Sunday 23 June 2013

တိမ်မယောင်နှင့် နက်သော

“မော် နင်ရက်စက်တယ်ဟာ”
            ဖုန်းထဲက ကြားနေရသည့် သော့်အသံကို နားထောင်မိရင်း မော် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သော် ငါရက်စက်တာမဟုတ်ဘူး၊ အားလုံးအတွက် စဉ်းစားပြီး ဆုံးဖြတ်ခဲ့တာ ဟုလည်း တီးတိုးရေရွတ်မိရင်း။
            ဒီလိုအချိန်ရောက်တိုင်း သော့်ဆီက ထိုအသံကို ကြားရစမြဲပင်။ ဘာလိုလိုနှင့် သူမပင်လက်ထပ်ခဲ့တာ ၃ နှစ်နီးပါးရှိပြီ။ သော်ကတော့ ဒီချိန်ထိ တစ်ယောက်တည်း၊ တစ်ကိုယ်တည်းရှိနေဆဲပင်။ ၃ နှစ်ကြာတာတောင် သော် သူမကို မမေ့နိုင်ဘူးလား ဟုတွေးလိုက်မိတော့ ကို့ကို ရုတ်ချည်း အားနာသွားရသည်။ ခြောက်လတစ်ခါတိုင်း သော့်ဆီမှဖုန်းက ရောက်လာနေကျဖြစ်သလိုထိုအချိန်တိုင်းတွင်လည်း ကို့ကို အားနာရစမြဲပင်။
            ကိုနှင့် လက်ထပ်၍ ယခု ကို့သွေးသားလေးပင် လွယ်ထားရပြီ။ သို့သော် သူမ ၏ ချစ်ခြင်းတို့သည် သော့်အပေါ်၌ တည်ရှိနေဆဲလား၊ သို့မဟုတ် ကွယ်ပျောက်သွားလေပြီလား သူမကိုယ်တိုင်ပင် မသေချာ။ ကို့အပေါ်တွင်မူ ချစ်ခြင်းတို့ တိုးဖွဲ့လာသည်ကတော့ သေချာပါသည်။ သူမနှင့် ကို၏ အိမ်ထောင်သည်ဘဝဝယ် ကို့ချစ်ခြင်းများက သူမ အတွက် လုံလောက်ခဲ့ပါသည်။ သာမန်အိမ်ထောင်ရှင်ယောင်္ကျားတစ်ဦး၊ မိသားစုအပေါ်တွင် တာဝန်ကျေသော အိမ်ဦးနတ်တစ်ပါး။ သူမ၊ သူမကတော့ ကို၏ အိမ်ရှင်မ ဖြစ်နေသော်လည်း အတိတ်ကို မေ့ဖို့ခက်နေသော ချစ်ခြင်း၏ ကျွန်တစ်ယောက်ဖြစ်နေသေးသည်လား။ ထိုအဖြေကို သူမ ကိုယ်တိုင်ပင်မသိပါ။

Saturday 22 June 2013

သူ့အတွက် အက်ဆေး


သူမေ့နေသည့် ကျွန်တော့်နှလုံးသားရပ်ဝန်းတွင် ယနေ့ ရာသီဥတု အနည်းငယ်ထိုင်းမှိုင်း၍ မိုးရွာသွန်းမှု များပြားသည်။ တိုက်ခတ်နေသောတမ်းတမှုလေပြည်တို့သည် မုန်တိုင်းအဆင့်သို့ရောက်ရန် ရာခိုင်နှုန်းများပြားလျှက်ရှိသည်။
သူသည် ကျွန်တော့်အတွက်တော့ ကမ္ဘာစောင့်နတ်ကလေးဖြစ်သည်။ ကျွန်တော့်ကမ္ဘာ၏ ရာသီဥတုကို သူစိုးမိုးသည်။နောက် ကျွန်တော့်နှလုံးသား၏ ရာသီဥတုကို သူ စိုးမိုးသည်။ ကျွန်တော့်ကမ္ဘာကို ပျော်စေချင်လည်း သူအစွမ်းရှိသည်။ ငိုစေချင်လည်း သူ အစွမ်းရှိသည်။ သူသည် ကျွန်တော်၏ နှလုံးသားစောင့်နတ်ကလေးဖြစ်သည်။

ဒိုင်ယာရီ(၁)
ကျွန်တော်က သူ့လက်သည်းလေးကို ချစ်သည်။ သူ့မျက်ဝန်းတို့ကို မြတ်နိုးသည်။ သူ့စကားသံတို့ကို တန်ဖိုးထားသည်။ သူပြုံးလိုက်တိုင်းပေါ်လာသည့် သူ့ပါးထက်မှ အစင်းရာလေးကို ချစ်သည်။ သူ့မျက်ဝန်းထဲမှ သူ၏ စိတ်ရာသီဥတုတို့ကို မြတ်နိုးစွာ ဖမ်းယူရခြင်းကို မြတ်နိုးသည်။ သူစကားပြောလိုက်တိုင်း အနည်းငယ် ဖြစ်ပေါ်တတ်သော  ရှက်ကိုးရှက်ကန်းအမူအယာလေးကို ချစ်သည်။
ခပ်ကြာကြာမပြုံးတတ်သော သူ့အပြုံးတို့ကို သိမ်းဆည်းထားချင်စိတ်တို့နှင့် ကျွန်တော်ရူးဖူးသည်။ သူ့ရယ်သံ ရှတတတို့ကို ဖမ်းဆုပ်ထားချင်စိတ်ဖြင့် ကျွန်တော်ရူးဖူးသည်။ လမ်းလျှောက်လျှင် ကိုယ်ကို မတ်ထားသော်လည်း အနည်းငယ်ဝနေပြီဖြစ်သည့် သူ့ဗိုက်ကိုကြည့်ရင်း ကျွန်တော်ပြုံးဖူးသည်။ ရေနွေးကြမ်းကိုမှနှစ်သက်သူ သူ့အတွက် ကျွန်တော် ရေနွေးကြမ်းသောက်ခဲ့ဖူးသည်။ စကားပြောလျှင် ကျွန်တော် ကျွန်တော်ဟု သုံးစွဲတတ်သံလေးကိုတော့တကယ်ပင် မြတ်နိုးခဲ့ဖူးသည်။ ယခုချိန်တိုင်လည်း မြတ်နိုးနေဆဲသာ ဖြစ်သည်။

တိမ်မယောင်နှင့် နက်သော...

