Wednesday 28 September 2011

ငြင်းဆိုပါရစေ...ထာဝရအတွက်

အချစ်ဆိုတဲ့ ကြယ်
ငါ မဖက်တွယ်ဝံ့ဘူး
အရူးလုပ်ခံရလွန်းလို့ထင်ပါရဲ့
ငါ့နှလုံးသားက..
အချစ်ကို ငြင်းဆိုတယ်…..ထာဝရအတွက်
ရင်ထဲကြုကယ်ငယ်
ဘယ်သူမြင်သိနိုင်မလဲ
တိတ်တခိုးသိမ်းခဲ့
မြတ်နိုးခြင်းပန်းခင်းလေးကို
ပျိုးခဲ့မိသမျှ
ဝန်မခံဝံ့ဘူး
နောက်တခါအလှည့်စားခံဖို့….
ငါ့နှလုံးသားက ငြင်းဆိုတယ်.ထာဝရအတွက်
ငါ့ရင်မှာ နင်အမြဲရှိလည်း
နင်သိဖို့ မရည်ရွယ်ဘူး
နင့်အနားငါလာမိလည်း
နင်မမြင်မိအောင် တိတ်တိတ်လေးသာ
တကယ်တမ်း..နင်ဆိုတဲ့ ကြယ်ငယ်ရဲ့ လက်ကို
ငါမှ တွဲမခိုဝံ့တာ
ပျဉ်ဖိုးနားလည်တဲ့ ငှက်ငယ်သာသာ
ငါဟာ
နောက်တခါအသဲကွဲဖို့လက်မခံဝံ့ဖူး
အချစ်ဦးပေးတဲ့ ဒဏ်ရာဆူးက
အနက်ရှိုင်းလွန်နေဆဲမို့။

Saturday 24 September 2011

ဆုံမှတ်

အချိန်တစ်ခုရဲ့ တိုက်စားမှုအောက်မှာ ကောင်မလေးရဲ့ ပုံရိပ်လေးလည်း သူ့နှလုံးသားမှာ ပျောက်ကွယ်လုလု ဖြစ်နေပေပြီ။ အချစ်ကြီးချစ်ခဲ့မိသူဆိုတာတော့ သေချာနေသေးဆဲ။
သေချာစဉ်းစားကြည့်တော့လည်း ကောင်မလေးနှင့် ရင်းနှီးခဲစဉ်က လေလှိုင်းပေါ်က တဆင့်သာ။ ဖုန်းနံပါတ်မှားနှိပ်ခဲ့မိသည့် လက်ချောင်းလေးတွေကို သူ ဒီချိန်ထိ အပြစ်မဆိုချင်သေး။ ဟယ်လို ဆိုတဲ့စကားတစ်ခွန်းအကြားနှင့် ရင်တို့ တစ်ဆက်ဆက်ခုန်စေတဲ့ နားကိုလည်း အပြစ်မဆိုချင်သေး။ ထိုစဉ်တုန်းက ….. ဖုန်းမှားနေပါတယ်…..ဟုပြောရင်းဖုန်းချသွားသည့်တိုင် သူကတော့ ဖုန်းကိုကိုင်ကာ မင်သက်နေမိဆဲ။ ကနဦးစကတည်းက အသံလေးနှင့် တင် ရင်တစ်ခုလုံးကြွေအောင် ပြုစားတက်မှန်းသိရဲ့ သူက သူ့နှလုံးသားကို ထိုးကျွေးခဲ့မိတာပါ။
ကြာတော့ကြာပါပြီ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပေါ့။ သူငယ်ချင်းတစ်ယောက် ဟန်းဖုန်းကိုဆက်ရင်း နံပါတ်မှားနှိပ်ခဲ့မိသည်။ တစ်ဖက်မှားနှိပ်မိခဲ့သည့် ဖုန်းတွင် သူ့နှလုံးသားကို ပိုင်စိုးသူလေးရှိနေခဲ့သည်။ အသံလေးကြားရုံနှင့် ရင်ခုန်မိခဲ့သည်…..ဟုပြောလျှင် ရယ်ကြမလားမသိ လူတွေက.။ သူ့သူငယ်ချင်းကတော့ ဟားသည်။

Sunday 18 September 2011

ဘယ်သူနိုင်မလဲ

(၁)

သူမတော်တော်စိတ်ညစ်နေပြီ….။

သူမလည်းအပျိုကြီး မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ကိုယ့်လာကြိုက်တဲ့သူတွေကလည်း ပြန်ကြိုက်ချင်စရာ အနည်းဆုံးတော့ အသက်ငါးနှစ်လောက်ငယ်ကြသည်ချည်းသာ။ကြည့်လိုက်ပါဦး။

ရုပ်ကလေးတွေကြည့်လိုက်တာနဲ့ သိသာနေသည်က သူမထက် အနည်းဆုံး ငါးနှစ်လောက် ငယ်မည်သာ။ ဒါတောင် တိုးတွက်ထားတာ။ သူမကတော့ ခြောက်နှစ်လောက်ငယ်မည်မှာ သေချာသည်ဟု ထင်သည်။ ရုပ်လေးတွေက ငယ်ရုပ်တောင် မပျောက်ချင်သေးတဲ့ ပါချီပါချက်လေး သုံးယောက်။ ဘာတဲ့ သူတို့ခေါ်နေသံတော့ကြားပါတယ်။ အောင်အောင်၊ မောင်မောင်၊ ဇော်ဇော် ဆိုလားပဲ။ လူနဲ့ နံမည်တော့ သူမ တွဲမသိ။

မိန်းမတစ်ယောက်ပီသစွာ သူမ မှာလည်း ကြိုတင်တွေးထားသော အိပ်မက်ချစ်သူရှိသည်ရယ်လေ။

အရပ်မြင့်ရမည်။ အသားမဖြူမညို စိတ်ထားကောင်းရမည်။ တိကျသောအလုပ်အကိုင်တစ်ခုရှိရမည်။ လူမျိုးတူဘာသာတူဖြစ်ရမည်။ အဓိက စိတ်ထားကောင်းမွန်ရမည်။ တခြားမိန်းခလေးတွေနှင့် ထူးမခြားနားပါ။ သူမ၏ အိပ်မက်ချစ်သူက။ ဒါပေမဲ့ သူမက တစ်ခိုပိုတာက သူမထက် အသက်ငယ်သူကို လုံးဝ မချစ်ချင်ပါလေ။ တစ်နှစ်လောက်ငယ်ရင်တောင်မှ စဉ်းစားဖြစ်ချင် စဉ်းစားမှာပေမဲ့ ……… .ဒီလို ငါးနှစ် ခြောက်နှစ် လောက်ငယ်တာကတော့ သူမ စိတ်ပျက်ပါသည်။ ကိုယ်ကမမှီရပဲ ကိုယ်ကချီရမယ့် လက်တွဲဖော်တော့ သူမ မလိုချင်။ ငြင်းနေတာလည်းသိရဲ့နဲ့ …

…တစ်ခါတစ်ခါကျ အမြင်ကပ်လို့ ဆိုင်ရှေ့လာကြွေပြနေတဲ့ သူတို့ ကြားအောင်း စန္ဒီမြင့်လွင် သီချင်းလေးဖွင့်ပြသည်။

……အခုခတ်ဖက်ရှင်ပဲ ခေါင်းစွပ်အနွေးထည် ဝတ်ထားတဲ့ ကောင်ကလေး အိမ်ရှေ့မှာ လာဆွေးတယ် လွယ်လွယ်နဲ့ စံပယ်တွေ ပွင့်ရင် ခေါင်းတွေ တိုင်းမှာ ဖွေးမယ် ဘာတွေလဲ မကြားချင်ဘူး ငါ့ရှေ့ကနေဘေးဖယ် ကောင်းကောင်းပြောလို့မရဘူးဆိုရင် မဒီဒီက ကျွေးမယ် နင့်လိုမျိုး…..ကိုမကြိုက်ဘူးပေါ့ ဝေးတယ်………………

Talky အဆန်းတွေပြော ငါ့ကိုလာမချုပ်ကြပါနဲ့…..အေး ရိုးပါတယ် ဒီထက်ပိုဆိုးလာမယ် ရှေ့ဆက်ပြီးတိုးလာရင် အာရုံနောတ်တဲ့အမှုနဲ့ မျက်နှာကို ဖြက်ထိုးမှာပဲ….


ဘယ်တော့မှမခွဲကြေး

 သူ မျက်စိရှေ့က လူသုံးယောက်ကို ပြန်ကြည့်လိုက်သည်။ သူများအကြည့်မှားသလားလို့။ မမှားပါ။ သူ့ထက်အသက်အနည်းငယ်တော့ ငယ်နိုင်သော ကောင်မလေးနှစ်ယောက်၊ ကောင်လေးတစ်ယောက်။ ကောင်မလေးတစ်ယောက်က စုံတွဲတစ်တွဲကြားကန့်လန့်ပါလာဟန်။ သူမလေးကြည့်ရတာ ကြည်ကြည်ရွှင်ရွှင်ပါပဲ။ သူ့မျက်လုံးထဲမှာတော့ ကောင်မလေးကိုကြည့်ရတာ နာကျင်ရိပ်အနည်းငယ် စွန်းထင်းနေသည်ဟု ခံစားရသည်။ သူမလေးတစ်ချက်ပြုံးတိုင်း သူမလေးနာကျင်နေသည်ဟုခံစားရသော သူ့ ရင်မှာပါ ကျင်ခနဲဖြစ်ဖြစ်သွားတာ ဘာ့ကြောင့်ပါလိမ့်…..ဟု မစဉ်းစားမိခဲ့။ သူနှင့်တစ်ခါမှ ကြုံဖူးခြင်း၊ ဆုံဖူးခြင်းမရှိပါပဲ ကောင်မလေးအတွက်ခံစားနေရသော သူ့နှလုံးသားကို အဖြေမထုတ်တော့ပဲ လဖက်ရည်ဆိုင်ကနေထထွက်လာခဲ့သည်။
…………………………………………………….
ကောင်မလေးနှစ်ဦးနှင့် ကောင်လေးတစ်ဦးကတော့ လဖက်ရည်ဆိုင်တွင် ထိုင်နေဆဲ။ ပြုံးပြုံးရွှင်ရွှင်ပျော်ပျော်ရွှင်ရွှင် ဟု ထင်ရသလိုလိုနှင့် ကောင်မလေးတစ်ယောက်၏ ရင်တွင်းကြေကွဲမှုကို တစ်စုံတစ်ယောက်ကလွဲ၍ မည်သူမျှ မမြင်ခဲ့ပါ။ ထိုကောင်မလေးကလည်း သူမ၏ခံစားချက်ကို လုံအောင်ဖုံးနိုင်ပြီထင်ခဲ့သည်။ သို့သော် တစ်စုံတစ်ဦးကတော့ သူမနှင့်ထပ်တူ နာကျင်သွားခဲ့ကြောင်း သူမမသိခဲ့ပါ။
…………………………………………………….

