တိမ်ဖုံးတဲ့
ကောင်းကင်
မဟာရန်ကုန်ဆိုတဲ့မြို့တော်ကြီးမှာ
အထည်ချုပ်လုပ်သားဘဝနှင့် ဘဝစခဲ့သူ ဇွဲ ခုတော့ တချို့တချို့သောအရာများကို
ခေါင်းငုံ့ကြည့်၍ ရချေပြီ။ လူနေမှုအဆင့်အတန်းဟုတိုင်းထွာမည်ဆိုလျှင်ဖြင့်
သေချာပါသည်။ ဇွဲံသည် သာမန် လူလတ်တန်းစားဘဝရှိသူတစ်ဦးဖြစ်ပြီး မချမ်းသာသလို
ဆင်းရဲမနေသူတစ်ဦးလည်း ဖြစ်နေပေပြီ။
အရာရာကိုကျော်ဖြတ်ဖို့ရာအတွက် ဇွဲထံဝယ်
အမုန်းခွန်အားတွေ နှလုံးသားနှင့်မမျှအောင်ရှိခြင်းက ဘဝကို ကြိုးစားခြင်းနှင့်သာ
လုံးချာလည်လိုက်စေခဲ့သည်ထင့်။ ဘဝကြင်ဖော်ဆိုသည်ကို စိတ်နှင့်ပင် မမှန်းဆခဲ့သလို
ကြုံလာသမျှ အချိုးအကွေ့တိုင်းကိုလည်းသတိရှိရှိနှင့် ဇွဲကျော်ဖြတ်ခဲ့ပါသည်။
လမ်းမှားရောက်ခဲ့သည်ဆိုလျှင်တောင် လမ်းမှန်သို့ရောက်ဖို့ ချက်ချင်း
ကြိုးစားခဲ့သည်မဟုတ်လား။ လက်ရှိ ဇွဲ၏ ဘဝကို ချောမွေ့ခြင်းနှင့်
အနားသတ်ထားနိုင်အောင် နေ့လည်စာ မစားပဲ ပိုက်ဆံစုသည်ထိ အထည်ချုပ်လုပ်သားဘဝဝယ် ဇွဲ
အပင်ပန်းခံခဲ့ပါသည်။ တည်းခိုစရိတ် ပေးစရာမလိုသောအထည်ချုပ်လုပ်သားဘဝကို ဇွဲ
သဘောကျပါသည်။ သို့သော် ဘဝကို အထည်ချုပ်လုပ်သားဘဝနှင့် ရပ်နားထားဖို့ရာ၊
ကျေနပ်နှစ်သိမ့်ဖို့ရာတော့ တခါမျှ မစဉ်းစားခဲ့မိချေ။ အမြင့်ဆုံးရောက်ဖို့
မမှန်းဆခဲ့သော်လည်း အရာရာကို အစွမ်းရှိသလောက်ကြိုးစားလျှင်
ထိုက်သင့်သလောက်ပြန်ရမည်ဟူသည့်အတွေးနှင့် အနိမ့်ဆုံးမှာ မနေချင်သောဆန္ဒတစ်ခုနှင့်
ကြိုးစားခဲ့ခြင်းဖြစ်သည်။
လမ်းမှားသို့အကြိမ်ကြိမ်ရောက်ခဲ့ဖူးသည်။ အခုတော့ ဘဝလမ်းမှန်ပေါ်သို့
ဖြောင့်ဖြောင့်ဖြူးလျှောက်လှမ်းနိုင်ပေပြီ။ အထည်ချုပ်စက်ရုံမှ အထည်တွေ
ဖောက်သည်ဈေးနှင့် ယူကာ လမ်းဘေးချရောင်းရင်းအထည်ချုပ်လုပ်သားဘဝမှ တဆင့်တက်ခဲ့သည်။
ထို့နောက် ဘေထုပ်ဖောက်သည့်အဆင့်သို့တက်ကာလက်ရှိအချိန်မှာတော့ ဇွဲသည်
လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဖွင့်ထားနိုင်ပြီ ဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းလေးကို
ကိုယ်တိုင်လုပ်နိုင်သည် အထိတိုးတတ်ခဲ့ပေပြီ။
ဇွဲ၏လက်ဖက်ရည်ဆိုင်လေးကို