(-)
            “သော်နဲ့ မော်က အရမ်းခင်ကြတာပဲနော် အချစ်တော်တွေတော့ မဟုတ်ဘူးမလား”
            မော့်ကို စိတ်ဝင်စားနေသည့် ကိုအောင်နိုင့်အမေးကြောင့် မော်ကော သော်ပါ ဆတ်ခနဲ ကိုယ်တွေ မတ်သွားကြရင်း ကိုအောင်နိုင့်ကို အထူးတဆန်းကြည့်လိုက်မိသည်။ နှစ်ယောက်သားစိတ်ထဲလည်း စားလက်စ အကြော်ပင် အရသာ မရှိတော့သယောင်ဖြစ်သွားရချေပြီ။
            “ကိုအောင်နိုင်ကော အချစ်တော် ထားဖူးလားဟင် သော်နဲ့ မော် ခင်ကြတယ်ဆိုတာက နှစ်ယောက်လုံးက စရိုက်တူ အကြိုက်တူတွေ ဖြစ်နေလို့ပါ နောက်တစ်ခုက သော်နဲ့မော်က ငယ်သူငယ်ချင်းတွေပါ ကိုအောင်နိုင် ၈ တန်းကတည်းက သူငယ်ချင်းတွေပါ နောက်ဆိုရင်တော့ စကားတစ်ခွန်းမပြောခင် သေချာစဉ်းစားစေချင်ပါတယ် နောက်တစ်ခါဆိုရင် ကျွန်မဘက်က ဒီလိုယဉ်ယဉ်ယဉ်ကျေးကျေးပြန်မေးနေမှာမဟုတ်လို့ပါ”
            သော့် ပြောစကားကို မော်ကလည်း ထောက်ခံဟန်နှင့် ခေါင်းညိတ်ပြတော့ ကိုအောင်နိုင် မျက်နှာညိုသွားသည်။ သော်ကော၊ မော်ပါဂရုမစိုက်ကြပါ။ သူ့ဘာသာ မော့်ကို လာလည်း ရှိတ်သေး၊ မမေးအပ်တဲ့ မေးခွန်းလည်း မေးသေးသည်။ တကယ်ဆို ဒီလိုစကားမျိုးသည် စ သည်ဆိုဦးတော့။ သည်လိုစကားမျိုးနှင့် စ ဖို့ရာ မော်နှင့်ကော၊ သော်နှင့် ကော ရင်းနှီးမှု မရှိဘူးမဟုတ်လား။ ကိုယ့် မေဂျာတူချင်းမို့ တစ်ခုံတည်း ထိုင်ပါရစေ၊ နေရာလွတ်မရှိလို့ပါ ဟု ဆိုလာသောကြောင့် ထိုင်ဖို့ခွင့်ပြုထားခြင်းမျှသာ မဟုတ်ပါလား။ သော်ကော မော်ကော မကျေမနပ်နှင့် တွေးရင်း ကိုအောင်နိုင့်ကို မျက်စောင်းသာ ပိတ်ထိုးနေကြတော့သည်။
            အချစ်တော် ဆိုသည့် စကားကို သော်ကော မော်ပါ ရင်းနှီးခဲ့ဖူးသည်။ ကိုယ်တွေ့တော့မဟုတ်။ အထက်တန်းတက်တုန်းက သူမတို့အခန်းထဲဝယ် ယောင်္ကျားလျှာလေးတစ်ယောက်ရှိခဲ့ဖူးသည်။ ရုပ်လေးက မိန်းမချောလေး ချောပါလျှက် ယောင်္ကျားစိတ်ပေါက်နေရှာသည်။ မိန်းကလေးတိုင်းနှင့်လည်း မခေါ်။ သူ စိတ်ဝင်စားမှုရှိသည့် မိန်းကလေးနှင့်သာ စကားပြောပြီး ထိုမိန်းကလေးနှင့် သွားအတူ၊ လာအတူ နေသည်။ ထိုမိန်းကလေးကို စသည့် ကောင်လေးရှိလို့ကတော့ ဆရာမနှင့်မတွေ့ခင်သူ့လက်သီးနှင့် အရင်ကြုံရမည်ဖြစ်၏။ တချို့ အန္တရာယ်ရှင်းချင်သော ကျောင်းသူချောလေးတွေက ထိုယောင်္ကျားလျှာလေးကို ခင်အောင်ပေါင်းကြရင်း ထိုယောင်္ကျားလျှာ၏ အချစ်တော်အဖြစ် နေကြသည်မဟုတ်ပါလား။