မျှော်လင့်ရသော...ဆုံစည်းခွင့်

ကောင်မလေး မျှော်နေတာ တော်တော်ကြာပြီ။ ဒီတစ်ခါ Dave ဆိုတဲ့ကောင်လေး ဘလော့ဂ်မတင်တာကြာလိုက်တာ။ သူဘလော့ဂ်ရေးဖို့ စိတ်မပါသေးဘူး ထင်ပါတယ်….ဟု တွေးရင်း စိတ်မကောင်း ဖြစ်မိသည်။ ကောင်လေးရယ် အသည်းကွဲတယ်ဆိုတာ ကြာရှည်ခံစားဖို့ မကောင်းပါဘူး။ အိပ်မက်ကနေ မြန်မြန်နိုးထပါတော့နော်။

…………………………………

ကောင်လေးကို စတွေ့မိတာက သူမဝင်နေကျ ဆိုဒ်တစ်ခုမှာ။ Home page ကိုကြည့်ရင်း သူမကိုဆွဲဆောင်သွားတာက ကြည်လင်ရှင်းသန့်တဲ့ မျက်နှာလေး။ မရည်ရွယ်ပါပဲ ပုံပိုင်ရှင် လေးရဲ့ စာမျက်နှာကို နှိပ်လိုက်မိခဲ့သည်ရယ်လေ။ အို….ချစ်ဖို့ကောင်းလိုက်တာ။ ကြည်လင်ရှင်းသန့်တဲ့ မျက်နှာလေးနှင့် ပုံစံအမျိုးမျိုးလုပ်ပြီး တင်ထားတာများ။ အာဝဇ္ဇန်းတော့ တော်တော် ရွှင်ဟန်ထင့်။ သူရေးတဲ့ comment လေးတွေကနေ သူ့ဟာသလေးတွေကို မြင်နေရသည်။ အသက်ကြည့်မိလိုက်တော့ ၁၉ နှစ်တဲ့။ သြော် ကလေးလေးပဲလို့။

နောက်ပိုင်း ထိုဆိုဒ်ထဲဝင်တိုင်း ကောင်လေးရဲ့ စာမျက်နှာကို အမြဲလိုလို ဝင်ဖြစ်ခဲ့သည်ရယ်လေ။ ကောင်လေးက တစ်ခါတစ်ရံလည်း ကဗျာရေး တင်တတ်သည်။ ကောင်လေး ရေးတင်လျှင်လည်း ဟာသချည်းသာ။ ကောင်လေးရေးတဲ့ စာလေးတွေ၊ ဘလော့ဂ်လေးတွေ လိုက်ဖတ်ရင်း ကောင်မလေးမှာ အမြဲ ပျော်ရွှင်ရစမြဲ။ တစ်ခါတစ်ခါကျတော့လည်း အတည်ပေါက်နှင့် ဘလောဂ်ဆောင်းပါးရှည်တွေ ရေးတတ်သည်။ သို့သော် သူရေးသည်က စာရေးဆရာ အကြည်တော်နှင့် နင်လားငါလား။


ချစ်ခြင်းမေတ္တာ

ပါးရိုးလေးထက် မသိမသာမထင်မရှား လခြမ်းပုံလက်သည်းခွံလောက် အမာရွတ်လေး ရှိနေတဲ့ ထိုမိန်းခလေး လှလား မလှလား သူမသိပါ။ သူ့အကြည့်တို့ကတော့ လခြမ်းလေးအောက်မှ ရုန်းမထွက်နီုင်ခဲ့။ ထိုမိန်းခလေးကတော့ ကားမှန်ပြတင်းအပြင်ကိုသာ သည်းသည်းမည်းမည်းကြည့်လို့။ ကျပ်ပိတ်သိပ်နေတဲ့ကားထဲ ဟိုလှည့်ဒီလှည့်နေရာချောင်အောင်လုပ်ရင်း ဘေးနားမှ မိန်းခလေး၏ အမာရွတ်လေးက သူ့စိတ်တို့ကို ညှို့ယူသွားခြင်းပင်။ အသားဝါဝါထက် ထိုအမာရွတ်လေးက မသိသာသော်လည်း သေချာကြည့်လျှင်တော့ မြင်ရသည်သာ။ သူထင်ပါသည်။ မြင်ရသူတိုင်းလည်း ဘာ့ကြောင့် ဆိုတာတွေးဖို့ထက် သူ့လိုပင် ထိုအမာရွတ်လေး၏ ဆွဲငင်မှုအောက် ရောက်သွားမည်ရယ်လို့..။

ဝဲဖက်ရင်အုံကို လက်ဖြင့် တစ်ချက်ဖိလိုက်မိသည်။ ဒီအမာရွတ်လေးက ဒီလောက်တောင်စွမ်းဆောင်နိုင်သလား။ ထိန်းရခက်တဲ့ ခံစားချက်တစ်ချို့ ဝဲဖက်ရင်အုံမှာ ဖြစ်ပေါ်လို့။ ဖိထားတဲ့ လက်ရဲ့အသိမှာ နှလုံးခုန်သံက တစ်ဒိန်းဒိန်းနှင့်။ ဒီအမာရွတ်လေးကိုကြည့်ရင်း ဘယ်ကဘယ်လိုစဖြစ်သွားတာလဲ သူမသိ။ ဒီခံစားချက်၊ ဝဲဖက်ရင်အုံက အောင့်သလိုမအောင့်သလိုခံစားချက်ကို သူမခံစားချင်ပါ။ ပျောက်ကွယ်သွားမှာလည်းစိုးနေသည်။ အချစ်လို့တော့ဖြင့် မထင်ချင်။ ခုမြင်ခုတွေ့အချစ်ကို သူမနှစ်သက်။ နံပါတ်ရှိပြီးသားမှန်းမသိပဲ ခံစားနေမိမှဖြင့် နှလုံးသားလေး သနားစရာ။

၁၈ကွေ့ ဆင်းမဲ့သူတွေ ထွက်ထားကြပါ…..စပယ်ယာ၏ တစ်စာစာအော်သံက ငှက်ဆိုးထိုးသံဆိုတဲ့ အသံဖြစ်မည်ထင့်။ အဘယ့်ကြောင့်ဆိုသော် အမာရွတ်လေး နေရာပြောင်းချေပြီ။ ကားတံခါးရှိရာဆီသို့။ သူ့ခြေလှမ်းတို့လည်း ထပ်ချပ်မကွာ လိုက်သွားမိသည်လေ။

အချစ်ဆိုတာ ထူးဆန်းသလား သူမသိဘူး။ လက်ရှိလောလောဆယ်တော့ ဘာမှန်းမသိတဲ့ ညှို့ငင်မှုတစ်ခုအောက်မှာ သူဟာ လိုလိုလားလားကျရှုံးလို့…….အိမ်ပြန်ဖို့တောင် မှတ်တိုင်မပျောက်ပေမဲ့ မှတ်တိုင်ဆီ ခြေဦးမလှည့်မိသေးတဲ့အဖြစ်။

အမာရွတ်ကလေးကတော့ဖြင့် သူ့အိမ်ထဲဝင်သွားတာ အတော်ကြာပြီ။ သူလည်း အမာရွတ်လေးတို့ အိမ်နားကလဖက်ရည်ဆိုင်မှာ ထိုင်နေမိတာ အတော်ကြာပြီ။ အိမ်ထဲမဝင်ခင် သူ့ကိုမျက်စောင်းထိုးသွားလေရဲ့။ အဲဒီမျက်စောင်းလေးကြောင့်ပဲ မှတ်တိုင်ဆီသွားဖို့ရာ ခြေလှမ်းတို့ အင်အားမဲ့သွားတယ်ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် ပြန်ရမည်မို့ စားပွဲထိုးလေးခေါ်ကာ ငွေရှင်းလိုက်သည်။ အမေက သူပြန်မလာမချင်း စောင့်နေမည်လေ။ သူမလာမချင်း ထမင်းစားမှာမဟုက်။

…………………………………………………………………………………………………………..............................................


ဆိတ်ကွယ်ရာ

(၁)
ကောင်လေးတစ်ယောက် လက်က ခဲတံကိုကျွမ်းကျင်စွာကိုင်၍ ခဲပန်းချီရေးခြစ်နေသည်မှာ တစ်ကယ့် ပန်းချီအကျော်အမော်တစ်ဦးသဖွယ်။ ပန်းချီအကျော်အမော်တွေ၏ နာမည်ကျော်ကြားသော ပန်းချီကားချပ်တွေကို ထိုကောင်လေး မမြင်ဖူး၊ မသိဖူးပါ။ သို့သော်..ကောင်လေးက မွေးကတည်းက ပုံစဆွဲတတ်ခဲ့သူမဟုက်ပေမဲ့ ကျောင်းစနေသည့်အရွယ်ကတည်းက ဘေးပတ်ပတ်လည်ကို ငေးကြည့်ရင်း အိမ်ပြန်ရောက်ချိန်တိုင်း စာအုပ်လေးတစ်အုပ်ပေါ်မှာ စာသားမပါသော ရုပ်ပုံလေးတို့ဖြင့် မှတ်တမ်းတင်တတ်သူ။ ပန်းချီဆိုသည်ကို ပညာရပ်တစ်ခုအဖြစ် ကောင်လေးမသင်ဖူးခဲ့ပါ။ သင်နိုင်လောက်အောင်လည်း ဓနအင်အားမရှိပါ။ လက်ရှိကျင်လည်နေသည့် လူမှုပတ်ဝန်းကျင်တွင် သူသည် သာမန် ကွမ်းယာရောင်းသမားလေးတစ်ဦးသာ ဖြစ်ပါသည်။
…………

စာတစ်ကြောင်းနောက် ဥယျာဉ်မှုးတို့သို့ အလွမ်းကောက်ကြောင်းငယ်

ကောင်လေးတစ်ယောက် လဖက်ရည်ဆိုင်ထိုင်နေသည်။ (ဝါ) လဖက်ရည်ဆိုင်တွင် ကောင်လေးတစ်ယောက်ထိုင်နေသည်။
ကောင်လေးတစ်ယောက်- ပြုလုပ်သူ

လဖက်ရည်ဆိုင်- ပြုလုပ်ခြင်းခံရသူ

ထိုင်နေသည်။-ကြိယာ

ဒီသုံးခုပဲပေါင်းပြီး ဝါကျလေးတစ်ခု ဖွဲ့ကြခြင်းသာ။ ဒါကိုပင် လဖက်ရည်ဆိုင်ထိုင်နေသော ကောင်လေးတစ်ယောက်- ဟု ဖွဲ့လို့ရပြန်ပါသည်။

အမှန်က မဂ္ဂဇင်းစာအုပ်ဖတ်မလို့ပါ။ လက်ကလှန်လိုက်မိသည့် စာမျက်နှာ၏ အစက ကောင်လေးတစ်ယောက်လဖက်ရည်ဆိုင်ထိုင်နေသည် ဟု အစချီထားသည်ကို တွေ့ပြီး အတွေးပွားနေခြင်းသာ။

…………..