မနက်ခုနှစ်နာရီမှ ညကိုးနာရီအထိ ဖွင့်သည်။ စားပွဲထိုးအသက်ဆယ့်သုံးနှစ်အရွယ်
ယောင်္ကျားလေးနှစ်ယောက်နှင့် စားသောက်ဖွယ်ရာများပြင်ဆင်ရန်
အမျိုးသမီးတစ်ယောက်ကိုလည်း အငှားခေါ်ထားသေးသည်။ အဖျော်ဆရာအဖြစ်နှင့်
အကြော်ဆရာအဖြစ်ကတော့ဇွဲကိုယ်တိုင်သာဖြစ်ပြီး ဆိုင်ကလေးကို ပုံမှန်လည်ပတ်နိုင်စေရန်
ကြိုးစားနိုင်ခဲ့ပြီ။
ဇွဲ၏မိဘများက ဇွဲကို ပြန်လာပါ..ဟု
အတိအလင်းကြော်ငြာသတင်းမထည့်ခြင်းက ဇွဲကိုအိမ်လွမ်းသော်ငြား အပြန်ခက်စေသည်။
ဇွဲအိမ်မှ ထွက်လာခဲ့စဉ်က ခရီးစရိတ်နှင့်
အဝတ်အစားသုံးစုံသာပါခဲ့သည်။ ယခုလိုအနေအထားရောက်ဖို့
အသက်တစ်ဆယ့်ခွန်နှစ်နှစ်မှ ယနေ့အသက်နှစ်ဆယ့်ခြောက်နှစ်တိုင်အောင် ဇွဲ
အစွမ်းကုန်ကြိုးစားခဲ့ပါသည်။ သည့်အတွက်လည်းကိုယ့်ကိုယ်ကို ကျေနပ်ရပါသည်။
ဘယ်သူတွေဘာများပြောင်းလဲနေလဲ
ဆိုသည့်အတွေးနှင့် ဇွဲ၏ မွေးရပ်မြေလေးသို
စိတ်ကူးနှင့်အပြေးအလွှားသွားကြည့်ခဲ့ဖူးပါသည်။ အိပ်မက်တိုင်းတွင်လည်း ဇွဲသည်
မိဘနှစ်ပါး၏ရင်ခွင်ဝယ် အချစ်ခံဘဝနှင့် ဟု မက်ခဲ့ရပါသည်။ လက်တွေ့ဘဝဝယ်
သွားကြည့်ဖို့ရာတော့ ဇွဲသတ္တိမရှိပါ။ သတ္တိမရှိပါလေ။
ဇင်ဝေ..ဆိုသည့်အမည်နာမဝယ်
ရှင်သန်ခြင်းအဓိပ္ပါယ် နှင့် မေတ္တာတရားကင်းမဲ့နေသော်ငြား ဇွဲဆိုသည့် အမည်နာမဝယ်
ချစ်လှစွာသောမိတ်ဆွေသူငယ်ချင်းများစွာရှိသည်။ ဇွဲ ဆိုသည့်အမည်နာမအောက်ဝယ်
အထင်ကြီးလေးစားသော မျက်လုံးများစွာရှိသည်။ နောက် ဆိုသည့် အမည်နာမအောက်ဝယ်
မိသားစုမဟုတ်သော်လည်း အင်အားကြီးမားသော သံယောဇဉ်ထုထည်တို့ရှိပါသည်။ ဇင်ဝေဆိုသည့်
အမည်နာမအောက်မှာတော့ …….။
သို့သော် ညရောက်၍ ကောင်းကင်ကို
ကြည့်လိုက်တိုင်း ကြယ်စုံလစုံကောင်းကင်ကြီးကို အားကျလှသည်။ သူသည်လည်း
ကြယ်လစုံလင်သော ကောင်းကင်ကို ပိုင်ဆိုင်ချင်လှပါသည်။ မတွေ့တာကြာပြီဖြစ်သော
မိသားစုနှင့်အတူ ထမင်းလက်ဆုံ စားချင်လှ၏။ သူ့ အကြောင်း အစုံစုံဘဝအဖုံဖုံကို
ပြောချင်လှ၏။ အခုတော့ အိမ်ပြန်ဖို့ရာ သတ္တိမရှိသေး။ သက်ပြင်းတစ်ချက်ကို မရည်ရွယ်ပဲ
ချလိုက်မိ၏။
ရယ်စရာတော့
ကောင်းသည်။ မိဘရင်ခွင်မှ ထွက်ပြေးလာခဲ့သော သားတစ်ယောက်၏ လက်ဖက်ရည်ဆိုင်လေးနာမည်က “မိဘရိပ်…”.တဲ့။