Thursday 20 June 2013

အတ္တရိုင်းနှင့်အပြိုင်

အပိုင်း(၁)
“တောင်းပန်ပါတယ် မသိပါစေနဲ့ဘုရားဘုရား……မသိပါစေနဲ့….သားငယ်ကို မမှတ်မိပါစေနဲ့”
စိတ်တွင်းမှ တိုင်တည်ရင်း သားနှင့် ထိုသူရှိရာကို ခိုးကြည့်မိပြန်သည်။ ထိုသူ ဒီနေရာကို ဘယ်လိုရောက်လာလဲ သူမ မသိပါ။ ဒီချိန်ဆို ထိုသူ ထောင်ထဲမှာပဲ ရှိနေရမှာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ ဒီနေရာကို ရောက်လာပါလိမ့်။ ကိုယ်က အမှားလုပ်ထားသူဆိုတော့လည်း ထွက်မတွေ့ရဲ။
သွေးက စကားပြောသည်ထင့်။ မတွေ့တာ သုံးနှစ်ကျော်လေးနှစ်နီးပါးကြာမြင့်ပြီဖြစ်သည့် ထိုသူအား သားငယ်က မမှတ်မိသော်လည်း စကားပြောရင်း ရယ်မောနေသည်မှာ မကြောက်မရွံ့သည့်ဟန်။ ခုမှတွေ့သည့် သူစိမ်းတစ်ယောက်ဟု မထင်မှတ်လေဟန်။
“သားနာမည် ဘယ်လိုခေါ်လဲကွ”
ဘုရားရေ။ ထိုသူ့မေးခွန်းသံ ကြားလိုက်စဉ်တွင် ရင်ဝယ် တဒိန်းဒိန်းနှင့်သွေးခုန်နှုန်းတို့ မြန်လာချေပြီ။ သားရယ် မပြောပါနဲ့လား။ အိမ်ထဲကို အမြန်ဝင်ခဲ့ပါ။ အမြန်လာခဲ့ပါသားရယ်။
“သားနာမည် ပြည့်စုံအောင်ပါ”
ဘုရား။ ထိုသူ သိသွားမလား သားအကြောင်းကို။ အို …နာမည်လေးလောက်နဲ့တော့ မသိနိုင်ပါဘူး။ သူမတွေးရင်း စိတ်ဖြေလိုက်သည်။
“သားက ကျောင်းကော တက်နေပြီလားကွ”
“ဟုတ် သား သူငယ်တန်းတက်နေတာပါ”
သားငယ် ဘာ့ကြောင့် ထိုသူ့အနားဆက်နေနေတာလဲ။ သူမ သားငယ်ကို အော်ခေါ်ချင်လှသည်။ အိမ်ထဲဝင်ဖို့။ သို့သော် မခေါ်ရဲ။ သူမအသံကို ထိုသူ မှတ်မိသွားမှာစိုးသောကြောင့် မခေါ်ရဲ။
အို..သားငယ်ကို ချီလိုက်ပြန်ပြီ။ သားငယ် မရုန်း။ မရုန်းပါ့လား။ တော်ရုံတန်ရုံ ခင်မင်သူမျိုးဆိုလျှင် အချီမခံသော သားငယ် ထိုသူ့ လက်ပေါ်မှာ ပြုံးလို့မော်လို့ပါ့လား။ ကိုဝေ ပြန်မလာခင် အမြန်ထွက်သွားပါစေ။ ဒီချိန်မှတော့ ဘုရားကို တိုင်တည်ရန်သာရှိတော့သည်။ ကိုဝေ ပြန်မလာခင်အမြန်ထွက်သွားပါစေဟုသာ။
“သားက သူငယ်တန်းတက်နေပြီဆိုတော့ အသက်က ငါးနှစ်ပြည့်ပြီးပြီပေါ့ကွ”
“ဟုတ် သားအသက်က ငါးနှစ်ပြည့်ပြီးပြီလို့ မေမေက ပြောတာပဲ”
“ဟုတ်လား..အင်း ဦးဦးသားလည်း သားနဲ့ ရွယ်တူပဲကွ”
“ဦးဦးနဲ့ ပါမလာဘူးလားဟင်”
ထိုသူ အဝေးသို့ ငေးရင်းပြောလိုက်သည့်စကားက သူမ နားသို့ ဗုံးတစ်လုံးပေါက်သည့်နှယ်။
“အင်း…ဦးဦးက သူ့ကို လာရှာတာလေ”
သားကိုလာရှာတာတဲ့လား။ သား..သားကို လာရှာတာတဲ့။ ဘု၇ားဘုရား သူမ ဘယ်လိုဖြေရှင်းရမလဲ။ အို..ကိုဝေ ပြန်လာပြီ။ သားငယ် ထိုသူ့လက်ပေါ်မှ ပြေးဆင်းကာ ကိုဝေ့ဆီ ပြေးထွက်သွားချေပြီ။
သားငယ်အားပွေ့ချီရင်း ကိုဝေက ထိုသူ့အားစူးစူးစိုက်စိုက်ကြည့်ကာ မေးလိုက်သည်။

