Saturday 21 December 2013

လက်ကျန်ထွက်သက်


“လက်ကျန်ထွက်သက်”

မနက်ဖြန်ဟာ ကိုယ့်ကို ရှင်သန်ခွင့်ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ မနက်ဖြန်မှာ ရှင်သန်ဖို့ အကြောင်းတရားရှိခဲ့ရုံနဲ့ လုံလောက်တယ်။
 (၁)။
 မနက်ဖြန်မှာ နိုးထဖို့ မျှော်လင့်ချက်နဲ့ ကိုယ်အိပ်စက်ခဲ့တာမဟုတ်ဘူး။ မပြီးသေးတဲ့ တာဝန်တွေ၊ ရည်မှန်းချက်တွေ၊ စိတ်လိုအင်ဆန္ဒတွေအတွက် ကိုယ်အနားယူလိုက်တာ။ အိပ်စက်ခြင်းဟာ တခါတလေမှာကိုယ့်ကို အနားရစေပြီး တခါတလေမှာ မောပန်းနွမ်းလျစေတယ်။ 

Thursday 19 December 2013

ခေတ် ကြီး အပြစ်ရှိသည်..

အသက်တစ်ဆယ့်ရှစ်နှစ်အထက်သာ နားထောင်ခွင့်ရှိသီချင်းများသည် လေတွင်ပျံဝဲလျှက် ကလေးအစခွေးအဆုံး တရို့ရို့ အူကာအော်ကာဆိုသည့်ခေတ်ထဲသို့ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ထိုသီချင်းများအတွက် ကန့်သတ်ချက်သည် လူတိုင်းနှုတ်ခမ်းဖျားမှ ပြည့်တန်ဆာစကားများ ထွက်မလာစေရန်သာ ရည်ရွယ်ခဲ့သည်။

ယခုတော့ ခေတ်ကြီးက တိုး၍ တိုး၍ ပြောင်းလဲတိုးတက်လာခဲ့ပြီဖြစ်၏။ ကန့်သတ်ချက်သည် ကန့်သတ်ချက်အဆင့်ပ၌သာ မရပ်တန့်တော့။ မျက်မမြင်အတွက် ကန့်သတ်ချက်၊ ကလေးများအတွက် ကန့်သတ်ချက်။ တိုး၍လာသလို ထင်ပေါ်မှုသည်လည်း တိုး၍ တိုး၍လွယ်ကူလာခဲ့၏။ အသံထွက်ရွတ်၍မရသော ကဗျာတို့ပေါ်ထွန်းလာပြီဖြစ်သလို ဖိုမခွဲခြားချက်များကိုပင် တသီးတသန့်ကဗျာလုပ်ကြည့်ကြသူတို့ ပေါ်လာပြီဖြစ်၏။ ယခုခေတ်မှာပင် ဆိုရိုးစကားတစ်ခုပေါ်ထွန်းလာပြီဖြစ်သည်။ သုတေသနဆိုင်ရာစာတမ်းများကို မျက်စိအညောင်းခံ၊ စိတ်အညောင်းခံရှာကြည့်မည့်အစား ထိုအမျိုးအစားကို သုတေသနပြုကာ ရေးသားထာသော ကဗျာများ၊ ရသစာတမ်းများကိုသာ ရှာဖွေ ဖတ်ရှုကြည့်စမ်းပါဟုပင်ဖြစ်သည်။

Tuesday 17 December 2013

အကျိုးနှင့်အကြောင်း...

“အကျိုးနှင့်အကြောင်း”
ဤရွာကို အပြုံးရွာဟု ခေါ်သည်။ စိတ်ရှိသလို ပြုမှုနေထိုင်ခွင့်မရှိ။ မျက်နှာတွင် အမြဲပြုံးနေနိုင်မှ နေခွင့်ရှိသည့် ရွာ ဖြစ်သည်။ ရွာသူရွာသားများကိုကား လူဟု ခေါ်ကြသည်။ လူသည် အမြဲ ပြုံးနေတတ်ရမည်။ ပြုံးနေသည့်မျက်နှာကို ဆင်ယင်ထားသူသည်သာ ဤရွာတွင် နေခွင့်ရမည်ဖြစ်၏။ စိတ်ရှိသလိုပြုမှုနေထိုင်တတ်သူတို့အတွက်မူ ဤရွာသည် ခေတ္တလာလည်သလိုသာ ဖြစ်ပေလိမ့်မည်။ ဟက်ဟက်ပက်ပက်ကြိုဆိုသူ ရှိလိမ့်မည်မဟုတ်။ သို့သော် အပြုံးမျက်နှာဖြင့်ကား ကြိုဆိုနေမည်မှာ အမှန်ပင်ဖြစ်သည်။
သို့ဆိုလျှင်ဖြင့် စိတ်ရင်းမပါဘဲနှင့် ဤအပြုံးရွာတွင် နေထိုင်ကြသူများ စိတ်ချမ်းသာပါရဲ့လား ဟု မေးစရာဖြစ်လာသည်။ ထို့အတွက်အဖြေသည် …။

Monday 16 December 2013

“အဖြေမရှိတဲ့ပုစ္ဆာ”




စိတ်တစ်ခုလုံးဝမ်းနည်းလှိုက်ဟာနေတာများ
အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်လိုပဲ
တွေးရခက်ခဲ့တဲ့ညနေခင်း။
ဖြာကျလာတဲ့ အမည်းရောင်မှိုင်းတွေ၊ ဘယ်ဆီကို ဦးတည်နေတယ်ဆိုတာထက် မျက်ဝန်းထဲက မျက်ရည်တို့ ညှစ်ထုတ်စရာမလိုပဲ သူ့အလိုလိုကျစေခဲ့တာဖြစ်သည်။ သို့သော် ထိုမှိုင်းသည် မျက်စိဖြင့်မမြင်ရသလို အနံ့အသက်လည်း ရှုမရရှိုက်မရ၊ စိတ်တွင်းမှ ထွက်ပေါ်လာသည့် မှိုင်းသာ ဖြစ်ပါသည်။
ငိုချင်သည်။ ဘယ်သူ ဘယ်ဝါနှင့်မှ မသက်ဆိုင်ပါပဲ ဝမ်းနည်းခြင်းတို့ တစ်လှိုက်လှိုက် လှိုက်တက်လာခဲ့တာဖြစ်သည်။ ဘာ့ကြောင့်လဲ ဟု မဆန်းစစ်လိုက်ရသေးခင်တွင်ပင် ကျဆင်းလာသော မျက်ရည်တို့ကို မတားဆီးနိုင်ခဲ့။ ယနေ့ညနေကျွန်တော် ငိုမိသည်။ ငိုလိုက်မိပြီဖြစ်၏။
---++++-----

Monday 9 December 2013

“ဒီဇင်ဘာဟာ အမြစ်ပြတ်အောင် မကုရသေးတဲ့ နာတာရှည်ရောဂါ”




မှော်ဆရာတွေရဲ့ မြို့တော်ဟာ ဒီဇင်ဘာရဲ့ ဖြားယောင်းမှုအောက်မှာ ကိုယ့်ကိုယ်ကိုယ် အနက်ရောင်ခြုံလွှမ်းဖို့ကြိုးစားနေတ.ယ်။ မှော်ဆရာတွေဟာ ပုံပြင်တွေ တစ်ပုဒ်ပြီးတစ်ပုဒ်ရေးတယ်။ ဘယ်ပုံပြင်နဲ့မှ ကယ်နိုင်မှာလဲ။ မသိဘူး။ ဘယ်သူမှ မသိကြဘူး။ မှော်ဆရာတွေဟာ ကြိုးကြိုးစားစား ပြေးပြေးလွှားလွှားရေးနေကြ၊ ဒါ ငါတို့ရဲ့ မြို့တော် ၊ ဒါ ငါတို့ရဲ့ ကွန်းခိုရာ၊။ အလင်းတွေ ပြန့်ကြဲဖို့၊ အလင်းတွေ ဖြန့်ပစ်ဖို့ကြိုးစားနေကြ။ ငါတို့ရဲ့ မြို့တော်ကို အလင်းမျှ ဖို့ ငါတို့ အားလုံးလိုအပ်တယ်။ မှော်ဆရာတိုင်းရဲ့ နှုတ်ဖျား၊ နှလုံးသားမှာ ဒီစကားက စွဲထင်၊ ကမ္ဗည်းဆိုတာ တကူးတကထိုးစရာမလိုပါပဲ ထင်နေတဲ့ စာသား၊ ဒီစာသားပေါ့။

Saturday 7 December 2013

မုန်းတယ် ဒီဇင်ဘာ


“မုန်းတယ် ဒီဇင်ဘာ”

ဒီဇင်ဘာ။ ရွာရိုးကိုးပေါက် လျှောက်လာတဲ့ ပြဿနာတွေနဲ့ ကျွန်တော့် စိတ်အင်အားတွေကို သူ တွန်းတိုက်ပစ်တယ်။ ယိုင်နဲ့နဲ့ယိုင်လုလု လဲကျဖို့ တည်းတည်းလေးရှိတော့တဲ့အချိန်ကျမှ စိတ်ကြိုးတွေ ဖြတ်ချလိုက်ပုံများ ပြော မပြောချင်ပါဘူး။ သူ မာယာများတယ်။ ဒီဇင်ဘာဟာ မာယာများတယ်။ ဒီဇင်ဘာဟာ ဒဏ်ရာတေါ အတိုင်းအဆမဲ့ သယ်ဆောင်လာတတ်တဲ့ရာသီလို့ ကျွန်တော် စွပ်စွဲချင်တယ်။ ကျွန်တော့် နှလုံးသားကို ဒီဇင်ဘာဟာ ဓါးနဲ့ ချိန်ထားတယ်။ ဟုတ်တယ်။ ဓါးဦးနဲ့ ထိကပ်ရန် ဆံတစ်ခြည်မျှင်စာအလိုမှာ ရပ်တန့်၊ သူ ရွေ့စောင်းမသွားဘူး။ တည့်တည့်မတ်မတ် ချိန်ထားတယ်။

ဒီဇင်ဘာမှာ ကျွန်တော် အသဲကွဲတယ်။ တစ်ဖတ်သတ်ချစ်ရသူ လက်ထပ်တယ်။ ဒီဇင်ဘာမှာ ကျွန်တော် ရင်ကွဲတယ်။ ကျွန်တော့်အတွက် စိတ်ကြိုးဖြတ်သတင်းစကားတွေ သူသယ်ဆောင်လာတယ်။ ဒီဇင်ဘာဟာ သူ့မာယာတွေ တစ်ရစ်ပြီးတစ်ရစ် ထုတ်လွှတ်နေပုံများ၊ ယောက်ျားများရဲ့ မကျည်းကိုးပင်ဆိုတဲ့မာယာတောင် လက်မြှောက်ရမတက်။ ခု ကျွန်တော့်မျက်ရည်တွေိကု ဒီဇင်ဘာ တစ်စချင်းစီ ချူနေတယ်။ ဟုတ်တယ်။ ချူဆီ။ ဒီဇင်ဘာဟာ ချူဆီပဲ။ ကျွန်တော့်စိတ်ကြေကွဲမှုတွေကို တစ်လိမ့်ချင်းစီ ရစ်ယူနေတာများ ကျွန်တော့်ရင်တစ်ခုလုံး ဟာခနဲ။ ဒီဇင်ဘာမှာ မမျှော်လင့်ပဲ ပျက်တဲ့ လက်ပ်တော့အတွက်ထက် သူဖြတ်ချလိုက်တဲ့ စိတ်ကြိုးလေးတွေအတွက် ကျွန်တော် သေလုမတက် ရင်ထဲမှာ ကျဉ်တယ်။

Wednesday 4 December 2013

ရင်ဝှက်စာတမ်းရေးနည်း(ဝါ)“ငှက်ကလေးဝှက်နည်း”



တစ်စုံတစ်ခုကို ဝှက်ပြီးရေးတာမျိုးကို သင်္ကေတရေးနည်းလို့ ခေါ်တယ် တဲ့။ နိမိတ်ပုံအသုံးအစွဲတွေနဲ့ စာကို တန်ဆာဆင်ထားသတဲ့။

စဉ်းစားမိတာ တစ်ခုတည်း။ ငှက်ကလေးကိုဘယ်သူမှ မသိအောင် ဝှက်ရေးရင်းနဲ့ အကျင့်ပါသွားတာများလား။ ဒါဆိုရင်တော့ ကျွန်တော်ရေးတာ သင်္ကေတရေးနည်းမဟုတ်ဘူး။ ငှက်ကလေးဝှက်နည်းပဲ။

“တောင်တက်ခြင်းဝါသနာဟာ လှသထက် လှ လှ လာ”




စိတ်တစ်ခုလုံး ပင်ပန်းနေတာ ဘာနဲ့ အစားထိုးဖြေသိမ့်ရမလဲ ။ အဖြေသိသိနဲ့ ကိုယ့်ဘာသာ စဉ်းစားတုန်းပဲ။ စိတ်ရဲ့ အတိမ်အနက်နောက် ခြေရာကောက်ကြည့်ဖို့ ကြိုးစားခဲ့သမျှ တစ်ခုခုဆို အပြင်းအထန်ခံစားပစ်တတ်တာ ကိုယ့်အကျင့်။ ခုတော့ သေရာပါအကျင့်ကြီးနဲ့ ကိုယ့်မှာ ဒုက္ခရောက်ရပေါ့။
ကိုယ့်လက်က ငွေဆုံးရှုံးတာတောင် မျက်နှာမပျက်ဘူး။ သိက္ခာဆုံးရှုံးမှာကိုတော့ သေမလောက်ကြောက်ခဲ့သူ။ ကြွေတစ်လှည့်ကြက်တစ်ခုန်စီးပွားရေးကို မျက်နှာလွဲခဲပစ်နိုင်ခဲ့သူ၊ သိက္ခာတရားဆိုတာကြီးကို ကိုးကွယ်လို့ မြူထပ်နေတဲ့ လမ်းကိုမှ လျှောက်ချင်ခဲ့သူ။ မြူအထပ်ထပ်ကြား ဆူးစူးတော့ မျက်ရည်ဝဲမိတာ အဆန်းသား။ ကိုယ့်ဂုဏ်ကိုယ်ဖေါ်လိုက်မိတဲ့ မသူတော်လေးကိုယ်က ကိုယ့်စိတ်အပျော့စားလေးကို ဘယ်လိုအဖုံးအုပ်ထားရမလဲ။

Tuesday 3 December 2013

ဘောင်မဲ့လူ



“ဘောင်မဲ့လူ”

လေးထောင့်ကျကျစတုဂံများ၊ သုံးနားရှိသော တြိဂံများကို ကိုယ်မနှစ်သက်ပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့ကိုယ်သူတို့ စတုဂံ၊ တြိဂံဟု သတ်မှတ်နိုင်သည့် ဘောင်ဖြင့် ကန့်သတ်ထားခြင်းကြောင့် ဖြစ်သည်။ ကိုယ်သည် ဘောင်ဆိုသည့်အရာတစ်ခုကို အဝတ်အစားဝတ်ရာတွင်ပင် မကျင့်သုံးချင်ပါ။ အရှက်လုံ၊ လူမြင်ကောင်းရုံနှင့် ကိုယ့်စိတ်ကို လွတ်လပ်ပေါ့ပါးစေရမည် ဆိုသည့်အချက်သည် ကိုယ်အဝတ် ရွေးချယ်ရာတွင် အမြဲအသုံးပြုသော စည်းဖြစ်သည်။ တောင်ရှည်ပုဆိုးနှင့် ခေါင်းပေါင်းကို ဝတ်ဆင်၍ ကိုယ့်ကိုယ်ကိုယ် စိတ်နှင့် ကမ္ဘာခြားသို့ မပို့လိုပါ။

“ကိုယ်ဟာ မရည်ရွယ်ဘဲ ဘောင်တစ်ခုအောက်သွားခဲ့တယ်ဆိုရင် ကိုယ်ထိုးဖေါက်ထွက်ရမှာပဲ။ ”

Monday 2 December 2013

ကိုယ်တို့သည် လူငယ်...


“ကိုယ်တို့သည် လူငယ်…….”

ပွဲတော်က အသက်မဲ့လွန်းနေသည်။ ပွဲတော်တွင် ကြိုးဆွဲနေသူမှာ သူ လိုချင်လိုအပ်သော အရာများကိုသာ ရွေးချယ်ကခုန်စေ၍ ကျန်အရုပ်များအားတိတ်ဆိတ်ဆွံ့အနေစေသည်။  ပွဲတော်တွင် လိုအပ်သော အဓိကအချက်မှာ နွေးထွေးမှုပင်ဖြစ်သည်။ နွေးထွေးမှုသည် ရှေးမဆွက ခင်မင်ရင်းနှီးခဲ့သော သံယောဇဉ်ဟု မဆိုလိုပါ။ နွေးထွေးစွာဖေးမမှုနှင့် ယုံကြည်မှုပင်ဖြစ်သည်။
ဟုတ်သည်။ ပွဲတော်သည် အသက်မဲ့လွန်းနေသည်။

“ပွဲတော်တွင်ကပြဖျော်ဖြေရန် ရုပ်သေးများ အလိုရှိသည်...။”

Thursday 28 November 2013

တစ်နေ့မှာ..

