Friday 27 September 2013

ငှက်ကလေးတစ်ကောင်အတွက်-၁၁


“ငှက်ကလေးတစ်ကောင်အတွက်-၁၁”
ကိုယ်က ရေညှိစိမ်းမဟုတ်ပေမယ့်လည်း ချစ်ရသူအတွက်ဆို ဟောဒီလက်ဖျံကသွေးကို ထုတ်ပေးရက်ခဲ့သူပါ။ ကိုယ့်လက်ဖျံသွေးမှာ မင်းအတွက် အားအင်မရနိုင်တာကတော့ ကိုယ့်အားနည်းချက်ပေါ့။ ငှက်ကလေးရေ အိပ်မက်က မနိုးသေးဘူးလား။ မင်း သိပ် အအိပ်မက်လွန်းတယ်။ မင်း သိပ်တွေးတတ်လွန်းတယ်။ မင်း သိပ် အားနာတတ်လွန်းတယ်။
သတ္တဝါကွဲ့၊ သတ္တဝါ။ အသက်ရှိတယ်။ စိတ်ရှိတယ်။ လွတ်လွတ်လပ်လပ်နေခွင့်ရချိန်မှာ ဘာ့ကြောင့်များ ကိုယ့်ကိုယ်ကို ကြိုးတွေနဲ့ တုပ်နှောင်ထားပါသလဲ။ ရယ်၊ မင်းရယ်ချင်ရယ်ပစ်လိုက်၊ ငို မင်းငိုချင် ငိုပစ်လိုက်၊ ပြုံး မင်းပြုံးချင် ပြုံးပစ်လိုက်။ တစ်ခါတလေမှာ အစဉ်အလာဆိုတာ ခေါင်းငုံ့ဖို့ထက် တော်လှန်ဖို့လိုအပ်တယ်။

မိန်းမသားအချစ်


“မိန်းမသား အချစ်”
သူနဲ့ ကျွန်မနဲ့ ခင်မင်တာကြာပါပြီ။ ဟိုးတလောကမှ စကားပြောရင်းသတိထားမိတာ သူ့လေသံ၊ သူ့အတွေးတွေဟာ ယောက်ျားဝါဒီဆန်နေပါ့လား ဆိုတာပါပဲ။ ဟင့်အင်း။ ကျွန်မ ဘာမှ မဖြစ်ပါဘူး။ ကျွန်မ ဘာဖြစ်ရမှာလဲ။ သူနဲ့ ကျွန်မဟာ အရိုးသားဆုံးအရှင်းသန့်ဆုံး ခင်တဲ့သူတွေ။ ကိုယ်ခင်တဲ့သူတစ်ယောက်ဟာ ဒီလိုလူပါ့လား ဆိုတဲ့အသိကလွဲလို့ ကျွန်မအတွက် ဘာမှ ထူးခြားဆန်းကြယ်မလာပါဘူး။ ဒါပေမယ့် တွေးမိတဲ့ အတွေးတစ်ခုက ယောက်ျားဝါဒီတစ်ယောက်ယောက်ကိုသာ ချစ်သူတော် ခဲ့မိရင် ဆိုတဲ့အတွေးလေးပါပဲ။ ဟုတ်တယ။် အိုး ကျွန်မ သိပ်ကြောက်တာပဲ။ မဟာဖိုဝါဒီကြီးတစ်ယောက်ယောက်ကိုသာ ချစ်သူ အဖြစ်တော်ခဲ့မိလို့ရှိရင် ကျွန်မ ဘဝပျက်သွားမလားပဲ။

Sunday 22 September 2013

ကယ်တင်ရှင်

“ကယ်တင်ရှင်”

