Showing posts with label ရေးချင်ရာရေးသည်. Show all posts
Showing posts with label ရေးချင်ရာရေးသည်. Show all posts

Friday, 31 May 2013

အစာမကျေခြင်းများ

“အစာမကျေခြင်းများ...”

အဲဒီကစပြဿဒ်မီးလောင်တော့တာပဲ။
ဘယ်သူ စတဲ့ မီးလဲ။

မကြည့်နဲ့ အစအဆုံး အကျိုးနဲ့ အကြောင်းခွဲမရ
သိက္ခာတွေ တပုံကြီးနဲ့
လမ်းပေါ်မှာ အပြောခံရမှာ ကြောက်တယ်
မာနတွေ တအုံကြီးနဲ့
မျက်စွန်းမျက်စလေးတောင် မုန်းတယ်။

တခါက ရွှေယုန်နဲ့ ရွှေကျား
သက်ကယ်ရိတ်သွားသတဲ့
ပြောကြတာပါပဲ
ရွှေကျားမှားသတဲ့
ရွှေကျားမှားသတဲ့လား
ဒီလိုပဲ ပုံပြင်လေးတစ်ပုဒ်ပေါ့ ရှိခဲ့ဖူးတယ်။

ကျွန်တော်က ဆရာကြီးဗျ
ဗလာတွေ တသီကြီးရှိနေတာကို ငြင်းခုန်ရင်း
ဆရာကြီးဟန်ဆောင်ရတာ ကြိုက်တယ်
ပညာရှိမဟုတ်ဘူးငြင်းရင်း
ပညာရှိတဲ့သူ လို့ အထင်ခံရတာ ကြိုက်တယ်
စကားမစပ် ကျွန်တော် ပညာရှိမဟုတ်ဘူးဗျ
ခင်ဗျားတို့ကတော့ ဆက်ထင်နိုင်ပါတယ်
ကျွန်တော်ဟာ ပညာရှိ လို့။

ပြည်သူတွေ ငတ်နေတယ်
ပြည်သူတွေ ငတ်နေတယ် လို့
ခဏခဏ အော်ပေးရတာကြိုက်တယ်
ကျွန်တော်မှမငတ်တာ
တခြားနေရာမှာ ရေမရှိတာစိတ်မပူဘူး
ကျွန်တော့်အိမ်မှာ မီးမလာမှာစိတ်ပူတယ်
ရေတင်လို့မရရင် ရေမရတော့ဘူးမဟုတ်လား
ကျွန်တော်က ငတေကြီးပေါ့
ခင်ဗျားတို့အမြင်မှာ သူတော်ကောင်းဖြစ်ဖို့
မနည်း ကြိုးစားခဲ့ရတာ
ဟိုနေရာလည်း စီစီ
ဒီနေရာလည်း စီစီ
ပါလေရာ ငပိချက်ကြီး ဖြစ်ခဲ့ရ။

ဝုန်းဒိုင်းကျဲ လိုင်းသားတွေ တတိတိနဲ့
ကဗျာတွေ ဖန်တီး
ဆာနေတဲ့ ဝမ်းဟောင်းလောင်းတွေ ဆီကနေ မုဒ်တွေယူခဲ့ပေါ့
တကယ်ဆို လက်တွေ့ကျကျ လုပ်ငန်းခွင်က
ကိုယ်တိုင်အလုပ်ကြိုးစားပြီး ပိုလျှံတာကို ရအောင်လှူ
ဒီလိုလူချည်းသာဆို ဘယ်သူမှ မငတ်ဘူး
မယုံမရှိနဲ့
ခုတော့ ကျွန်တော့် အမျိုးအဆွေတွေ ငတ်နေတယ်ဗျ အော်ရင်း
ကဗျာတွေ တစ်ပုဒ်ပြီးတစ်ပုဒ်။

ဟိုမှာ ရေရှားနေတယ်
ဟိုမှာထမင်းငတ်နေတယ်
ဟိုမှာ ကျ ပြည့်လျှံနေတယ်
တကယ်ဆို ကိုယ်ကိုယ်တိုင်ရဲ့ လက်ကြားက စီးကရက်ကို
ဘယ်သူပစ်နိုင်လို့လဲ
အချိန်တန်ရင် မာဆက်လေးလောက်တော့ သွားချင်ကြတာချည်း။