“တစ်နေ့မှာ”

ပွဲတော်သည် အလင်းများပြန့်ကြဲစွာဖြင့် လင်းလက်လှပလွန်းနေသည်။ ပွဲတော်ကို ရောက်လာရာလမ်းသည် ရွှေ၊ငွေ၊ ကျောက်သံပတ္တမြား ခင်းမထားပါ။ ပွဲတော်သို့လာရာလမ်းသည် အနည်းငယ်ကြမ်းရှရှနိုင်သော သဲတို့ ဖြန့်ခင်းထားပြီး ဖိနပ်မပါခြေဗလာများဖြင့် လာသူများသည်ကိုတော့ သတိထားမိသည်။ မည်သို့ပင်ဖြစ်စေကာမူ ပွဲတော်သည် ကြီးကျယ်ခမ်းနားစွာ လင်းလက်လှပနေသည်ကတော့အမှန်ပင်ဖြစ်သည်။
အပြုံးသည် ပွဲတော်အတွက် တည်ခင်းဧည့်ခံသည့် အစာအာဟာရဖြစ်သည်ဟု ဆိုချင်သည်။ နေရာတိုင်းတွင် ရှိနေသော အပြုံးတို့သည် လာပါ၊ ယူပါ၊ ပြုံးလှည့်ပါဟု ခေါ်ငင်ဟန်ရှိ၏။ ပွဲတော်ရှိလူအများသည် ရုပ်သေများသဖွယ် ပြုံးချိန်တန်ပြုံးဖို့မှတ်ဥာဏ်အသွင်းခံထားရသည့် သဏ္ဍန်ဖြင့် အသက်မဲ့အပြုံးကို တန်ဆာဆင်ထားသလိုရှိသည်။ ပွဲတော်တွင်ရောက်လာသူများ၏ ထူးခြားချက်မှာ တာဝန်နှင့် လေးစားမှု ဆိုသည်ကို ဦးခေါင်းတွင် ချိတ်ဆွဲထားခြင်းပင်ဖြစ်သည်။

အပိုင်း(၁)
ပွဲတော်၏ လှုပ်ရှားမှုမှန်သမျှသည် ပုံသေကားချပ်ဆန်လွန်းလှ၏။ ပွဲတော်ကို အခမ်းအနားမှူးတစ်ယောက်၏ အသက်မဝင်သည့် လေသံနှင့်  နှုတ်ခွန်းဆက်စတင်ထားသည်။ ပွဲတော်သို့ သီးသန့်လာရောက်သူများအပြင် ပွဲတော်ကြီးမှူးကျင်းပရေးကော်မီတီ၊ ပွဲတော်တွင်းလှုပ်ရှားမှုမှန်သမျှ ကြည့်ရှုရေးကော်မီတီ စသဖြင့် ပွဲတော်တွင်း အဖွဲ့ငယ်များဖွဲ့ထားပြန်သေးသည်။ ထို့ကြောင့်ပင်ပွဲတော်သည် ပွဲတော်ထက် လွှတ်တော်အငယ်စားလေးနှင့်ပင် တူသွားသေး၏။
“ကျွန်တော်ကတော့ ကျွန်တော့်ဘဝကို စိုပြည်သာယာစေချင်တာပါပဲ ဒီအတွက် ဘယ်သူတွေက ဘယ်လို ကြီးမှုးစောင့်ရှောက်ပေးမလဲ သိချင်တယ်”
အစိမ်းရောင်ကို အတော်ပင် နွမ်းသွေ့နေသည့် အရောင်ကိုဝတ်ဆင်ထားသော တောင်တစ်လုံးက ထ၍ အဆိုပြုသည်။ အစိမ်းခြောက်ရောင်ဟု ခေါ်ဆို၍ ရနိုင်မည် ထင်၏။
“ဘယ်သူတွေက ခင်ဗျားရဲ့ စိုပြည်မှုကို ဖျက်ဆီးလိုက်တာလဲကော မသိချင်ဘူးလား”
မခမ်းတခမ်းမြစ်တစ်စင်း၏အသွေးအသားကိုငုံထားသော ရေသန့်ဘူးတစ်လုံး၏ အမေးကို တောင်ကြီးက မသိကျိုးကျွံပြုနေသည်။ သူ့ကို ဖျက်ဆီးမည့်သူများသည်ပင် သူ့ကို ထိန်းသိမ်းစောင့်ရှောက်ပေးမည့်သူများဖြစ်သည် ဟူသည့်အဖြေကိုတောင်ကြီး သိပါ၏။ ထို့အတွက်ပင် တောင်ကြီး မဖြေချင်၊ မဖြေရက်၊ မဖြေဝံ့ပါ။

Sunday 24 November 2013

အတင်းပြောခြင်းဝါသနာ

စိတ်ကြီး စိမ်းသက်နေသည်။ တဆစ်ဆစ် ကိုက်ခဲနေသည့် ဦးခေါင်းသည် စိတ်ကြီး၏ စိမ်းသက်မှု ဒဏ်ကို မခံနိုင်တော့သည်မို့ မျက်လုံးအစုံကို မှိတ်ကာသာ အိပ်ပစ်ချင်စိတ်တို့ ပေါက်နေရသည်။ သို့သော် စိတ်၏ ထိန်းချုပ်မှုအောက်မှ သူ လွတ်မထွက်နိုင်။ စိတ်ပြေးရာ သူ လိုက်နေရသည်။ စိတ်သွားရာ သူပါ နေရသည်။ စိတ်ကြီး စိမ်းသက်နေသည်မို့ သူ့တွင်လည်း အစိမ်းရောင်များ စွန်းထင်းနေတော့သည်။
“ဘာတွေ လုပ်နေတာလဲ ခု ဘာတွေ လုပ်နေတာလဲ”
ဘာ့ကြောင့် မေးခဲ့မိသလဲဟု ကိုယ်ကိုယ်တိုင်လည်း မသိ။ သို့သော် ထိုမေးခွန်းက ကိုယ့်ကို နှိပ်စက်နေသည်မှာ အချိန်အတန်ကြာပြီ။

၎ ဂဏန်းနှင့်စိတ်နင်စာ

“၄ ဂဏန်း နှင့် စိတ်နင်စာ”

နံပါတ် ၄ သည် ကျွန်တော်မုန်းတဲ့ ဂဏန်းမှာပါလာပြီဖြစ်၏။ ဘာ့ကြောင့်ဘာ့အတွက် ဟု မစွပ်စွဲလိုပါ။ နံပါတ် ၄ သည် ကျွန်တော့်ကို ဒဏ်ရာ တစ်စုံတစ်ရာ ပေးခဲ့သည်ကတော့ သေချာနေပါသည်။
မွေးခုနှစ် ၁၉၈၆။ မွေးလ ဇွန်။ မွေးရက် ၂၈။
၎ နှင့်ပတ်သတ်သည့် ဂဏန်းတစ်စုံတရာ မပါဝင်ခဲ့ပါ။ သို့သော်၎ ဂဏန်းသည် ကျွန်တော့်ကို နှိပ်စက်လွန်းနေ၏။
မျှော်လင့်ခြင်းကို စိတ်နင်စာ ဟုသတ်မှတ်ချင်ပါသည်။ ကျွန်တော့် စိတ်ကြီး အပြာရောင်ဆန်စွာ နင်နေ၏။ ၁၃၊ နိုဝင်ဘာ၊ ၂၀၁၃၊ ည ၁၀း၂၃ ။ မျှော်လင့်နေသော ဖုန်းလေးတစ်စင်းသည် ကျွန်တော့်ဆီ ရောက်မလာခဲ့ပါ။ ကျွန်တော် အပြာရောင်ဆန်စွာ တိတ်ဆိတ်နေမိပါသည်။

“မိစ္ဆာစီးနင်းခံ ည” (ဝါ) “အမှောင်ငတ်သူ….”


“မိစ္ဆာစီးနင်းခံ ည”
(ဝါ)
“အမှောင်ငတ်သူ….”

အရောင်တွေ မည်းနက်နေသည်လား။ အမည်းရောင်တွေလေပဲလား။ အမြင်အာရုံတစ်ခုလုံးသည် အမည်းရောင်၏ ဖုံးအုပ်ထားမှုအောက် ကျရောက်နေသည်။

“အရောင်တွေဆာလိုက်တာ”

ရေဆာသည်ဆိုသည့် ခံစားချက်လိုပင် သူယခု အရောင်တွေ ဆာနေသည်။ ကြည့်လေရာမြင်လေရာတိုင်းသည် အမည်းရောင်။ ပိန်းပိတ်အောင် ထူထပ်နေသည့်အမှောင်မဟုတ်။ အမှောင်အုပ်ဆောင်းအောက် ကျရောက်နေသည့် ကြက်တစ်ကောင်ပမာ ခံစားနေရသည်။ အောက်အီးအီးအွတ်ဟု ကြက်ကအော်လျှင် လူအများက ကြားနိုင်သေးသည်။ သူသည်ကော။ ဒီအမည်းရောင်အုပ်ဆောင်းအောက်က လွတ်ဖို့ ဘယ်လိုအော်ရမလဲ ဟု အပြင်းအထန်စဉ်းစားနေမိသည်။
ငှက်ဆိုသည်မှာ ပျံရင်းသေ၊လူဆိုသည်မှာ ကြံရင်းသေသတဲ့။ ရှေးခေတ်စာပေမှာ ဖတ်ခဲ့ဖူးသည်။ ယခု သူ အမည်းရောင်အုပ်ဆောင်းအောက် မနေချင်သည့်အတွက် ကြံစည်ရပေတော့မည်။ သူက လူကိုး။
……………..
“အရောင်တွေ ဆာလိုက်တာ”

Wednesday 13 November 2013

“ပန်းခရေ မဖြစ်လိုသော ......”




ဖုန်း နံပါတ် တစ်ခုသည် တိခနဲ ဖြတ်တောက်ခံလိုက်ရ၏။ ကွန်တက်လစ်(စ်)(contact list) တွင် မှတ်မထားမိသောကြောင့် ဦးနှောက်တွင် ရေးရေးမျှ မကျန်ရစ်ခဲ့။

သူသည် သူဖြစ်သည်။ သူသည် သူ ဖြစ်၏။ သူသည် သူသာ ဖြစ်သည်။

မေ့ထားဖို့ လိုအပ်သော အကြောင်းတရားများစွာ ပေါ်လာပြီဖြစ်သည်။ နေကြာပန်းတို့မည်သည် နေမင်းပျောက်ကွယ်သည့်အခါ မှေးမှိန်ဖျော့တော့လျှက် ခေါင်းငိုက်စိုက်ကျရမြဲသာ ဖြစ်၏။ ထို့အတူ ကိုယ်သည်လည်း ပြန်လှည့်မလာသည့် ချစ်ခြင်းတရား၏ အတိမ်အနက်တွင် ခေါင်းငိုက်စိုက်၍ ကျန်ခဲ့ပြီဖြစ်သည်။

မြေပေါ်တွင် အုပ်စုဖွဲ့နေထိုင်ကြသော မြက်ခင်းလေးများကို မြင်မိပါသလား။ မြက်ပင်လေးများတွင် မြက်ပန်းလေးများရှိ၍ အသီးလေးများသီးနေကြသည်။ မည်သို့ပင် လူတို့၏အနင်းကို ခံခဲ့ရစေကာမူ ပြန်လည် ထောင်မတ်လာတတ်သည်သာဖြစ်သည်။

Monday 11 November 2013

“ဝက်ကလေး ပျော်ပါစေ”


ဝက်ကလေးကို ချစ်မိတာ ဘယ်က စခဲ့လဲ မသိဘူး။ ဒါပေမယ့် ချစ်မိတာကတော့ သေချာနေပါပြီ။ ဝက်ကလေးက နားရွက်ဖါးဖါးလေးရှိတယ်။ နောက် အရပ်မြင့်တယ်။ ထူးခြားတာကတော့ ကိုယ့်ခန္ဓာကိုယ်ထက် သုံးဆလောက်ဝနေတဲ့ ခန္ဓာကိုယ်ပါပဲ။ ဟုတ်တယ်။ ဝက်ကလေးဆိုတာ ကိုယ်ချစ်စနိုးခေါ်တဲ့ နာမည်လေး။ သူက ကိုယ့်လို လူသားလေးတစ်ယောက်ပေါ့။

“ပွဲတော်နှင့် ဝေးရာ……”-ပြင်ဆင်ချက်



တစ်စုံတစ်ရာကို ရှာဖွေဖို့ သူ ဒီနေရာကို ရောက်နေခဲ့သည်ဟု သတိရသည်။ ထိုတစ်စုံတစ်ရာသည် ဘယ်အရာဖြစ်သည်ကိုတော့ သူကိုယ်တိုင် မသိ။ မှောင်မိုက်တိတ်ဆိတ်နေသော လမ်းကြားလေးကတော့ မည်သူလာလာ အေးစက်စက် ဆီးကြိုနေဟန်ရှိ၏။ သူ့ဘေးတွင် တချို့လူတို့ ရပ်၍ တချို့လူတို့ သွားလာနေကြသည်။ လမ်း၏ အရှေ့ကိုသွားရမလားအနောက်ကိုသွားရမလား ဟု တွေးရခက်လွန်းသောကြောင့် သူမေးလိုက်မိသည်။
“ဘယ်ကိုသွားရမလဲ”
မကြားဟန်ရှိသည်။ သူ့ဘက်သို့ မျက်နှာလေးသော်မျှ လှည့်မလာခဲ့။
“ဘယ်ကိုသွားရင် ကျွန်တော် ရှာဖွေတဲ့အရာနဲ့ နီးစပ်မလဲ”
“ဘယ်ကိုသွားရမလဲ”

“ကလုန်း များ ပျော်သည့် ကစားပွဲကို ဘဝဟု ခေါ်သည်”



မှောင်သည်။ အမှောင်တို့ ကြီးစိုးလွန်းလှသည်။ ကိုယ့်ကျောတွင်တပ်ဆင်ထားသော ကြိုးများကြောင့် ရံဖန်ရံခါတွင် သွေးစိမ်းရှင်ရှင်ထွက်သကဲ့သို့ရှိသည်။ ကိုယ့်ရှေ့တူရှုတွင် ဘာရှိလဲ တွေးခွင့်ပေးသင့်ပါသည်။ ခုတော့အလင်းပျပျပင်ကျမလာခဲ့။ အမှောင်သည်  မြင်နိုင်စွမ်းရှိသင့်သည့်အရာမှန်သမျှအား ထိန်းချုပ်ထားသည်။
ကလုန်း ဆိုသည့်စကားအဓိပ္ပါယ်ကို မုန်းလှသည်။ ကိုယ် ကလုန်းမဖြစ်ချင်ပါ။ သို့သော် ကိုယ့်ကို ကြိုးဆွဲကာ လိုရာကနေသော ဇာတ်ဆရာညွှန်ရာအတိုင်း ကလုန်းဖြစ်နေရသည်။ ကိုယ်သည် ကိုယ်မဟုတ်တော့။ ကိုယ်သည် ကလုန်းတစ်ကောင် ဖြစ်နေသည်။
ကိုယ့်စိတ်၊ ကိုယ့်နှလုံးသားသည် ဖြစ်သင့်သလို အခြေအနေတစ်ခုအတိုင်း ဖြစ်ခဲ့သည် ဆိုပါစို့။
သို့ဆိုလျှင်ဖြင့် ကိုယ့်ခံစားချက်သည် အမှန်တကယ် ခံစားချက်အစစ်အမှန်လား။ ဖြစ်သင့်ဖြစ်ထိုက်၍ ဖြစ်လာရသော ခံစားချက်လား။ မှောင်သည်။ အတွေးထုကြီးက မှောင်လှသည်။

စာရေးဆရာမအပျိုကြီး၏တစ်နေ့တာ

“အချစ်ဟာ ဘဝကို ထိန်းချုပ်ပဲ့နှင်ပေးတဲ့ အရာ မဖြစ်သင့်ဘူး လမ်းလွဲလိုက်မှာစိုးလို့ ဘေးကနေ တစ်ချက်တစ်ချက်မှာ ထိန်းမတ်နိုင်တယ် ဆိုတဲ့ အနေအထားပဲရှိသင့်တယ်။ တကယ်ဆို အချစ်ဟာ စိတ္တဇနာမ် သက်သက်ပဲ သူမရှိလည်း အသက်ရှင်လို့ရတာပဲ”

Tuesday 5 November 2013

ရုပ်သေးရုပ်ပွဲတော်

“ရုပ်သေးရုပ်ပွဲတော်”

တိတ်ဆိတ်မှောင်မိုက်နေသော လမ်းကျဉ်းလေးဝယ် ထိုင်နေသူအများအပြားရှိပါသည်။ သူတို့သည် မျှော်လင့်ခြင်းကြီးစွာဖြင့် ကောင်းကင်ဆီသို့မော့ကြည့်နေကြသည်။ ထိုတိတ်ဆိတ်မှောင်မိုက်နေသော လမ်းလေးမှာပင် လှုပ်ရွနေကြသူများလည်းရှိပါသည်။
“ဘယ်တော့လာမှာလဲ”
“ဘယ်တော့လာမှာလဲ”
တိုးသဲ့သဲ့မေးသံများသည် တိတ်ဆိတ်ခြင်းကို ရံဖန်ရံခါ ဖေါက်ထွက်လာကြ၏။ သို့သော် ထိုမေးခွန်းသည် မေးခွန်းသာဖြစ်လျှက် အဖြေမရှိ။ အဖြေမရှိခဲ့။


