Monday 27 May 2013

သူနဲ့ကျွန်တော်(၂)

ကျွန်တော်က သူမေ့နေတဲ့ တေးသွားလေးပါ
သူက ကျွန်တော်ဆိုနေကျ သံစဉ်လေးရဲ့ ပိုင်ရှင်
အသွင်မတူသူနှစ်ယောက်
ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတစ်ခုမှာ ဆုံခဲ့ကြတယ်



ကျွန်တော်က သံစဉ်လေးတွေ လှည့်ပြောင်းကခုန်
သူ့အတွက် တေးသွားတစ်ခုကို မက်မက်မောမောသီကျူးနေခဲ့တယ်
သူက ကျွန်တော့်မသိတဲ့တစုံတစ်ရာအတွက်
ဘဝတစ်ခုလုံးကို ရင်းမြုပ်ထားသတဲ့

ရိပ်ဖမ်းသံဖမ်းဝေးကွာခြင်းတွေ
ဟောဒီရင်ကို ဖေါက်ဖေါက်ထွက်သွားတာ သူမသိဘူး
သူက ကျွန်တော့်ကို မေ့နေခဲ့တာလေ

လေနုအေးတွေတိုက်ခက်ရင် ကျွန်တော် သူ့ကို သတိရတယ်
မြက်ခင်းစိမ်းစိမ်းလေးတွေတွေ့ရင် ကျွန်တော်သူ့ကို သတိရတယ်
ကောင်းကင်ကြီးက ပြာနေရင် ကျွန်တော်သူ့ကိုသတိရတယ်
မိုးစက်လေးတွေ ကနေရင် ကျွန်တော်သူ့ကို သတိရတယ်
သတိရခြင်းအပိုင်းအစတွေ ဆက် ဆက်လိုက်တော့
ကမ္ဘာကြီးဟာ ကျယ်ဝန်းလာ
လာချင်လည်းဝေးတယ် မလာချင်လည်းဝေးတယ်
တကယ်ဆို ကျွန်တော်က
သူမေ့နေတဲ့တေးသွားတစ်ခုပဲ မဟုတ်လား


သူက ကျွန်တော့်အတွက်အဦးဆုံးပိတောက်
ကျွန်တော်ကကျတော့ သူ့အတွက် နေရာတောင် တန်းစီခွင့်မရသေးဘူး
နံပါတ်မပါတဲ့ တုံကင်လေးကို ကိုင်ပြီး ရပ်စောင့်နေရတယ်

သူဆိုတာ သူပေါ့
လေချွန်တတ်တယ်
သီချင်းဆိုတတ်တယ်
နောက် ရယ်တတ်တယ်
သူက စကားလည်းပြောတတ်သေးတယ်
စကားကြီးဆယ်ခွန်းကို အလွတ်ကျက်ပြီးပြောတတ်တာသူပေါ့
လူလိမ္မာလေးလည်း ဖြစ်တတ်ပြန်သေးတယ်

သူ့နှုတ်ခမ်းလေးလှုပ်လိုက်ရင် စံပယ်တွေ တဖွါးဖွါးကြွေတယ်
သူ့နှုတ်ခမ်းလေးပြုံးလိုက်ရင် ပန်းပွင့်လေးတွေ ငိုကုန်တယ်
ူသူက အဲဒီလောက် စွမ်းအားကြီးသူ

ကျွန်တော်က သူ့အတွက် သဲလေးတစ်ပွင့်ပါပဲ
များလွန်းတဲ့ သဲတွေထဲမှာ သူကျွန်တော့်ကို မရှာနိုင်ဘူးလေ
တကယ်ဆို
သူက ကျွန်တော့်ရဲ့ ကိုယ်တစ်ခြမ်းပါ
သူ့ရဲ့ကိုယ်တစ်ခြမ်းအဖြစ်ကိုတော့ ကျွန်တော်မရသေးဘူး

ငှက်ကလေးရေ
ငှက်ကလေးရေ
ငှက်ကလေးရေ
ငါ့ရဲ့ ပိတောက်ဦးရေ
မွှေးပျံ့လတ်ဆတ်နေပါစေထာဝရ
ဆုတောင်းပေးနေတယ်
တကယ်ဆို သူနဲ့ကျွန်တော်က
ဆုံခွင့်မရှိတဲ့ မြစ်နှစ်စင်းပါပဲ
ကိုယ့်ဦးတည်ချက်နဲ့ကိုယ်
အပြိုင်စီးဆင်းတယ်

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်