အိပ်သည်။ ကျွန်တော် အိပ်နေသည်။ ရိုးရိုးတန်းတန်းအိပ်နေခြင်းမဟုတ်ပါပဲ အိပ်မက်တောကြီးထဲတွင် လှည့်လည်နေထိုင်ရင်း အိပ်နေသည်။ နိုးထဖို့မည်သို့ပင် အားယူပါစေ၊ နိုးထဖို့ မတတ်နိုင်ခဲ့။ အိပ်မက်၏ ဖြားယောင်းမှုတွင် ပါသွားရကာ မျက်လုံးဖွင့်ဖို့ မစွမ်းသာတော့။
ဟုတ်၏။ကျွန်တော် အိပ်နေသည်။ ကျွန်တော့်မျက်ခွံသည် လက်ရှိအချိန်တွင် မ  ရ အခက်ဆုံးသော နံရံကြီးဖြစ်လာသည်။ မည်သည့် ဝန်ချီစက်နှင့်မျှ မ မ နိုင်တော့။ မျက်ခွံတစ်ဖက်ကိုအသာအယာ မ ကြည့်သည်။ တုတ်တုတ်မျှမရွေ့။ ငါ ထ သင့်ပြီဟူသည့်အသိဖြင့် နောက်တစ်ခေါက်ကြိုးစားသည်။ သို့သော် ဆံချည်တမျှင်စာမျှတောင် ကြွတက်မလာခဲ့။ အိပ်စက်ခြင်းတွင် ဖြားယောင်းမှုရှိကြောင်း သိလိုက်ရ၏။ မျက်ခွံကို မ ရန်ကြိုးစားနေသော ကျွန်တော့်အား ချိုမြိန်သာယာသော အိပ်မက်သည် အနံ့အသတ်အရိပ်အငွေ့ပေးလေပြီ။ ထိုအနံ့၊ ထိုအရိပ်နောက်သို့ လိုက်ချင်စိတ်ကို ထိန်းနေရသည့်အရသာ။ သေချာသည်။ ဒီမျက်ခွံကို ဆက် မ ဖြစ်မည်ဟု ကျွန်တော် အာမ မခံနိုင်တော့။ မျက်ခွံတို့အား ခေတ္တအနားပေးရန် ဆုံးဖြတ်ချက်ခြင့် မ ဖို့ကြိုးစားနေသည့် စိတ်အား လျှော့ချလိုက်သည်။ ထိုအခါ စိတ်သည် အိပ်မက်နောက်သို့ ကောက်ကောက်ပါအောင် လိုက်လေတော့၏။ ထိုသို့ဖြင့် မျက်ခွံကိုမရန် ယာယီမေ့ပြန်လေ၏။
လူတို့၏ စိတ်ကား ထူးဆန်းလှသည်။ အိပ်မက်ဆိုး မှန်းသေချာနေခဲ့လျှင် ဒါအိပ်မက်ဆိုး၊ ဟု တွေးရင်း မရမက ရုန်းထွက်မှ ကြောက်ရွံ့နေရသည့် စိတ်ခံစားချက်က လွတ်မြောက်မည်ကိုသိ၏။ ထို့အတူ ကြိုးလည်းကြိုးစားနိုင်၏။ သို့သော် မူးယစ်ဖို့ကောင်းသော အိပ်မက်ချိုချိုလေးများတွင်မူ ပြင်ပ အနှောင့်အယှက်မပါပဲ တော်ရုံတန်ရုံ အိပ်ယာမှနိုးထဖို့ဆိုသည်မှာ ခက်ခဲလှသည်။