လမ်းကျဉ်းလေးဝယ် အလင်းတချို့ စိုက်ခနဲ စိုက်ခနဲ ကျလာသည်။ ထိုအလင်းတို့အား လိုက်ဖမ်းနေကြ၏။ ကိုယ့်ဘေးနားသို့ အလင်းကျလာပါလျှက် မမြင်ကြသူတွေကလည်း အများအပြား။
“မလာသေးဘူးလား”
“ခုထိ မလာသေးဘူးလား”
“မျှော်ရတာ ပင်ပမ်းလှပြီ”
လူတချို့၏ တီးတိုးရွတ်ဆိုသံသည် သိပ်မကျယ်လောင်တော့။ အလင်းဖမ်းသူအများအပြား၏ လှုပ်ရွသံသည်သာ ဖုံးလွှမ်းသွား၏။
“ဟော ဟိုနားမှာ ဟေ့”
“ဒီမှာဟ ဒီမှာ”
……………………………..။
 “အလင်းရှင်သည် အမှောင်ကို ခွင်းဖို့ကြိုးစားသော်ငြား လူသားတို့၏ စာနာမှုမရှိခြင်းကို တွေ့မြင်ရသောကြောင့် အမှောင်ကိုမခွင်းပဲ ကောင်းကင်ထက်သို့ ပြန်သွားလတံ့”
ရုတ်တရက် ကြားလိုက်ရသော စကားသံကြောင့် အလင်းဖမ်းသူများကော၊ အလင်းကို မမြင်ရ၍ တိတ်ဆိတ်နေကြသူများပါ ရုတ်တရက် လန့်ဖျပ်သွားကြသည်။ ဒီအမှောင်ကို မခွင်းနိုင်တော့ဘူးလား ဆိုသည့် မေးခွန်းများစွာတဝဲလည်လည်ဖြင့် အသံရှင်ကို လိုက်ရှာနေကြ၏။ သိပ်မကြာခင်မှာပင် အသံရှင်ကို အမှောင်ပျပျတွင် တွေ့လိုက်ရ၏။
ယပ်တောင်တစ်ချောင်းကို ကျောတွင်စိုက်လျှက် လက်တွင်တော့ ဓါတုဆေးများဖြင့်ပြုလုပ်ထားသည့် မီးလင်းလက်ကောက်များ ဝတ်ဆင်ထားသည့် လူတစ်ယောက်။ ထိုသူ့သဏ္ဍာန်ကို ကြည့်ရုံမျှဖြင့် စိတ်မနှံ့ဟု သိသာနေသည်။ သို့သော် လူအားလုံး မလှုပ်ရဲဘဲ တိတ်ဆိတ်ငြိမ်သက်စွာ တွေးတောနေကြသည်။
သဘင်သည်စကား၊ အရူးစကား၊ ကလေးစကားတို့ကို မျက်နှာလွှဲခဲပစ်မလုပ်သင့်ဟူသည့် ရှေးက ချန်ထားခဲ့သည့် စာသားကို တွေးးတောနေကြသည်။ သို့ဆိုလျှင်ဖြင့် ဒီအရူး၏ စကားကို သေချာစဉ်းစားသင့်သည် ဟု တွေးသူ အများအပြားရှိသလို တချို့ကလည်း စိုက်ခနဲစိုက်ခနဲကျလာသော အလင်းများအား ကောက်ယူဖို့ ချောင်းမြောင်းနေကြပြန်၏။
ထို့နောက် ထိုစိတ်မနှံ့သူက လမ်းကျဉ်းလေးတွင်ပင် ရပ်လျှက် အလင်းစများအား ကောက်ခါငင်ကာဖြင့် လိုက်ကောက်နေပြန်သည်။ ထို့နောက် အလင်းရှာမတွေ့သူတချို့အား အလင်းစပေးလိုက် ကောက်လိုက်လုပ်နေသဖြင့် ကျန်သူတို့မှာ မတွေးအားတော့။ သူတို့ပါ အလောတကြီးလိုက်ကောက်ကြပြန်၏။ စိတ်မနှံ့သူပေးသော အလင်းကြောင့် လူတချို့သည်လည်းအလင်းကို ရှာဖွေနိုင်စွမ်းရှိလာပြန်သည်။

 “အလင်းတွေဝယ်ချင်ပါတယ် အလင်းတစ်စအတွက် အမိုးတစ်စိတ် နဲ့ လဲပါ့မယ်။”
ကြည်လင်ပြတ်သားသော အသံများကြောင့် လမ်းကျဉ်းလေးထဲမှ လူအပေါင်းသည် အသံလာရာသို့လှည့်ာကည့်လိုက်ကြ၏။ လူကြီးလူကောင်းပုံဝတ်ဆင်ထားသော အမည်းရောင် ကမ္ဗလာများထံမှ အသံထွက်လာခြင်းဖြစ်သည်။ အမိုးမရှိ၊ အကာမရှိ၊ အိမ်မရှိ၊ ယာမရှိ ဆိုသည့်နာမည်ဖြင့် လမ်းကျဉ်းလေးတွင် နေလာတာကြာပြီဖြစ်သော သူတို့အတွက်တော့ အမိုးတစ်စိတ်ဟူသည် ကြီးမားသည့် ဆွဲဆောင်မှုကြီးဖြစ်သည်။
စိတ်မနှံ့သည့်အရူးမှလွဲ၍ ကျန်သူများ၏ မျက်နှာတွင် အနီရောင်သမ်းလာသည်။ ထို့နောက် အလင်းကောက်ဟန်မှာ ကနဦးကလို ငြိမ်ငြိမ်သက်သက်မဟုတ်တော့ပဲ ပြေးခွကျော်လွှားကာ ကောက်နေကြသည်။ အလင်းမမြင်သူတချို့ကလည်း ကိုယ့်ဘေးနားမှာရှိလိုရှိငြား လက်ဖြင့် မှန်းသမ်းရမ်းကာ ကောက်ကြ၏။ ကံကောင်းသူတချို့ရှိသလို ကံဆိုးမြဲဆိုးနေသူလည်း ရှိသည်။
အရူးသည် ခေါင်းကို ဖြည်းဖြည်းလေးလေး ခါလိုက်ရင်း အမည်းရောင်ကမ္ဗလာများဆီသို့ တည့်တည့်လျှောက်သွားလေ၏။
“ဘာ့ကြောင့် အလင်းကို ဝယ်ချင်ရတာတုန်း”
“အရူးက အရူးလို နေစမ်းပါ”
“ဘာ့ကြောင့် အလင်းကို ဝယ်ချင်ရတာတုန်း”
အရူး၏ ထပ်မေးသံကြားတော့ အမည်းရောင် ကမ္ဗလာတစ်ခုက ဖြေသည်။
“သူတို့ဆီမှာ အလင်းတွေများရင် ကျုပ်တို့ အမှောင်တွေ အတွက် နေရခက်မှာပေါ့ဗျ အားလုံးစုစုစည်းစည်းနဲ့ အလင်းကို တူတူကောက်လိုက်ကြရင် အလင်းထုကြီးက ကျုပ်တို့ကို ဖယ်ထုတ်မှာလေ ခုလိုကျတော့ အမိုးတစ်စိတ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက်အလင်းကောက်ရင်း သူတို့စိတ်တွေ မသန့်ရှင်းတော့ဘူး တွေ့လား အဲဒီအချိန်ကျ အလင်းရှင်လည်း သှူုလူတွေရဲ့ စိတ်ညစ်ထေးမှုကိုကြည့်ပြီး အလင်းကို ပြန်ရုတ်သိမ်းလိုက်မှာပဲ အဲဒီအခါ ဒီကမ္ဘာက ကျုပ်တို့ရဲ့ ကမ္ဘာ ဖြစ်မြဲဖြစ်နေမှာပေါ့”
အရူးက ခေါင်းခါလိုက်သည်။ ထို့နောက် အော်ကြီးဟစ်ကျယ်ဆန်စွာ အော်ဟစ်လိုက်သည်။
“ကြားကြလား”
မည်သူမျှ သူ့ကို လှည့်မကြည့်
“ကြားကြလား”
တစ်ယောက်နှင့်တစ်ယောက် ခုန်ပျံကျော်လွှားကောင်းနေကြဆဲ။
“ကြား ကြ လား”
ထို့နောက်တော့ ခုန်ပျံကျော်လွှားသံများမှလွဲ၍ မည်သည့်အရာမျှ မကြားရတော့။ အသံမထွက်ပဲ အော်ဟစ်နေသည့် အရူးတစ်ယောက်နှင့် ခုန်ပျံကျော်လွှားနေသည့် လူစုကြီးသာ ကျန်ခဲ့တော့၏။ အမည်းရောင်ကမ္ဗလာများကတော့ ကျေနပ်စွာ လက်ပိုက်ငေးကြည့်နေကြဆဲ။

ထိုအချိန်မှာပင် အရူး၏ မျက်ဝန်းများ ရုတ်တရက်ပြုံးသွား၏။ ထို့နောက်တော့ ကျေနပ်စွာ ခေါင်းတငြိတ်ငြိတ်လုပ်နေပြန်သည်။ ထို့နောက် အမည်းရောင်ကမ္ဗလာများကို လက်ညိုးထိုးကာ ဟားတိုက်ရယ်မောပြန်၏။ သို့သော် အသံမထွက်။ အမည်းရောင်ကမ္ဗလာများကတော့ အရူးကို ကြောင်အစွာ ပြန်ငေးကြည့်နေကြသည်။
“ဒီအရူးတော့ စိတ်မနှံ့တော့ဘူးထင်တယ်”
“ကြည့်ရတာ ပိုပိုဆိုးလာတယ်ထင်ပ”
ထို့နောက် သူတို့၏ မျက်လုံးများကို အပြိုင်အဆိုင် အလင်းကောက်နေကြသော လူစုကြီးထံသို့ လွှဲလိုက်ပြန်သည်။
အရူးကတော့ သူတို့ကို ဟားတိုက်ရယ်မောရင်း
“အဖန်တီးခံအချင်းချင်း ဘာ့ကြောင့် တိုက်ခိုက်နေကြပါသလဲ” ဟု ရွတ်ဆိုကာ လမ်းကျဉ်းလေးထဲမှ ထွက်ခွာသွားတော့၏။
လူစုကြီးကတော့ အပြိုင်အဆိုင် အလင်းကောက်ဆဲ။ အမည်းရောင်ကမ္ဗလာများသည်လည်း ကျေနပ်နှစ်သိမ့်နေကြဆဲ။

ရည်ဝေ(လင်းရောင်ခြည်)

Thursday 31 October 2013

“ လိပ်ပြာတစ်ကောင်၏ အတ္ထုပတ္တိ”

“ လိပ်ပြာတစ်ကောင်၏ အတ္ထုပတ္တိ”
===========================

“မင်း မျက်နှာလေးကချိုရွှင်နေတာပဲ မင်း လုပ်မှ အောင်မြင်မယ့် ကိစ္စပါကွာ သွားပါကူညီပါနော်”
“မင်းမှ မကယ်ရင် ငါတို့ အစာငတ်တော့မယ် သူငယ်ချင်းရယ် တောင်းပန်ပါတယ် ကူညီပါကွာ နော်”

သူက အင်းဆက်အမျိုးအစားဖြစ်ပေမယ့်ကံအကောင်းလွန်နေခဲ့သည်။ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ရာ၏ အသွေးအသားကို စုပ်ယူရမှ ရှင်သန်ရမယ့် အမျိုး မဟုတ်ခဲ့ဘဲ ပန်းပွင့်တို့၏ မွှေးရနံ့ကို တခဏမျှ ရှုရှိုက်ရုံမျှဖြင့် ခွန်ပြည့်အားပြည့် လန်းဆန်းနေတတ်သည့် မျိုးနွယ် ဖြစ်သည်။ ရံဖန်ရံခါ ပန်းတို့ဝတ်ရည်ကို သူ သောက်သုံးဖြစ်သည်။ သူ ဘယ်ကစဖြစ်တည်ခဲ့လဲ မသိသော်လည်း သူသိတတ်ပါပြီ ဆိုကတည်းက ဒီအင်းဆက်များသည် သူ့အတွက် ကစားဖေါ်ဖြစ်သည်။ သူ့အတွက် အမျိုးအဆွေဖြစ်သည်။

အင်းဆက်များကြားတွင် သူက မျက်နှာပန်းလှလွန်းလှသည်။ သူ့ကိုဆိုလျှင် ဟိုနေရာက လာပါဦး၊ ဒီနေရာက လာပါဦးနှင့် အမြဲတစေ ခင်မင်ကျွမ်းဝင်လိုမှုရှိကြသည်။ သူကလည်း ပျော်ပါသည်။ ထိုကဲ့သို့ သူငယ်ချင်းများအမျိုးအဆွေများနှင့် အတူရှိနေရခြင်းသည်ပင် သူ့အတွက်တော့ နိဗ္ဗာန်ဖြစ်သည်။ သူက သူငယ်ချင်းများအတွက် အသုံးဝင်သည်ဆိုလျှင်ပင် သူကျေနပ်ပါသည်။ တစ်ခုသာဝမ်းနည်းရသည်။ သူငယ်ချင်းများက အစားစားဖို့ လုံးပမ်းနေရချိန်တွင် သူက သူငယ်ချင်းများနှင့်အတူ မဟုတ်ဘဲ ပန်းရနံ့လေးသာ ရှုရှိုက်နေရ၍ဖြစ်သည်။
ဟိုးအရင်တုန်းကတော့ ဒီလို မဟုတ်ခဲ့။ သူငယ်ချင်းများအတွက် မခက်ခဲခဲ့။ သူနေထိုင်ရာ ပန်းတောထဲသို့ လာရောက်သူ အများအပြားရှိကြသည်။ ထို့ကြောင့် သူငယ်ချင်းများတွင် အစာရေစာ ခမ်းမည့်အရေးစိုးရိမ်စရာမရှိခဲ့။ ခုတော့ သူ၏ ပန်းတောကြီးကို လာရောက်သူ မရှိတော့။ အဝေးကပင်ငေး၍ နောက်ပြန်လှည့်သွားကြသည်။ ထို့ကြောင့် သူငယ်ချင်းများ အစာရေစာ ရှားပါးနေရသည်ကို သူ နားလည်ပါသည်။ ထို့အတွက်လည်း သူငယ်ချင်းများက သူ့ကို အကူအညီတောင်းနေခြင်းဖြစ်သည် မဟုတ်ပါလား။

အားလုံးကို ခြုံကြည့်လိုက်တော့ စိတ်မှာ နွမ်းလျသွားရသည်။ သူ့ကို ငေးကြည့်နေသည့် မျက်ဝန်းများစွာဝယ် တောင်းပန်တိုးလျှိုးမှုတွေပါသည်။ တလက်လက်တောက်ပနေသည့် မျှော်လင့်ခြင်းတွေပါသည်။ သူ့ခေါင်းသည် ဦးနှောက်၏ အဆုံးအဖြတ်ကို မသိရသေးခင်မှာပင် အောက်သို့ စိုက်ကျသွားလေတော့၏။
“ဟေး ဒါမှငါ့သူငယ်ချင်းကွ”
“ဒါမှ ငါ့သူငယ်ချင်း အစစ်”
“ငါတို့ သူရဲကောင်း ကွ”
သူ့ကို ဆွဲယမ်းလှုပ်ခါ၍ ပျော်မြူးနေသော သူငယ်ချင်းများကို ငေးကြည့်ရင်း သူ ပြုံးနေမိသည်။ သို့သော် သူ့မျက်ဝန်းများက တစ်စုံတစ်ခုကို တားဆီးနေရသည့် သဏ္ဍာန် ခံစားနေရသည်။ ဘာ့ကြောင့်များလဲဟု သူ မတွေးတော့။ သူ့ကို ဆွဲယမ်းလှုပ်ခါနေသော သူငယ်ချင်းတို့နှင့်အတူ သူ ပျော်ပစ်လိုက်တော့၏။

-------------+++++++++++++++++-------------------

စိတ်က တင်းတင်းကျပ်ကျပ်နိုင်လှသည်။ အတောင်ပံနှစ်ဖက် ဖျတ်ခနဲဖျတ်ခနဲ ခတ်လိုက်ရင်း အရှေ့သို့အားယူတိုးသွားလိုက်သည်။ အနောက်ကို လှည့်ကြည့်တော့ သူ့ကို အားပေးနေသည့် မျက်ဝန်းပုန်းများ။ သစ်ပင်လေးများကြားတွင် ပုန်းကွယ်လျှက် အားပေးနေသည့် သူငယ်ချင်းများကို သူ နှစ်သိမ့်ပြုံးပြုံးလိုက်ရင်း ပန်းတောကြီး၏ အရှေ့စူးစူးသို့ ခရီးထွက်ခဲ့လိုက်တော့သည်။

ကတိ ပေးခဲ့မိပြီ ဆိုသည့် အသိကို နှလုံးသားမှာ ကမ္ဗည်းထိုးထားလိုက်၏။ ကတိ ဆိုသည့်အရာကို သူ တန်ဖိုးထားသည်။ ကိုယ် ပေးသည့်ကတိကို တည်အောင်လုပ်သလို ကိုယ့်ကို ပေးသည့်ကတိကိုလည်း တည်မှကြိုက်သည်။ ဒါသည်က သူ့အကျင့်။ သူက ကတိပေးခဲ့သလို သူငယ်ချင်းများထံမှလည်း ကတိတစ်ခု တောင်းခဲ့ပြီးသား။ ကတိတစ်ခု၏ ဆုံမှတ်ရောက်သည်ထိ သူ ကူညီရမည် မဟုတ်လား။ အတောင်ပံတို့သည် ခတ်ရင်းခတ်ရင်း ပို၍ အားပါလာသလို ထင်ရ၏။ အနောက်သို့ခေါင်းလှည့်ကြည့်လိုက်တော့ အရာရာသည် မှုန်ဝါးဝါးကျန်ခဲ့ပြီဖြစ်၏။ ဘေးပတ်ဝန်းကျင်တို့ကို ကြည့်လိုက်တော့လည်း သူ့အရှိန်ကပင် မြန်နေလေသလားမသိ။ ရိပ်ခနဲရိပ်ခနဲ ရွေ့လျားသွားသည်မှာ ကြောက်ဖို့ပင် ကောင်းလွန်းလှသည်။ သို့သော် သူ အရှိန်အဟုန်မြှင့်ကာ အတောင်ပံတို့ကို ခတ်လိုက်ပြန်သည်။ အရာရာသည် ရိပ်ခနဲ ရိပ်ခနဲ။
ထို့နောက်တော့…….။