Tuesday 18 June 2013

ကလေးငယ်နဲ့ လက်ကလေးတစ်ဖက်ရဲ့ ဒိုင်ယာရီ



(၁)
နားထဲအူနေတဲ့ အသံတွေကို နားမထောင်ချင်ဘူး။ စိတ်ထဲမှာ နင့်နေတဲ့အရာတွေကို ဖွင့်ထုတ်ပစ်ချင်တယ်။ ညောင်းကိုက်နေတဲ့ မျက်ရိုးတွေကို အခါခါ ဖိနှိပ်မိတော့လွန်ခဲ့သော ဆိုတဲ့ စာတန်းတစ်ခုနဲ့ ငယ်ဘဝကို ပြေးမြင်မိတယ်။
အရောင်ဖျော့နေပြီဖြစ်တဲ့ ရေပုံးလေးကို ကိုင်ထားတဲ့ ကလေးငယ်ဟာလမ်းမကို မျှော်ကြည့်နေပေမယ့် လမ်းသွားလမ်းလာတွေကို ရေပက်ဖို့ မကြိုးစားခဲ့ဘူး။ ကလေးငယ်ရဲ့ဘေးကကျောက်ဂွေလေးထဲမှာ ရေမရှိဘူး။ ရေမှာဖို့ကလည်း ရေတစ်စည်ဖိုး ၅ ကျပ်မရှိလို့ တစ်အိမ်သားလုံးရေမချိုးပဲ ရှိနေရတဲ့ဘဝ။ ပြောမယ်ဆို အဲ့ဒီအချိန်တုန်းက တစ်မြို့လုံးရေရှားခဲ့ကြတာပါ။ရေချိုးချင်ပြီဆိုရင် ဟိုးတောင်တွေနောက်က စမ်းချောင်းလေးဆီ သွားကြရတာ။ သူဌေးတွေပဲ ရေသုံးကြတဲ့မှတ်မှတ်ရရ သင်္ကြန်ပေါ့။ အဲ့ဒီတုန်းက ကလေးငယ်ဘေးမှာ လက်ကလေးတစ်ဖက်ဟာ ကလေးငယ်ရဲ့ လက်ကလေးတစ်ဖက်ကိုကိုင်ရင်းအားပေးခဲ့တယ်။
ဟုတ်တယ်။ အဲဒီလက်ကလေးတစ်ဖက်ကို ကလေးငယ် မေ့နေခဲ့တယ်။
အမှတ်မရသေးတဲ့ အရာတွေကို ဆက်တူးဆွဖို့ နှလုံးသားကို အလုပ်ပေးလိုက်တော့မြင်ကွင်းတွေဟာ ပိုထင်ရှားလာတယ်။ အပေါင်ဆိုင်ကို အခါခါရောက်ခဲ့တဲ့ ခြေလှမ်းတွေ၊ အမေ့ဆူဆဲသံတွေ၊ အဖေ့ ဆူဆဲသံတွေဟာ မနေ့တစ်နေ့ကလို အတွေးထဲပေါ်လာတယ်။ နောက် လွယ်အိတ်လေးတစ်လုံးရဲ့အကြောင်းကိုမှတ်မှတ်ရရ  စဉ်းစားမိသွားတယ်။ ကလေးငယ်မှာ လွယ်အိတ်လေးတစ်လုံးရှိခဲ့တယ်။
(၂)
သာမန်လွယ်အိတ်လေးတစ်လုံးပါပဲ။ ခြူတွေ မဆွဲဘူး။ အလှဆင်ထားတဲ့ကျစ်ဆံမြီးအမွှေးလေးတွေ မပါဘူး။ သာမန် ဗြောင်လွယ်အိတ်တစ်လုံး။ အရောင်က အနီရောင်။
အဲဒီလွယ်အိတ်လေးက ကလေးငယ်နဲ့ လက်ကလေးတစ်ဖက်ကြားမှာ တံတားတစ်စင်းဖြစ်ခဲ့တယ်။ကလေးငယ်နဲ့ အဲဒီလက်ကလေးပိုင်ရှင်ဟာ လွယ်အိတ်တစ်လုံးကို နှစ်ယောက်အတူ လွယ်ခဲ့ကြတာပေါ့။ကလေးငယ် ဒီနေ့ လွယ်အိတ်လေးကို သုံးရင် လက်ကလေးပိုင်ရှင်ဟာ စာအုပ်လေးတွေကို လက်ကနေကိုင်သွားရတယ်။လွယ်အိတ်အသစ်တစ်လုံးဝယ်ပေးဖို့ အမေ့အတွက်အဆင်မပြေချိန်မှာ ကလေးငယ်နဲ့ ဒီလက်ကလေးပိုင်ရှင်ဟာဒီလွယ်အိတ်လေးကိုပဲ သုံးခဲ့ကြရတာ။
“ဒီနေ့ ငါ့အလှည့်နော်” ဆိုတဲ့ စကားကို တစ်ယောက်တစ်လှည့်သုံးရင်း လွယ်အိတ်အနီလေးကိုအသုံးပြုခဲ့ကြတာ ၇ လ တိတိ။ ကလေးငယ်မေ့နေခဲ့တဲ့ လွယ်အိတ်လေး။
လွယ်အိတ်လေးဟာ ကလေးငယ်ရဲ့ စာအုပ်တွေကို ကြိုဆိုသလို လက်ကလေးပိုင်ရှင်ရဲ့စာအုပ်တွေကိုလည်း ကြိုဆိုတယ်။ တကယ်ဆို အဲဒီအချိန်တုန်းက လက်ကလေးတစ်ဖက်ဟာ ကလေးငယ်အတွက်အရာရာအားကိုးရာဖြစ်ခဲ့တယ်။
လွယ်အိတ်နီလေးတစ်လုံးနဲ့ လက်ကလေးတစ်ဖက်ဟာ ဦးနှောက်ထဲမှာဝဲဝဲတက်လာလို့ နှလုံးသားက ပိုပိုပြီးအောင့်တယ်။
ဘာလုပ်ရမလဲ။ ဘာလုပ်ရမလဲ ဆိုတဲ့ မေးခွန်းတွေဟာလည်း တဝဲလည်လည်နဲ့။
(၃)
“မီးပျက်နေတယ် လမ်းတွေမှောင်နေမှာငါ ကြောက်တယ် ဒါပေမယ့် ကျန်ကျောင်းကားသွားကြည့်ချင်တယ် လိုက်ပို့ပေးနော်”
ကလေးငယ် ပြောတဲ့စကားကို လက်ကလေးပိုင်ရှင်က တသဝေမတိမ်း မှတ်ထားတတ်တယ်။ညကိုးနာရီ နာမည်ကြီးကျန်ကျောင်းဇာတ်လမ်းလာတဲ့ အချိန်ရောက်တာနဲ့ အိပ်ပျော်နေတဲ့ ကလေးငယ်ကိုနှိုးပြီး ရုပ်မြင်သံကြားရှိတဲ့ အိမ်ကို လိုက်ပို့တတ်တယ်။ အဲဒီအချိန်မှာ အမေနဲ့အဖေကရန်ကုန်မှာ။
အဒေါ်တစ်ယောက်ရဲ့ အိမ်မှာနေခဲ့ရတဲ့ ကလေးငယ်နဲ့ လက်ကလေးတစ်ဖက်ပိုင်ရှင်ဟာအရာရာထက် အရင်းနှီးဆုံးဖြစ်ခဲ့တယ်။ ဟုတ်တယ်။ အဲ့ဒါကို ကလေးငယ်မေ့ထားခဲ့ပါတယ်။ မေ့သွားခဲ့တယ်။
ကလေးငယ်နဲ့ လက်ကလေးပိုင်ရှင်ဟာ ကျောင်းအတူတူသွားဖက်ဖြစ်ခဲ့ပြီး  ကလေးငယ်ရဲ့ အရှေ့မှာ မားမားမက်မက်ရပ်တည်ပေးခဲ့တာဟာလည်းဒီလက်ကလေးပိုင်ရှင်ပါပဲ။
“စာအုပ်ဖတ်ချင်လိုက်တာ”
ကလေးငယ်ဆိုတဲ့ စကားတစ်ခွန်းမှာ သူရော၊ ကလေးငယ်ပါ ပြိုင်တူထလို့ စာအုပ်တစ်အုပ်တစ်ခါဖတ် ငါးမူးပေးရတဲ့ နေရာကို အပြေးသွားခဲ့ကြဖူးတယ်။ ဒီလို စိတ်တူကိုယ်တူလူနှစ်ယောက်ဟာတစ်နေ့မှာ စိတ်ဝမ်းကွဲကြမယ်လို့များ ကြိုသိခွင့်ရှိခဲ့မယ်ဆိုရင်….။