အတွေးလေးနဲ့ ပြုံးမိရင်း ဆိုင်ရှေ့သစ်ပင်ဝယ်ချိတ်ထားသော ဆိုင်းဘုတ်လေးကိုကြည့်မိတော့
အစိမ်းအောက်ခံနှင့်အဖြူရောင်စာလုံးလေးများက ဇွဲကို ပြန်ပြုံးပြသလိုလို။ ဟော…..အိမ်ငှားခပေးမဲ့သူတွေတောင်လာချေပြီပဲ။
ဇွဲ၏ မဖြစ်စလောက်ပိုလျှံငွေလေးဖြင့်ဝယ်ထားသော အနည်းငယ်ချောင်ကျသည့် ရပ်ကွက်မှအိမ်ကလေးကို
ထိုလင်မယားနှစ်ယောက်အား တစ်လနှစ်သောင်းနှုန်းဖြင့် ငှားထားသည်မှာတစ်နှစ်ပြည့်လေပြီ။
သည်နှစ်တော့ အိမ်ငှားခကို တိုးတောင်းမှရပေမည်။ နှစ်သောင်းခွဲလောက်ဖြင့် ထပ်၍ စာချုပ်ချုပ်ဆိုရပေမည်။
“လာပါခင်ဗျ
အစ်ကို နဲ့အစ်မ ဒီမှာထိုင်ပါခင်ဗျ"ဟု ဖိတ်ခေါ်လိုက်ရင်း အိမ်လစာ တိုးဖို့ ဘယ်ကစပြောရင်ကောင်းမလဲ
စဉ်းစားရင်း စိတ်ထဲတွင် စကားလုံးများ အပြေးအလွှားစီနေလိုက်သည်။
(-)
၁၅၀၀မေတ္တာမီးနှင့် ၅၂၈ မေတ္တာမီး ဘယ်ဟာက
ပိုပူသည်ရယ်တော့မသိ။ လောလောဆယ်တော့ ၅၂၈ မေတ္တာမီးကြောင့်သူ့ နှလုံးသားတို့
ကျွမ်းတော့မည်ထင့်။ မိဘဆိုတာ သားသမီးဆီက ဘယ်အရာကိုမှမမျှော်ကိုးဘူး။
ပေးဆပ်လိုမှုတစ်ခုတည်းနှင့် ချစ်ခဲ့ကြသတဲ့။ သားသမီးမှန်သမျှကို သာတူညီမျှ
ချစ်ကြသတဲ့။ မိဘအတော်များများပြောလေ့ရှိသော ထိုစကားကို
သူဟားတိုက်ရယ်ပစ်လိုက်ချင်၏။ ရေဆိုတာ အမြဲတမ်းစုန်ဆင်း တက်သလား။ ဆန်တတ်တဲ့
မြစ်တစ်စင်းရှိမည်ဆိုလျှင်ဖြင့် သူ သည် ဆန်တက်နေသောမေတ္တာမြစ်တစ်စင်းဖြစ်ပါသည်။
ဆယ်တန်းဖြေပြီးသည့်နေ့မှစကာ
ပဲပွဲရုံဝယ် တစ်နေ့ရှစ်ရာနှုန်းနှင့် ကုန်ထမ်းလုပ်သား အဖြစ် အမေ့အား
ငွေရှာပေးခဲ့သူ သူ။ရံဖန်ရံခါ အမေလိုအပ်သည့်အချိန်ဝယ် ယောင်္ကျားတန်မဲ့
အပေါင်ဆိုင်သွားပေးဖို့ရာလည်း သူ မရှက်ခဲ့ပါ။ ဟင်းသီးဟင်းရွက်ဗန်းကို
ခေါင်းပေါ်တင်ကာ ခေါင်းရွက်ဗြပ်ထိုးသည် ဘဝကိုလည်း ရဲရဲကြီးခံယူခဲ့သလို ညဆိုင်းပွဲရုံစောင့်အဖြစ်ကိုလည်း
သူရယူခဲ့ပါသည်လေ။
သို့သော် အရာရာ
အပေးချည်းရှိပြီးအယူအဖြစ်အလေးထားမှုလေးတစ်ခုတောင် ရရှိခြင်းမရှိချိန်မှာတော့ သူ
အရာရာကိုစွန့်လွှတ်ကာ ထွက်သွားချင်ပေပြီ။ အဖေ့၏ ဦးစီးအရာရှိ