ကျွန်မ ရေနံချောင်း ဆိုတဲ့ အညာမြို့လေးကနေ ရန်ကုန်ကိုရောက်လာတော့ ဒီမှာ ကျောင်းတတ်ရတာ ခုနှစ်တန်းကနေစတက်ရသည်။ အသက်ကတော့ တစ်ဆယ့်သုံးနှစ်ပေါ့။ အဲဒီမှာစတွေ့တော့တာပဲ။ အညာမှာ ကိုယ့်ဆရာ၊ဆရာမတွေနှင့်သင်ခဲ့ရတဲ့ အရိုးစွဲကြီးက

Is,am.are,was.were,be,been,being ထုံးစံအတိုင်း အလွတ်ကျက်။ အမှန်ဆိုလျှင်တော့ ထိုစဉ်တုန်းက verb to be ဟုကို အလွယ်မကျက်တတ်သေး။ ကျွန်မက နည်းနည်းတော့ ရိုးအပါသည်။ ဘယ်လောက်ထိ ရိုးအလဲဆို ရန်ကုန်ရောက်ပြီးစက မြို့ထဲသွားတာ ညီအစ်မနှစ်ယောက်။ ဘေးနားက လူကြီးက အစ်မနားအရမ်းတိုးသည် ဟုထင်ကာ အပ်ချိတ်နှင့်တွယ်ချခဲ့ဖူးသည်။ တစ်ဖက်ကလူကြီးမှာ မအော်ရဲမဟစ်ရဲ။ ကားတွေကျပ်ပိတ်သိပ်သည်ရယ်လို့ မတွေးမိခဲ့။

Saturday 17 September 2011

နောင်တမရချင်ပါ

နောင်တမရချင်ပါ 

“…အောင်အောင် နင် ငါ့ပိုက်ဆံအိတ်ထဲက ငါးထောင်ယူသေးလား”

“ဟ..ငါက ဘာလို့ယူရမှာလဲ..အလုပ်မရှိတဲ့သူဆိုပြီး နင်မစွပ်စွဲနဲ့ဟ”

မပြောချင်တော့ပြီ။ အိတ်ထဲက ငွေငါးထောင် ခြေထောက်ပေါက် ပြေးလေရော့သလား။ မိသားစုလေးယောက် ရှိတဲ့ထဲမှာ အမေနှင့်အဖေက မယူနိုင်။ ယူစရာ ဒီတစ်ယောက်သာရှိသည်။ ရှိစေတော့။ သူမက ပိုက်ဆံအိတ်ကို လက်လွတ်စပယ်ထားခဲ့မိသည်ကိုး။ ဆက်ပြောရင်လည်း အောင်အောင့်ကိုပြောလျှင် အမေနှင့်အဖေက သူမကိုပဲဆူဦးမည်။ ကိုယ့်ကိုယ်သာ စိတ်ကုန်ရင်း ……ဆိုင်ကောင်တာတွင်သာ သွားထိုင်မိတော့ပြီ။

သူမထက် အသက်နှစ်နှစ်သာကြီးသောထိုအစ်ကိုသည် သူမအပေါ်ကောင်းကျိုးပေးခြင်း တခါမျှ မရှိခဲ့ဖူး။။

ပညာကိုလည်း ဆုံးခန်းတိုင်အောင်မသင်။ အချိန်ရှိသရွေ့ သူမနှင့်ပဲ ထိပ်တိုက်တွေ့နေသည်မှာ စိတ်ပျက်စရာ။

@@@@@@@

“အမေ သားကို သုံးသောင်းလောက်ရှာပေးပါ..အရေးကြီးလို့..ရှာပေးစမ်းပါဗျာ”

“ဟဲ့ ငါ့မှာဘယ်ရှိမလဲ..ငါ့ရုံးလစာလေးနဲ့ မနည်းလောက်အောင်သုံးနေရတာကို..နင့်အဖေပေးတာက ခြောက်သောင်းတည်းရယ်..နင့်ညီမပေးတဲ့ ခြောက်သောင်းကဖြင့်ကုန်ပေါ့..ဒီကြားတည်း နင့်ပေးရသေးတယ်..ဟိုတစ်နေ့ကပဲ နှစ်သောင်း..ငါ့လက်ထဲ ခုမရှိဘူးဟဲ့”

့ အနောက်ဘက်ဆီမှ တီးတိုး တွတ်ထိုးနေသောအသံများ။ အမ်ပီဖိုးလေးနားထောင်ဟန်နှင့် နားကြပ်တပ်ထားသောသူမ အသံပိတ်ထားသောကြောင့် စကားအားလုံးအား ရှင်းလင်းပြတ်သားစွာကြားရသည်သာ။ သွားပြီ။ ပြီးလျှင် သူမရှာပေးဖို့ အမေပြောတော့မည်။ ဖြစ်ချင်တော့ ဒီနေ့မှပဲ မဲထုတ်ရက်။ တစ်နေ့ သုံးထောင်နှုန်းနှင့် လူဆယ်ယောက်စုသောမဲထုတ်ရက်။ အမေ့ကို ဘယ်အရာကိုမှ ကွယ်ဝှက်ထားခြင်းမရှိခဲ့တာ မှားပြီထင်သည်။ ညနေမပေးလျှင် သူမ နှင့် အမေစကားများတော့မည်။

“မကြီး ဒီအထည်က ဘယ်လောက်လဲ”

“သုံးထောင့်ငါးရာ ညီမလေး..ညီမလေးနဲ့ဆိုလိုက်တာပဲ အသားက ဖြူဖြူဝင်းဝင်းလေးဆိုတော့လေ”

ကောင်လေးနှင့်ကောင်မလေးနှစ်ယောက် အနည်းငယ် စကားတွတ်ထိုးပြီး ဝယ်သွားကြ၏။ ဘွဲ့လေးရပြီး အလုပ်လုပ်ချင်သည်ဟု အဖေ့ကိုပြောသောကြောင့် ဖွင့်ပေးသော ဆိုင်လေး။
ဒီဘေထုပ်ဆိုင်လေးကိုဖွင့်ကာစကဖြင့် မောင်အောင်အောင်က အဖေ့ကိုလည်းပြောသည်။ အမေ့ကိုလည်းပြောသည်။ ဒီသမီးကို ဒီလိုဆိုင်ထောင်ပေးတာ အကြွေးတင်ဖို့ပဲ ဖြစ်မှာပဲ ဆိုပြီး။ နေ့ရှိသရွေ့ညရှိသရွေ့ပြောသော မောင်အောင်အောင်။ ခုတော့ ညီမလက်ထဲကငွေကို မအေဖြစ်သူနှင့် တဖက်လှည့် တောင်းပြန်ပါသည်။ ကိုယ်တိုင်တော့ဖြင့် အလုပ်လုပ်ဖို့ မကြိုးစား။ ဘိလိယက်ခုံဝင်လိုက်၊ ဇယ်တောက်လိုက်နှင့်။ ဒီကြားထဲ နှစ်လုံးဆိုတာကိုလည်းလုပ်သေးသည်။ သုံးလုံးလည်း မလွတ်။

ဟော…အတွေးမဆုံးခင် မဲလျော်သောသူပင်လာချေပြီ။ ငွေတို့ကိုရေတွက်ရင်း ဆိုင်အတွင်းဘက် မသိမသာကြည့်မိတော့ မောင်အောင်အောင်တစ်ယောက် အမေ့ခန္ဓာကိုယ်ကို လှုပ်ပြီးတီးတိုးပြောနေရင်း ခေါင်းက သူမဘက်လှည့်ကြည်လိုက်သေးသည်။

“ညီမလေးရေ နောက်သုံးယောက်ဆိုပြီးပြီနော်..နောက်တခေါက်ကျရင် မဲငွေတိုးမလားလို့ တနေ့ ငါးထောင်လေ….”