ကလေးငယ်မေ့နေတဲ့ အရာတွေဟာ စီစီရီရီပေါ်လာခဲ့တယ်။ အတိတ်တွေဟာရုပ်မြင်သံကြားထိုင်ကြည့်နေရသလိုမျိုး အရာရာဟာ ထင်ထင်ရှားရှားပြတ်ပြတ်သားသား…။
(၄)
“နောက်ကနေ သေချာကိုင်ပေးထားနော် လဲလိမ့်မယ်”
အော်ကြီးဟစ်ကျယ်အော်နေတဲ့ ကလေးငယ်ကို လက်ကလေးတစ်ဖက်ပိုင်ရှင်ကပြန်ပြောတယ်။
“အေးပါဟ လက်ကိုင်ကို သေချာငြိမ်အောင်ကိုင်ထား သေချာသေချာ”
အသံက ကလေးငယ်နဲ့အတူ ပါလာပေမယ့် လက်လွှတ်လိုက်တာကို ကလေးငယ်မသိလိုက်ဘူး။ ကိုယ့်အရှိန်နဲ့ကိုယ် ခပ်ပြင်းပြင်းနင်းထွက်လာခဲ့ပြီးမှ အသံပျောက်လို့အနောက်ကိုလှည့်ကြည့်တော့ လက်ကလေးတစ်ဖက်ပိုင်ရှင် ကျန်ခဲ့ပြီ။ အဲဒါကိုအသိမှာပဲ နင်းလက်စစက်ဘီးလေးဟာဗုန်းခနဲလဲတော့တာပါပဲ။
အဲဒီတော့လည်း လက်ကလေးတစ်ဖက်ပိုင်ရှင်က အပြေးလာလို့ အပြစ်ပြောတယ်။
“ကိုယ့်ဘာသာ နိုင်အောင်ထိန်းလေ နောက်ကလူပါ မပါကို နင်ကဂရုစိုက်တာကိုး” တဲ့လေ။
ကလေးငယ်ကတော့ နှုတ်ခမ်းစူပွပွနဲ့ပဲ လက်ကလေးတစ်ဖက်ပိုင်ရှင်ကိုမျက်စောင်းထိုးနေမိတော့တယ်။
(၅)
ကန်စွန်းရွက်တွေကို စည်းနေတဲ့ အမေ့နားမှာ ကလေးငယ်နဲ့ လက်တစ်ဖက်ပိုင်ရှင်ဟာလျှော်တွေနဲ့ သူတို့ပါ လိုက်စည်းလို့ ပျော်ခဲ့ဖူးတယ်။ အမေ့ပြန်အလာကို နှစ်ယောက်သားစောင့်ရင်း ဗိုက်ဆာတာကို ကြိတ်မှိတ်နေခဲ့ရဖူးတယ်။ ရန်ကုန်ကို ရောက်ခါစ ကလေးငယ်ကို လမ်းမသိမှာစိုးလို့ကျောင်းလိုက်ပို့ပေးခဲ့တာကလည်း ဒီလက်တစ်ဖက်ပိုင်ရှင်ပါပဲ။
ကလေးငယ်ဟာ ဒီချိန်မှာနည်းနည်းတော့သိတတ်နေပြီဖြစ်သလို လက်တစ်ဖက်ပိုင်ရှင်ဟာလည်းကိုးတန်းကျောင်းသားဆိုတဲ့ အဆင့်ကိုရောက်ခဲ့ပြီ။
ကလေးငယ်ဟာ ကလေးငယ်မဟုတ်တော့ဘူး။ မိန်းကလေးဆိုတဲ့ အရွယ်ကိုရောက်လာခဲ့ပြီ။ဘဝတွေကတော့ထူးခြားမလာခဲ့ဘူး။ မိဘနှစ်ပါးကလည်း ရုန်းရင်းကန်ရင်း၊ ကလေးငယ်တို့နှစ်ယောက်လည်း ကျောင်းဝတ်စုံမသစ်မလွင်နဲ့ပဲကျောင်းကိုယ်စီတက်ခဲ့ကြရတယ်။
ကလေးငယ် ကန်စွန်းခင်းလေးကို မေ့ခဲ့တယ်။ ဟုတ်တယ်။ ကန်စွန်းခင်းလေးကိုမေ့နေခဲ့ပါတယ်။
(၆)
“နင် ဒီလောက်ထိ ပိုက်ဆံမသုံးသင့်ဘူးနော်ဆေးလိပ်ကို လက်ကမချတမ်းသောက်နေရအောင် နင်က သူဌေးသားမဟုတ်ဘူး”
“နင်က ဘာအဆင့်မို့လို့ ဘိလိယက်ခုံကိုမနားတမ်းသွားနေနိုင်တာလဲ ကိုယ့်ဘဝကိုယ်လည်း တွေးကြည့်စမ်းပါဦး”
“နင်ရန်ဖြစ်တိုင်း ရှင်းပေးနေရအောင်အမေနဲ့အဖေက သူဌေးမဟုတ်ဘူးဟဲ့ နည်းနည်းလေး ငဲ့ကြည့်ပါဦးလား”
ဘုရားရေ…။ဘယ်အရာတွေက ကလေးငယ်ရဲ့ ပါးစပ်ထဲ ဒီလို စကားကြမ်းကြမ်းရိုင်းရိုင်းတွေ တွန်းပို့ခဲ့ပါသလဲ။ကလေးငယ်နဲ့ လက်ကလေးတစ်ဖက်အကြား ဘယ်အရာတွေ က ပိုင်းခြားသွားတာလဲ။ ဘာ့ကြောင့် ဒီလောက်ထိစိမ်းကားသွားတာလဲ။ ဘာ့ကြောင့် ရက်စက်ကြမ်းကြုတ်သွားတာလဲ။
“ငါ့ဘာသာ ဆေးလိပ်သောက်တာ နင်နဲ့ဘာဆိုင်လို့တုန်း  နင်နဲ့အနေသာကြီးပါ”
“ငါ့အဆင့်အတန်းက နင့်အဆင့်နဲ့မတူဘူးလေ  အဟင်း နင့်လို ဘွဲ့ရနဲ့တော့ ဘယ်တူမလဲဟငါက ကျောင်းမှပြီးအောင်မတက်နိုင်ခဲ့တာ ငါက တစ်လုံးချိုင့်ပဲလေ”
“ငါ့အဖေငါ့အမေမို့လို့ ရှင်းပေးတာပေါ့နင် ကြားက ဝင်ပြောစရာမလိုပါဘူး”
ဘုရားရေ..။လက်ကလေးတစ်ဖက်ဘက်ကလည်း ဒီလိုစကားကြမ်းတွေ ထွက်ခဲ့သတဲ့။ဘယ်အရာကများ ကလေးငယ်နဲ့ လက်ကလေးတစ်ဖက်ကြား စည်းတွေ ခြားပစ်ခဲ့ပါသလဲ။ နံရံထူထူတွေ ခြားခဲ့ပါသလဲ။ဒီ့ထက်ပိုကြမ်းတဲ့ စကားရိုင်းတွေ ထွက်ခဲ့သလို မိသားစုအပေါ်မှာ ကလေးငယ် လက်မခံနိုင်တဲ့အပြုအမှုဆိုးတွေလည်း လုပ်ခဲ့တယ်။
ခုတော့ လက်ကလေးတစ်ဖက်ပိုင်ရှင်ဟာလည်း ကလေးငယ်နဲ့ ဟိုးအဝေးမှာ။နေရာဒေသ ခြားနားတာမဟုတ်ပါပဲ စိတ်ချင်းဝေးကွာနေတာ။ သူ့မိသားစုနဲ့သူ တည်ငြိမ်နေလောက်ပြီထင်ပေမယ့်ခု ဒဏ်ရာရနေသတဲ့။ ကလေးငယ်ကို တွေ့ချင်သတဲ့။ ဆေးရုံပေါ်ကနေ အဖေနဲ့အမေ့ကို ပြောလိုက်သတဲ့။
ဘယ်လိုလုပ်ရမလဲ။ ဘာလုပ်ရမလဲ။
မုန်းခဲ့တာကတော့ ပြန်တွေ့ဆုံချင်စိတ်မရှိလောက်အောင်ကိုမုန်းခဲ့တာ။
“အမေတို့သားကို ဒီအိမ်ကိုလာခိုင်းရင် ကျွန်မ အဆောင်မှာသွားနေပစ်မယ်”
ဒီစကားနဲ့ကို ခြိမ်းခြောက်ခဲ့တာ။ ခုတော့ သူဒဏ်ရာရတယ်ဆိုရုံနဲ့ကလေးငယ်ရဲ့ ရင်ထဲမှာ ဝမ်းနည်းမှုတွေ လှိုက်တက်လာပြီ။
“သမီးကိုတွေ့ချင်နေတယ် လာလိုက်ပါသမီးရယ်” တဲ့လေ။ အဖေကတော့ ပြောပြီးပြီးချင်း ဖုန်းချသွားတာပါပဲ။ကလေးငယ်မှာသာ အဲ့ဒီ့စကားတစ်ခွန်းမှာ ခေါင်းတွေနောက်ကျိပြီး ကျန်ခဲ့ရတာ။ ကလေးငယ်နဲ့လက်ကလေးတစ်ဖက်ကြား ခြားနားထားခဲ့တဲ့ အမုန်းတွေနဲ့ ကလေးငယ်စိတ်တွေရှုပ်ခဲ့ရတာ။
(၇)
မဖြစ်သေးပါဘူးလေ ဆိုတဲ့အတွေးနဲ့ ကား ငှားပြီး ဆေးရုံကိုလာခဲ့ပေမယ့် ဝင်တွေ့ဖို့ မစဉ်းစားခဲ့ဘူး။ အပြင်ကနေပဲ ချောင်းကြည့်ပြီး ပြန်သွားဖို့စဉ်းစားခဲ့တာ။အူအတက်ခွဲတယ်ဆိုတာ မသေနိုင်လောက်ပါဘူး ဆိုတဲ့အတွေးလေးတွေကလည်း ခပ်ပါးပါးပေါ့။
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်ပဲ ကိုယ့်ကိုယ်ကို မထိန်းနိုင်ပဲကလေးငယ်အပြေးသွားလိုက်မိတယ်။ အူအတက် ခွဲထားတယ် တဲ့။ ခွဲထားတဲ့ အူအတက်ကြီးက အကြီးကြီး။နောက် သူ။ နှာခေါင်းမှာ ပိုက်တန်းလန်းနဲ့ မှိန်းနေတယ်။ မျက်နှာတစ်ခုလုံးက ချောင်ကျလို့။
အစ်ကိုဆိုတဲ့ တော်စပ်မှုကို မေ့ပြီးပစ်ထားခဲ့တာကြာပြီ။ ဒါပေမယ့်ခုတော့..။
ကလေးငယ်ရဲ့ ရင်ထဲမှာ အောင့်တက်လာပြီ။ ဒီအူအတက်ခွဲတာလောက်ကိုမစိုးရိမ်ရလောက်ပါဘူးလို့ ထင်ခဲ့မိတာ။ အချိန်တွေဟာ အတ္တတွေကိုပါ ကြီးထွားလာစေခဲ့သလား။ အမြဲအားပေးနေကျလက်ကလေးတစ်ဖက်ကို မေ့ခဲ့တယ်။ လွယ်အိတ်အနီလေးကို ပါအောင်ယူလာဖို့ မေ့ခဲ့တယ်။ အခု အကုန်ပြန်ယူလာခဲ့ပါပြီ။
“အစ်ကို”
မခေါ်တာကြာပြီဖြစ်တဲ့ ဒီအသံဟာ မှိန်းနေတဲ့ သူ့မျက်လုံးတွေပွင့်လာမယ်လို့ အာမခံရဲတယ်။ တကယ်ဆို ကလေးငယ်နဲ့ လက်ကလေးပိုင်ရှင်ဟာ အတွဲညီတဲ့ ကစားဖေါ်ကစားဖက်ဖြစ်သလိုရန်ဖြစ်ဖေါ်ရန်ဖြစ်ဖက်လည်းဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့ မောင်နှမတွေလည်းဖြစ်ခဲ့ကြတယ်မဟုတ်လား။
ဖျတ်ခနဲ ပွင့်လာတဲ့ သူ့မျက်လုံးတွေဟာ ဟိုးကလေးဘဝတုန်းကလိုပဲ။ကလေးငယ်ကိုချစ်ခင်မှုနဲ့  ကြည့်နေတယ်။
“ဒီတစ်ခါ သင်္ကြန်မှာတော့ ရေမရှိမှာ ပူစရာမလိုတော့ဘူး” တဲ့။
အမေနဲ့အဖေနားမလည်လိုက်တဲ့ ဒီစကား၊ သူ့မိန်းမနားမလည်လိုက်တဲ့ဒီစကားကို ကလေးငယ်နားလည်လိုက်တယ်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>ရည်ဝေ(လင်းရောင်ခြည်)