----++++++++++++++++++++------------------

ပန်းလေးတွေ ညှိုးလာလေသည်လား။ ယခင်လို ပန်းရနံ့တို့ ရှုရှိုက်ရုံဖြင့် သူ အာသာမပြေတော့တာ သတိထားမိ၏။ သို့သော် မည်သည့်အရာဖြင့် အာသာဖြည့်ရမည်ကို သူ မသိသေး။ သူ့အတောင်ပံတို့ခတ်ဖို့ရာလည်း အားအင်လျော့လာပြီဖြစ်သည်။ အရှေပန်းတောဆီသို့ ငေးကြည့်လိုက်မိတော့ သူ ချက်ချင်း အကြည့်လွှဲလိုက်ရ၏။ ပန်းတောကြီးအလယ် ပန်းပွင့်များကြားပျော်နေသည့် မိန်းကလေးနှင့် မိန်းကလေး၏ လက်မောင်းများဝယ် ခိုတွယ်နေသော သူ့သူငယ်ချင်းများ။

“အား………………”

လက်မောင်းမှ သွေးတို့ တစက်စက်ကျလျှက် အော်ဟစ်ထွက်ပြေးသွားသည့် မိန်းကလေးကိုကြည့်ရင်း သူ သက်ပြင်းတစ်ချက်ချလိုက်မိသလို ပြင်ပကမ္ဘာကို ထပ်ထွက်ရဦးမည် ဆိုသည့်အသိဖြင့် စိတ်က လေးလံထိုင်းမှိုင်းလာသည်။ ထို့အတူ ဘယ်သူမှ သူ့အားတွန်းအားလာမပေးသေးခင် အတောင်ပံတို့ကို ဆတ်ခနဲ ခတ်ရင်း ပြင်ပကမ္ဘာသို့ ပြေးထွက်လာလိုက်မိတော့သည်။ ဒါ ဘယ်နှစ်ယောက်မြောက်လဲ ဟူသည့်အတွေးကို သူ မတွေးမိအောင် ကြိုးစားနေပါသည်။
အတိတ်ခရီးထွက်စဉ်ကာလကလို အနောက်ဆီသို့ ပြန်လှည့်မကြည့်မိတော့။ အနောက်ဆီသို့ ပြန်လှည့်ကြည့်လိုက်မိလျှင် ရမ္မက်တို့ဖြင့် ဝင်းဝင်းတောက်နေမည့် အာသာငမ်းငမ်းမျက်ဝန်းများကိုသာ မြင်ရမည်မဟုတ်ပါလား။

---++++++++++++---------

“မဟုတ်ဘူး။ ကျွန်တော့်နောက်ကို မလိုက်ပါနဲ့ သူတော်စင် ခင်ဗျားထင်သလို ကျွန်တော်က သန့်ရှင်းစင်ကြယ်တဲ့ လိပ်ပြာမဟုတ်ဘူး”

“ဟယ် လှလိုက်တဲ့ လိပ်ပြာလေးဟယ်” ဟု ဆိုကြရင်း သူ့နောက်သို့လိုက်ကာ အသွေးအသားဆုံးရှုံးရသူများချေပြီ။ ဒီတစ်ခေါက် မည်သူ့ကိုမျှ သူ မဆွဲဆောင်ရသေး။ သို့သော် အချက်ပြနေသည့်ခန္ဓာကိုယ်က ပန်းတောကြီးဆီမှ ရနံ့တို့ကို သူ ရှုရှိုက်ဖို့ အချိန်တန်ပြီဟု အသိပေးနေသည်။ ထို့ကြောင့် သူ အပြန်လမ်းဆီ ဦးတည်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူ့ကိုမြင်၍ သူ့နောက်သို့ တကောက်ကောက်လိုက်လာသည့် ဝတ်ဖြူစင်ကြယ်နှင့် ပုဂ္ဂိုလ်ကြောင့် သူ့မှာ စိတ်အနှောင့်အယှက်ဖြစ်နေရသည်။ အပြန်လမ်းကို မည်သို့ပင် ကွေ့ကောက်နေပါစေ။ ထိုသူတော်စင်က ကိုယ့်နောက်ထပ်ချပ်မကွာလိုက်ပါနေသည်။

လမ်းတစ်ဝက်ပင် ကျိုးချေပြီ။ အိုး အေးငြိမ်းလိုက်တာ။ ထိုသူတော်စင် သူ့ကို ကြည့်နေသည့်မျက်ဝန်းများ။ ကြည်လင်ရှင်းသန့်နေသည့် မျက်ဝန်းအစုံကိုကြည့်ရင်း သူ့စိတ်တို့ အေးငြိမ်းလာသည်။ ထိုအခါ အလန့်တကြား သတိရမိလိုက်သည်က အေးငြိမ်းမှုတို့ ပျောက်နေသည်မှာ ဘယ်လောက်တောင်ကြာမြင့်ပြီလဲ ဟုပင်။ ရုတ်တရက် အလန့်တကြားထရင်း အတောင်တို့ ခတ်ကာ ပျံလိုက်သည်။ အတော်ဝေးဝေးသို့ ပျံပြီးနောက်လှည့်ကြည့်မိတော့ သူ စိတ်အေးသွားရသည်။ သူတော်စင် ကျန်ခဲ့ပြီဖြစ်၏။ ပတ်ဝန်းကျင်ဆီ အကဲခတ်ရင်း သူ အောက်ခြေဆီသို့ ကြည့်မိပြန်သည်။ အရာရာသည် တိတ်ဆိတ်သွားသလိုရှိ၏။ ဒါ သူလား ဟု မေးရမလောက်ပင် စမ်းချောင်းလေးမှာ ထင်နေသည့် သူ့အသွင်သည် ကြမ်းတမ်းရင့်ရော်လွန်းလှ၏။ ဟိုးအတိတ်ဆီက သူသည် အရောင်အသွေးစုံလင်လှပလွန်းသည့် လိပ်ပြာလေးဖြစ်သည်။ စမ်းချောင်းလေးမှာ သူ့ကိုယ်သူပြန်ကြည့်ရင်း လှလိုက်သည့် ငါ ဟု ကြည်နူးခဲ့ဖူးသည်။ ခုတော့ သူသည် လိပ်ပြာအိုတစ်ကောင် ဖြစ်လေပြီလား။ လိပ်ပြာအိုတစ်ကောင်နောက်ကို သူတော်စင် ဘာအကြောင်းအရာနှင့်များ လိုက်လာပါသလဲ ဟု သိချင်စိတ်တို့ ဖြစ်ထွန်းလာရသည်။ သို့သော် သူနောက်ပြန်မလှည့်ရဲ။ ဟော တွေ့ပါပြီ။

သာယာကြည်နူးဖို့ကောင်းလွန်းလှသည့် ပန်းတောကြီးဆီ အဝင်ပေါက်ဟု ခေါ်ဆိုနိုင်သည့် လမ်းဆုံလေး။ အတောင်တို့ကို ခပ်ပြင်းပြင်းခတ်လိုက်သည်။ လတ်တလော ထို ပန်းရနံ့ကို ရှုရှိုက်ဖို့ သူ့အတွက် အရေးကြီးနေပါပြီ။ သူ လမ်းဆုံလေးမှ ချိုးရန်ပြင်လိုက်သည်။ သို့သော် ရုတ်တရက် တန့်သွားရ၏။ သူ့ရှေ့တွင် အမည်းရောင်တိမ်ဆုပ်ကြီးသဖွယ် ပိတ်ရပ်နေသော သူငယ်ချင်းများ။ သူတို့၏ မျက်နှာက မာတင်းလွန်းလှ၏။ မျက်ဝန်းတို့သည် ဒေါသကို မီးတောက်အဖြစ် မှုတ်ထုတ်ပေးဟန်ရှိသည်။

“တစ်ယောက်မှ ပါမလာဘူးလား၊ ငါတို့ မျှော်နေတယ်ဆိုတာ သိရဲ့သားနဲ့”

သူ ကြောင်အအနိုင်စွာ အဖြေမပေးနိုင်ခဲ့။ သူ့ကို ပန်းတောကြီးဆီမှာ ခေတ္တ အမောဖြေခွင့်ပေးပြီးမှ မေးသင့်ပါသည်။ သူ “စိတ်ပင်ပန်းလိုက်တာ” ဟု ရေရွတ်လိုက်မိသည်။

“ငါ ပန်းတောကြီးဆီ ဝင်ပြီးရင် အဖြေပေးပါ့မယ်ကွာ ခဏ”

သူ့စကားတို့အဆုံးသတ်ထိမပြောနိုင်ပဲ ပန်းတောကြီးရှိရာသို့ သွားရန်ပြင်လိုက်သည်။ သို့သော် အမည်းရောင်တိမ်စိုင်ကြီးများက သူ့ရှေ့သို့ ကာဆီးထားပြန်သည်။
“မင်း တစ်ယောက်ယောက်ကို ခေါ်လာခဲ့ပါ ပြီးမှ ပြန်လာခဲ့”

အိုး ဒါ သူ့သူငယ်ချင်းလား။ အမိန့်သံဆန်လွန်းလှသည်။ သူ မော့်ကြည့်လိုက်မိတော့ အနီရောင်တောက်နေသည့် မျက်ဝန်းများစွာက သူ့ကို ကြည့်နေသည်။ မဟုတ်ဘူး။ မဟုတ်ဘူး။ ဒါ တကယ်မဟုတ်ဘူး။ သူ ခေါင်းခါရင်း အနောက်ဆီသို့ သုတ်ခနဲ ပြန်လှည့်လာခဲ့သည်။ မဟုတ်ဘူး ဆိုသည့် ညည်းတွားသံများကလည်းရင်မှာပြည့်နင့်နေသည်။

--------------+++++++++++----------------

အို သူတော်စင်။ စိတ်တို့ ခေတ္တငြိမ်းချမ်းသွားသလို ထင်ရ၏။ သူ့ကို လက်ကမ်းကြိုနေသည့် သူတော်စင့် လက်ပေါ်သို့ သူ သွားနားလိုက်မိသည်။ ထိုအခိုက်မှာပင် သူတော်စင်က ဖျတ်ခနဲ သူ့ကို တခြားလက်ဖြင့် ဖမ်းဆုပ်လိုက်သည်ကိုတွေ့ရ၏။ သူ မတားနိုင်ခဲ့။ ထို့အတူ ရုန်းကန်ဖို့ရာလည်း မတတ်နိုင်ခဲ့။ ငြိမ်ငြိမ်သက်သက်ဖြင့် သူတော်စင့် လက်ဖဝါးတွင် မှိန်းနေလိုက်မိသည်။ သူ ပင်ပန်းလွန်းနေပြီမဟုတ်ပါလား။
အနည်းငယ်သက်သာလာသည်နှင့် သူတော်စင့်ဦးတည်ရာကို လက်ချောင်းများကြားမှ သူ ကြည့်လိုက်မိသည်။ ရုတ်တရက် ထိတ်ခနဲ။ သူတော်စင် ဦးတည်နေသည့် နေရာသည် ပန်းတောကြီး တည်နေရာ ဖြစ်နေသည်မဟုတ်ပါလား။ သူ အားကုန်သုံးး၍ လက်ချောင်းများကြားမှ ထွက်ဖို့ကြိုးစားလိုက်သည်။ မရ။ လုံးဝမရ။

“ သူတော်စင်”

သူ အသားကုန်ကြုံးအော်လိုက်မိသည်။ သို့သော် သူတော်စင်မရပ်။ သူ ထပ်မံချောင်းကြည့်လိုက်သည်။ သစ်ပင်များကြားမှာ သူ၏ အမည်းရောင် သူငယ်ချင်းများ။ တားမှ တားမှ ဆိုသည့် စိတ်ဖြင့် သူ အားကုန်ရုန်းသည်။ မရ။ သူတော်စင့်လက်တို့က နွေးထွေးတင်းကျပ်လွန်းလှသည်။

“ဒီလူ ဘယ်လိုရောက်လာတာလဲ”

“လိပ်ပြာလွှတ်လိုက်တာလား မသိဘူး သူ ဘာ့ကြောင့်ပါမလာတာလဲ”

“အို တစ်နေရာရာမှာ သေနေပြီ နေမှာပေါ့ ဂရုမစိုက်စမ်းပါနဲ့ ငါတို့ နောက်ထပ် လိပ်ပြာတစ်ကောင် မွေးဖို့လုပ်ထားတာ အဆင်ပြေနေပြီမဟုတ်လား နက်ဖြန်သဘက်ဆို ဒီကောင် ပိုးတုံးလုံးကို ပေါက်ထွက်လာတော့မှာပဲ”
အို…… သူက သူတို့ ဖန်တီးထားတဲ့ လိပ်ပြာတဲ့လား။ သူ နားနှစ်နှစ်ဖက်ကို ယောင်ယောင်ရမ်းရမ်း ပိတ်လိုက်မိသည်။
“ဒီလိပ်ပြာနဲ့ဆို ဘယ်နှစ်ကောင်မြောက်လဲ မှတ်မိလား ”
သူငယ်ချင်းတစ်ယောက်ရဲ့ စကားကို ပြန်ဖြေသည့် သူငယ်ချင်းတစ်ယောက်၏ အသံအကြားမှာ သူ့စိတ်တို့ မာတင်းခက်ထန်သွားရ၏။

“ဟ တကူးတက မှတ်နေစရာလိုလို့လား ငါတို့အတွက် အသွေးအသားတွေ ရှာပေးပြီး အချိန်တန်ရင် သေမယ့်အကောင်လေးတွေကိုများ”

“အင်း ဒါ့ထက် ဘိန်းပန်းတောဘက်ကို ကလေးတွေ မသွားစေနဲ့ သေချာ သတိပေးထား ကြားလား ဒါ လိပ်ပြာတွေအတွက် သီးသန့်ထောင်ချောက်”

ထောင်ချောက်။ ထောင်ချောက်တဲ့။ မွေးကတည်းက ပိတ်မိနေတဲ့ ထောင်ချောက် တဲ့။ အိုး အနံ့။ သွေးနံ့တွေ ရနေပြီ။ ဒါဆို သူတို့ သူတော်စင့်လက်ခြေတွေကို ကိုက်ခဲနေပြီပေါ့။ သူ တားမရနိုင်စွာ ခြေတို့လက်တို့ တွန်းကန်လိုက်တော့ သူတော်စင့်လက်မှ လွတ်မြောက်သွား၏။ သူတော်စင်ကတော့ သူ့လက်သူ့ခြေမှ ခြင်များကို အလေးမထားဟန်နှင့် လွယ်အိတ်ထဲမှ တစ်စုံတစ်ရာကို ရှာနေသလို ရှိသည်။ ထို့နောက် သူတော်စင် လက်ထုတ်လိုက်ကာ တစ်စုံတစ်ခုကို ပန်းတောကြီးသို့ ပစ်လိုက်သည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူ့ဆီသို့ လက်ကမ်းလာပြန်သည်။ သူ သူငယ်ချင်းများကို လှမ်းကြည့်လိုက်တော့ သူ့ကို တစ်စုံတစ်ရာမျှ အလေးမထားသည့်ဟန်နှင့်။ သူတော်စင်နှင့် လိုက်သွားဖို့ သူ ဆုံးဖြတ်လိုက်သည်။

ရုတ်တရက် မွှေးရနံ့များ သင်းပျံ့လာသလိုရှိသည်။ ထိုမွှေးရနံ့နှင့်အတူ မီးခိုးစော်ဆန်သော အနံ့များပါ နှာခေါင်းတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာသည်။ အရှေ့ဆီသို့ကြည့်လိုက်တော့ သူ့သူငယ်ချင်းများက အမည်းရောင်တိမ်စိုင်ကြီးသဖွယ် အုပ်စုဖွဲ့ကာ သစ်ပင်များကြားသို့ ရုတ်ခနဲ ပြေးဝင်သွားကြသည်ကို တွေ့ရ၏။ သူသင်္ကာမကင်းစွာ အနောက်သို့ လှည့်ကြည့်လိုက်တော့တဟုန်းဟုန်းတောက်နေသောမီးညွန့်များဖြင့် ပန်းတောကြီး။ သူ ပျော်ရွှင်ခြင်းလား၊ ကြည်နူးခြင်းလား မကွဲပြားသည့် ခံစားချက်ဖြင့် ပြုံးလိုက်မိသည်။ ထို့အတူ..သူတော်စင့်နောက်သို့ တဟုန်ထိုး အပြေးလိုက် လိုက်မိတော့၏။
“သုံးယောက်ဆို တော်ပါပြီကွာ ကတိပေးတယ် သုံးယောက်ပြီးရင် မင်း ရှာမပေးနဲ့တော့နော်”
ထိုအချိန်တွင် ကတိပေးသံကို ရုတ်တရက် ကြားသယောင်ရှိ၏။ သူ ကျေနပ်ပြုံးပြုံးလိုက်မိသည်။ သူက ကတိဖျက်ခဲ့သည်လား၊ ပျက်ခဲ့သည်လား သေချာစရာမလိုတော့ပါ။ သူဆိုသည်က သူငယ်ချင်းများ၏ ကစားစရာ အရုပ်ကလေးသာသာ မဟုတ်လား။

ရည်ဝေ(လင်းရောင်ခြည်)

Tuesday 29 October 2013

ပစ္စက္ခ

“ပစ္စက္ခ”

တစ်ကိုယ်စာချစ်ခြင်းပေမယ့် ပြင်းလွန်းလှတယ်။ လေးလံနေတဲ့ စိတ်ကြီးက ဒီအကြောင်းအရာကို ဆက်ထမ်းပိုးထားတာကိုက မှားယွင်းမှုတစ်ခုဖြစ်ရမယ်။ ခုတော့လည်း ဒါကြီးက ကိုယ်နှလုံးသားပေါ်မှာ။ အချစ်ကို အချစ်လို့ သဘောပေါက်ဖို့ တစ်နပ်စာလွတ်ခဲ့တယ်။ ဒီအတွက် ခုကိုယ် ဆာလောင်နေပေမယ့် ကိုယ့်အတွက် မေတ္တာတရားက အဝေးပြေးပြီ…တဲ့။