သြော်..ဟုတ်..ရတယ် အစ်မ ကျွန်မ စုမယ်”

“အေး..အေးး..သွားပြီနော်”

“ဟုတ်..ကျေးဇူးနော် အစ်မ”


“အငယ်မ နင် ဒီနေ့မဲထုတ်တယ်မလား..ငါ့ကို သုံးသောင်းလောက်ပေးစမ်း”

“အမေ့သားအတွက်ပဲမလား..သူက ဘာအလုပ်မှ မလုပ်ပဲ ဘာလို့ ပိုက်ဆံတွေစွတ်ကုန်နေရတာလဲဗျ..အမေတို့အဲလိုအလိုလိုက်ရင် နောက်ဆို သူဘယ်လိုလုပ် နေမှာလဲ..စားမှာလဲ…သူမိန်းမရရင်ကော အမေ့ဆီက ဆက်လက်ဖြန့်နေဦးမှာလားဗျ”

သူမ ပြောမိတော့ အမေက မကျေနပ်ပြန်။

“ပေးမှာပေးစမ်းအေ..စကားမရှည်နဲ့..ညည်းမလဲ ဒီအစ်ကိုလေးတစ်ယောက်ရှိတာကို လိုက်ပြီး ကြေးတမ်းတိုတ်နေတာပဲ…မသိရင် လင်လုဖက်မယားလုဖက်တွေကျလို့”

ပေးလိုက်ရပြန်ပြီ။ မပေးလျှင် အနည်းဆုံးတစ်ပတ်ဆယ်ရက်ထိတော့ အမေ သူမကို မခေါ်မပြောပဲ နေပေလိမ့်မည်။

@@@@@@@@@@@@@@@@@

ဟင်း..အောင်အောင် အမေ့ကို ပြောနေပြန်ပြီ.။.သူမ မကြားစေချင်သလို တီးတိုးသဏ္ဍာန်ဖြင့်။ လှမ်းကြည့်မိတော့ အမေ့မျက်နှာမကောင်း။ ဘာများဖြစ်လို့ပါလိမ့်ဟူသည့်အတွေးနှင့် သူမလည်း စိတ်ဖြောင့်ဖြောင့် အလုပ်မလုပ်နိုင်ပေ။ ဟော..အဖေပင်ရုံးမှ ပြန်လာချေပြီ။ သူတို့က ခုထက်ထိ မပြီးသေး။ သူမ အမ်ပီဖိုးလေးကို လုံးဝပိတ်ထားလိုက်ပြီး အသာနားစွင့်နေလိုက်သည်။

အဖေ မျက်နှာနီသွားပုံကြည့်ခြင်းအားဖြင့် စိတ်တိုသွားဟန်တူသည်။ သိချင်စိတ်က ပိုပြင်းပြလာသည်။

“ဖြောင်း”

အဖေ့ လက်ဝါးက အောင့်အောင့်ပုခုံးပေါ်ရောက်သွားသည်။ထူးထူးဆန်းဆန်း အောင်အောင် ဘာမှပြန်မပြော။ ခေါင်းငုံ့နေသည်။ မျက်ရည်လေးစမ်းစမ်းနှင့်။ အမေကတော့ အဖေ့ကို ဖြောင်းဖြနေဟန်။

“အောင်အောင် မင်းကိုငါပြောမယ်..သူများသားသမီး အတူနေပြီးမှ ဘာလို့လက်ထပ်ဖို့မပြောလဲကွ..ငါတို့ပြောရင် ငါတို့က မပေးစားမှာမို့လို့လား..ဟမ်. မိကောင်းဖခင် သားသမီးမဟုတ်တဲ့အတိုင်းပဲ ခုကလေးတစ်ယောက်မွေးမှပြောပြီး..တော့…ဘာ ကလေးကိုပဲယူမယ်ဟုတ်လား ..မင်းကိုယ်ချင်းစာတရားလေးလည်းထားဦး..မင်းမှာလည်း နှမရှိတယ်ဆိုတာမမေ့နဲ့”

ဘုရားရေ..ကလေးမွေးပြီတဲ့လား။ ဘယ်တုန်းက မိန်းမရလိုက်တာလဲ။ တအိမ်တည်းအတူနေတဲ့ သူမတောင်မသိ။ တစ်ခုတော့ ရှိသည်။ အောင်အောင်က တစ်ပတ်လျှင် သုံးရက်လောက်တော့ အိမ်ပြန်မအိပ်။ သူငယ်ချင်းအိမ်အိပ်သည်ဆိုပဲ။ ခုတော့ မိန်းမယူထားခြင်းတဲ့လား။

“ကလေးက ဘယ်နေ့ မွေးတာလဲ” အဖေ့မေးသံ။

“ဒီနေ့မနက်မွေးတာ အဖေ..ယောင်္ကျားလေး”

“သြော် စနေသားပေါ့…ဘယ်ဆေးရုံမှာလဲ…မင်းအမေနဲ့မင်းညီမခေါ်သွား..ကြည့်လိုက်…ငါကတော့ သဘက်ခါမှ ရုံးတတ်ရင်း ဆေးရုံဝင်ကြည့်တော့မယ်”

“ဟုတ်”

@@@@@@@@@@@@@@@@@@@@@@@

မိန်းမရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အမေနှင့်အဖေ့အတွက်ကတော့ အောင်အောင်သည် အဖိုးထိုက်တန်လွန်းသော သားလေးတစ်ယောက်။ သူမအတွက်ကတော့ အနှေင့်အယှက်ပေးလွန်းသော အစ်ကိုတစ်ယောက်။ ဒုက္ခပေးလွန်းသောအစ်ကိုတစ်ယောက်။ ဒီအတွေးများနှင့် သူမ ပူလောင်ခဲ့ရသည်။ အောင်အောင့်ကြောင့် အမေတို့နှင့် ရန်ဖြစ်တိုင်းလည်း သူမဝမ်းနည်းခဲ့ရသည်ပင်။

ဒီတခေါက်တော့ သူမ အောင်အောင်နှင့်ပတ်သတ်၍ ရန်မဖြစ်ရတော့ဘူးထင်သည်။ မိန်းမရပြီး ကလေးပါရပြီဆိုလျှင်ဖြင့် တည်တည်ငြိမ်ငြိမ်အလုပ်တစ်ခုနှင့် ခြေငြိမ်သွားလောက်သည်။ အမေကလည်း ရုံးကနေပင်စင်ယူပြီးပြီဆိုတော့ သူမနှင့် အမေရယ်၊၊ အဖေရယ် သားအမိသားအဖသုံးယောက်သာ အိမ်မှာကျန်တော့မည်။ အတွေးလေးမဆုံးသေးခင်ပင်………

အငှားကားပေါ်မှဆင်းလာသော အောင်အောင်နှင့် သူ့မိန်းမ၊ သူ့ကလေး။ အိတ်တွေနှင့်။

အဖေက သူမကိုကြည့်ရင်း

“အငယ်မ သူတို့ကို ငါအိမ်ငှားမရသေးခင်စပ်ကြားတော့ ဒီမှာခဏထားမယ်နော်.သိပ်မကြာပါဘူး”

သူမ သက်ပြင်းချမိရင်း…………။

“အဖေ့ အောင်အောင့်အလုပ်က ဘယ်လိုလဲ”

“ငါ ကားငှားပေးလိုက်မယ်လေ…ကကတစ်စီးလောက်…ကားမောင်းစားပေါ့ ဒါဆိုသူ့မိသားစု စားလောက်မှာပါ”

“ဟုတ်”

ဟင်း…စိတ်ညစ်ညူးစွာ ချမိလိုက်သော သက်ပြင်းကို အဖေနှင့်အမေသိမှသိပါလေစ။ အောင်အောင်..သိမှသိပါလေစ။

……………….

“အမေ ကျွန်တော့်အမ်ပီဖိုးလေးမြင်မိလား”

“နင်ပဲကိုင်တာလေ…ငါ ဘယ်လိုလုပ်သိမလဲ..အဲဒါမျိုးတွေ ငါမှမကိုင်တတ်တာ”

သိလိုက်ပါပြီ။ အရင်က အကျင့်တွေ ခုထိမပျောက်သေးတဲ့ အောင်အောင့်အကျင့်မှန်း။ အရင်ကလည်း သူမ ဝယ်သမျှ အမ်ပီဖိုးတွေ ခဏလေး သတိလက်လွတ်မထားလိုက်နှင့်။ ထားလိုက်တာနှင့်ပျောက်ပြီ။ အောင်အောင် ယူပြီးရောင်းစားခြင်းပင်။ သူ့ ဘိလိယက်ခုံဖိုးအတွက်။

“အမေ အောင်အောင်ကော”

“ကားထွက်သွားတယ်လေ…နေ့ခင်းတခေါက်ပြန်လာမှမေးကြည့်ပေါ့”

အနောက်ဝယ် ထမင်းချက်နေသော ယောင်းမလုပ်သူကို မသနားနိုင်ပါ။ ဒီလိုအခေါက်ခေါက်အခါခါဆိုလျှင်ဖြင့် သူမ နောက်ကို ပစ္စည်းတွေ ဘယ်လိုထားရမည်လဲ။

“အမေ အောင်အောင်တို့ကို မဖြစ်မနေအိမ်ငှားပေးတော့ ကျွန်တော်သူတို့နဲ့ အတူမနေနိုင်တော့ဘူး…အဲလိုမှ မဟုတ်ရင် ကျွန်တော် ဘယ်သူ့မှ မညှာပဲပြောတော့မှာနော်..အမေတို့ပြောတော့ သုံးလေးရက်ပါဆို..ခု တစ်လတောင်ကျော်နေပြီ..အမေ့သားက အချိုးပြောင်းတာလည်း မဟုတ်ဘူး..ဒီဆိုင်ခန်း ဘုတ်ကလုတ်ကျင်းလေးထဲမှာ နေဖို့မဖြစ်တော့ဘူး..အမေ့သားကို အိမ်ငှားပေးမလား..ကျွန်တော်ထွက်သွားရမလား…အဲဒီနှစ်ခုထဲက တစ်ခုပဲရွေး”


အောင်အောင်ပင်ပြန်လာချေပြီ။ သူ့လက်ထဲဝယ် သူမအမ်ပီဖိုးလေး။ ဘာစကားမှ ပြောမနေပဲ အမ်ပီဖိုးလေးကိုသာ ဆက်ခနဲ ဆွဲယူ၍ ဆိုင်ခန်းကောင်တာဆီသို့သူမထွက်လာခဲ့တော့သည်။ သူမလည်း တစ်ခါတရံတော့ ဆိုးကြည့်ချင်ပါသည်။ အမေနှင့်အဖေ့ကို ငှဲ့၍ အတိုက်အခံမပြောပါပဲ အောင်အောင်တို့မိသားစုနှင့်နေလာခဲ့သည်မှာ တိတိပပဆိုသော် တစ်လနှင့် ဆယ့်တစ်ရက်ရှိပြီ။ အိမ်ငှားပေးမည် ဆိုသည့်အဖေလည်း သူမက ဘာမျှမပြောတော့ အမေ့ခံနေသည်ပင်။ အတူသာနေ နေရသည်။ သူမ ယောင်းမနှင့်နေခြင်းကို နေသားမကျသလို ကလေးနှင့် နေရခြင်းကိုလည်း နေသားမကျ။ ဒီကြားထဲ ဆိုးသည်က အမေက ကလေးကို သူမအား ထိန်းရန်လာလာပေးသည့်အချက်ပင်။ မောင်နှမနှစ်ယောက် သင့်မြတ်စေဖို့ရည်ရွယ်ကာ ကလေးပေးထိန်းခြင်းကိုနားလည်သော်လည်း သူမလက်မခံနိုင်ပါ။ ဒီနောက်ပိုင်း ပို၍ပင် ဆိုးလာသေးသည်။ အန်တီလေး၊ အန်တီလေးခေါ်ကာနှင့်။

@@@@@@@@@@@@

“နင်ကလည်း ဘာဖြစ်လို့ သူ့အမ်ပီဖိုးကိုယူသွားရတာလဲ အောင်အောင်….”