ပန်းလေးတစ်ပွင့် တရွေ့ရွေ့နှင့် လှမ်းလာနေသည်


လန်းဆန်းလှပလွန်းသော ပန်းလေးတစ်ပွင့်သည် တရွေ့ရွေ့နှင့် ကျွန်မအနီးသို့ တိုးကပ်လာနေသည်။ ထိုပန်းလေးသည် ကျွန်မအတွက်လား။ သို့မဟုတ် တခြားတစ်ယောက်အတွက်လား။ နေပူထဲတွင် ရပ်စောင့်နေရသူအဖို့ ပန်းတစ်ပွင့်၏ အေးမြလက်ဆက်မှုကို ရှုရှိုက်ခွင့်ရလိုက်လျှင် လိုအပ်နေသော အေးမြမှုသည် နှလုံးသားထဲထိ တိုးဝင်သွားနိုင်လိမ့်မည်။
ထိုပန်းလေး၏ ပိုင်ရှင်သည် မည်သူ့ကို ရည်ရွယ်ပေးပါသလဲ။ ပန်းလေး၏ ရည်ရွယ်ချက်ကို ပန်းပွင့်လေး၏ ပိုင်ရှင်သာ သိပါလိမ့်မည်။ ပန်းပွင့်လေးကတော့ တရွေ့ရွေ့နှင့် လှမ်းလာနေဆဲ။ ကျွန်မနှင့် လက်တစ်ကမ်းအကွာတွင် ဝဲလှည့်နေသည်။ ထိုပန်းပွင့်လေးကို ကျွန်မ လှမ်းယူ၍ ရမည်မဟုတ်မှန်း စိတ်တွင် သိနေသည်။ ထိုပန်းပွင့်လေးကို ကျွန်မမှမဟုတ်။ တခြားမည်သူမှလည်းယူ၍ မရနိုင်။ ပန်းပွင့်ပိုင်ရှင်စေညွှန်သည့်နေရာတွင်သာ ပန်းပွင့်လေး ရှိနေပေလိမ့်မည်။
ပန်းပွင့်ပိုင်ရှင်သည် ပန်းပွင့်လေးအား မည်သူ့ထံသို့များ စေညွှန်လိုက်ပါသလဲ။ အခွင့်ရှိရင် သိချင်စမ်းပါဘိ။ ထိုပန်းပွင့်လေးသည် ကျွန်မအတွက် ရည်ရွယ်လေသလား။ သို့မဟုတ် အခြားတစ်နေရာအတွက်လေလား။
စကားမစပ် ဆိုရပါဦးမည်။ ကျွန်မသည် နေပူထဲတွင် ရပ်နေသူတစ်ဦးဖြစ်ပါသည်။ ရိုးရိုးတန်းတန်းရပ်ရုံသာမဟုတ်။ တစ်ခုခုကို စောင့်မျှော်နေသူသာဖြစ်သည်။ ထိုတစ်ခုခုသည် တစ်စုံတစ်ယောက်ထံတွင်သာ ရှိပါသည်။ ထိုတစ်စုံတစ်ယောက်သည် ပန်းကလေး၏ ပိုင်ရှင်ဖြစ်သည်ဆိုသည်မှာ အထူးပြောစရာပင်မလိုပါ။
ဟုတ်ပါသည်။ ပန်းကလေး၏ ပိုင်ရှင်ထံမှ ကျွန်မ တစ်စုံတစ်ခုကို စောင့်မျှော်နေပါသည်။ ထိုအရာမှာ…။

Thursday 12 September 2013

ချစ်သူ နှင်းဆီညို

ကျွန်တော့်အတွက်တော့ သူမသည် အဆိပ်ပြင်းလွန်းသည့် နှင်းဆီပဲ ဖြစ်သည်။ ရိုးရိုးနှင်းဆီမဟုတ်သည့် အဆိပ်ရှိသော ဆူးများကာရံထားသော နှင်းဆီရိုင်း။ နှင်းဆီရနံ့ကို ရှုရှိုက်ဖို့မပြောနှင့်၊ လက်ကလေးနှင့် အသာအယာတို့ထိဖို့ကိုပင် ကျွန်တော် မရဲဝဲ့ခဲ့။ သူမ၏ အဆိပ်ပြင်းလွန်းသော မာယာဆူးများကို ငေးကြည့်ရင်း ကိုယ်ကိုယ်ကို ကျွမ်းကျင်သည့် ပန်းဆွတ်သမားမဟုတ်ဟု သတိပေးနေရသည်မှာ အခါခါဖြစ်သည်။ ထိုကဲ့သို့ ကြိုရှောင်ခဲ့ပါလျှက်နှင့် သူမ၏ အဆိပ်မိခဲ့သည်ဟုဆိုလျှင် ကျွန်တော် ညံ့ဖျင်းလွန်းရာများကျနေလေမလား။
“အဲဒီနေ့က  ကျွန်တော် မလာခဲ့ပါဘူး။ ဟုတ်တယ်။ ကျွန်တော်မလာခဲ့ဘူးလို့ မှတ်မိပေးပါ။ ခင်ဗျားရဲ့ ပါးလျလွန်းတဲ့ ဆံပင်နုဖျော့ဖျော့ တိတိကျကျဆိုရရင် အညိုဖျော့ဖျော့တွေ ကျွန်တော့်ကို မမှတ်မိဘူးမဟုတ်လား။ လေနဲ့ယိမ်းကနေတဲ့ ခင်ဗျားဆံပင်တွေက ကျွန်တော့်ထွက်သက်ဝင်သက်ရနံ့ကို သူတို့ ရှုရှိုက်မိသွားကြတယ်။ အဲဒီနေ့က ကျွန်တော်မလာခဲ့ဘူး။ ခုံတန်းပြာလေးကို ကျွန်တော်မလာခဲ့ဘူးလို့ မှတ်မိပေးပါ။”
အတွေးနှင့်အတူ မျက်လုံးအစုံကို မှိတ်လိုက်မိ၏။ ယောက်ျားသားတစ်ယောက်လည်း မျက်ရည်ကျတတ်ပါတယ်ဆိုသည့် စကားကိုကြားလျှင် သူမ ဟားတိုက်ရယ်မောနေလောက်ပါသည်။