ငှက်ကလေးတစ်ကောင် သစ်ပင်တစ်ပင် ကောင်းကင်တစ်ခုအောက် အတူရှိခဲ့ဖူးပါသည်။။။


“ငှက်ကလေးတစ်ကောင် အတွက်”
ဟော့ဒီ့နေရာလေးက သဲမွမွလေးတွေနဲ့ ဖုံးအုပ်ခံထားရတဲ့ မြေပြင်။ ဟော့ဟိုနေရာလေးမှာက ပုရွက်ဆိတ်လေးတွေ အုံဖွဲ့လို့ တက်ညီလက်ညီ လမ်းလျှောက်နေကြတာ။ အသိုက်ဆီ လျှောက်လိုက်၊ အစာရှာလိုက်နဲ့လေ။
ဟော့ဒီမှာက ကျွန်တော်။ ကျွန်တော် ဆိုတဲ့ သစ်ပင်။ ကျွန်တော့်လက်တွေမှာက လူကြီးတစ်ယောက်ရဲ့ လက်မလောက်ရှည်တဲ့ အဆူးတွေ ပြည့်နှက်နေတယ်။ အဆူး တိုတိုလေးတွေလည်း ရှိတာပါပဲ။ ကျွန်တော့် ခန္ဓာကိုယ်ရဲ့ အရွက်တွေက ရှည်လျားလျားတွေ။ ကလေးတချို့ပြောကြတာတော့ ဘာတဲ့။ စိန်ပန်းပင်ရဲ့ အရွက်လိုပဲ။ ကျစ်ဆံမြီးကျစ်ဆော့လို့ရသတဲ့။

Wednesday 12 June 2013

လူ

ရှုပ်ထွေးညစ်ပုတ်နေတဲ့ စိတ်တွေကိုပဲ မြင်နေရတာ၊ ရှုပ်ထွေးညစ်ပုတ်နေတဲ့ မျက်နှာတွေကိုပဲ မြင်နေရတာ ခေါင်းရှုပ်လာတယ်။ အဲဒီစကားဝိုင်းဘေးကနေ ထထွက်ပစ်ဖို့ကြိုးစားလိုက်တယ်။ မရဘူး။ ဒီစကားဝိုင်းကနေထွက်လို့ မရဘူး ဆိုတဲ့ သတိပေးမှုက ဦးနှောက်ထဲမှာ ဒိတ်ဒိတ် ဒိတ်ဒိတ်နဲ့ တိုးဝှေ့နေတယ်။