အယုယခံနေ့ရက်တွေကို ပြန်တမ်းတမိတယ်။အယုယခံနေ့ရက်တွေကို ပြန်လွမ်းမိတယ်။ ကိုယ်ယုံကြည်တဲ့အရာတစ်ခုကို အသက်သွင်းဖို့ အယုယခံနေ့ရက်တွေကို မီးလောင်တိုက်သွင်းခဲ့မိတာ မှားခဲ့သလား။ အခါခါအထပ်ထပ်စဥ်းစားလည်း မသိခဲ့တာဒီအဖြေပဲ။ကိုယ် မသိသေးဘူး။ ကိုယ်မှားနေလား မှန်နေလား သိရဖို့ နောက်ထပ် အနှစ်ဘယ်နှစ်နှစ်စာလောက် ဆက်လျှောက်ရမလဲ။

စိတ်ကြီးက သိပ်ဝမ်းနည်းတတ်နေတယ်။ တစ်စုံတစ်ခုသော အကြောင်းအရာကြားရုံနဲ့ မျက်ရည်လွယ်တတ်တဲ့အကျင့်ကို ဘယ်ကာလကများ ကိုယ့်ဆီ ကူးယူခဲ့ပါသလဲ။ ခုတလောကိုယ့်မျက်ရည်တွေ သိပ်လွယ်တယ်။ ကိုယ့်သူငယ်ချင်းလေး စိမ်းကားမှုအပေါ်မှာ မျက်ရည်သိပ်ကျချင်တာပဲ။ တချို့သူတွေရဲ့ ကိုယ့်အပေါ် အရောင်တွေ စွန်းထင်းပြနေမှုမှာ ကိုယ် မျက်ရည်သိပ်ကျချင်တာပဲ။ ကိုယ်ကိုယ်တိုင် ပျိုးခဲ့တဲ့လမ်းလေးမှန်း ခဏခဏ သတိပေးနေရ။ဒါပေမယ့်လည်း လမ်းလေးက အလည်လွန်လို့ ပျောက်ရှ၊ ကိုယ် လမ်းပျောက်လုလုဖြစ်နေတယ်။

“လူတိုင်းမှန်သမျှ ဒုက္ခတရားနဲ့ ပေါင်းသင်းနေတာပဲ” တဲ့။ သူငယ်ချင်းတစ်ယောက်ရဲ့ သတိပေးစကားသံအဆုံးမှာ ကိုယ် သတိထားမိတယ။် ကိုယ်  ရနေတာက ဒုက္ခမဟုတ်သလို သုခလည်းမဟုတ်ဘူး။ လေလွင့်ခြင်းတွေ။ ထမင်းနပ်မမှန်တဲ့ နေ့ရက်တွေ ကိုယ်မရသေးဘူး။ လက်ညိုးညွှန်ရာ ရွှေဖြစ်တဲ့ ဘဝကိုယ်မရောက်သေးဘူး။ ကိုယ် ရနေတာက လေလွင့်ခြင်းတွေ။
စိတ်ကြီးက သိပ်ခက်တာပဲ။ ဘယ်လောက်နားလည်နားလည် သိပ်ဆိုးတယ်။ သူလိုချင်တာမရတဲ့အခါတိုင်း ကိုယ့်နှလုံးသားကို လေလွင့်ဒုက္ခတွေပေးတယ်။ ရွက်ဝါလေးလို လေမှာ လွင့်ချင်သူကိုမှ နားလည်မှုအသိပညာတွေ တိုးတိုးပြီး ထမ်းစေတယ်။ ကဲ ခု ကိုယ် ဘာလုပ်ရမလဲ။

ကျိန်းကျိန်းစပ်စပ်မျက်လုံးတွေကို မှိတ်ပစ်ဖို့ ကိုယ်ကြိုးစားနေပါတယ်။ ကျိန်းကျိန်းစပ်စပ်မျက်လုံးတွေနဲ့အတူ အိပ်စက်ဖို့ ကိုယ်ကြိုးစားနေပါတယ်။ “လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်” ။ အကျိုးအကြောင်းမသိရပဲ အဆက်သွယ်ဖြတ်ခံလိုက်ရတဲ့ အခါ စိတ်ကြီးဟာ သိပ်ပူလောင်တာပဲ။ ဘာဖြစ်နေလဲ မေးခွင့်မရှိဘူး။ နေမှကောင်းရဲ့လား သိခွင့်မရှိဘူး။ ဘာလုပ်နေလဲ ပြောခွင့်မရှိဘူး။ “လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ေ၇ာက်ရှိနေပါသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင်” ဆိုတဲ့ စကားလုံးလေးကိုပဲ ဒီချိန်မှာ မျှော်မိတယ်။ ခုတော့ ကော့သောင်ကို လှမ်းမျှော်ကြည့်ရတာ စိတ်ပင်ပန်းလွန်းတယ်။

သံယောဇဉ်ဆိုတာ မှော်ပဲ။ မမြင်နိုင်ပေမယ့် စွမ်းအားရှိတယ်။ ကိုယ့်စိတ်ကြီးပူလောင်လွန်းရင် ထိန်းချုပ်ပေးနိုင်သူ သုံးယောက်ရှိတာ ကိုယ် သိတယ်။ တစ်ယောက်က မလေးမြေမှာ ဖြစ်ပြီး နှစ်ယောက်က မြန်မာ့မြေမှာ။ အဖြူရောင်မှော်တွေကို လှမ်းငေးကြည့်ရင်း ကိုယ် ခုသိပ်ပူလောင်နေတာပဲ လို့ပြောရင် သူတို့ရယ်များရယ်နေကြမလား။ “အရမ်းချစ်ခဲ့ကြသူတွေပဲတခါတလေနားလည်မှုလွဲမှားတဲ့အခါမျိုးရှိတတ်တာပဲလေ အချိန်စောင့်ပြီး နားလည်မှုယူကြည့်ပါဦး” ဆိုတဲ့ ကိုယ့်စကားကိုယ် တာဝန်ယူနိုင်ရဲ့လား ပြန်စဉ်းစားကြည့်တော့သိပ်ကြောက်တာပဲ။“အရမ်းချစ်ခဲ့မိတာပဲ တခါတလေနားလည်မှုလွဲမှားတဲ့အခါမျိုးရှိတတ်တယ်ဆိုပြီး နားလည်ကြည့်ပါ့လား” ဆိုတဲ့ ဆုံးမစကားတစ်ခွန်းထွက်လာတယ်။ ကိုယ် ခေါင်းခါတယ်။ တစ်ခါမက နှစ်ခါသုံးလေးခါ အခွင့်ပေးပြီးသားပဲ။သူကိုယ်တိုင် နားလည်နိုင်တဲ့ အနေအထားတစ်ခု။ ကိုယ် မေ့ဖို့မုန်းဖို့ ဆုံးဖြတ်ချက်ဟာ ဘယ်တော့မှ မပြောင်းဘူး။ ကိုယ်ကိုယ်တိုင် ပျိုးခဲ့တဲ့ လမ်း၊ မှုန်ဝါးဝါးဖြစ်နေလည်းတစ်ယောက်တည်း ဆက်လျှောက်ပစ်မယ်။

ကိုယ့် ဆယ်စုနှစ်တာကို လည်ပြန်ငေးကြည့်မိတယ်.။ သူငယ်ချင်းတစ်ယောက် ပြောတဲ့ စကားတစ်ခွန်း သိပ်တန်ဖိုးရှိတာပဲံ။ “အလုပ်မှာ ပျင်းသွားတာ” တဲ့။ ငွေနောက် ပင်ပင်ပမ်းပမ်းမလိုက်ချင်တော့ဘူးဆိုတဲ့ ကိုယ့်စကားမှာ သူပြောလိုက်တဲ့ စကား။ ကိုယ် လက်ခံလိုက်ရတယ်။ ဟုတ်တယ်။ အလုပ်မှာ ပျင်းသွားတ။ ပင်ပင်ပမ်းပမ်းငွေမရှာတာကြာတော့ ငွေရှာတဲ့နေရာမှာ ပျင်းသွားတာ။ မတတ်နိုင်ဘူး။ ပျင်းတာကို ပြေအောင်ဖြောက်ဖို့ နည်းလမ်းပေါင်းစုံနဲ့ကြိုးစားလိုက်ဦးမယ်။ ကိုယ့်ဆယ်စုနှစ်မှာငါးနှစ်တာလောက်တော့ ကိုယ် သမ္မာအာဇီဝနဲ့ ငွေကောင်းကောင်းရှာနိုင်ခဲ့တယ်မဟုတ်လား။

ကိုယ့်လက်သည်းလေးတွေရှည်နေပြီ။ ကိုယ့်ဆံပင်တွေ ရှည်နေပြီ။ လက်သည်းလေးတွေ ယုယုယယညှပ်ပေးတဲ့ လက်တစ်စုံကို သိပ်လွမ်းတာပဲ။ ဆံပင်ရှည်လေးတွေရဲ့ အနားသတ်ကို တိပေးတဲ့ လက်တစ်စုံကို ကိုယ်သိပ်လွမ်းတာပဲ။ လမ်းက မှုန်ဝါးဝါးဖြစ်မှ အယုယခံနေ့ရက်တွေကို လွမ်းတာမဟုတ်ပါဘူး။ ကိုယ့်စိတ်အခန့်မသင့်တဲ့အချိန်မှာမှ တိုက်တိုက်ဆိုင်ဆိုင်လွမ်းမိတာ။
ကိုယ်ယုံကြည်ခဲ့တဲ့အရာတချို့ ပြောင်းလဲသွားတယ်။ ကိုယ်မထင်မှတ်တဲ့ အရာတချို့ ဖြစ်တည်လာတယ်။ ကိုယ် မသိခဲ့တဲ့ အပိုင်းအစတချို့ ကိုယ့်ဆီလာမှန်တယ်။ ဘာကို ယုံကြည်လို့ ဘာကို ကိုးကွယ်ရတော့မှာလဲဆိုတဲ့ မေးခွန်းတွေနဲ့ပဲ ကိုယ်ဟာ ဝဲလည်ဝဲလည်။

ကိုယ်ဟာကမာလေးပါ။ ပုလဲတစ်လုံးစာအတွက်ပဲ ရှင်သန်ခဲ့ရတာပါ………………..။
ကိုယ် ချန်ရစ်မယ့် ပုလဲလေးဟာ ကမ္ဘာမှာ အလှဆုံးမဟုတ်တောင်မှ မြန်မာမှာ အလှဆုံးဖြစ်ရမယ်။ ကြွေးကြော်တယ်။  ကိုယ့်ကြွေးကြော်သံဟာ ကိုယ့်စိတ်မှာပဲ လှောင်ပိတ်သွားတာခက်တယ်။ ဘယ်အရာတွေဆီ တိုင်တည်လို့ တိုင်တည်ရမယ်မှန်းမသိဘူး။ ကိုယ့်ရင်ဖွင့်ဖေါ်လေးအပေါ်လည်း တစ်စုံတချို့ မပြောဖြစ်တော့ဘူး။ တစ်ဖက်ဆီက တင်းကျပ်မှုတွေ လက်ခံရတဲ့ကိုယ်ဟာ ရင်ဖွင့်ဖေါ်လေးဆီမှာ ဖွင့်ထုတ်လိုက်တဲ့အခါ သူ…………တစ်စုံတစ်ခု ဖြစ်သွားလေမလား။ မေးခွန်းများစွာနဲ့ပဲ တချို့နေ့တွေဆို ကိုယ့်နှုတ်ခမ်းကိုယ် ဇစ်ပိတ်ထားလိုက်မိရဲ့။

ရူးလောက်တယ် ဆိုတဲ့ စကားတစ်ခွန်းကိုပဲ အထပ်ထပ်အခါခါ အော်နေမိတယ်။ ဟုတ်တယ်။ ရူးလောက်တယ်။ ရူးလောက်တယ်။ ကိုယ်စွန့်ခွာသွားချင်တာတွေ အများကြီးပဲ။ ကိုယ် ဆုပ်ကိုင်ထားချင်တာတွေ အများကြီးပဲ။ ကိုယ် ပြန်လှည့်ချင်မိတဲ့ အချိန်တွေမှာ ဘာတွေကို ဖျက်လို့ ဘာတွေကို ချန်ထားမယ် ဆိုတဲ့အသိ ခုထိ မသိသေးဘူး။ သေချာတာတစ်ခုကတော့ တစ်စုံတစ်ခုကိုလိုချင်ရင် တစ်စုံတစ်ခုကို စွန့်လွှတ်ရမယ် တဲ့။ ကိုယ်ဘာကိုလိုချင်တာလဲ စဉ်းစားဖို့တော့ လိုနေပြီ။

“ကိုယ်လိုချင်တာ မေတ္တာတရားဆိုရင် သူ့ဆီကနေ ဘာအကူအညီမှမတောင်းမိပါစေနဲ့။ ရိုးရှင်းတဲ့ မေတ္တာတရားကိုသာ စိတ်လွတ်ကိုယ်လွတ် လက်ခံလိုက်ပါ” တဲ့။
“ကိုယ်လိုချင်တာ အကူအညီလား သူ့ဆီကနေ မေတ္တာတရားကို မမျှော်ပါနဲ့ ။ ရိုးရှင်းတဲ့ ကူညီမှုကိုသာ အပြန်အလှန်အနေနဲ့ ဖေးမဖို့ပဲ လိုအပ်တယ်” တဲ့။

ကိုယ့်ကို ဆုံးမတဲ့ စကားနှစ်ခွန်းကို ကြောင်ကြောင်အအကြည့်ရုံကလွဲလို့ ကိုယ် ဘာမှမတတ်နိုင်ခဲ့ဘူး။ ကိုယ်လိုချင်တာ မေတ္တာတရားလား၊ အကူအညီလား မဝေခွဲနိုငသေးဘူး။ ကိုယ်လိုချင်တာ ဘာလဲ။ ကိုယ်လိုချင်တာဘာလဲ။ ကိုယ်လိုချင်တာ ဘာလဲ ဆိုတဲ့ မေးခွန်းကို ဖြေဖို့ ကိုယ့်မျက်လုံးကိုယ် အိပ်ခိုင်းနေပါတယ်။ ပစ္စုပ္ပန်မှာ အဖြေမရတောင် အိပ်မက်မှာ အဖြေရမလားလို့…….။

တစ်ခါတစ်ခါ ကိုယ် သိပ်ထွက်ပြေးချင်တာပဲ။ ကိုယ် မဖြေရှင်းနိုင်တဲ့ ပတ်ဝန်းကျင်ကို တစ်ခါရောက်တိုင်း ရင်ထဲမှာ ကြောက်စိတ်တွေလျှံတက်တယ်။ ကိုယ် တစ်စုံတစ်ယောက်ကို ပိုမျှော်မိလေပဲ။ ကိုယ့်လက်ကို ကမ်းလို့ အတူတကွ ရင်ဆိုင်မယ်ဆိုတဲ့ လက်တစ်စုံ။ တစ်ခါတုန်းကတော့ ကိုယ့်မှာ လက်တစ်စုံရှိခဲ့ဖူးတာပဲ။ ခုတော့ ကိုယ့်မှာ ဘာလက်တစ်စုံမှ ရှိမနေခဲ့ဘူး။ ကိုယ် ခု မဖြေရှင်းနိုင်တဲ့ ပတ်ဝန်းကျင်ကို ရောက်နေတယ် ဆိုတဲ့ အသိကြီးကို ဦးနှောက်ကနေ ဖျက်လို့မရဘူး။ ကိုယ် မျှော်လင့်နေတဲ့ လက်တစ်စုံဟာ ဘယ်နေရာကနေရောက်လာမှာလဲ ကိုယ်မသိဘူး။ ကိုယ် တကယ်မသိဘူး။

အဖြေမရှိမေးခွန်းတွေနဲ့ အဖြေမသိ မေးခွန်းတွေနဲ့ ကိုယ့်ကမ္ဘာက ဒီနေ့မှပိုမှောင်မိုက်နေသလို ထင်ရတယ်။ ကိုယ် တကယ်ကြီး ထွက်ပြေးချင်နေတယ်။ တကယ်ကြီး ထွက်ပြေးချင်နေပါတယ်………..။
တစ်ကိုယ်စာ ပန်းတိုင်ပေမယ့် နည်းနည်းတော့ ခက်ခဲတယ် ထင်လာမိပြီ။ အဝေးပြေးချင်နေတဲ့ စိတ်တွေနဲ့......။

ရည်ဝေ(လင်းရောင်ခြည်)

မင်္ဂလာပါ ဟုတ်ကဲ့ ဟုတ်ကဲ့ မင်္ဂလာပါ

“မင်္ဂလာပါ ဟုတ်ကဲ့ ဟုတ်ကဲ့ မင်္ဂလာပါ”

မင်္ဂလာပါ။ ဟုတ်ကဲ့။ ဟုတ်ကဲ့။
အဆုံးသတ်သွားတဲ့ စကားလုံးတွေကို ငေးကြည့်မနေတော့ဘူး။ ဒါ တို့တွေအတွက် နှုတ်ဆက်တေးလို့ မှတ်လိုက်။ စိမ်းသက်သွားတဲ့ စကားလုံးတွေနောက်ကို မင်းလိုက်ကြည့်မယ်လို့လည်း ငါမထင်ပါဘူး။ ဒီကောင်မလေး ဘာအရူးထပြန်ပြီလဲ လို့ပဲ မင်းတွေးမှာ ငါသိတယ်။

