Wednesday 22 May 2013

22-5-2013-----

ကျေနပ်တယ်
ကျေနပ်ပါတယ်
မြင်ခွင့်ရခြင်းက ခဏတာပါပဲ
မင်းအဆင်ပြေတယ်ဆိုတာ သိရလို့ ကျေနပ်တယ်
မင်းပျော်ရွှင်တယ်ဆိုတာ သိရလို့ ကျေနပ်တယ်
မင်းနေကောင်းနေတယ်ဆို သိရလို့ ကျေနပ်တယ်

အချစ်ဆိုတာ ချစ်နေရုံလေးနဲ့ လှနေသတဲ့
ကဗျာတစ်ပုဒ်မှာ ဖတ်ဖူးတဲ့စာသားလေး
ဒီစာသားလေးနဲ့ပဲ ထပ်ပြောချင်တယ်
မင်းကို ချစ်ခွင့်ရရုံနဲ့ပဲ ငါ့ကမ္ဘာ လှနေပါတယ်



တစ်ခါတစ်ခါ လောဘကြီးက တက်တက်လာ
ပိုင်ဆိုင်ချင်စိတ်တွေ တိုးထွက်လာတဲ့အခါ စိတ်ညစ်ရတာကလွဲလို့
ကျန်တဲ့အချိန်တွေမှာ ငါ့ကမ္ဘာကြီး လှနေတယ်

///////////////////////////////

အုံမှိုင်းနေတဲ့ မိုးတိမ်တွေကို အကြောင်းပြချက်မရှိပါပဲ ငေးနေမိတယ်။ ရုတ်တရက် သူတို့က ပုံသဏ္ဍန်ပြောင်းတော့ အယောင်ယောင်အယမ်းယမ်းနဲ့ မင်းကော မိုးစိုသွားလား တွေးမိသေးတယ်။ မင်းရှိတဲ့နေရာမှာကော မိုးရွာနေရဲ့လား..လို့။

မိုးရွာတဲ့အခါ ပြတင်းပေါက်ကိုဖွင့်ပြီး မိုးစက်လေးတွေကိုများ ကြည့်တတ်တဲ့ အကျင့်ရှိလား။ ကြည့်ဖြစ်ရင်ကောင်းမှာပဲ။ သူတို့ ကနေတာ အရမ်းလှတယ် ငှက်ကလေးရဲ့။ ကိုယ်တော့ မိုးစက်လေးတွေ ကနေတာ ချစ်တယ်။

မိုးရွာရင် မိုးစက်လေးတွေကြား အမိုးအကာ မပါပဲ လမ်းလျှောက်ရတာ ကြိုက်တယ်။ တကယ်လို့များ ငှက်ကလေးနဲ့ တူတူသာ လမ်းလျှောက်ဖြစ်ခဲ့ရင်....။

ဂစ်တာတီးတတ်ဖို့လည်း သင်ရဦးမယ်လို့ တွေးလိုက်မိသေးတယ်။ ငှက်ကလေး သီချင်းဆိုတဲ့အခါ ဂစ်တာတီးပေးချင်တယ်။ ကိုယ်က အရူးထတယ်နော်။ ဟုတ်တယ်။ အချစ်နဲ့ပတ်သတ်လာရင် ရူးမိုက်သွားတတ်တာပဲ။ အချစ်နဲ့ပတ်သတ်လာရင် လူတိုင်းကလေးဆန်သွားတတ်တာပဲ။

ငှက်ကလေးကို သတိရတဲ့အခါ ဂစ်တာလေးတီးရင်း ငါ့ဘဝရဲ့ မီးအိမ်ရှင်သီချင်းကို ဆိုချင်တယ်။ ငှက်ကလေးကို မြင်ချင်တဲ့အခါ ဓါတ်ပုံလေးတွေ ထုတ်ကြည့်ရင်း သံယောဇဉ်သီချင်းကို ညည်းချင်တယ်။ မတူညီတဲ့ ဘဝနှစ်ခုကို ညီမျှခြင်းချဖို့ကြိုးစားနေတဲ့ ကိုယ်က အရူးပါ။ ရိုးရိုးအရူးမဟုတ်ဘူး။ အချစ်ရူးပါ။

ငှက်ကလေး ရေ ..။ လွမ်းတယ် ဆိုတဲ့ စကားကို ခဏခဏမသုံးချင်ဘူး။ တစ်ဖတ်သတ်ဆိုတဲ့ စကားကို ခဏခဏမကြားချင်ဘူး။ ကို ယ် မုန်းတယ်။
ဒါပေမဲ့လည်း ချစ်နေရရုံနဲ့ ကမ္ဘာကြီးက လှနေပါတယ်။ တခါတခါပေါ်လာတဲ့ လောဘလေးတွေကြောင့် စိတ်ဒုက္ခရောက်ရတာကလွဲလို့ ကိုယ့်ကမ္ဘာကြီး လှနေပါတယ်။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်