ငှက်ကလေးတစ်ကောင်အတွက်-၁၀

ငှက်ကလေးတစ်ကောင်အတွက်-၁၀

သူ ကျွန်တော် အိပ်မက်တွေ မပျောက်ဆုံးချင်။ ပျောက်ဆုံးလုလု အိပ်မက်များစွာကို ကမူးရှုးထိုး သိမ်းရင်းနှင့်ပင် ကျွန်တော့် အိပ်မက် အိတ်ကြီးထဲဝယ် သူနှင့် ကျွန်တော့် အိပ်မက်ဟောင်းလေးများ အတော်ပင် သိမ်းဆည်းရမိနေပြီဖြစ်၏။
သစ်ပင်တစ်ကောင်နှင့် ငှက်ကလေးသာ ပါဝင်သော အိပ်မက်သည် အနည်းငယ်တော့ ခြောက်ကပ်နေနိုင်ပါသည်။ သို့သော် ငှက်ကလေး၏ အပြုံးများစွာကြောင့် ကမ္ဘာကြီး လှနေသည်ကတော့ အမှန်ပင်ဖြစ်သည်။
ငှက်ကလေး၏ အိပ်မက်သည် တခမ်းတနားနိုင်လွန်းသလောက် ကျွန်တော်၏ အိပ်မက်သည် ငှက်ကလေးတစ်ကောင်သာ လိုအပ်ခဲ့သည်။ ငှက်ကလေးနှင့် ကျွန်တော့်အိပ်မက်တွင် လက်နှစ်ဖက်အတူတွဲနိုင်လျှင် အရာရာကို ကျော်ဖြတ်နိုင်သည်ဟု ကျွန်တော် ယူဆမိသည်။ ကျွန်တော် မှားကောင်းမှားနိုင်ပါသည်။ အချစ်ကိုမှ ရူးသွပ်လေခြင်းဟု ထင်ကောင်းထင်နိုင်ပါသည်။ သို့သော် အမှန်တကယ်လိုအပ်နေသည်ကတော့ ငှက်ကလေး၏ လက်တစ်ဖက်သာဖြစ်သည်။

Sunday 9 June 2013

အိပ်မက်များ စားသုံးခြင်း


            အိပ်မက် များ စားသုံးခြင်း

            အိပ်မက်ကို စားသုံးဖို့ ပြင်ဆင်နေပါသည်။ ထို့အတူ ရောင်းချဖို့ရာလည်း ပြင်ဆင်နေပါသည်။ ဝယ်ယူရန် စိတ်ဝင်စားပါက ဖုန်းနံပါတ် xxxxxxxx သို့ ဆက်သွယ်နိုင်ပါသည်။
            အိပ်မက်ကို စားသုံးမည်ဆိုသည့်စကားကို မယုံမကြည်မဖြစ်ပါနှင့်။ အလိုရှိလျှင် ဝယ်ယူလိုသူအိမ်ရှေ့မှောက်သို့ အိပ်မက်ကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးပါမည်။ ကျွန်တော် စားသုံးမည့် အိပ်မက်သည် ကျွန်တော်ကိုယ်တိုင် လိုအပ်၍ ဖြစ်တည်လာသော အိပ်မက်လည်း ဖြစ်နိုင်သလို မလိုအပ်ပဲ မျှော်လင့်ခြင်းကြောင့် ဖြစ်တည်လာသော အိပ်မက်လည်း ဖြစ်နိုင်ပါသည်။ သို့မဟုတ် အကြောင်းပြချက်မရှိပဲ ဖြစ်တည်လာသော အိပ်မက်လည်း ဖြစ်နိုင်ပါသေးသည်။ ကယောက်ကယက် ဆောင်းအိပ်မက် လည်း ဖြစ်နိုင်သေးသည်။ ထို့အတူ ရောင်းချမည့်အိပ်မက်သည်လည်း ကျွန်တော်၏ကိုယ်ပိုင်အိပ်မက်ပဲ ဖြစ်သည်။
            အိပ်မက်တစ်ခုရဖို့ ပေးဆပ်ဖို့ရာသည် အိပ်စက်ဖို့နှင့် အချိန်ပဲ လိုအပ်ပါသည်။ အိပ်မက်သည် မည်မျှပင် တာရှည်စေကာမူ လိုအပ်သည့်အချိန်ကတော့ နှစ်ခြိုက်စွာအိပ်စက်နေမည့်၊ သို့မဟုတ် နိုးတဝက်အိပ်တဝက် အခြေအနေ နှင့်အတူအချိန်တခဏတာသာလိုအပ်ပါသည်။ သို့သော် ရည်မှန်းချက် ပန်းတိုင်ဆိုသည့် အိပ်မက်တစ်ခုရဖို့ရာကတော့ ထက်သန်သည့် စိတ်ကူးနှင့်မျှော်လင့်ချက်တို့ပေါင်းစပ်မှသာ ဖြစ်ပေလိမ့်မည်။ ထိုပန်းတိုင်ဆိုသည့် အိပ်မက်ကိုတော့ မလျှော့သော ဇွဲ၊ လုံလဝီရိယတို့နှင့် ပေါင်းစပ်ပေးလျှင် လက်ဝယ်ရရှိနိုင်မည်ဖြစ်သည်။ တစ်ခုတော့ရှိသည်။ ဖြစ်တန်စွမ်းဆိုသည့် ကန့်သတ်ချက်ဘောင်ထဲမှာတော့အကျုံးဝင်ရပေမည်။
            ခွေးတစ်ကောင်၏ အိပ်မက်သည် အိပ်စက်ခြင်းအိပ်မက်၌ လူအဖြစ်သို့ရောက်ရှိနေနိုင်သော်လည်း ပန်းတိုင်ဆိုသည့် အိပ်မက်၌မူ သူသည် လူအဖြစ်သို့ ရောက်ရှိလိုခြင်းမရှိသင့်။ဘယ်သောအခါမှ ဖြစ်လာနိုင်မည်မဟုတ်သော၊ သို့မဟုတ် ကိုယ့်ဖြစ်တန်စွမ်းကို ကျော်လွန်တွေးတောထားသော အိပ်မက်များသည် အိပ်မက်အဆင့်၌သာရှိလျှက် လက်တွေ့ဘဝကို အကျိုးမပြုသည်ကတော့အမှန်ပင်ဖြစ်သည်။
            ကျွန်တော်တို့ဘဝဝယ် အိပ်မက်ပေါင်းများစွာ မက်ဖူးပါလိမ့်မည်။ ထို့အတူပင် အိပ်မက်ပေါင်းများစွာကို လွှင့်ပစ်ခဲ့ဖူးပါလိမ့်မည်။

