Saturday 11 May 2013

“ရူးမိုက်တဲ့ မရဏဖွါးတစ်ယောက်ရဲ့ တပိုင်းတစတေးသွား-၂”


မူးနေတယ်
မျက်လုံးတွေ မူးနေတယ်
စိတ်တွေ မူးနေတယ်
နှလုံးသားလေး မူးနေတယ်
အရာရာဟာ ရီရီဝေဝေ
မှိုင်းမှုန်နေတဲ့ အတိတ်လမ်းစကို တစ်ချက်ဆွဲဖြန့်ကြည့်လိုက်တယ်
အကြွင်း ၄ မရဏဖွား စနေ
အကြွင်း ၄ မရဏဖွား စနေ

ဒီစကားတစ်ခွန်းနဲ့ လောကထဲရောက်ခဲ့တယ်
မိန်းကလေးတစ်ယောက်မှာအစ်ကို ၃ ယောက်ရှိရင်
စာရေးဆရာက တမင်ပေးဇာတ်နာသတဲ့
မိဘနဲ့သားသမီးကြားက ပဋိပက္ခ
သားသမီးက မိဘကို မုန်းခွင့်မရှိဘုးတဲ့...
များလိုက်တဲ့ သတ်မှတ်ချက်တွေကြား
စနေမရဏဖွားတစ်ယောက် ရောက်လာခဲ့ပြီ
စာရေးဆရာက သူ့သတ်မှတ်ချက်ကို သူချိုးဖေါက်လို့
စနေမရဏဖွားအတွက် ဇာတ်အိမ်တည်ပေးလိုက်တယ်
မိသားစု...တဲ့။
မိသားစု
အခါးအချိုအချဉ်အငံအစပ်
ဘာပဲလာလာ
အတူတူကြုံရမှာ
အတူတူဆုံရမှာ
အတူတူကာကွယ်ရမှာ
အတူတူခံစားရမှာ
မိသားစု တဲ့လေ။
မိသားစု
မိသားစု ဆိုတဲ့ စကားစုတစ်ခုမှာ
မရဏဖွားလေးက စဉ်းစားလိုက်မိတယ်
အကြီးမှားရင် အငယ်က ပြောခွင့်မရှိတဲ့
အငယ်မှားတော့ အကြီးက တားမြစ်ခွင့်ရှိသတဲ့
မှန်နေရင် ဘယ်သူမဆို အမှားထောက်ပြခွင့်ရှိတယ်မဟုတ်ဘူးလား
အဲဒီအတွေးကို လက်တွေ့အကောင်အထည်ဖေါ်ချိန်မှာ
မရဏဖွားရဲ့ လက်ပေါ် တုတ်နှစ်ချက်ရောက်ခဲ့တယ်
ဒီလိုနဲ့ပေါ့
ဂျစ်ကန်ကန် မရဏဖွားတစ်ယောက်
လမ်းလျှောက်သင်ဖို့ ကြိုးစားခဲ့ပါတယ်...။