နှင်းတွေကျတဲ့ မနက်ခင်းတွေကို delete ဆိုတဲ့ ခလုတ်ကို အပိုင်စားပေးလိုက်ပြီ။ ကျစိမ့်တစ်ခွက်ကိုလည်း အတူခေါ်မလာတော့ဘူး။ အေးစိမ့်နေတဲ့ မနက်ခင်းတွေတိုင်းမှာ ဝေနေတဲ့ အလွမ်းတွေကို ပါကင်ပိတ်ပြီး မျှောလိုက်တော့မယ်။ မတော်တဆနဲ့ အမှတ်တရ ဖြစ်သွားခဲ့တဲ့နေ့ရက်တွေကိုလည်း မန်မိုရီကနေ ဖြတ်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီးသား။ ကဲ သစ်တစ်ပင်ဟာ ပုတ်သင်ညိုလို အရောင်ပြောင်းတတ်ကြောင်း သိတဲ့အခါ မင်း မမဲ့နဲ့နော်။ ငါက အငြိုးကြီးတတ်တယ်။
ဆစ်ခ်ခနဲ နာသွားတဲ့ စိတ်ကို ဘာနဲ့ ပြန်ဖာထေးရမလဲ တကယ်မသိတော့ဘူး။ အပ်စူးတာ ထင်နေခဲ့တာ၊ ပုဆိန်ထွင်းခံလိုက်ရတဲ့ နှလုံးသား က မငိုတတ်တော့ဘူးဆိုပြီး မျက်ရည်တွေချည်းကျကျနေတာ ခက်တယ်။ တစ်ရက် ၂၄နာရီ၊ တစ်နာရီ မိနစ်၆၀၊ တစ်မိနစ် စက္ကန့်၆၀၊ တစ်စက္ကန့် ကို အမုန်းကြိမ်နှုန်း တစ်သန်း။ လည်နေတဲ့ ကမ္ဘာကို မုန်းတယ်။ ၃နဲ့၎ လို အမြဲကျောခိုင်းနေရရင် အကောင်းသား။ ၄ နဲ့ ၃လို ပြန်ဆုံမှာ သိနေတဲ့ စိတ်ကြီးက ကြိုကြိုပျော်တတ်လွန်းလို့ ကြိုးတုပ်ထားရတယ်။

အချစ်၊ အလွမ်း၊ အမုန်း ဘာကိုမှ မသိချင်တော့ဘူး ခေါင်းခါရင်း စိတ်ထဲက ရေးနေမိတဲ့ လွမ်းချင်းကို အပြီးသတ်နေမိခဲ့။ “ခင်ဗျားဗျာ ပြင်ပ အလှကိုချည်း ဂရုစိုက်မနေနဲ့ ကိုယ့်အရည်အချင်းကို လည်း တိုးတက်အောင် ကြိုးစားဦး” ဆိုတဲ့ ပြင်ပလူတချို့ရဲ့ သတိပေးစကားအဆုံးမှာ ဟားတိုက်ပြီးကို ရယ်ပစ်လိုက်ချင်တာ။ မင်းအတွက်နဲ့ ကြိုးစားခဲ့တာ မဟုတ်ဘူး။ ကိုယ့်တစ်ကိုယ်ရည်စာ သပ်ရပ်မှုအတွက် ဆံပင်ဖြောင့်ခဲ့ရုံလေးတင်။ ဒီလိုအပြောဒီလိုအမြင်တွေကို လက်ခံရမယ် တကယ်ထင်မထားမိခဲ့ဘူး။ ခုကျတော့ အရာရာက နေသားတကျ။ သစ်ပင်လေးဟာ ငှက်ကလေးအတွက် အလှတွေ ပြင်နေခဲ့တာ တဲ့။
ရောက်တတ်ရာရာ အမုန်းတရားတွေကို သေချာထုပ်ပိုးထားတယ်။ တစ်ခါတွေ့တိုင်းတစ်ခါထုတ်သုံးမယ်ဆိုတဲ့ အငြိုးကြီးနဲ့။ ရောက်တတ်ရာရာအလွမ်းတွေကို မျောပစ်လိုက်တယ်။ ဘယ်တော့မှ ပြန်မလာနဲ့ ဆိုတဲ့ သတိပေးစကားနဲ့။ မျှော်လင့်ရတာ အခါခါ၊ မျှော်လင့်မှုတွေပျက်သုဉ်းရတာ အခါခါ။ ဟိုလူးဒီလူး ဆယ်ကျော်သက်အရူးလေးလို မနူးမနပ်ခံစားနေရ။

အပျော်တစ်ခါပျက်တိုင်း အမုန်းတစ်ခါမတိုးရက်ခဲ့ပေမယ့် ခုတလော ငါ အငြိုးကြီးနေခဲ့တယ်။ အပျော်တစ်ခါပျက်တိုင်း အမုန်းတစ်ခါတိုးတတ်ခဲ့။ မျှော်လင့်မှုတစ်ခါပျက်တိုင်း အမုန်းတစ်ခါ တိုးတတ်ခဲ့။ မမျှော်လင့်ခိုင်းပေမယ့် အမျှော်လင့်ကြီးခဲ့သူမို့ အမုန်းပိုကြီးတတ်ခဲ့တယ်။

ကမ္ဘာ ဆိုတဲ့စကားလုံး၊ ရန်ကုန်ဆိုတဲ့ စကားလုံးတွေ ခဏခဏမရွတ်တော့ဘူး။ မင်္ဂလာပါ၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ မင်္ဂလာပါ။ ဒီစကားတွေနဲ့ မျက်နှာသစ်လို့ ပြုံးပြုံးလေး လက်နက်တပ်ဆင်လိုက်တယ်။ ငါအမြဲတစေ ရွတ်နေမိမှာ မင်းနာမည်မဟုတ်တော့ဘူး။ မင်္ဂလာပါ တနင်္လာအစ မင်္ဂလာပါ တနင်္ဂနွေအဆုံး။ ငါအငြိုးတွေ တနင့်တပိုးနဲ့ ခပ်ပြုံးပြုံးလေးပဲ …………….။
တွန့်ကွေးကွေးအပြုံးတစ်ခုနဲ့ လွင့်ဝဲနေတဲ့ ဆံညိုတွေ ဖျတ်ခနဲ အမြင်မှာ ပေါ်တယ်။ ဒါ ဖျက်ဖို့ ကျန်နေတဲ့ အစိတ်အပိုင်းတစ်ခု။
မင်္ဂလာပါ ဟုတ်ကဲ့၊ ဟုတ်ကဲ့ မင်္ဂလာပါ။
ရည်ဝေ(လင်းရောင်ခြည်)

Wednesday 23 October 2013

သူ၊ ကိုယ်၊ ဆုံချက်မဲ့ ကမ္ဘာ

မပြောဖြစ်ခဲ့တဲ့ စကားလုံးတိုင်းမှာ ဝါကျလေးက တစ်ကြောင်းတည်း။ မေ့ပစ်ခဲ့တဲ့ မျက်ဝန်းတိုင်းမှာ အစိမ်းရောင်စကားပန်းတွေ ပွင့်နေခဲ့တာပဲ။ အရောင်တွေ မတွေးပဲ သွန်ချလိုက်တဲ့ အိပ်မက်တိုင်းမှာ နေရာယူထားသူက တစ်ယောက်တည်းပဲရှိခဲ့တယ်။

--------++++++++++++++------------------------------

တဝီဝီမြည်တမ်းနေတဲ့လမ်းမကြီးထက် တစ်ယောက်တည်းလျှောက်လာခဲ့ပေမယ့် စိတ်မှာ နစ်ဝင်သွားတဲ့ ဆူးတစ်ချောင်းကတော့ ကိုယ်နဲ့ အတူ ပါမြဲပါလျှက်ပဲ။ ဟိုသွားဒီလာ ခရီးတိုင်းမှာ ကျစိမ့်လေးတစ်ခွက် အမြဲပါဖြစ်ကြောင်း သူသိအောင် သတင်းမပို့ချင်ပါဘူး။ သူ့မျက်ခွံလေးတွေ အညိုရောင်သမ်းမှာစိုးတယ်။ သူ့ လက်သည်းပန်းရောင်လေးတွေကို ကိုယ့်ဝင်သက်ထွက်သက်နားမှာ ထားချင်မိတာ ခဏခဏပဲ။ ဒါပေမယ့်လည်းလေ ကိုယ် တောင်းဆိုဖို့မဝံ့ခဲ့ဘူး။
ကိုယ်ပို့လိုက်တဲ့ မက်ဆေ့ဂ်ျတိုင်း ပြန်စာမလာခဲ့ဘူး။ ဖတ်သွားခဲ့တာပဲလေ ဆိုတဲ့ အသိနဲ့ နာနာကျင်ကျင်ကျေနပ်လိုက်ရတာ အခါခါ။ ကိုယ့်လက်ဖဝါးလေးတွေ အေးစက်နေတဲ့အကြောင်း သူ့ကို ပြောပြချင်ခဲ့တာ အခါခါ။ မျှော်လင့်ခြင်းက ရူးသွပ်မှုကိုပါသယ်ဆောင်လာခဲ့သလား။ ဟင့်အင်း။ ကိုယ်မသိဘူး။ အတိတ်ပျောက်မယ့်အိပ်မက်တွေကိုပဲ တရှိုက်မက်မက်လိုက်ရှာနေခဲ့မိတယ်။

သိလား လို့ ခပ်ပြုံးပြုံးမေးဖူးတဲ့ သူ့စကားသံတွေမှာ ကိုယ် တွေးဖူးတာပေါ့။ သူ့အသံ ဘာ့ကြောင့် ကြမ်းရှနေခဲ့ပါသလဲ ဆိုတဲ့ အမေးစကားတွေနဲ့။ ကျွန်တော်ကလို့ သူပြောခဲ့တဲ့ စကားပေါင်းများစွာကို မမှတ်သားမိခဲ့ပေမယ့် သူ့အပြုံးတိုင်းမှာ ယောင်ယောင်လေးမဲ့နေတဲ့  သရော်မှုလေးကို ကိုယ် အမှတ်ရတယ်။ အတူတွဲလျှောက်ဖူးခဲ့တဲ့ လမ်းတွေ သိပ်မများခဲ့ပါဘူး။ လျှောက်ခဲ့ဖူးတဲ့ လမ်းတိုင်းဟာလည်း ရင်မှာစူးနစ်ကျန်ခဲ့တာတော့ ကိုယ် အညှာလွယ်ခြင်းလို့ပဲ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲလိုက်မိတယ်။
သိုင်းပြိုင်သလိုပဲ ရေနွေးကြမ်းတစ်ခွက်မှာ သူနဲ့ကိုယ်က အာရုံချင်းပြိုင်ခဲ့ဖူး၊ သူ့နှုတ်ခမ်းစူပုတ်ပုတ်ကိုကြည့်လို့ ကိုယ့်မှာ ပြုံးပျော်ခဲ့ရဖူးတယ်။ သူ့မျက်ဝန်းလေးတွေ သိပ်ရီတာပဲ။ တခါတခါကျတော့လည်း ရီဝေဝေနိုင်လွန်းလှတယ်။ သူ့မျက်ဝန်းအတိမ်အနက်ကိုကြည့်လို့ သူ့တစ်နေ့တာကို ကိုယ့်မှာ အဓိပ္ပါယ်ဖွင့်ခဲ့ဖူးတာပေါ့။ သိပ်ကြည်နူးဖို့ကောင်းတာပဲ။ ချစ်မိသူတစ်ယောက်ရဲ့ တစ်နေ့တာကို ကိုယ့်စိတ်ကူးလေးနဲ့ ပုံဖေါ်ခွင့်ရခြင်းဟာ ဘယ်လောက်ထိ ရင်ခုန်ကြည်နူးရသလဲ ခံစားမိတဲ့နေ့က ကိုယ်ငိုတယ်။ ငိုခဲ့တယ်။

အသွားအပြန်မရှိတဲ့ ချစ်ခြင်းတရားမှာ နေဝင်နေထွက် ငေးမောနေရတဲ့ ဘဝကို ကိုယ်ခုထိ စိတ်မကုန်သေးဘူး။ ချစ်တယ်၊ ချစ်ခဲ့တယ်၊ ချစ်နေမိတယ်၊ ချစ်နေမိဆဲ ဆိုတဲ့အတွေးတွေနဲ့ ရူးတဲ့ညတိုင်းမှာ ကိုယ့်အသိစိတ်က မှိုင်းမှိုင်းညှို့ညှို့။ ကူကယ်သူမဲ့တဲ့ ချောက်နက်ကြီးလို့ တိတ်တခိုး အမည်တပ်မိတော့ ကိုယ့်ချစ်ခြင်းကို ပြန်အားနာသွားမိတယ်။ အချစ်ဟာ အပြစ်ရှိတယ် ဆိုတဲ့ ခံစားချက်ကြီးက သူနဲ့မှ မထိုက်တန်ခဲ့ပဲလေ။ တကယ်ဆို မှာ.သူက ကိုယ် ချစ်မိသူကလည်း ကိုယ်။ သူ မုန်းမိတဲ့ ကိုယ်က သူ့ကို ချစ်သွားမိတာ ကိုယ့်အပြစ်။ အချစ်ဆိုတဲ့ ခုံရုံးကြီးကို သူနဲ့အတူကျော်ဖြတ်သွားချင်စိတ်တွေက တစ်နေ့တခြားလေးလံလာတယ်။ တစ်နေ့တခြား လေးလံ လာခဲ့တယ်။

သူ့ကို ငေးကြည့်နေမိတဲ့ ကိုယ့်ချစ်ခြင်းကို ကိုယ် သိပ်လှောင်ချင်တာပဲ။ ကိုယ်က သူ့တစ်နေ့တာကို အရိပ်လိုငေးလို့။ သူက တစ်စုံတစ်ယောက်ရဲ့ တစ်နေ့ကို အရိပ်လိုငေးလို့။ အဲဒီတစ်စုံတစ်ယောက်က အခြားတစ်စုံတစ်ယောက်ဆီမှာ။သံသရာဆိုတာကြီးက လည်တတ်တယ်ဆို။ ခုထိ ပြန်လှည့်မလာသေးတဲ့ သူ့မျက်ဝန်းတွေကို ကိုယ် သိပ်သနားတာပဲ။ သူ့ချစ်ခြင်းတွေ ပုံပေးထားတဲ့ မိန်းကလေးကို ကိုယ် သိပ်သနားတာပဲ။ သူ့ချစ်ခြင်းတရားကို မျက်ကွယ်ပြုခြင်းဟာသူမအတွက် ကြီးလေးတဲ့ အမှားတစ်ခုဆိုတာ မသိလေလျော့သလား။ သူ့ချစ်ခြင်းတွေကို ဖြေသိမ့်မပေးနိုင်တဲ့အခါ ကိုယ် သိပ်ငိုချင်တာပဲ။ သူ့မျက်ဝန်းလေးတွေ တစ်နေ့တခြား ညိုမှောင်လာစေတဲ့ မိန်းကလေးဆီ ဖြစ်နိုင်ရင် စာပါးလိုက်ချင်တယ်။ သူက နှလုံးသားကြီးမြတ်တဲ့ လူသားတစ်ယောက်ပါ လို့လေ။ ကိုယ်ကလား။ ကိုယ်ကတော့ အလှောင်ခံချစ်ခြင်းတရားသက်သက်ပါ။ တန်ပြန်မရှိတဲ့ ချစ်ခြင်းတရားမှာ မြုပ်နှံလိုက်မိတဲ့ နှလုံးသားကို ခုထိ ပြန်ဆွဲမထုတ်နိုင်သေးဘူး။ ဒါပေမယ့်လည်း နာနာကျင်ကျင်နဲ့ ကျေနပ်ပါတယ်။
အိုး သူ့ခြေသန်းလေး ငိုနေတယ်။ အရင်နေ့တွေလောက်မချောတော့ဘူး။ ပေကျံနေတဲ့ မြေမှုန်တွေနဲ့ ခြေသန်းလေး ငိုနေတယ်။ သူ့ဆံပင်လေးကတော့ ခုထိ မှုန်ဝါးဝါးနက်နေတုန်း။ သူ့နှုတ်ခမ်းလေးက ခုထိ သရော်တော်တော်အပြုံးလေးချိတ်ထားတုန်းပဲ။သူ့လက်မလေးမှာ ကိုယ်မျှော်လင့်ထားတဲ့ လက်သည်းလေး မရှိတော့ဘူး။ သိပ်မလှတော့သလိုပဲ။ သူ့မျက်ဝန်းလေးက ပြုံးနေတာပဲ။ တစ်စုံတစ်ခု ကျေနပ်ပျော်ရွှင်စရာများရှိခဲ့ရင် ကိုယ်ပါ ပျော်ချင်တာပေါ့။ သိခွင့်ရဖို့ မတောင်းဆိုဝံ့ပါဘူးလေ။ ကိုယ်ဆိုတာက ပုန်းလျှိုးကွယ်လျှိုးနဲ့ ကိုယ်ပျောက်သိုင်းသမားလို ချစ်ခြင်းတရားကို သိုဝှက်ရသူမဟုတ်လား။

အချစ်တဲ့။ လက်သည်းလေးတွေလိုပဲ။ ဘယ်လောက်တုံးတုံး မသုဉ်းဘူး။ တစ်ရက်နှစ်ရက် မေ့ထားရုံနဲ့ အင်တိုက်အားတိုက်ကြီးထွားလာတဲ့ အရာလို့ပဲ ကိုယ်ဆိုလိုက်ချင်ရဲ့။ မေ့ထားတယ်။ မေ့ခဲ့တယ်။ မေ့နေခဲ့တာပဲ။ ဒါပေမယ့်လည်းလေ မီးခဲပြာဖုံးက ပိုအပူကဲကြောင်း သိလိုက်ရတယ်။ ကိုယ် ကျေနပ်ပါတယ်။