Wednesday 5 June 2013

၅-၆-၂၀၁၃



တေလေ
လွင့်ချင်နေတယ်
လွှင့်ချင်နေတယ်
ခပ်မိုက်မိုက် ဆွဲညှစ်ပစ်လိုက်မိတဲ့ ဘရိက်မှာ
ဆိုင်ကယ်က ဘီးချော်သွား
ဝုန်းဒိုင်းပစ်လဲကျသွားရင်း
လည်နေဆဲ ဘီးတွေမှာ ကိုယ့်စိတ်ကိုယ်ပြန်ရှာ
မဖြစ်ဘူး
ဒီစိတ်တွေ တေလေဖြစ်ချင်လို့မရဘူး
မဖြစ်စလောက်ရလာတဲ့ ဒဏ်ရာအပိုင်းအစတွေရဲ့နာကျင်မှုက
ရင်တွင်းနာကျင်မှုကို မထိုးဖေါက်နိုင်ဘူး
ရူးတယ်
မိုးသည်းမှာ ဆိုင်ကယ်စီးမိတာလည်း ရူးတယ်
ဆိုင်ကယ်လဲလောက်အောင်ထိ စိတ်နဲ့ကိုယ်နဲ့ မကပ်တာလည်း ရူးတယ်
အလွမ်းတွေကို ရူးတယ် ဆိုတဲံ့စကားကြွင်းဖို့ ဘာနဲ့များစားခဲ့သလဲ
လောလောဆယ် ငါ
 တေလေ

၎-၆-၂၀၁၃--

4-6-2013

အုံနဲ့ကျင်းနဲ့ အလွမ်းတွေက နာဖျားခြင်းအဆင့်သို့ကူးပြောင်း
ပူလောင်ကျွမ်းစိပ်နေတဲ့ မျက်ဝန်းတွေက
မျက်ဝန်းတစ်စုံကို တောင့်တောင့်တတ
စွဲလန်းမှုကြောင့် ရလာတဲ့ အိပ်မက်မှာတောင်
သူဟာ ကိုယ့်ကို ပြုံးမပြခဲ့ဘူး
သူ အဲဒီလောက်ထိ ကိုယ့်ကို မုန်းတယ်

Monday 3 June 2013

၃-၆-၂၀၁၃


တိတ်တိတ်ဆိတ်ဆိတ်ပဲ
ဒီနေ့အတွက် နှုတ်ဆက်တယ်
ငှက်ကလေးရေ ဂွတ်ဘိုင်

ပန်းလက်ဖဝါးလေးကို ငါ့အတွက် နင်ဖြန့်မခင်းပေးသရွေ့
ငါ့နှလုံးသားဟာ အထီးကျန်ကမ္ဘာပဲ ဆိုတာ နင်သိစေချင်ရဲ့
ဒါပေမဲ့လည်း
ဒီနေ့အတွက် နှုတ်ဆက်တယ်
ဂွတ်ဘိုင်

နေ့ည
အရာရာကအကျည်းတန်လွန်း
ချစ်ခြင်းတစ်ခုမှာ အဆိပ်သင့်မှုပါ ပါဝင်တတ်မှန်းသိခဲ့ရပြီ
ထပ်နှုတ်ဆက်ပါရစေ
ဒီနေ့အတွက် ဂွတ်ဘိုင်

၂-၆-၂၀၁၃---




တိတ်ဆိတ်နေတယ်
လေပြေတွေ မချိုတော့ဘူး
ငှက်ကလေးရဲ့တေးသံမရှိမှတော့
အရာရာဟာ ခြောက်သွေ့
ခပ်ဝေးဝေးကလွမ်းပါ့မယ် လို့ ဘယ်လိုပြောပြော
တောင်ပံခတ်သံလေးကို ကြားခွင့်မရှိခြင်းမှာ
ငါ့ စိတ်တွေ တဒင်္ဂ သေချင်နေတယ်

Saturday 1 June 2013

“ငှက်ကလေးရေ...”




ဂျေဆင်အာကယ်ကို ကြိုက်ခြင်းမကြိုက်ခြင်းမှာ
ငှက်ကလေးက အရေးပါတယ်
ဂျေဆင်အာကယ်ရဲ့ ရုပ်သွင်ဟာငှက်ကလေးနဲ့ သွားတူနေတဲ့အခါ
သစ်ပင်လေး အလွမ်းပြေစေသတည်းပေါ့

“ကျွန်တော်က အကြံတုံး ဥာဏ်တုံး”



သေချာခြင်းဟာ

သေသေချာချာ

မသေချာလာတော့တဲ့အခါ

ဘယ်ပုံသေနည်းကို သုံးရတော့မလဲ

တုံးနေတဲ့ ဦးနှောက်တွေဟာ

မသိကိန်းကို ထုတ်ဖို့ မေ့လျော့နေပြီ

1-6-2013----


၁-၆-၂၀၁၃

ပျော်ရဲ့လား
အက်ကွဲတိုးရှနေတဲ့အသံတွေ နားမဆင်ချင်ဘူး
လက်လက်ထနေတဲ့ အသံနဲ့ ဖုန်းပြောပေးပါ

ကောရက်ကော်ဒါထဲက နင့်အသံတိုးရှရှတွေဟာ ငါ့ရင်ကို အက်စေတယ်

ဟော ငှက်ကလေးတစ်ကောင် လေထုထဲပျံသွားတယ်
နင် ပျော်ရဲ့လား

ရူးမိုက်တဲ့မရဏဖွားတစ်ယောက်ရဲ့ တပိုင်းတစတေးသွား(၅)


၂၈ရက်ဖွားမရဏဖွားတစ်ယောက်ရဲ့
ခပ်လှလှဇာတာအတွက် နေ့သစ်လေးတစ်ရက် စတင်ပါပြီ
၁ ဂဏန်းသမားအတွက် ၁ ရက်နေ့တွေဟာ မုန်းဖို့ကောင်းလွန်းတာ ဘာ့ကြောင့်များလဲ
ဘာပဲပြောပြော
ဒီနေ့ကိုတော့ အပြုံးနဲ့ စတင်ပစ်လိုက်ချင်တယ်
ကျွန်တော်  မရဏဖွားပါဗျို့လို့ အော်၇င်းဟစ်ရင်း
လေထုရဲ့ ရနံ့ကိုပေါ့ပေါ့ပါးပါးရှုရှိုက်ပစ်လိုက်တယ်