“အမေကလည်းဗျာ..ဒါလေးခဏငှားတာကိုဖြစ်ပျက်နေလိုက်တာ…အမေ့သမီးလွန်တာကျတော့မပြောဘူးလား”

“ဟဲ့..နင်က အရင်တုန်းကလည်း ခဏခဏယူဘူးတယ်လေ…အခုလည်း မပြောမဆိုနဲ့ယူသွားတယ်..သူမမှားဘူးဟဲ့ နင်မှားတာ နင်မှ စည်းကမ်းမရှိတာကိုးနင်ကလည်းမှားသေးတယ် နင်ကပဲ ပြန်ပြောနေသေးတယ် ငါ နင့်အဖေကိုပြောလိုက်တော့မယ် နင်အိမ်ငှားဖို့ အိမ်ရှာတော့”

“ဟာ အမေ့”

ကြားနေရသည့် အသံများကြား ဟုတ်မှဟုတ်ရဲ့လားလို့။ ဒီတစ်ခါပဲ သူမဘက်က လိုက်သေးသည်လေ။

……………….

အဖေ့ သက်ပြင်းချလိုက်သည့်ဟန်၊ အမေ့တီးတိုးပြောဟန်တို့ကြား သူမပျော်သွားသည်။

“အေး ဒါဆို မင်းအိမ်မြန်မြန်ရှာလိုက်တော့ ဟုတ်လား….ဘယ်လောက်ကျကျ ငါပေးမယ်”

ထိုစကားပြောအပြီး သူမကို တချက်ကလေးပင်လှည့်မကြည့်ပဲ အပြင်ထွက်သွားသော အဖေ့အားကြည့်ကာ ဇဝေဇဝါဖြစ်သွားသည်။ သူမကို စိတ်ဆိုးတာလား။ ဒါဆိုလျှင်တော့ မဖြစ်သင့်ပါ။ သူမ အတက်နိုင်ဆုံး သည်းညည်းခံပြီး အောင်အောင်တို့မိသားစုနှင့်နေခဲ့ပေးပြီးပြီ။ အောင်အောင် စည်းကမ်းမရှိပဲ အရင်လို တာဝန်မဲ့နေခြင်းက အောင်အောင်မှားခြင်းလေ။

သူမစိတ်တို့ စိုးထိတ်စွာ။

ထင်သည့်အတိုင်းပင်။ မှားသွားခြင်းက အဖေစိတ်ဆိုးလည်း တခဏသာ။ အမေကတော့ သူမအားစကားမပြောသည်မှာ ကြာလေပြီ။ တစ်ပတ်တိတိရှိပြီဖြစ်သလို စကားတို့ဖြင့် တွန်းတိုက်နေသည်မှာလည်း တစ်ပတ်တိတိရှိချေပြီ။ မောင်အောင်အောင့်အတွက်နှင့် သူမ မိဘနှစ်ပါးနှင့် ရန်ဖြစ်ရသည်မှာ အခါခါရှိချေပြီ။ ယခု လာပြန်ပြီ။ ဒီတစ်ခါတော့ သူမအလျော့မပေးနိုင်တော့။ မိန်းမလည်းရပြီ။ ပိုက်ဆံကိုလည်းမိဘထံ လက်ဖြန့်တောင်းတုန်း။ဒါ့ထက်အရေးကြီးသည်က သူမ ဒီအစ်ကိုနှင့် ပတ်သတ်၍ အမြဲ မိဘနှစ်ပါးနှင့် စကားများနေရမည်လား။ မဖြစ်နိုင်၊ မဖြစ်ချင်ပါ။

အောင်အောင် နင်နဲ့ငါ ဘာလို့ အမြဲ ထိပ်တိုက်တွေ့နေရတာလဲ။

အတွေးတို့ကြား သူမမွန်းကြပ်လာသည်။ ကိုယ့်ဘက်က ဘာအမှားမှမရှိပါပဲနှင့် ခဏခဏ အမေ့အငြိုငြင်ခံရခြင်းကိုလည်း မုန်းလာပြီ။ ခဏခဏစကားများနေရခြင်းကိုလည်း မုန်းလာပြီ။ တခုခုတော့ ပြောင်းလဲသင့်ပြီထင်သည်။

@@@@@@@@@@@@@

“နင့်လင်လုဖက်မယားလုဖက်မဟုတ်ဘူး..သွေးသားအရင်းခေါက်ခေါက်ဟဲ့..ဘာလို့ဒီလောက်လေးတောင် ကိုယ့်အစ်ကိုကို သည်းညည်းမခံနိုင်ရတာလဲဟင်..စိတ်ဓါတ်က အောက်တန်းကျလိုက်တာ..ငါ့သွေးသားမဟုတ်တဲ့အတိုင်း…ငါ့သွေးထဲ အဲလောက်အောက်တန်းကျတဲ့စိတ်ဓါတ်မပါဘူးဟဲ့”

“အမေ့သားလွန်တာကျ အမေဘာမှမပြောတော့ဘူးလား….အမြဲတမ်း သမီးပိုင်တဲ့အရာတိုင်း သမီးတန်ဖိုးထားတဲ့အရာတိုင်းကို သမီးမသိအောင်ယူတယ်..ခပ်ရိုင်းရိုင်းပြောရင် ခိုးတာပဲ..ခိုးရောင်းတာလေ

အမေတို့ သမီးအတွက် ဘာလုပ်ပေးလဲ…အမေ့သားကို တစ်ချက်ဆူဘူးလား… ပြန်လျော်ပေးဖို့စကားတစ်ခွန်းပြောခဲ့ဖူးလား အဲ့ဒါတွေက သမီးကိုယ်ပိုင်လုပ်အားနဲ့ ဝယ်ထားတာပါ အလကားရတာမဟုတ်ဘူး”

အမေ့စကားတို့ကိုပြန်လည်ချေပရင်း ရင်ထဲမွန်းကြပ်လာသည်။ မျက်ရည်တို့ကလည်း တားမနိုင်ဆီးမရစွာ ကျဆင်းလာပြန်သည်။ ဒီအတိုင်းပဲ၊ ဒီအတိုင်းပဲ စကားများနေရတော့မှာလား။ ကိုယ်မမှားတဲ့အရာတစ်ခုအတွက်၊ ဒီကိုယ့်အတွက်ဘာကောင်းကျိုးမှမပေးတဲ့ အစ်ကိုတစ်ယောက်အတွက် မိဘတွေနဲ့ စကားများဖို့၊ ရန်ဖြစ်ဖို့ဟာ တစ်သက်တာလုံးအတွက် မွေးရာပါကံလား။

မွေးရာပါကံဆိုလျှင်ဖြင့် ဒီကံကြီးကို သူမတွန်းလှန်ပစ်ချင်ပါသည်။ ဒါသူမ၏ ကံမဟုတ်ဘူးလို့ ငြင်းချက်ထုတ်ချင်ပါသည်။ ဒီလိုအစ်ကိုမျိုးကိုလည်း မောင်နှမမတော်ချင်တော့ပါလေ။

“လင်လုဖက်မယားလုဖက်ကမှ မတွေ့ချင် မျက်နှာလွှဲလိုက်ရုံပဲ…ခုဟာက မောင်နှမတော်လို့ခက်နေတာ… ညီမလုပ်သူဆီက ခဏခဏဒီလိုယူနေတာ..သူမရှက်ပေမဲ့ အခိုးခံရတဲ့ သမီးတောင်ရှက်လာပြီ.. အမေ့သားဘက်ကချည်း လိုက်နေမယ်ဆို ရတယ်…သမီးမနေဘူး.. ထွက်သွားမယ် အခုဖြစ်တာကလည်း သူက သမီး အမ်ပီဖိုးကိုယူသုံးပြီး ပျောက်တယ်ဆိုပြီးပြောတာ တခြားမှာ ခိုးရောင်းတာသေချာနေတာကို အမေ သိရဲ့သားနဲ့ သမီးကိုပဲပြောတယ် ဒီအိမ်မှာ သူတို့ရှိနေမယ်ဆိုရင် သမီးမနေတော့ဘူ သွားမယ်”

ရင်ထဲဝယ် မွန်းကြပ်လွန်းခြင်းတို့ကြောင့် စကားတို့ကို ပီသအောင်မနည်းပြောယူလိုက်ရသည်။ ထို့နောက်

မျက်ရည်စတို့ကို လက်ဖြင့်ခပ်ကြမ်းကြမ်းပဲ သုတ်လိုက်ပြီးကျောပိုးအိတ်ထဲသို့ မှတ်ပုံတင်နှင့် အလွယ်ရှိသော ငွေနှစ်သိန်းထည့်လိုက်သည်။ နောက်ခြေလှမ်းတို့က ဘက်စ်ကားဂိတ်သို့။ အမေလည်း မတားပါ။ ယောင်းမလည်းမတားပါ။ ဒီချိန်မှာ တစ်ယောက်ယောက်က တားမည်ဆိုလျှင်ကော သူမ နောက်ဆုတ်နိုင်မည်လား။ မဆုတ်နိုင်ပါ။ မဆုတ်ချင်တော့ပါ။ အလျော့ပေးပေါင်းလည်းများပြီ။ ဒီတစ်ခါတော့ဖြင့်တကယ်ကို အလျှော့မပေးနိုင်တော့ပြီ။

………………..