----------------++++++++++++++++++++++-------------------------------

ဟယ်လို အစ ဒါပဲနော် အဆုံး ပျက်သုဉ်းသွားတဲ့ ဖုန်းကောလေးမှာ ကိုယ် ခဏခဏဖွင့်နားထောင်မိတာ ကော ရက်ကော်ဒါ(Call Recorder)လေး။ သိပ်ထူးဆန်းတာပဲ။ စကားအစအဆုံးကို မှတ်ထားရုံမကဘူး။ ရင်ခုန်သံကြိမ်နှုန်းအစအဆုံးကို မှတ်ပေးထားလို့ ကျေးဇူးတင်တယ်။ အလွမ်းနွံထဲက ဆွဲထုတ်ဖို့ ကောရက်ကော်ဒါလေးက ကိုယ့်ကယ်တင်ရှင်။ ရှတတကြမ်းအက်နေတဲ့ အသံလေးမှာ ကိုယ့်စိတ်လေးက သိပ်ပြီး ပျော်ဝင်တာပဲ။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး။ တားခွင့်ရတဲ့ ချစ်ခြင်းသာရှိရင် ရိုမီယိုနဲ့ ဂျူးလိယက်လည်း ကမ္ဘာကျော်မှာမဟုတ်ဘူး။ ကိုယ်လည်း သူ့အတွက် ချစ်ခြင်းနဲ့ နိုင်ငံမကျော်ပေမယ့် အိမ်ကျော်ပစ်လိုက်မယ်။
ကျွန်တော် တဲ့လေ။ သူ့စကားအသုံးအနှုန်းမှာ ကိုယ့်ရင်ခုန်သံပျော်ဝင်နှုန်းကို တိုင်းတာဖို့ ဘယ်သိပ္ပံပညာရှင်မှ တတ်နိုင်မယ်မထင်ဘူး။ ကိုယ်ကလည်း ကိုယ်ပါပဲ။ သူ့စကားအသုံးလေးအတိုင်း လိုက်သုံးပစ်လိုက်တယ်။ ကျွန်တော်ပါလို့။

---------------++++++++++++++++----------------------

မပြောဖြစ်ခဲ့တဲ့ စကားလုံးတိုင်းမှာ ဝါကျလေးက တစ်ကြောင်းတည်း။ မေ့ပစ်ခဲ့တဲ့ မျက်ဝန်းတိုင်းမှာ အစိမ်းရောင်စကားပန်းတွေ ပွင့်နေခဲ့တာပဲ။ အရောင်တွေ မတွေးပဲ သွန်ချလိုက်တဲ့ အိပ်မက်တိုင်းမှာ နေရာယူထားသူက တစ်ယောက်တည်းပဲရှိခဲ့တယ်။
ချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းကို မပြောဖြစ်ခဲ့သလို မေ့ပစ်ခဲ့တဲ့ မျက်ဝန်းတိုင်းဟာလည်း အိပ်မက်မှာ အမြဲရှင်သန်နေခဲ့တယ်………….။ သူ သိနိုင်မယ် မထင်တဲ့ ကိုယ့်ကမ္ဘာက သူ့အစိမ်းရောင်မျက်ဝန်းတွေနဲ့ ခြယ်သထားကြောင်း ပြောဖို့ ကိုယ် မကြိုးစားဝံ့ဘူး။
ကိုယ့်အပြစ်နဲ့ကိုယ် သူ့အတွက်ချစ်ခြင်းတရားကို ဆက်ထမ်းပိုးနေမိ။

“ချစ်တယ်……ဗျာ ” လို့ အကြိမ်ကြိမ်အော်မိတဲ့ စကားလုံးတွေက တိုးတိတ်ဆွံ့အ ပဲ့တင်သံပြန်မလာသလို တန်ပြန်မေတ္တာ ပြန်မလာနိုင်တဲ့ ကမ္ဘာ သူမုန်းနေတဲ့ ကိုယ့်ရဲ့ ကမ္ဘာ။ ခြောက်သွေ့ကြမ်းရှလွန်းတယ်။

ရည်ဝေ(လင်းရောင်ခြည်)

Tuesday 22 October 2013

စိတ်ရဲ့အနးသတ်


“စိတ်ရဲ့အနားသတ်”

ဟောဒီရင်ဘက်ထဲက အောင့်သက်နေတာပဲ။ ကိုကို့အတွက် ကျွန်မ တစ်စုံတစ်ရာအရေးပါခဲ့သလားဟင်။ သိချင်လိုက်တာ ကိုကို။

မိန်းမသားတဲ့။ ချစ်သူကို ချစ်တယ် ဟု ဖွင့်ပြောခွင့်မရခြင်းမှာ သိက္ခာတရားပါသည်။ အစဉ်အလာပါသည်။ လူတစ်ယောက်ကို မည်မျှပင် မြတ်နိုးခဲ့စေကာမူ ကိုယ်ကစ၍ ချစ်ပါတယ် လို့တော့ ဖွင့်ပြောခွင့်မရ။ ဖွင့်ပြောခဲ့လျှင်လည်း ထိုမိန်းကလေးသည် မိန်းမသားတို့စောင့်ထိန်းအပ်သည့် အစဉ်အလာကို ချိုးဖျက်ခြင်းဖြစ်သည်။ ထိုမိန်းကလေးအပေါ်မှာလည်း တဖက်ယောက်ျားသားက အထင်သေးသွားနိုင်ပါသည်။ သိသည်။ ဦးနှောက်ကြီးက သိသည်။ နှလုံးသားက ထိန်းရခက်နေသည်။ ကဲ ဘယ်လိုလုပ်မလဲလေ။
“သူနဲ့ ငါက အရင်က ညီအစ်မလို နေလာတာ ငါနဲ့ကိုအောင်နဲ့ ချစ်သူဖြစ်တာ ဖွင့်မပြောပြပေမယ့် သူသိတာပဲ သူသိသိကြီးနဲ့ ကိုအောင့်ကို…”

စကားဆက်မဆိုတော့သော သူငယ်ချင်းကို ငေးကြည့်နေမိသည်။ အိုး ကျွန်မကော ကိုကို့မှာ ချစ်သူရှိမရှိ သေချာမသိပဲနဲ့များ မျက်ကန်းမြတ်နိုးနေဖြစ်ခဲ့တာလား။ သို့ဆိုလျှင်တော့ မဖြစ်သေး။ ကျွန်မ အချစ်ဓါးမြ မဖြစ်ချင်ပါ။ ကိုကို့ကို ဘယ်လောက်လွမ်းလွမ်း၊ ကိုကို့ကို လွမ်းပါသည် ဟု သတိတရထုတ်မပြောတတ်ခဲ့ပါ။ ကိုကိုရှိရာနေရာသို့သွား၊ ကိုကို့မျက်နှာလေးမြင်ခွင့်ရလျှင်ပင် ကျေနပ်တတ်ခဲ့တာဖြစ်သည်။ ကိုကို့ဆီက ချစ်တယ်ဆိုသည့်စကားတစ်ခွန်းကို သေလုအောင် မျှော်လင့်ရပါသည်။ သို့သော် ကိုကိုပြောတတ်သည့် စကားလေးကဲ့သို့ပင်။ ကျွန်မစိတ်ကို အဖြူရောင်ဆိုးထားပါသည်။

“အလိုလောဘဆိုတာ သံယောဇဉ်လည်းဟုတ်တယ် အချစ်လည်းပါလာတယ်  မချစ်လို့မခင်လို့ မုန်းလို့ဆိုရင် ကြေကွဲရရော ခံစားနေရရရော လိုချင်တာမရရင် ဖြစ်နေတဲ့လူ့စိတ်တွေဆိုတာ ပြာမှုန့်လေးတွေလိုပဲ
ဖြူတယ်လို့ထင်ရပေမယ့် အပြာဖက်လုပြီးအထိမခံဘူး လွှင့်မြောနေတတ်ကြတာ” တဲ့။ ကိုကိုက စိတ်ခံစားမှုအား ကောင်းသည်။ ထိရှလွယ်တတ်သည်။ ကိုကို့နှင့် ကျွန်မ ခင်မင်ခဲ့ကြသည်မှာ ပြင်ပလူနေမှုဘဝတွင်မဟုတ်ပဲ မဂ္ဂဇင်းတစ်စောင်၏ စာပေးစာယူကဏ္ဍမှာ သိကျွမ်းခဲ့ရခြင်းဖြစ်သည်။ စာပေဝါသနာပါသူချင်းမို့ ပိုလို့ပင်ရင်းနှီးခဲ့ကြသည်။ နေရပ်ဌာနချင်းလှဲလှယ်ကြတော့မှ ကိုကိုနှင့် ကျွန်မက ရန်ကုန်မြို့ကြီးထဲတွင်နေထိုင်ကြကြောင်း သိရတော့သည်။ ကိုကိုဘာအလုပ်လုပ်လဲ ကျွန်မ မသိသလို ကျွန်မ ဘာအလုပ်လုပ်လည်း မပြောဖူးပါ။ ကျွန်မသိသည်က ကိုကို ဆိုသည့် ကလောင်အမည်ဖြင့် ကဗျာရေးသည့် ကိုကို။ ကိုကိုသည်က ဝေ ဆိုသည့် နာမည်ဖြင့် ကဗျာရေးသည့် ဝေ။

အို သူငယ်ချင်း မျက်ရည်တွေ ကျနေပါပေါ့ကော။ အချစ်ကြောင့် မျက်ရည် ကျခဲ့ဖူးသလား ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ချင်လာသည်။
“ငါ ဘာလုပ်ရမလဲဟင်”
“သူ ငါ့အပြင်တွဲတာ ဒီတစ်ယောက်တည်းမဟုတ်ဘူး ဒီတစ်ယောက်ရှေ့မှာကို လေးငါးခြောက်ယောက်လောက်ရှိတယ်”
ဘာဖြေရမလဲ မသိတတ်စွာနှင့် သူငယ်ချင်းနှင်း ကို ငေးကြည့်နေမိသည်။
“သူက ငါ့ကိုသစ္စာဖေါက်ချင်တာမဟုတ်မှန်းသိတယ် ခက်တာက သူက ကောင်မလေးတွေ ရောလာရင် ပြန်ရောတတ်တာ တစ်ဖက်ကကောင်မလေးက သူ့ကို ကြွေနေပြီဆိုတော့လည်း သူနောက်မဆုတ်ဘူး အလကားရတဲ့နွား သွားဖြဲကြည့်စရာလားဆိုပြီး သူတွဲတာပဲ သူ အမြဲပြောလေ့ရှိတယ် သူ တကယ်ချစ်တာက နှင်းတစ်ယောက်တည်းပါတဲ့ ငါ ….ငါ သည်းမခံနိုင်ဘူးဟာ”

အိုး။ ကြောက်ဖို့ကောင်းလိုက်တာ။ ကိုကိုကော ဝေက ပြုံးပြနေတယ်ဆိုရင် ဝေ့ကို ဒီလိုအတွေးမျိုးတွေးမှာလားဟင်။ သူ့ကို လာကြွေပြနေတဲ့ ကောင်မလေးဆိုပြီး တွေးမှာလား။ ခက်လိုက်တာ။ ရှက်ဖို့ကောင်းလိုက်တာနော်။ တကယ်သာ အဲဒီလိုဆို ကျွန်မ သိက္ခာက မြောင်းပေါ်မှာတဲတဲလေးပဲ ကျန်တော့မှာပေါ့။ မြောင်းထဲရောက်မသွားအောင် ပြန်ဆယ်ရမည်။ ပြန်ဆယ်ရပါမည်။
မှတ်မိသေးသည်။ ကိုကိုနှင့် အတူတူခင်ခဲ့ရသော စာပေးစာယူစာပေသမားများနှင့်တွေ့ဆုံတော့ ဝေဆိုသည့် ကျွန်မကို ကိုကို သိပ်မခင်မင်ခဲ့ပါ။ သို့သော် တဖြည်းဖြည်းခင်မင်မှုသက်တမ်းရင့်လာချိန်မှာတော့  ကိုကိုနှင့်ကျွန်မ အကြား ခင်မင်မှုတို့တိုးလာသည်သာဖြစ်၏။ ထို့အတူ ကျွန်မက မိန်းကလေးတန်မဲ့  အို ဆက်မတွေးချင်တော့။ သို့သော် အမြင်မှာပေါ်လာသည်က ကိုကို။ ခု ကျွန်မရဲ့သူငယ်ချင်းလိုမျိုး သူ့မှာ မိန်းကလေးတစ်ယောက်သာ ရှိနေခဲ့မယ်ဆိုရင်……….။
“ငါ သွားတော့မယ်ဟာ ဒီအကြောင်းတွေ ဘယ်သူ့မှမပြောနဲ့နော် မခံစားနိုင်လွန်းလို့ နင့်ဆီမှာရင်ဖွင့်ရတာ”
မျက်ရည်စက်လက်နှင့် ထွက်ခွာသွားသော သူငယ်ချင်းကို ခေါင်းညိတ်ပြရုံကလွဲ၍ မတတ်နိုင်ခဲ့။ ကျွန်မ ကော အချစ်ဓါးပြ ဖြစ်လုဖြစ်ခင်လား ဆိုသည်ကိုတော့ သေချာစွာ ဆန်းစစ်ရပါဦးမည်။

---------------+++++++++++++++++++++++++++---------------------------

ကိုကို့နှုတ်ခမ်းလေးတွေ ပြုံးနေသည်။ ကိုကို့မျက်ဝန်းလေးတွေ ပြုံးနေသည်။ ကိုကို့စကားသံလေးတွေ ပြုံးနေသည်။ သို့သော် ကျွန်မအတွက်တော့ မဟုတ်ခဲ့။ ကိုကို့အာရုံတစ်ခုလုံး သူကိုင်ထားသည့် ဖုန်းပေါ်မှာသာ ရှိသည်။ ရေသနှ်ုဗူးထဲမှ ရေကိုဖန်ခွက်ထဲထည့်ရင်း ကိုကို့ရှေ့တိုးပေးတော့ ကိုကိုက မော့ကြည့်လာသည်။ သို့သော် ခဏသာ။
“ဟိတ် ရောက်တာကြာပြီလား ဒီနေ့မှဟာ အိမ်မှာ နည်းနည်းရှုပ်နေလို့ နောက်ကျသွားတာ ဆောတီးသူငယ်ချင်းရယ် တောင်းပန်တယ်နော် ကိုကို”

နှင်းကိုတောင် ခေါင်းလေးသာ ဆတ်ပြသော ကိုကို့ကိုကြည့်ရင်း ဘာရယ်မဟုတ်ပါပဲ ဝမ်းနည်းလာမိသည်။ ဖုန်းလေးတစ်လုံးဆီကတောင် အာရုံမလွှဲပြောင်းနိုင်တဲ့ ကျွန်မသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းစွာ အချစ်ဓါးပြဖြစ်လေမလား တွေးကြောက်နေသေးသည်။ တကယ်ဆိုကိုကို့အတွက် ကျွန်မသည် ခင်မင်မှုပြယုဂ်တစ်ခုသာ ရရှိထားသည်ဖြစ်သည်မဟုတ်လား။
“ဒီလို ကိုကိုရဲ့ ကျွန်မနဲ့ဝေနဲ့ ကဗျာစာအုပ် ထုတ်ချင်တာ အဲဒါ ကဗျာလေးတွေ ရွေးပေးပါ့လား လို့ အကူအညီတောင်းချင်လို့ ချိန်းလိုက်တာ ကိုကိုက ကျွန်မတို့ထက် ရွေးချယ်နိုင်စွမ်းရှိတယ်လေ”

ဘာရယ်။ နှင်း…. နှင်း ရက်စက်ပြီဖြစ်သည်။ ကဗျာတွေမှာ ကို့ကို့အငွေ့အသက်တွေပါသည်။ ကိုကို့အရိပ်တွေ ပါသည်။ တစ်ပုဒ်တည်းကြည့်လျှင်မသေချာသော်လည်း ထပ်ခါထပ်ခါတွေ့ပါများသည့်အခါ သည်ချစ်ခြင်းဖွဲ့ကဗျာတွေမှာ ကိုကို့အရိပ်အယောင်တွေပါတာ ကိုကိုသိသွားနိုင်လေမလား။
ကိုကို ခေါင်းမညိတ်ပါနဲ့၊ အလုပ်များတယ်ဆိုပြီးခေါင်းခါပေးပါ။ ကိုကို့ဆီ အလန့်တကြားကြည့်ရင်း မျက်ဝန်းများဖြင့်တောင်းဆိုနေမိသည်။ ကိုကို နားလည်မှာလားဟင်။

“အိုခေ ကူညီရတာပေါ့ ကဗျာတွေ ရွေးပေးရုံပဲ မဟုတ်လား ကဗျာတွေ ပေးထားလေ တစ်ယောက်ကို ဘယ်နှစ်ပုဒ်လဲဆိုတာလဲ ပြောဦး”
“ရော့ ဒီမှာ စတစ် ယူလာတယ် ကွန်ပျူတာနဲ့ ဖွင့်ကြည့်လိုက် တစ်ယောက်ကို ၁၅ ပုဒ်စီသုံးမယ်လို့ စဉ်းစားထားတာပဲ အဲဒီမှာ စိတ်ကြိုက်ရွေးပေးပေတော့ ”
ဘုရားရေ ကျွန်မ တားလို့ မရတော့ဘူးလား။ ဇွတ်ဖြတ်လိုက်ရင်တော့ ကိုကိုက ကျွန်မကို တမျိုးမြင်သွားနိုင်ပါသည်။။
“ကဲ မိရွှေချော ဘယ်ထိ ထိုင်နေဦးမှာလဲ ကိုကိုတောင် ပြန်သွားပြီ သူ အလုပ်ရှိလို့ဆိုလားပဲ ညည်းက ခုထိ ထိုင်နေတုန်း ပြီးရင် ဒို့တွေ တစ်နေရာရာလစ်အောင်လေ”
နှင်းစကားကို ခေါင်းညိတ်ပြလိုက်မိသော်လည်း ရင်မှာ တထိတ်ထိတ်။ မှတ်မှတ်ရရ မေးလိုက်မိသည်ကိုက ကျွန်မအမှားလား။ စိတ်မှာတော့ ဆတ်ခနဲ ဖြစ်သွားသည်မှာ သေချာပါသည်။
“နင်နဲ့ နင့်ချစ်သူအခြေအနေ ဘယ်လိုလဲ”
“ငါက တစ်ခုခုကို ပြတ်အောင်လုပ် လို့ ပြောလိုက်တာကို  အင်းမလှုပ်အဲမလှုပ်နဲ့ တစ်ဖက်ကောင်မလေးကိုလည်း မဖြတ်ရက်ဘူး ငါ့ကိုလည်း မဖြတ်ချင်ဘူးတဲ့ဒါဆိုလည်း ငါက ဖြတ်မယ်ဆိုတော့ လည်း မရပြန်ဘူး စိတ်ညစ်တယ်ဟာ အဲဒီကောင်မလေးတွေ တစ်နေ့ဝဋ်ပြန်လည်လိမ့်မယ်သိလား တပါးသူချစ်ခြင်းကို ဖြိုခွဲတဲ့ မိန်းကလေးတွေ သူတို့ကိုကြည့်ပြီးတွေးမိတယ်သိလား ဘာ့ကြောင့်များ သူတပါးအိမ်ထောင်ရေးကို လိုက်ဖျက်ဆီးနေကြတာလဲလို့ သူတို့ငရဲမကြောက်ဖူးလားမသိ”

