချိန်တုန်းက အာလူးကို ကျွန်တော်ကြိုက်ခဲ့သည် တဲ့လေ။
            ယခုတော့ အာလူးဖုတ်တစ်လုံးကို မနက်စာစားဖို့ရာပင် စိတ်မပါသည့်သားဖြစ်အင်ကို မေမေမြင်စေ့ချင်စမ်းပါဘိ။
(-)
             အာလူးတစ်ပိဿ ၈၀၀ ကျပ် ဆိုသည့် ဈေးနှုန်းဝယ် တစ်ဆယ်သားကို ရှစ်ဆယ်နှုန်းနှင့်ဝယ်ကာ ဆာသည့်အချိန် ပြုတ်စားလိုက်၊ ဖုတ်စားလိုက်နှင့် တမင်းနပ်မမှန်သည့် ကျွန်တော့်အတွက် လိုအပ်သည့်အာဟာရကို အာလူးဖြင့် ဖြည့်တင်းရသည်။
            မေမေ အာလူးတွေ ဖုတ်ကျွေးခဲ့တုန်းက ဈေးနှုန်းကိုတော့ ကျွန်တော် မသိလိုက်ပါ။ မေမေ အာလူးကတ်တလိတ်ကြော်ကျွေးချိန်ကလည်း ကျွန်တော် မမေးမိပါ။ ကျွန်တော်သိခဲ့တာက ဗိုက်ဆာနေသည်၊ အာလူးဖုတ်စားမည်၊ အာလူးကတ်တလိတ်စားမည် ဆိုသည်ပင်ဖြစ်၏။
            အာလူးနှင့်ပတ်သတ်၍ တစ်ခေါက်တော့ မှတ်မှတ်ရရရှိခဲ့ဖူးသည်။ တစ်ခါက လက်ဖက်ရည်ဆိုင်တွင်ဖြစ်သည်။ ဖေဖေနှင့် ကျွန်တော် လက်ဖက်ရည်ဆိုင်သို့သွားကာ ကြက်ဥပို့ရသည်။ ထိုစဉ်အခါက ကျွန်တော်တို့က ကြက်မွေးမြူရေးလုပ်ငန်းလုပ်သည်။ သို့သော် ကြက်စာဖိုးက ဈေးကြီးလွန်းသောကြောင့် လူပင် အရောင်မပြောင်မယောင်ဖြစ်ရသည်။ လူတွေအစာငတ်ချင်ငတ်ပါစေ၊ ကြက်အစာမငတ်စေရဟူသည့် သံန္နိဋ္ဌာန်ကြီးကို ချထားရသောကာလဖြစ်သည်။ ကြက်ကိုမှန်မှန်ဆေးထိုးပေးရသည်။ ဗားပလက်ခေါ်သော အသားတိုးဆေးလည်း တိုက်ရသေးသည်။ ထားပါတော့။ ထိုလက်ဖက်ရည်ဆိုင်သို့ ကြက်ဥသွားပို့စဉ် လက်ဖက်ရည်ဝိုင်းတစ်ဝိုင်းမှ “ဗင်ဂိုးရဲ့ အာလူးစားသူများ ပန်းချီကား ဘာ့ကြောင့်နာမည်ကြီးတယ်လို့ မင်းထင်လဲ”ဟု မေးသံကြားလိုက်ရသည်။ “သားတို့လို အာလူးစားတဲ့သူတွေက ကြိုက်လို့ နာမည်ကြီးတာနေမှာပေါ့” ဟု ကျွန်တော်က ဝင်ဖြေခဲ့ဖူးသဖြင့် ဖေဖေစိတ်ဆိုးဖူးသည်။ ကိုယ်နှင့်မဆိုင်တာ ဝင်ပြောသည်ဟု ဆိုကာ ထိုနေ့က ဖေဖေ ကျွန်တော့်ကို စိတ်ဆိုးကာ မျက်ရည်ဝဲခဲ့သည်ကတော့ အမှတ်တရပင်ဖြစ်သည်။