ကားပြတင်းပေါက်မှငေးနေမိသည်မှာ မည်မျှကြာသည်မသိ။ ကိုယ့်ဘေးဝယ် လူတစ်ယောက်ဝင်ထိုင်လိုက်သည်ကိုပင် မသိလောက်အောင်ထိ။

သူမနှင့် အရွယ်တူမိန်းမငယ်တစ်ဦးပါပဲ။ မျက်လုံးများသည် နီရဲနေသလား။ သူမ စိတ်ထင်နေခြင်းဖြစ်ပါမည်။ မျက်လုံးကို ပြတင်းပေါက်ဘက်သို့ ပြန်ရွှေ့မည်ပြုစဉ် ထိုမိန်းခလေးရေးခြစ်နေသော စာလုံးများက သူမကို ပြုစားသွားသည်။

ဗလာစာအုပ်ဝယ် ဒီစာလုံး၊ ဒီစကားလုံးကို ရေးခြစ်နေသော ထိုမိန်းခလေးသည်လည်း သူမနှင့်ထပ်တူ မိဘနှင့် ပြဿနာတတ်လာသူလေလား။ ထိုမိန်းခလေး၏ မျက်ဝန်းတို့ နီရဲနေသည်ကို ကြည့်ခြင်းအားဖြင့် ဖြစ်နိုင်ပါသည်။ သို့သော်ထိုမိန်းခလေးက သူမထက်သာသည်။ အတွေးသာပါသည်။ ထိုမိန်းခလေး သူမကိုယ်သူမဆုံးမနေဟန်ဖြင့်။ ထို့နောက် ထိုမိန်းခလေးကားပေါ်က ဆင်းသွားပါတော့သည်။ မတွေးပဲသိသာနေသည်မှာ ထိုမိန်းခလေး သွားသောနေရာသည် ထိုမိန်းခလေး၏မိဘဆီပင်ဖြစ်မည်ဟု။ သူမလိုပင် မိဘနှင့်အတူနေသူလည်း ဖြစ်နိုင်သည်။ မိဘနှင့်ခွဲနေသူလည်း ဖြစ်နိုင်ပါသည်။ ထိုမိန်းခလေးရေးသွားသောစာကိုတွေးမိရင်း သူမစဉ်းစားမိသည်မှာ တစ်ခုတည်း။ သူမမှားနေပြီလား။ ထိုမိန်းခလေးလောက်ပင် မိဘအတွက် တွေးမပေးနိုင်တော့ဘူးလား။

ထိုမိန်းခလေးရေးသွားသောစာက…..မိဘကို ရှင်ပြုပါ..တဲ့။ မိဘကို အသက်ရှင်တုန်းလေးပြုစုပါ…တဲ့။

သူမအဖေသည် အသက်ခြောက်ဆယ်ပင်ကျော်လို့ နိုင်ငံတော်မှပင် ပင်စင်ပေးထားချေပြီ။ ကုမ္ပဏီတစ်ခုတွင် ဆက်လက်အလုပ်လုပ်နေဆဲ အဖေသည် အလုပ်မှ မနားချင်၍တော့ ဟုတ်မည်မထင်ပါ။ ငွေကြေးလိုအပ်ချက်အရ လက်ထောက်မန်နေဂျာရာထူးနှင့် တစ်လ နှစ်သိန်းဆိုသော လစာငွေကို လိုအပ်သောကြောင့်သာ။ အမေဆိုလျှင်လည်း သိပ်မကြာခင်ပင် ပင်စင်ရတော့မည်။ နိုင်ငံတော်မှပေးသော သက်ပြည့်ပင်စင်။

ဒီလို အသက်ကြီးရင့်နေပြီဖြစ်သည့် မိဘနှစ်ပါးကို စိတ်ညစ်အောင် သူမလုပ်သင့်သလား။။

သိပ်မကြာခင် အိမ်ပြောင်းတော့မည့် အောင်အောင့်အတွက် မိဘနှစ်ပါးကို စိတ်ညစ်အောင်လုပ်ဖို့ရာလိုသလား။

မိဘတိုင်းသားသမီးမှန်သမျှကို အညီအမျှချစ်ကြမည်မှာ အသေအချာ။ ဆိုးတဲ့သားသမီးအပေါ် တကူးတကပိုခြင်းမဟုတ်ပါပဲ အစိုးရိမ်လွန်ရင်း ပိုသလိုဖြစ်နေတတ်တဲ့ မိဘပေါင်းများစွာလည်း သူမတွေ့ခဲ့ဖူးသည်ပဲ။ သူမ မိဘတွေလည်း အပါအဝင်ပင်။

ဘာပဲဖြစ်ဖြစ် ဒီချိန်မှာ သူမကံကောင်းနေပါသေးသည်။ တချို့ငယ်ငယ်ရွယ်ရွယ်နှင့် အမိမဲ့အဖမဲ့နေသူမြောက်များစွာ။  ထိုမိန်းခလေး မိဘကို ရှင်တုန်းမပြုစုမိ၍ ဝမ်းနည်းနေခြင်းလည်း ဖြစ်နိုင်သည်။ သူမထိုကဲ့သို့တော့ အဖြစ်မခံနိုင်ပါ။ သူမထံဝယ် အခွင့်အရေးရှိပါသေးသည်။

သူမ အသက်နှစ်ဆယ့်ခြောက်နှစ်။ မိဘနှစ်ပါးနှင့်အတူ နေနေရခြင်းကိုက အကောင်းဆုံးဆုလာဘ်မဟုတ်ပါလား။ ဒီဆုလာဘ်ကို တန်ဖိုးထားသင့်သည်လေ။ အတွေးတွေထဲ နစ်နေသူ သူမ ယခုမှပင် သတိထားမိတော့သည်။ ခရီးစဉ်ဆုံးလို့ မော်တင်ကနေ တစ်ပတ်ပြန်ပတ်နေပြီပဲ။

ဟော…ဘောင်းဘီအိတ်ကပ်ထဲမှ ရှိစုမဲ့စုဝင်ငွေလေးဖြင့်ဝယ်ထားသော ငါးသိန်းဖုန်းမှ တုန်ခါပြီး အသံမြည်လာသည်။ ကြည့်လိုက်တော့ အဖေဆက်ခြင်း။

“အငယ်မ အိမ်ကိုပြန်တော့..ဟိုမှာ ဝယ်သူတွေ တအားကျနေတယ်တဲ့..နင့်အမေနဲ့ နင့်ယောင်းမလည်း ဘာမှမလုပ်တတ်ဘူး..သွားသွား.. အောင်အောင့်အတွက် အဖေ အိမ်ရှာပေးပြီးပြီ…သဘက်ခါဆိုပြောင်းတော့မှာ ..ဟုတ်လား..အိမ်ကိုပြန်တော့နော်”

“ဟုတ်..အဖေ”

လိုင်းကားနှင့်ပြန်ဖို့ မဖြစ်နိုင်တော့ဘူးထင်သည်။ အငှားကားနှင့်သာပြန်ရတော့မည်။ ဒီကနေ တောင်ဒဂုံဆို အနည်းဆုံး ၃၅၀၀ တော့ကျမည်သာ။ သူမ ဖုန်းကို အမေ မဆက်သည်ကိုကြည့်ခြင်းအားဖြင့် စိတ်ဆိုးမပြေသေးဘူးထင်ပါရဲ့။ သူမ၊ သူမကတော့ စိတ်ဆိုးပြေလိုက်ပါတော့မည်။ ဖြေလိုက်ပါတော့မည်။ ကိုယ်က သားသမီးပေပဲ။

သိပ်မကြာခင် မဲဖိုးလာယူတော့မည်။ တစ်နေ့စာတစ်နေ့ မှန်မှန်ပေးမှ မဲစုသည်ခေါ်ပေမည်။ နှစ်ရက်သုံးရက်ကြာပြီးများသွားလျှင် ပေးရတာတလုံမာဏများသည်။

မိဘကိုရှင်ပြုပါတဲ့။

သူမသာ စိတ်လေးထားတတ်ရင် အရာအားလုံးအဆင်ပြေပါမည်။ အမေနှင့်အဖေလည်း စိတ်ချမ်းသာမည်။ အောင်အောင်လည်း သဘက်ခါဆို ပြောင်းတော့မည်။ သူမ နောင်တ မရချင်ပါ။ ရတုန်းရဆဲ အခွင့်အရေးလေးကို ဒီချိန်မှာ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားပါမှ ယူကြုံးမရဖြစ်ခြင်းဆိုသည့် နောင်တနှင့် ကင်းဝေးမည်မလား။ ဟော…အတွေးမဆုံးခင်ပင်..အငှားကားတစ်စီးလာချေပြီ။ သူမလက်ကလေးတစ်ဖက်ထုတ်ကာ တားလိုက်ပါတော့သည်။ Taxi လို့။

@@@@@@@@@@@@@@@@@@@@@@@

ရည်ဝေ(ရေနံ့သာသူ)