လာပါပြီ ကျူးတဲတွေ
နေရာတစ်ခုပေးပြန်တော့
ရောင်းပြီး တခြားနေရာမှာ ထပ်ကျူးတယ်
ကဲ နိုင်ငံတော်က သတ်မှတ်တဲ့စည်းမျဉ်းမှာ
၁၂ နှစ်ကြာထိ ပိုင်ရှင်က လှည့်မကြည့်ဖြစ်ရင်
ကျူးသမားက မပိုင်ပေမဲ့ ဆိုင်သတဲ့
ဒီလို တိတိပပသတ်မှတ်ချက်တွေကြား
ကျူးတဲ နဲ့ ပိုင်ရှင် ဖြစ်လိုက်တိုင်း
ပိုင်ရှင်ချည်း အပြောခံလိုက်ရ
အားနည်းသူဘက် လိုက်ပါပေးတာပါ နဲ့
တကယ်ဆို ကိုယ့်အိမ်ကိုယ်ပြန်ရဖို့
ကျူးသမားကို ကျွေးလိုက်ရတာ မနည်းမနော
ဒါပေမဲ့လည်း ကျွန်တော်က လူကောင်းကြီးပါ
ဘာပဲဖြစ်ဖြစ် ကျူးသမားမှန်တယ်
သူက မရှိဆင်းရဲသားမဟုတ်လား။

နာမည်လေး ရတာနဲ့
ကျွန်တော်ကိုယ့်ကိုယ်ကို ဆရာကြီးထင်မိ
ဒီကဗျာက
ဖြစ်သမျှလောကကို အစာမကျေလို့ ရေးတဲ့ကဗျာ
မှန်ချင်မှန်မှားချင်မှားမယ်
ကျွန်တော့် ခံယူချက်နဲ့ကျွန်တော်
ကျွန်တော့်ကိုယ်ကျွန်တော် အစာမကျေလို့ ရေးတဲ့ကဗျာ
မကျေနပ်ရင် ကြိုက်သလိုပြောနိုင်တယ်
သေချာတာက ပြည်သူတွေ ငတ်နေတယ် ကျွန်တော်မငတ်ဘူး။

Saturday, 29 December 2012

သူ သိပါစေ

သီချင်းကို ကိုင်စွဲ၍အရာအားလုံးကို ရင်ဆိုင်နိုင်ပါသည်။ သံစဉ်တို့သည် အားအင်တို့ ပြည့်အောင် ဖြည့်ဆည်းပေး၍ အရာရာအား ရင်ဆိုင်နိုင်မှုရှိစေရန် ကျွန်တော့်အား တီးတိုးအင်အားပေးနေသည်။ ဟုတ်၏ သီချင်းရှိလျှင် သူအနားတွင်ရှိသကဲ့သို သီချင်းနှင့် သူ့အားထပ်တူပြုကာ ကျွန်တော့် စိတ်တို့သည် လန်းဆန်းဖျတ်လတ်နေပါသည်။ ယခု ကျွန်တော် သီချင်းနားထောင်နေပါသည်။ ထိုသီချင်းတွင် သူ့အတွက် သီးသန့်ဖွဲ့ဆိုသော ဂုဏ်ရည်တို့ပါဝင်သလို သူ့အတွက်သီးသန့် ပေးအပ်ထားသော မေတ္တာတို့ ပါဝင်ကြောင်း သူသိပါစေ။