ကိုယ် လူငယ်လေးဖြစ်ပါသည်


“ငါ လုပ်ခိုင်းတဲ့ အတိုင်း လုပ်စမ်းပါ”
“ငါ သွားခိုင်းတဲ့ နေရာသွား”
“ငါ့ကိုပြန်လှန်မမေးနဲ့”
စေတနာ ဟူသည့် စကားလေးသုံးခွန်းဖြင့် ကိုယ့်လိုအင်ကို တစ်ခုမှ မမေးပါပဲ ထိန်းချုပ်သွားကြသည်။ ကိုယ့်တွင် ခြေလက် မရှိတော့။ ကိုယ့်တွင် ဦးနှောက်မရှိတော့။ “လူကြီးက ကောင်းစေချင်လို့ လမ်းညွှန်ပေးတာ အမြင့်တင်ပေးတာကို ခုန်ခုန်မဆင်းနဲ့” စသည့်စကားတို့ဖြင့် ကိုယ်သည် မသွေးတာကြာသော ဓါးကဲ့သို့ မတွေးသော ဦးနှောက်အတုံးကြီးကို ပိုင်ဆိုင်လိုက်ရလေပြီ။
ကိုယ် လုပ်ချင်သောအရာသည် ဘာဖြစ်ပါသလဲ။ တကူးတကစဉ်းစားကြည့်သော်လည်း ထွက်ရှိမလာတော့။ ကိုယ်ပိုင်ဆိုင်ချင်သော အရာသည် ဘာဖြစ်ပါသလဲ။ ကိုယ့်ဦးနှောက်ကြီး တုံးလေပြီ။ ကိုယ် လက်ရှိလုပ်နေသော အလုပ်သည် လုပ်သင့်သည်ဟု လူကြီးတွေ သတ်မှတ်ပေးသော လမ်းကြောင်းဖြစ်၍ ကိုယ်ပိုင်သမျှသော အရာတို့သည် ပိုင်ဆိုင်သင့်သည်ဟူသည့် စွဲချက်ဖြင့် ကိုယ့်လက်တွင် ထားရှိထားသည့်အရာများဖြစ်ကြသည်။
ကိုယ်သည် လူငယ်ဖြစ်သည်။ ကိုယ်ဖြစ်ချင်သည့်အရာကိုသာ လုပ်လျှင် လမ်းမှားနိုင်သည်။ ထိုအဆိုကို လက်ခံပါသည်။ သို့သော် လမ်းမှားမှာစိုးလျှင်လိုအပ်သည့် အသိပညာတို့ကို ဖြည့်ဆည်းပေး၍ မရနိုင်လေသလော။ ခုတော့ လူငယ်ပီပီ လမ်းမှားမည်စိုးသဖြင့် လူကြီးပေးသမျှ လမ်းကြောင်းပေါ် လျှောက်လမ်းနေရသည်။ တကယ်ဆို  လမ်းမမှားဖို့ ကိုယ့်တွင်သာ တာဝန်ရှိပါသည်။ အကယ်၍ မှားသွားခဲ့လျှင်လည်း နောက်ထပ်မမှားစေရန် ရှောင်ဖယ်နိုင်သည့် အရာ တွေ့ရှိခြင်းမဟုတ်ပါလား။
ခုတော့ ကိုယ် လက်နှင့် ခြေကို ငြိမ်ငြိမ်လေးထား၍ ဦးနှောက်ကြီးကို မသွေးပဲ နေနေရပါသည်။