နွံတစ်ခု၏ဖြစ်စဉ်

“နွယ်တို့ လက်ထပ်ကြရအောင်..ပိုက်ဆံမလောက်ဘူးဆိုတောင် တရားရုံးမှာ လက်မှတ်ထိုးပြီး ပုဆိုးတန်းတင် အကြင်လင်မယားပေါ့နော်…အုန်းနို့ခေါက်ဆွဲချက်ပြီး .အရှေ့ငါးအိမ် အနောက်ငါးအိမ် ပို့လိုက်ပြီး ကြေငြာလိုက်ရင်ရတာပဲ”
နွယ် ဒီစကားကို ပြောသာပြောလိုက်ရသည်။ နွယ့်ရင်ထဲဝယ် ရှက်ရွံခြင်းများစွာနှင့်။ နွယ့် ပြောစကားကြားတော့ မောင်က မဖြစ်နိုင်ဘူးဆိုသည့်သဘောနှင့် ခေါင်းခါယမ်းရင်း
“မဖြစ်နိုင်မှန်းသိရဲ့နဲ့ နွယ်ရယ် မောင့် အောက်မှာ အငယ်နှစ်ယောက်ရှိသေးတာသိရဲ့နဲ့ သူတို့နှစ်ယောက်ကျောင်းပြီးမှပဲ လက်ထပ်ဖို့ စဉ်းစားမယ်လို့ နွယ့်ကို မောင် ပြောထားသားပဲ”
ချစ်ရသော မောင်၏ ခါးခါးသီးသီးငြင်းဆန်ပုံကို ကြည့်ရင်း နွယ် ဝမ်းနည်းလာမိပါသည်။ သို့သော် ဒီစကားကတော့ မပြောမဖြစ်ပြောရပေတော့မည်။
“လက်မထပ်နိုင်သေးရင်လည်းနွယ့်ကို ဘာလို့…နွယ့်ကို” ပြောရင်းစကားပင်မဆုံးနိုင်ပဲ ငိုလိုက်မိတော့သည်။ နွယ်ငိုတော့လည်း ချစ်သူ မောင့် ခမျာ မနေသာ။ စိုးရိမ်တကြီးနှင့် မေးမိပြန်သည်။
“နွယ် ဘာဖြစ်လို့လဲဟင်…ဘာတွေ စိတ်ညစ်စရာရှိနေလို့လဲ…နွယ့်အိမ်မှာ တစ်ခုခုဖြစ်လို့လား”
“မဟုတ်ဘူး မောင်..နွယ်..နွယ့်မှာ ကိုယ်ဝန်ရှိနေပြီ…သုံးလတဲ့…နွယ့်ကို လက်ထပ်မှ ဖြစ်မယ်…”
“နွယ် ရယ်…အရန်ကော..ဒီလောက်က ဆေးကို သုံးခွက်လောက်စပ်သောက်ရုံနဲ့ အဆင်ပြေသွားမှာလေ”
“မောင်” သူမ အံ့သြတကြီးခေါ်လိုက်မိရင်း ထပ်မေးမိပြန်သည်။
“မောင်…လက်ထပ်ဖို့ အစီအစဉ်မရှိဘူးလားဟင်..ပိုက်ဆံမလိုပါဘူးမောင်ရယ်”
မေးရင်း အတွေးတစ်ခုကလည်း ဝင်လာပြန်၏။ မောင်ပြောလိုက်သည့်ပုံက အတွေ့အကြုံရှိပြီးသူလိုမျိုး စဉ်းပင်မစဉ်းစားပဲ လက်တန်းဖြေလိုက်ခြင်း။ မောင့်သူငယ်ချင်းတွေထံဝယ် အတွေ့အကြုံရှိခြင်းကြောင့် ဖြစ်ပါမည်လေဟုတွေးကာ နွယ် စိတ်ဖြေလိုက်သည်။
“နွယ်…မောင့်အိမ်အခြေအနေအရရော..နွယ့်အိမ်အခြေအနေအရရော လက်ထပ်လို့မရတာ နွယ်သိသားနဲ့ကွာ”
“နွယ်တို့ နောက်နေ့မှ ဆက်ဆွေးနွေးတာပေါ့နော်…ဒီနေ့တော့ ပြန်ကြရအောင်”
“အင်းလေ….သဘက်ခါ ဒီနေရာမှာပဲ တွေ့ကြတာပေါ့လေ…နွယ့်အိမ်ကလည်း မသိစေနဲ့ဦးနော်…တော်ကြာ ပိုရှုပ်ကုန်မယ်”
……………………………………..

ပြန်ကိုပြန်ရမယ့် စာလေးတစ်စောင်

ဒီစာကို ဖတ်ကြည့်ပြီးတော့ စိတ်ပင်အနည်းငယ် ညစ်ညူးသွားချေပြီ။ နွယ်ဆိုသောမိန်းခလေးက သူမ၏ အချစ်နှင့်ပတ်သတ်၍ မေးထားခြင်းပင်။ သူမ၏ချစ်သူနဲ့ လက်ထပ်ရန် အိမ်ကသဘောမတူသဖြင့် အလွယ်တကူပဲ ခိုးရာလိုက်ပစ်လိုက်ချင်ပြီ….ဟု ရင်ဖွင့်ထားခြင်းပင်။
“နွယ်…ရေ
ခိုးရာလိုက်တယ်ဆိုတာကို နောတ်ဆုံးအဆင့်မှ စဉ်းစားပါ ညီမရယ်။
သမီးမိန်းခလေးတစ်ယောက် ခိုးရာလိုက်ပြေးတဲ့အခါမှာ မိဘတွေအနေနဲ့
ပတ်ဝန်းကျင်မှာ အလွန်သိမ်ငယ်ရတယ် ညီမရဲ့။ သဘောတူအောင် နည်းနည်းလေး
ကြိုးစားလိုက်ပါဦး။ လုံးဝမဖြစ်တော့ဘူး…ဆိုတာသေချာမှ အဲဒီလို
စဉ်းစားပါလို့ မမ အကြံပေးချင်တယ်။…”

……….သူမကတော့ စာတိုတိုလေးရေးကာ ရင်ဖွင့်ထားသော်လည်း ကျွန်မကတော့ စာရှည်ရှည်လေးရေးကာ စာပြန်လိုက်မိသည်။
ခိုးရာလိုက်တယ်ဆိုတာ….လူငယ်တွေအတွက် ဘယ်လိုစဉ်းစားမလဲမသိပေမဲ့ ကျွန်မတော့ မိဘတွေကို သနားသည်။ တစ်ခါက မုန့်ဟင်းခါးဆိုင်တွင် မုန့်စားနေရင်း ဘေးကလူတစ်ချို့ လင်မယားနှစ်ယောက်ကို ၀ိုင်းကြည့်နေကြသည်ကို တွေ့ရသည်။

ထပ်တူမခံစားစေချင်ပါ

မုန့်ဟင်းခါးဆိုင်လေးအတွင်းမှ လူအများ၏ ကျွတ်စီကျွတ်စီအသံလေးမျာကြောင့် သူတို့စူးစိုက်ကြည့်နေရာကို ကိုယ်ပါကြည့်လိုက်မိသည်။ ဦးလေးကြီးတစ်ဦးနှင့် အန်တီကြီးတစ်ဦး။ လမ်းမထက်ဝယ် ခပ်သွက်သွက်လျှောက်လို့။ မျက်လုံးများစွာကို ဂရုမစိုက်သည့်ဟန်ဖမ်းထားသော ထိုနှစ်ယောက်၏ ခြေလှမ်းယိမ်းယိုင်နေမှုကို ကြည့်ခြင်းအားဖြင့် မနည်းအားတင်းထားခြင်းဖြစ်မည်။

“သူ့သမီးက ခိုးရာလိုက်ပြေးသွားတယ်လေ…”

“ဟုတ်လားဟ…မိုက်လိုက်တဲ့ မိန်းခလေးပါ့လား..မိဘတွေ သနားစရာ”

မိဘတွေသနားစရာဆိုလျှင် ဒီလိုမျိုးတော့ စူးစူးစိုက်စိုက်ကြီးကြည့်မနေသင့်ဟု ထင်သည်။ ခုတော့ မျောက်ပွဲကြည့်နေသလိုပင်။ မကြည့်ဖြစ်တော့ပဲ မုန့်ဟင်းခါးကိုသာ ဆက်စားနေမိတော့သည်လေ။ ထိုနှစ်ယောက်အတော်ဝေးဝေးရောက်သည့်တိုင်အောင် ဒီမုန့်ဟင်းခါးဆိုင်မှာတော့ ခိုးရာလိုက်သည့်အကြောင်းက မပြီးပြတ်သေး။ တခုတ်တရနှင့်ပြောနေကြဆဲ။ ကောင်လေးက အရက်သမားဆိုလား။ ကောင်မလေးကဘွဲ့ရပညာတတ်ပါရဲ့နဲ့..ဆိုလား။ မုန့်ဟင်းခါးဖိုးရှင်းကာ သူထွက်လာသည်အထိ ထိုစကားဝိုင်းက ဖောင်ဖွဲ့ကောင်းတုန်းပင်။

!!!!!!!!!!!!!!!


မျှော်လင့်ချက်မြို့ငယ်လေး

မျှော်လင့်ချက်မြို့ငယ်လေး

မွေးရပ်မြေတဲ့။ မွေးဖွားရှင်သန်ခဲ့ရာ ဇာတိတဲ့။ ကမ္ဘာအနှံ့ကျော်ကြားသူတို့ထံတွင်လည်း မွေးရပ်ဇာတိရှိ၏။ ဘဝကို
သာမန်ဖြင့်နေထိုင်သော ကျွန်တော်လို လူမျိုးတွင်လည်း မွေးရပ်ဇာတိရှိ၏။ ကျွန်တော် ယုံကြည်ပါသည်။ မည်သူမဆို ကိုယ့်မွေးရပ်ဇာတိကို ချစ်မြတ်နိုးကြမည်ဟု။ မွေးရပ်ဇာတိဝယ် နေထိုင်နေသူဖြစ်ချင်မှဖြစ်မည်။ သို့သော် သူတို့၏ စိတ်တွင်ကား မွေးရပ်ဇာတိသည် မည်သည့်အခါမျှ မပျောက်ပျက်နိုင်သော အတိတ်ပုံရိပ်ပင်။ အတိတ်ပုံရိပ်ဟုဆိုသော်ငြား ထိုပုံရိပ်သည် ဘဝတစ်သက်တာလုံး ပါဝင်သွားမည့် အရိပ်ဟု ဆိုလျှင် ပိုမှန်ပေမည်။ ကျွန်တော်သည်လည်း ကျွန်တော့်မွေးရပ်ဇာတိမြေလေးကို
နှလုံးသားထဲဝယ် အစဉ်မြုပ်နှံထားခဲ့သည်သာ။