ကိုကို့မှာ ချစ်သူရှိခဲ့ရင် ထိုသူမလည်း ဒီလိုအတွေးမျိုးတွေးနေပါလိမ့်မည်။ ကျွန်မ ခြေလှမ်းတို့ တဖြည်းဖြည်းလေးလံလာသည်ကို ကိုယ့်ဘာသာသိ၏။ နှလုံးသားကတော့ ဝုန်းဒိုင်းဆန်ဆူညံတုန်း။ ကျွန်မကော မသိလိုက်မသိဘာသာငရဲတောထဲများ ဆင်းမိခဲ့ပြီလား ……။

--------------------+++++++++++++++++++++++++++++++++---------------------

“တိုးဖွဖွ ဆိုပြခဲ့သော သီချင်းများ နှလုံးသားဖြင့်ကြားနာခဲ့ အချစ်ပင်လယ်ကို သူခွင့်မပြုလည်း ခြေစုံပစ်ပြီးခုန်ဝင်ပစ်လိုက်တယ် တစ်ဘက်သတ်အချစ်ဟာလည်းရိုးသားမှုနဲ့ဖြစ်တည်လာတဲ့ ချစ်ခြင်းပဲ မဟုတ်လား...။
ဒီကဗျာလေးရောက်ရင် ကိုကို သိလောက်မလား။ ဒါမှမဟုတ်ဟိုကဗျာလေးရောက်ရင် သိလောက်မလားဆိုသည့် အတွေးမျိုးစုံနှိပ်စက်လျှက် ပူလောင်လွန်းလှသည်။

“လှည့်မကြည့်မိချင်သော နှုတ်ဆက်စကားများ လက်မပြချင်သော လမ်းခွဲများ ငှက်ကလေးရေ ခင်ဗျားနဲ့ပတ်သတ်ရင် ကျွန်တော်ဟာ အဲဒီလောက်ထိ ရူးတဲ့သူပေါ့ နှုတ်ဆက်ခြင်းကို မုန်းတယ်”
ကိုကို့ကို ငှက်ကလေးဟု အမည်တပ်၊ ကိုကို့အတွက်စာတွေ ရေးခဲ့မိတာ မှားလေပြီလား။ နှင်း ကျွန်မကို ဘာ့ကြောင့်များအသိမပေးခဲ့ပါသလဲ။ သိမ်ငယ်စိတ်တို့ဖြင့် ပူလောင်လွန်းလှသည်။ သိက္ခာတရား၏ အဆိပ်ဆိုသည်မှာ ဒါကို ခေါ်လေသလား။ ကိုကိုများသိသွားခဲ့လျှင်ဆိုသည့်အတွေးများးဖြင့်

“ငှက်ကလေးက  လူကြီးဆန်ပါ ရင့်ကျက်ပါ ကျွန်တော့်ရဲ့ ဒိသာပါမောက္ခ သင်ပြပေးပါ ကျွန်တော် လူငယ်ဆန်လွန်းသွားရင်
ကျွန်တော့်ကို ဆူပါငေါက်ပါ။
သစ်ပင်က မရင့်ကျက်သေးဘူး ဟိုလူးဒီလူး ဆယ်ကျော်သက်အရူးလေးပါ ဒါပေမယ့်လည်း အကြီးကြီး ချစ်တတ်တယ် ခိုင်ခိုင်မြဲမြဲ။
ငှက်ကလေးရေ  ကျွန်တော်က သစ်ပင်ငယ် စိတ်လည်းငယ်တယ်  ကျွန်တော့်စိတ်ရဲ့ ကြီးမြတ်မှုဟာ ဝလုံးလေးတွေ မြင်မိတိုင်းသိမ်ငယ်သွားရ ဝန်တိုမှုမဟုတ်ဘူး အားလျော့မှုပါ။
ငှက်ကလေးရေ မပြီးသေးတဲ့ဒီကဗျာတွေကို အစကနေ သေချာဖတ်ကြည့်လာခဲ့ ကဗျာထဲက စကားတွေနားလည်ရဲ့လား
နားမလည်ရင် တစ်ခေါက်ထပ်ပြောမယ် ကျွန်တော်က ဆယ်ကျော်သက်အရူးလေးပါ ဒါပေမယ့် စိတ်ကူးမယဉ်ဘူး
အချစ်တစ်ခုကို ရူးရူးမိုက်မိုက် ဖူးပွင့်မိယုံတင်။”

ကဗျာနဲ့ပက်သတ်လာရင် ကိုကိုက ကျွန်မအတွက်တော့ ဆရာသာ ဖြစ်သည်။ ကိုကိုသင်ပေးသည့် စကားအသုံးအနှုန်းတွေကို လေ့လာသင်ယူရင်း ကိုယ်ရေးသည့်ကဗျာလေးတွေ တစ်နေ့တစ်ခြားလှလာတာကိုကြည့်၍ ကြည်နူးရတာဖြစ်သည်။ ခုတော့ ကဗျာရေးခြင်း၏ အနှစ်သာရကိုလည်း မေ့ပြီဖြစ်သည်။ ကိုကို ကျေးဇူးပြုပြီး ကျွန်မရဲ့ ချစ်ခြင်းကဗျာတို့ကို မျက်ကွယ်ပြုနိုင်ပါစေဟုသာ ဆုတောင်းနိုင်တော့သည်။
“ဟိတ် ဒေါ်ဝေ ကွန်ပျူတာကြီးရှေ့မှာချပြီး ဘာတွေတွေးနေတာလဲ”
“ဟင့်အင်း ဘာမှမဟုတ်ပါဘူး ဒါ့ထက် နှင်း ငါ ပြောစရာရှိတယ်”
“ပြောလေ ဘာပြောမလို့လဲ ”

“ငါနောက်ဆို မြို့ထဲကို ခုလိုမလာနိုင်လောက်တော့ဘူး ငါ့အလုပ်စပြီလေ ဆိုင်ဖွင့်တော့မယ် ဒါကြိုပြောတာပါ တခြားသူတွေနဲ့ တွေ့ဆုံဖို့တော့မလွယ်လှတော့ဘူး နင်ကတော့ ငါနဲ့တွေ့ချင်ရင် အိမ်လာခဲ့လို့ရတာပဲ ဖြစ်တယ်မဟုတ်လား ကဗျာစာအုပ်ကလည်း ကိုကို့ဆီက ကဗျာတွေ ပြန်ယူရင် ကိုယ့်ဘာသာယူလိုက်တော့နော် စာအုပ်အပ်တာဘာညာဖြစ်တယ်မဟုတ်လား”
ခေါင်းညိတ်ပြသော နှင်းကိုကြည့်ရင်း ပြုံးလိုက်မိသည်။
“အရေးအကြီးဆုံးအချက်က ငါ့အိမ်ကို နင်တစ်ယောက်ပဲ လာခဲ့နော် ကျန်တဲ့ ဘယ်သူ့မှ ခေါ်မလာနဲ့နော် ဟုတ်လား”
ဘာ့ကြောင့်လဲ မမေးလို့ ကျေးဇူးပါ နှင်းရယ် ဟု ဖြေသိမ့်တွေးလိုက်ရင်း။

------+++++++++++++++++++++++++++--------------------
“ငှက်တစ်ကောင်ရဲ့အိပ်မက် ပျံသန်းခြင်းဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သစ်ပင်တစ်ပင်ရဲ့အိပ်မက်ကတော့
ငှက်တစ်ကောင်ရဲ့ဘေးနားရှိနေချင်ခဲ့တယ် အဲသလောက်ထိ ရိုးစင်းခဲ့ပါတယ်။
ကွန်ပျူတာစခရင်မ်မှာမြင်နေရသည့် ကဗျာစာအုပ်မျက်နှာဖုံးမှစာသားကို အဓိပ္ပါယ်မဲ့ငေးကြည့်နေမိသည်။ ဒီစကား၊ ဒီစာသားကိုမှ ရွေးရလားဟင်ဟုလည်း အပြစ်မဆိုဝံ့တော့ပြီ။ ကျွန်မကို မပြောမဆိုနှင့်ခေါ်လာသည့် နှင်းကိုသာ ဒေါသထွက်နေမိတော့သည်။ ထို့နောက် ကျွန်မကို ငေးငေးရီရီကြည့်နေသည့် ကိုကို့မျက်ဝန်းများမှ ရှောင်ထွက်လိုက်ရင်း
“စာအုပ်မျက်နှာဖုံးလေး လှသားပဲ နှင်း ကိုကို့ဆီရွေးခိုင်းတာ တကယ်မှန်ပြီထင်တယ်။”
“အင်း ဟုတ်တယ် လှတယ်”
မျက်ဝန်းတို့ကို ကွန်ပျူတာဆီသာ ပို့ထားရသည်။ ကိုကိုသိသလား၊ မသိဘူးလား ဆိုသည့် အဖြေကို ကျွန်မ တဒိတ်ဒိတ်ကြောက်ရွံ့နေခဲ့၏။ သိများသိခဲ့လျှင်ဟူသည့်အတွေးဖြင့် ထူပူရှိန်းတိန်းနေသော မျက်နှာသည် အနည်းငယ်တော့ နီရဲနေမည်မှာ သေချာလှသည်။
“သြော် ဒါ့ထက် ပြောရဦးမယ် တစ်ခါတည်း ကြိုနှုတ်ဆက်ထားတာ ကျွန်မ အရင်လို မြို့ထဲလာဖြစ်တော့မယ်မထင်ဘူး မုန့်ဝယ်ကျွေးခိုင်းချင်ခုထဲက ဝယ်ကျွေးခိုင်းနော်”
ရယ်ဟဟပြောလိုက်သော ကိုယ့်အသံကိုယ် အံ့သြချင်လှသည်။ ထို့အတူ ရုပ်ပျက်ဆင်းပျက်မနိုင်သည့်အတွက်လည်း ကျေနပ်သွားရသည်။
“ဒါဆိုလည်း စား၇ချည်သေးရဲ့” ဟုဆို၍ မုန့်မှာနေသော ကိုကို့ကို ကြည့်ရင်း စိတ်အေးသွားရသည်။ နှင်းကတော့ မုန့်တွေ ပလုတ်ပလောင်းစားမြဲစားလျှက်။ သူ့ကောင်လေးနဲ့ အဆင်ပြေမပြေတောင်မမေးရသေးပါ့လား ဆိုသည့် အသိကြောင့် နှင်းအား အားနာသွားရသည်။

----------------+++++++++++++++++-------------------------

“ဒါဆို နောက်မှတွေ့မယ်နော်” ဟု နှုတ်ဆက်သွားသော ကိုကို့နောက်ကျောကို ငေးကြည့်နေမိသည်။
ကိုကို့အတွက် ကျွန်မက တစ်စုံတစ်ရာ အရေးပါခဲ့သလားဟင်။ ဘယ်လိုပဲ ကျောခိုင်းမယ်ပြောပြော ဒီမးခွန်းရဲ့ အဖြေကို သိချင်နေတုန်းပဲ။ ဖြေပါ လို့ မပြောရဲခဲ့ပါဘူး။ ငေးကြည့်ခွင့်လေး ဆုံးရှုံးပြီ ဆိုတဲ့ အသိနဲ့ပဲ ကျွန်မ ....။ ဟင့်အင်း။ ဝေ လို့ မခေါ်နဲ့တော့နော် ။ စိတ်ချလက်ချ နှုတ်ဆက်သွားပါရစေ။ လှည့်မကြည့်ကြေး။ လမ်းမှာတွေ့ရင်တောင် ပြုံးမပြနဲ့လို့ ဆုံးဖြတ်ပြီးသားမဟုတ်လား။ ဂွတ်ဘိုင် ကိုကို။
“ငါလည်း သွားဦးမယ် ကိုအောင်နဲ့ ချိန်းထားလို့”
နှင်းကို ခေါင်းညိတ်ပြလိုက်ရင်း အငှားကားတစ်စီး တားလိုက်သည်။ ကျွန်မလည်း အိမ်ပြန်ရဦးမည်လေ။
တချို့က ဆိုကြသည်။ စိတ်ဆိုသည်မှာ အနားသတ်မရှိတဲ့။ ကြီးမြင့်တဲ့ အလျဉ်နှင့် နေရာစုံရောက်အောင်သွားနိုင်သူ တဲ့။ တခြားအရာမှာတော့မသိ။ ချစ်ခြင်းတရားနှင့် ပတ်သတ်လာလျှင်တော့ စိတ်မှာ အနားသတ်ရှိပါသည်။ ဟုတ်သည်။ သိက္ခာတရား၊ အစဉ်အလာတို့ကို စိတ်၏ အနားသတ်ဟု ကျွန်မ ဆိုချင်လှသည်။ အချစ်နှင့်ပတ်သတ်သည့် သိမ်ငယ်ဆိပ်ကို ကျွန်မဆက်လက်ထမ်းပိုးမထားလိုတော့။ တစ်ဖတ်သတ်ဆိုသည့်ချစ်ခြင်းက ကန့်သတ်နယ်အတွင်းသို့ ရောက် မရောက် ကျွန်မ မသိပါ။ မိန်းမသားတစ်ယောက်အတွက်တော့ ကန့်သတ်နယ်သို့ရောက်သွားပြီထင်မိ၏။
“နောက်ဆို ကျွန်မ အပြင်ထွက်ဖြစ်မယ်မထင်ဘူး အိမ်ထဲပဲ အောင်းနေဖြစ်မှာ”
“နောက်ဆို ကျွန်မ ကိုကိုနဲ့ တွေ့ဖို့မလွယ်ဘူးထင်တယ် အလုပ်တွေ ရှုပ်တော့မှာ”
“နောက်ဆို ကျွန်မ ဘယ်မှသွားဖြစ်တော့မယ်မထင်ဘူး”
ကိုယ့်စကားသံကိုယ် ပြန်ကြားရသလိုရှိ၏။ ဟုတ်သည်။ ကိုကိုနှင့်တွေ့တိုင်း ထိုစကားတို့ကို ပြောခဲ့ဖူးသည်။ သို့သော် ကျွန်မ အလွမ်းတို့နှိပ်စက်လာတိုင်း ကိုကို့ဆီကို နှင်းနဲ့အတူ သွားမိစမြဲ။ ကိုကို ဘာအလုပ်လုပ်သည် သေချာမသိရသော်ငြား ကျွန်မချစ်သည့် ကဗျာဆရာလေးက တနင်္ဂနွေတိုင်းမှာ နေ့လယ်တစ်နာရီလောက်ဆို စာအုပ်ဆိုင်လေးတစ်ဆိုင်ကို ဝင်မွှေတတ်သည်တဲ့။ ထိုအသိလေးတစ်ခုဖြင့်ပင် တနင်္ဂနွေတိုင်း ထိုစာအုပ်ဆိုင်လေးကို သွားခဲ့ဖူးသည်။ ခုတော့ ကိုယ့်ခြေထောက်တို့ကို ကိုယ်ကိုယ်တိုင် ရိုက်ချိုးဖို့ကြိုးစားရပါဦးမည်။  ကြိုးစားရတော့မည်။ သိသည်။ သိပါသည်။ မြင်ခွင့်မရရှိသည့် နေ့ရက်များနှင့်အတူ ကွန်ပျူတာလေးအတွင်းမှာလည်း မပြီးဆုံးသေးသည့် ချစ်ခြင်းဖွဲ့ကဗျာတွေ တစ်နေ့ပြီးတစ်နေ့ များလာဦးမည်မှာ သေချာလှသည်။ သိပါသည်လေ။ အချစ်ဆိုတာ မြင်ခွင့်မရရုံနဲ့ ပျောက်ပျက်သွားမည်မဟုတ်မှန်း။ သို့သော်ကိုယ့်သိက္ခာလေးကိုတော့ တန်ဖိုး မြှင့်ချင်လှသည်မဟုတ်ပါလား။
“အလွမ်း”

ကမ်းမဲ့မြစ်ပဲ
တက်လိုက်ကျလိုက် အရှိန်အဟုန်မညီဘူး
လေပြေလေးတိုက်ခတ်သလို
သိမ့်သိမ့်လေးဖြစ်လိုက်
မုန်တိုင်းထန်သလို ဝုန်းဒိုင်းကျဲလိုက်နဲ့
ကိုယ်တစ်ယောက်တည်း
အိပ်ပျက်နေတဲ့ ကမ္ဘာ။
(ဝေ)။
ဟောဒီရင်ဘက်ထဲက အောင့်သက်နေတာပဲ။ ကိုကို့အတွက် ကျွန်မ တစ်စုံတစ်ရာအရေးပါခဲ့သလားဟင်။ သိချင်လိုက်တာ ကိုကို။
ရည်ဝေ(လင်းရောင်ခြည်)