            အာလူးနှင့်ပတ်သတ်၍ တစ်ခုတော့ ကြားဖူးသေးသည်။ ကင်ဆာပျောက်သည်ဟူ၍။ ကျွန်တော့်မှာ ကင်ဆာရောဂါတော့ ရှိနိုင်မည်မထင်တော့။ မနက်ခင်းမိုးလင်းသည်နှင့်အာလူးဖုတ်စားသည်က များသည်။ တခါတရံတော့ မုန့်ဟင်းခါး၊အသုပ် ထွက်ဝယ်တတ်သည်။ သို့သော် အသုပ်ဆိုင်က ကျွန်တော်နေသောနေရာနှင့်ဝေးသဖြင့် အာလူးဖုတ်စားသည်သာ များပါသည်။ ညခင်း ဗိုက်ဆာလျှင်(ဘာမျှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့လျှင်) အာလူးဖုတ်။ သို့ဖြင့်ပင် အာလူးသည် ကျွန်တော့်အတွက် သူငယ်ချင်းဖြစ်လာသည်မဟုတ်ပါ့လား။
            စောင့်ဆိုင်းနေသော အာလူးဖုတ်ကဖြင့် မီးဖိုမှထုတ်၍ ရပြီဖြစ်ကြောင်း ရနံ့လေးမွှေးပျံ့ကာ အသိပေးလာပြီဖြစ်သည်။
(-)
          “မင်းမလဲကွာ တစ်နေ့တခြား ဝ ဝ လာလိုက်တာ ဘီယာတွေချည်းစွတ်သောက်တယ်ထင်ပါရဲ့နည်းနည်းလျှော့ဦး  ဆေးလိပ်လည်း နည်းနည်းလျှော့တော့ တစ်ယောက်တည်းသမားဆိုတိုင်း ရသမျှ ပိုက်ဆံ စွတ်မသုံးနဲ့ ကိုယ့်အိုစာမင်းစာလေးလည်း ချန်ထားဦး ”

            ဟိုတစ်နေ့က ကိုကိုနဲ့ဆုံစဉ် ကိုကိုမှာလိုက်သောစကားလေးဖြစ်သည်။ထိုစကားတစ်ခွန်းကိုသာဆိုလျှက် ကိုကိုသည် ကပြာကသီဖြင့် အလုပ်သို့ သွားလေတော့သည်။ သွေးရင်းသားရင်းဆို၍ နှစ်ဦးတည်းသာကျန်ခဲ့သော ကိုကိုနှင့် ကျွန်တော်သည် တခုတ်တရဆုံတွေ့ကာ စကားလက်ဆုံမကျဖြစ်ကြသော်လည်း တစ်ယောက်ကိုတစ်ယောက် ချစ်နေကြမြဲ၊ သံယောဇဉ်ရှိနေကြမြဲဖြစ်သည်။ သို့သော် ကိုကိုကော၊ ကျွန်တော်ကောသည် မေမေဖုတ်ပေးသည့်အာလူးကိုစားနေသည့်အရွယ် မဟုတ်တော့ပါ။ ထို့အတူ ကိုကိုသည်လည်း အရင်လို ကျွန်တော့်ကို နားလည်နိုင်သူ မဟုတ်တော့ပါ။             ကျွန်တော်သည် မေမေဖုတ်ပေးသော အာလူးကိုမစားရတော့ပါ။ ကိုကိုသည်လည်း စားခွင့်မရှိတော့ပါ။ မေမေသည်ကျွန်တော်တို့နှစ်ယောက်ကိုထားသွားခဲ့သည်မှာ အတော်ပင် ကြာပြီဖြစ်သည်။     
        မေမေကျွန်တော့်ကို ထားမသွားခင်ဆယ်နှစ်လောက်ကတည်းက ဖေဖေက ကျွန်တော်တို့အားလုံးကို လောကကြီးဝယ်စိတ်ချလက်ချ ထားသွားခဲ့သည်။ မေမေမရှိတော့မှ ဘဝ၏ အဓိပ္ပါယ်ကို စစ်စစ်မှန်မှန် သိခွင့်ရလိုက်သည်ဟု ဆိုလျှင် ပိုတယ်မဆိုကြပါနှင့်။ သာမန်ဝန်ထမ်းဘဝနှင့် အချုပ်အချယ်ကို မလိုချင်ခဲ့သော ကျွန်တော်သည် ညအခါမှ ဆိုက္ကားနင်းသော အလုပ်ကိုသာ လုပ်တော့သည်။ထိုအခါ ကိုယ်မသိမမြင်ဖူးသော ဘဝတချို့ကိုပါ မြင်လာရသည်။ ကိုယ်မသိမမြင်ဖူးသော အကြောင်းအရာတချို့ကိုပါတွေ့လာရတော့၏။             