Tuesday, 27 November 2012

ပန်းနုရောင်ဒိုင်ယာရီ


ဒီအသက်အရွယ်ရောက်မှ သံယောဇဉ်ကို ပြန်မျှားမည့် ကိုယ့်အဖြစ်ကို ရယ်ချင်မိလှစွာ။ သို့သော် ဗီရိုပေါ်မှ ဒိုင်ယာရီစာအုပ်လေးကို လှမ်းယူနေသည့် လက်တို့ကတော့ တန့်မသွား။ တစ်စုံတစ်ခုကို  ပြန်တွေ့ရတော့မည် ဆိုသည့်အသိက နှလုံးခုန်သံကို တဆတ်ဆတ်မြန်စေသည်။ ဒိုင်ယာရီစာအုပ်လေးကို ဆုပ်ကိုင်မိသည့်ခဏ ရင်ထဲမှာ တစ်စုံတစ်ရာ ပြည့်စုံသွားသလိုလို။ ထို့နောက်တော့ အိပ်ယာထက်တွင်ထိုင်ကာ စာအုပ်လေးကို သော့တံလေးလှည်၍ ဖွင့်လိုက်ပြီး နောက်ဆုံးစာမျက်နှာကို လှန်လိုက်မိသည်။
…………..ချစ်တယ်……...
ဖွင့်လက်စ ဒိုင်ယာရီစာအုပ်ပေါ်မှ စာကြောင်းလေးက သူမ အား ပြုံးပြနေသလိုလို။ ထို့အတူ တစ်စုံတစ်ယောက်ကို ချစ်ခဲ့ဖူးသည် ဆိုသည့်အသိနှင့်အတူ နှလုံးသားက နွေးထွေးလာသည်။ ဒီချစ်ခြင်း ဝဲဂယက်ကို သူမ ရှောင်နေမိတာ အတော်ကြာပါပြီ။ ဘယ်အချိန်ကတည်းက ရှောင်နေခဲ့သလဲ ဟု ဆန်းစစ်မိတော့ မျက်နှာတစ်ပြင်လုံးပန်းသွေးရောင်ထသွားရသည်။
ထို့အတူ တစ်စုံတစ်ခုက သူမ၏ နှလုံးသားထဲသို့ ဝင်ရောက်လာသလိုလို။ ဖုံးအုပ်ထားခဲ့ရသော လွမ်းဆွတ်ခြင်းများသာ အစိုင်အခဲအဖြစ် ပြောင်းတတ်မည်ဆိုလျှင် ကမ္ဘာကြီးနှင့် မဆန့်အောင်ပင် များပြားလိမ့်မည် ထင်မိသည်။ ချစ်ခဲ့တယ် သူငယ်ချင်း….. ချစ်ခဲ့မိပါတယ်………ဟု တိုးတိတ်တိတ်ရွတ်ဆိုမိရင်း ဒိုင်ယာရီစာအုပ်လေး၏ အစစာမျက်နှာကို ဖွင့်လိုက်မိသည်။

Monday, 10 October 2011

ဖြစ်ချင်ဦးဟဲ့ ဘလော့ကာ၊ ဖြစ်ချင်နေဆဲ ဘလော့ကာ

“မရည်ဝေ တစ်ပုဒ်ထက်တစ်ပုဒ် ပိုပိုကောင်းလာတယ်ဗျာ”
သဘောကျစွာပြုံးမိချေပြီ။ ဘလော့အောက်ခြေမှ မှတ်ချက်ဟုခေါ်သည့် မန့်ထားသည့်စာလေး။ မန့်သည့်သူကလည်း ကိုယ့်ထက် စီနီယာကျသည့် ဘလော့ကာဖြစ်သည်လေ။ ဒီတော့ ကျွန်မမှ သဘောမခွေ့ရင် ဘယ်သူခွေ့မတုန်း။ အဲ ဟုတ်ပါဘူး။ ဘယ်သူသဘောကျမတုန်း။
အင်တာနက်ဆိုတာကြီးကို အိမ်တွင် ဖုန်းဖြင့်ချိတ်၍ရပြီးနောက်ဝယ် ကျွန်မတွင် ရော၈ါစွဲကပ်လာသည်မှာ ဘလော့ကာ ဖြစ်လိုခြင်း။ အောင်မြင်ကျော်ကြားထင်ရှားသော ဘလော့ကာတစ်ယောက်ဖြစ်ချင်လွန်းလှသည်လေ။
ဟော ဒီမန့်စာလေးက ဆိုဒ်အက်ဒ်မင်ကိုယ်တိုင် မန့်ခဲ့တာမလား။  ဘာတဲ့ ။
သဘောကျနှစ်ခြိုက်စွာ အားပေးသွားပါကြောင်း..တဲ့။
ရင်ထဲကြည်နူးမှုတို့ လျှံတက်လာပြန်သည်။ ဆိုဒ်အက်ဒ်မင်ကိုယ်တိုင် မှတ်ချက်ပေးသည်ဆိုတော့ ကျွန်မရေးသည့်ဘလော့ တကယ်ကောင်လို့ပေါ့။ အတွေးနှင့်ပြုံးရင်း အက်ဒ်မင်နာမည်ကိုသေချာမှတ်လိုက်သည်။ ကျေးဇူးတင်စကားလေး သူ့အိမ်မှာသွားပြောရမည်လေ။ ဘာတဲ့..ကိုရော့ကာ တဲ့။ ကဲ..ရင်းရင်းနှီးနှီးပဲ ခင်မင်စွာဖြင့် အိမ်လာလည်ပါသည်ပေါ့။ ဒါ ရှောင်လွှဲ၍မရသော အွန်လိုင်းယဉ်ကျေးမှု တစ်ခု။
 “ဆက်လက်ထုဆစ်နိုင်ပါစေ”
 “နောင်လည်း ဒီလိုဝတ္ထုကောင်းလေးတွေ အမြဲထုဆစ်နိုင်ပါစေ သူငယ်ချင်းရေ”
“တကယ့်ကို အရေးအသားကောင်းလှချေလားဗျာ လူကိုဆွဲခေါ်သွားလိုက်တာ”