မောင်နှမ

မိုးစက်တို့ ခပ်ဖွဲဖွဲကျနေသည့် လမ်းမထက်ဝယ် ကလေးသုံးယောက် ပြေးလွှားလို့….။
မိုးစက်စိုမှာကြောက်၍လား။ မဖြစ်နိုင်။ ကလေးတစ်ယောက်က လက်က အပေါစားနာရီလေးကို ကြည့်လိုက်သည်။ ထို့နောက် အရပ်အပုဆုံးလေးကို အလယ်မှာထား၍ ဘေးကနေ တစ်ယောက်တစ်ဖက်စီ လက်ကိုဆွဲကာ အရှိန်မြှင့် ပြေးကြလေတော့သည်။ တစောင်းလွယ်ထားကြသည့် လွယ်အိတ်ကလေးသုံးခုကလည်း ပြေးသည့်အရှိန်ဖြင့် တစ်လွင့်လွင့်။ စာအုပ်တွေ ပါမလာဟန်ပင်…ထင်ရလေသည်။
ဟော…ရောက်ပါပြီ။ ကျောင်းတော်ကြီး။ တံခါးက ပိတ်လုပိတ်ခင်။ သူတို့ဝင်သွားတော့ တံခါးစောင့်တာဝန်ကျဆရာဖြစ်ဟန်တူသူက ခေါင်းလေးတွေ တစ်ချက်စီလိုက်ပုတ်လို့။ ထို့နောက် ထိုသုံးယောက် ကိုယ်စီကိုယ်စီ အခန်းတွေဆီ ဝင်သွားကြ၏။
“ဒေါင်..ဒေါင်…ဒေါင်”
ကျောင်းတက်ခေါင်းလောင်းထိုးသံအပြီး။ တစ်ကျောင်းလုံးကလေးလူကြီး မကျန် မတ်တပ်ရပ်၍ ကမ္ဘာမကျေသီချင်းကို ညီညီညာညာ ဆိုကြလေ၏။ တစ်ချို့ သီချင်းကို ကောင်းကောင်းမရသေးသူတွေကတော့ သီချင်းရသူတွေ ပါးစပ်ကိုကြည့်ကာ ယောင်ဝါးဝါး။ ကိစ္စမရှိပါ။ သိပ်မကြာခင်ပင် သူတို့ရသွားမည်မှာ သေချာပါသည်။
………………………..
ခန်းမကျယ်ကြီးတစ်ခု။ ခုံတန်းလေးတွေနှင့် ကလေးတွေ ထိုင်နေကြသည်။ ကြည့်ရတာ သူငယ်တန်း ကျောင်းသူကျောင်းသားလေးတွေဖြစ်မည်။ အရှေ့ဆုံးက ဘလက်ဘုတ် မှာတော့ ဆရာမတစ်ယောက် ကြိမ်လုံးတစ်ဖက်၊ မြေဖြူတစ်ဖက်နှင့် စာရေးနေသည်။
ကျောက်သင်ပုန်းနှင့် ကျောက်တံနှင့် အလုပ်ရှုပ်နေကြသော ကလေးတို့မှာ တစ်စုံတစ်ရာကို မျှော်နေသလိုလို။

ပုံသွင်းမမှားစေချင်ပါ

“သားရေ…အဖေ့ကို ဆေးလိပ်လေး နှစ်လိပ်လောက်ဝယ်ပေးစမ်းဟေ့…မင်းသူ ဆိုင်ကနေ…ပြီးတော့ အဖေစားနေကျ ကွမ်းတစ်ရာဖိုး ပါဝယ်ခဲ့”

“ဟုတ်”

ပိုက်ဆံယူပြီးထွက်လာခဲ့တော့ ကိုမင်းသူ ကွမ်းယာဆိုင်မှာ သူ့သူငယ်ချင်းနှစ်ယောက်။ သူ့လိုပင် ဆေးလိပ်လာဝယ်သည်ထင်ပါရဲ့။ သူတို့အဖေတွေသည်လည်း သူ့အဖေလိုပင် ကွမ်းစား၊ ဆေးလိပ်သောက်သည်ကို တွေ့ဖူးသည်လေ။

………

တစ်ခေါက်ကနေ ဆယ်ခေါက်ဖြစ်လာတော့ သူလည်း ကိုမင်းသူနှင့် ရင်းနှီးချေပြီ။

“ကိုကြီးမင်းသူ သားကို အဆိမ့်တစ်ယာလောက်..စားကြည့်ချင်လို့”

“မစားပါနဲ့ကွာ..မကောင်းပါဘူး” ဆိုင်ရှင် ကိုမင်းသူက တစ်ခွန်းတော့ တားဖြစ်ပါသည်။ သို့သော်လည်း…

သူ့ပါးစောင်ထဲဝယ် ကွမ်းတစ်ယာ ရောက်ရှိချေပြီ။ မစားဘူးလို့ အစားထူးလေသည်လားမသိ။ သူ့ရင်ထဲဝယ် ကွမ်းမြုံ့နေရခြင်းကိုက အရသာတစ်ခု။

သူငယ်ချင်းများရှေ့ဝယ် ကွမ်းစားရင်း၊ သူငယ်ချင်းတွေနှင့်အတူတူ ကွမ်းစားရင်း ကိုယ့်ကိုယ်ကို လူကြီးစားရင်းဝင်ပြီဟု သူတို့ အတူတူ တွေးဖြစ်ခဲ့ကြသည်။ အသက်ကလေးကတော့ တစ်ဆယ့်နှစ်နှစ် လောက်ရှိသေးသည်ပေါ့။ ရံဖန်ရံခါ ဆေးလိပ်တစ်လိပ်ကို သူငယ်ချင်းသုံးယောက် အတူတူဖွာရှိုက်ဖြစ်ခဲ့ကြသည်။ မိဘကွယ်ရာမှာပေါ့။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@


ကျေနပ်ပါသည်

ဝရန်တာဝယ်ရပ်ရင်း လမင်းကို မော့ကြည့်မိတော့ လကလည်းတော်တော်လေးကို သာနေသည်။ ဒီကမ္ဘာမှာ သူ့လောက် အလှပအတင့်တယ်ဆုံးသူ မရှိဘူး ဆိုသည့် အဓိပ္ပါယ်နှင့် ကြွားကြွားရွားရွား ဝိုင်းစက်ဝင်းလက်လို့။ ကြယ်လေးတွေကလည်း ဒီညကျမှပဲ လမင်းကိုခစားနေလိုက်ပုံများ။ စုံစုံလင်လင်နှင့်။ လမင်းရဲ့ အေးမြတဲ့ ဝင်းလဲ့လဲ့အရောင်က လက်ရှိ သူနေထိုင်နေတဲ့ ကမ္ဘာတစ်ခြမ်းပေါ် ဖြန့်ကျက်ထားလေရဲ့။ ဒီလရောင်ကိုငေးနေရင်း ငြိမ်းချမ်းနေသူတွေလည်း ရှိနိုင်ပါသည်။ သူကတော့ ဒီလရောင်အောက်မှာ၊ ကောင်းကင်ရဲ့ ငြိမ်းချမ်းမှုအောက်မှာ မအေးချမ်းနိုင်သူတစ်ဦးသာ။ တစ်ချို့တစ်ချို့သော နေရာတွေမှာလည်း အကြောင်းပြချက်မတူညီစွာဖြင့် သူ့လိုပင် တူညီစွာမငြိမ်းချမ်းနိုင်သူတွေ မအေးချမ်းနိုင်သူတွေ ရှိနေပါလိမ့်မည်။
သူ့တွင်လည်း ကြယ်စုံလစုံသော ကောင်းကင်ရှိပါလျှက် နွေးထွေးခြင်း၊ အေးမြခြင်းတို့ ကင်းမဲ့နေသည်လေ။
……………………………………………………………………………………………………………………………

တောင်းပန်ပါတယ်...သမီးရယ်

“အမေ သမီး မလုပ်ချင်ဘူး အမေရယ်….အဖေ့ကို ရိုးရိုးသားသားပြောပြီး ဈေးဖိုးပိုတောင်းလိုက်ပါ့လား”

“မရလို့ပေါ့အေ…ငါးထောင်ထဲပါအေ..ညည်းအဖေက သူ့ပိုက်ဆံအိတ်ကို သတ်သတ်မှတ်မှတ်ရေတွက်မထားပါဘူး..ဒီတစ်ခါတည်းပါအေ..အရေးကြီးနေလို့မို့ပါ”

“မိသွားရင် သမီးကို အဖေက ရိုက်မှာ…အဖေအရိုက်ကြမ်းတာလည်း သိရဲ့သားနဲ့”

“မိသွားရင် ငါပြောပေးမယ်အေ..ဒီတစ်ခါတည်းပါဆိုကာမှပဲ”

“ဟင်း….” သက်ပြင်းချမိရင်း

“ဒီတစ်ခါတည်းနော်အမေ ”…ဟုသေချာအောင်မေးမိပြန်ပါသည်။။

“အေးပါအေ..ဒီတစ်ခါတည်း..ဒီတစ်ခါတည်း”

အဖေက အိပ်နေသည်။ အမေကတော့ အိပ်ချင်ဟန်ဆောင်လို့။ သူမ၏ လက်ချောင်းသေးသေးလေးကို အဖေ့ခေါင်းအုံးအောက်ထဲ အသာအယာသွင်းကာ ပိုက်ဆံအိတ်ကို ရှာလိုက်သည်။ တွေ့ပါပြီ။ ပိုက်ဆံအိတ်ဇစ်ကို အသာအယာဆွဲကာ အုပ်လေးများထဲက ဟိုတစ်အုပ် တစ်ရွက်၊ ဒီတစ်အုပ်တစ်ရွက် ဆွဲလိုက်သည်။ ပြီး ပြန်ထုတ်ကြည့်လိုက်၏။ ငါးထောင်ပြည့်ပြီ။ ဇစ်ကို အသာဆွဲပိတ်ကာ ပိုက်ဆံအိတ်ကို အဖေ့ခေါင်းအုံးအောက် ပြန်သွင်းပေးလိုက်သည်။ အဖေကတော့ မသိ။ တခူးခူးနှင့် အိပ်ပျော်လို့။

“တော်လိုက်တာဟယ် ညည်းအဖေမသိအောင် ယူတတ်သားပဲ”

စာရိတ္တတို့ကို ချိုးဖောက်ပြီး ရလာသည့် ချီးကျူးမှု။ သို့သော် ချီးကျူးခဲသော အမေ၏ စကား။ သူမ ဝမ်းနည်းရမှာလား။ ဝမ်းသာရမှာလား။ မသိ။ ဘာပဲဖြစ်ဖြစ် တစ်ခါတည်းပါ။ ဒီတစ်ခါတည်းပါ။ သူမ၏ တင်းကျပ်နေသည့် စိတ်တို့ ကို ဒီတစ်ခါတည်းပါလေ ဟူသော အတွေးနှင့် ဖြေလျော့လိုက်သည်။

သို့သော်…..နောက်ထပ်နောက်ထပ် အခေါက်ပေါင်းများစွာ…..။ အမေ့ တီးတိတိုးတောင်းဆိုမှု။ လုပ်မပေးနိုင်ဘူး ဟု ပြတ်ပြတ်သားသား မငြင်းဆန်နိုင်မှုတို့ထဲ စာရိတ္တကို သူမ အခါခါ ချိုးဖောက်ခဲ့မိသည်။