ညပျော်ငှက်ကလေးများထံမှ လက်ဖြန့်နေသော ခေတ်သစ်တောင်းရမ်းသူများကိုလည်းတွေ့မြင်ဖူးပြီဖြစ်၏။ ညပျော်ငှက်ကလေးများကို ခေါ်ပေးစမ်းပါဟု တောင်းဆိုတတ်သော လူကြီးလူကောင်းများကိုလည်း တွေ့ရဖူးပြီဖြစ်၏။ ညပျော်ငှက်ကလေးများကို ပျော်ပါးရန်ခေါ်ခိုင်းတတ်သော်လည်း ဆိုက္ကားခကိုကျ တန်ရာတန်ကြေးမပေးချင်သော လူကြီးလူကောင်းများကိုလည်း ကျွန်တော် အပြုံးမပျက် ဆက်ဆံတတ်ပြီဖြစ်သည်။ ညပျော်ငှက်တင်မက၊ ညအခါမှ လမ်းလျှောက်ထွက်ကာ အလုပ်လုပ်တတ်သော သူတို့နှင့်လည်း မကြာခဏဆုံရပြန်သေးသည်။ ဘယ်နေရာလစ်မလဲ ချောင်းရင်း ရသမျှအလစ်သုတ်ကာ ဆိုက္ကားငှားတတ်သော ထိုသူတို့ကြောင့် ခဏခဏ စခန်းသို့ရောက်ဖူးပြီဖြစ်၏။ ကြာလာတော့ ကိုယ့်အပြစ်မဖြစ်ချင်တော့သည့်အခါ၊ သိရသမျှ လက်တို့မိသည့်အခါ ကျွန်တော့်ကို ရဲခွေးဟုခေါ်လာကြပြန်တော့သည်။ သို့သော် ကျွန်တော်လိပ်ပြာသန့်သန့်နှင့် ဆိုက္ကားနင်းကာ ထမင်းစားပါသည်။ အာလူးဖုတ်စားပါသည်။ တခါတခါ နှစ်ဦးနှစ်ဖက် ညီမျှခြင်းချနေကြတာကို တွေ့ရတော့လည်း ရေငုံနှုတ်ပိတ် နေရတတ်ပြန်သေးသည်။ သို့သော် ညမှနင်းသော ဆိုက္ကားဆရာဘဝကို ကျွန်တော်ပျော်ပါသည်။
            မီးဖိုထဲမှ အာလူးလေးကိုထုတ်ကာ အခွံသင်ရန်ပြင်လိုက်သည်။
(-)
သွားပြီဟုရေရွတ်လိုက်မိသည်။
           ကျွန်တော်အာလူးဖုတ်တိုင်း မေမေ့လိုအခွံလေးသင်ရုံနှင့် ဖြူဖွေး၍စားကောင်းသောအာလူးကို ဘာ့ကြောင့်များမရနိုင်ပါသလဲ။ အာလူး၏ သုံးပုံတစ်ပုံသည် မီးကျွမ်းသွားပြီဖြစ်၏။ သို့သော် စားလိုက်လျှင်တော့ အနည်းငယ်အဆာပြေနိုင်ပါသေးသည်။ နောက်ထပ်အာလူးနှစ်လုံးလောက်ကို မီးဖိုထဲသို့ ထပ်ပစ်လိုက်၏။
            အာလူးသည် ပြုတ်သည်ပဲဖြစ်ဖြစ်၊ ဖုတ်သည်ပဲဖြစ်ဖြစ်၊ အစိမ်းလိုက်ပဲဖြစ်ဖြစ် အခွံကြောင့် အရုပ်ဆိုးနေသည်ကတော့ အမှန်ပင်။ ထိုအခွံကြောင့်ပင် အတွင်းတွင်ရှိသော အသားများသည် စားကောင်းမှန်း၊အာဟာရပြည့်မှန်း သိပါရက်နှင့် အာလူးကို တော်ရုံတန်ရုံလူတချို့သိပ်မစားချင်ကြ။ ကျွန်တော်ကတော့ အာလူးစားရလွန်း၍ အာလူးကို မုန်းခြင်းဖြစ်သည်။ သို့သော်အာလူးက ကျွန်တော်၏ သူငယ်ချင်းဖြစ်နေဆဲပင်။
