Friday 17 May 2013

၁၇-၅-၂၀၁၃-------



သစ်ပင်တစ်ကောင်ကို
အပိုင်းပိုင်းဆွဲဆုတ်ပစ်လိုက်တယ်
သူ လဲပြိုမသွားသေးဘူး
ငါ့ဆီမှာ ကပ်ပါးတစ်ကောင်လိုတွယ်ငြိ
ငှက်တစ်ကောင်ကို တမ်းတ
ခဏခဏ ခဏခဏ
ငါ့စိတ်ကို အဆိပ်ကျွေးတယ်


ညည
အိပ်မရတဲ့ ညတွေ
ပြုစားခံညတွေ
တိတ်တဆိတ်တမ်းတ
အလင်းမဲ့ညတွေ
သစ်ပင်ရဲ့ ခြေသံက
ငှက်တစ်ကောင်ရဲ့ အတောင်ပံခတ်သံနဲ့ ထပ်တူကျ
ညည ငါ့ဆီ ရောက်လာတယ်
ညည ငါ့ကို နိုးထစေတယ်
ညည ငါ့အတွက် အဆိပ်အသစ်တွေ ဖေါ်စပ်တယ်

သစ်ပင်တစ်ပင်
အသက်ကြီးရင့်ရင်
ချစ်ခြင်းကို ဒီလိုပဲ အစာကျွေးနိုင်ဦးမလား
သိချင်တယ်
မမြဲတဲ့ တရားတွေ
မခိုင်တဲ့ ကြိုးတွေ
ရှေ့လျှောက်တွေ့ဆုံဖို့ရာတွေမှာ
အနိစ္စချည်းပဲ

ငါက ငါပါ
ငါ့ကို ပြန်ပေးပါ
သစ်ပင်
ငါ့ကို ငါ့ဆီ ပြန်ပေးပါ
ငါ့ကို ခဏခဏ ကပ်ပါးလာမလုပ်နဲ့တော့
ငါ့နှလုံးသားမြေဆီလွှာလည်း
မင်းကြောင့် အပိုင်းပိုင်းအစစ ခုတ်ထစ်ခံလိုက်ရ
ခု ငါ့ကို ငါ့ဆီပြန်ပေးပါ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်