            အာလူးသည် သူ့ကို နှစ်သက်၍ စားသူတိုင်းအတွက်ကော၊ မနှစ်သက်ပဲ စားသူတိုင်းအတွက်ကော အကျိုးအမြတ်ရစေသည်ကတော့အမှန်ပင်ဖြစ်၏။ ခေါင်းကိုက်လျှင် အာလူးကို ပါးပါးလေးလှီးကာ ကပ်၍ရ၏။ မျက်နှာပေါင်းတင်သည့်နေရာတွင်လည်း အာလူးကိုသုံးသေး၏။ အခြားခြားသောအကျိုးအမြတ်များစွာသည် ပြော၍ကုန်နိုင်မည်မထင်။
            စကားမစပ်ပြောရဦးမည်။ ဟိုတလောက ဂျာနယ်တစ်စောင်၏ သုတကဏ္ဍတွင် ဖတ်လိုက်ရသည်။ ဂျာမဏီတွင် အနှစ်သုံးဆယ်ကြာရှည်ခဲ့သော စစ်ပွဲကြောင့် ဖြစ်ပေါ်သွားသော စားနပ်ရိက္ခာခေါင်းပါးခြင်းဘေးအတွက် ဂျာမဏီ၏ တချို့သောနေရာများဝယ် အာလူးသည် ကယ်တင်ရှင်ဖြစ်ခဲ့သည် ဟု။ ယခုကျွန်တော်နေထိုင်သော မြန်မာနိုင်ငံတွင်လည်း အာလူးသည် နင်းပြားများအတွက် အသက်ဖြည့်ဆေး ဖြစ်နေဆဲ ဖြစ်သည်။ နောင်တစ်ချိန်တွင်လည်း အာလူးသည် နင်းပြားများအတွက် အသက်ဆက်ဆေးဖြစ်နေမြဲ ဖြစ်နေလိမ့်မည်ဟု ယုံကြည်မိသည်။
            ထိုကဲ့သို့ အမြင်ဆိုးသော်လည်း အတွင်းလှသည့်  အာလူး၏ သဏ္ဍာန်ကို ကျွန်တော် အတုယူချင်မိသည်။ လူတိုင်းက ကျွန်တော့်အား အရက်သမား၊ ဆိုက္ကားသမား၊ ရဲခွေးဟု ခေါ်ကြသည်။ သို့သော် သူတို့မသိသည့်နေရာတစ်ခုကို ကျွန်တော့်ဘက်က တကူးတက မဖေါ်ပြချင်ပါ။ လူတိုင်းက ပြောကြပါစေ။
           “ဒီအရက်သမားက ဘာကောင်းကျိုးလုပ်နိုင်မှာလဲ” ဟု။
           ကျွန်တော်၏ အတွင်းသားလှသော နေရာတစ်ခုကို ရောက်ဖူးသူတိုင်းကတော့ ခေါင်းခါပေးပါလိမ့်မည်။ နံရံတွင်ကပ်ထားသော “…”ဘုန်းတော်ကြီးစာသင်ကျောင်း၏ စာသင်သားများအတွက် နှစ်စဉ်အလှူငွေ ကပ်လှုသူ ဆိုသည့် ဂုဏ်ထူးတံဆိပ်လေးကတော့ဖြင့် အိမ်ထဲသို့ဝင်ကြည့်သူရှိမှ မြင်ရပေလိမ့်မည်။ ကျွန်တော်သည် အာလူးတစ်လုံးကဲ့သို့ အသုံးဝင်ကြောင်းကိုတော့ဖြင့် မေမေ့လို အာလူးကိုစနစ်တကျ အခွံသင်တတ်သူမှ မြင်နိုင်လိမ့်မည်ထင့်။
            ဟော အာလူးပင် ကျက်ချေပြီ။ မနက်စာကို အာလူးဖုတ်နှင့် စားလိုက်ပါဦးမည်။ အာလူးကို မည်မျှပင် မုန်းနေပါသည်ဆိုဦးတော့၊ ယခုအချိန်တွင်မူ အာလူးဖုတ်သည် အဆာလွန်နေသူအတွက် အလွန်တရာမှပင်စားကောင်းနေပါလိမ့်မည်။ သို့သော် မေမေဖုတ်သော အာလူးဖုတ်မဟုတ်၍ အနည်းငယ်တော့ အရသာလျော့နေမည်မှာအမှန်ပင်ဖြစ်၏။

ရည်ဝေ