လစာလေးတစ်ခုတည်းနှင့်ကျားကန်ထားရသော အိမ်ထောင်စုကို နားလည်သော်ငြား
တက္ကသိုလ်ဆက်တက်ချင်ပါသည်ဆိုသည့်သူ၏ အလိုဆန္ဒအား ထိန်းချုပ်မရခြင်းကတော့ အရာရာကို
စွန့်လွှတ်ဖို့အားအင်ဖြစ်စေခဲ့သည်လား။
မိဘဆိုသည့်ဝေါဟာရနှင့် ပတ်သတ်တိုင်း သူ
သည် အစဉ်အမြဲ ပေးဆပ်သူဖြစ်ပြီး သားသမီးဆိုသည့်ရယူပိုင်ခွင့် တစွန်းတစပင်
မရှိသူတည်း။ မိဘနှစ်ပါး၏ မေတ္တာကိုအလုံးစုံသိမ်းပိုက်ထားသူမှာ
သူရဆိုသည့် သူ၏အစ်ကိုသာ။ အိပ်မက်တိုင်းတွင်တစ်ဦးတည်းသော သားအဖြစ်
အိပ်မက်မက်လေ့ရှိပြီး အချစ်အားလုံးကို စုပုံယူတတ်ခြင်းမှာ သူ မရခဲ့သောအရာတစ်ခုအား
လိုချင်တပ်မက်စိတ် ပြင်းထန်ခဲ့လွန်းသောကြောင့်သာ ဖြစ်သည်။
တကယ်ပါ။မိဘနှစ်ပါး၏ မေတ္တာကို မရငြား
အလေးထားမှုလေးရခဲ့ရင် ကျေနပ်ပါပြီ။ ခုတော့…။ ခုတော့.မိဘဆိုသည့် ဝေါဟာရက သူ့ အတွက်
အားကိုးရာမရခဲ့သလို သားသမီးဆိုသည့် မေတ္တာကိုရယူပိုင်ခွင့် မရှိရာဌာနေဖြစ်ခဲ့ပြီ။
အရာရာသည် အသစ်က ပြန်စဖို့အတွက် အခွင့်ကောင်းဖြစ်ပြီပဲ။ ဇင်ဝေ ဆိုသည့် နာမည်ကိုပင်
မေ့ပစ်ချင်သည်ထိ သူ့စိတ်တို့ ပြတ်သားချေပြီ။
“သားကြီးကျောင်းပြီးတာနဲ့ သားငယ်
တက္ကသိုလ်တက်လို့ရပါပြီကွယ် ဒီတစ်နှစ်ပါပဲ”
“မရဘူး အမေ ကျွန်တော် တက္ကသိုလ်
ဆက်တက်ချင်တယ် မရဘူး”
“မင်း ဒီအသက်အရွယ်ရောက်နေပြီ
နားမလည်ဘူးလားကွ ငါတို့မှာ အခက်အခဲရှိနေလို့ ပြောတာပေါ့ မင်းအစ်ကို ဘွဲ့ရပြီးတာနဲ့
မင်းသဘော မင်းတက်ချင်တဲ့ ကျောင်းကို တက်ကိုတက်စေရမယ်”
“မဟုတ်ဘူး အဖေ ကျွန်တော် ဒီနှစ်မှာပဲ
ကျောင်းအပ်ချင်တာ”
နေ့ခင်းက ပဋိပက္ခစကားသံတို့ကို နားထဲဝယ်
ပြန်ကြားမိတော့ သူ
ရင်နာစွာပြုံးလိုက်မိသည်။ ထိုပဋိပက္ခ၏ ရလဒ်က အဖေ့လက်သီးတစ်ချက် သူ့ပါးပေါ်
ကျလာခြင်းပဲ မဟုတ်လား။ ရင်မှာ စူးနင့်နေပြီဖြစ်သည်။ သူ
မလိမ္မာခဲ့ခြင်းမဟုတ်ပါ။နားလည်မှု ပေးဖို့ ခွန်အားမရှိတော့ခြင်းပါ။
“သူရအတွက်ပေးထားတဲ့ အမေတို့အချစ်တွေထဲက
ကျွန်တော့်ကို နည်းနည်းလောက်ခွဲဝေပေးခဲ့မယ်ဆိုရင်၊သူရကို ဂရုစိုက်သလောက်ရဲ့
ဆယ်ပုံတစ်ပုံလောက် ကျွန်တော့်ကို နည်းနည်းလေးဂရုစိုက်ပေးမယ်ဆိုရင် ကျွန်တော်
ထွက်သွားမိမှာ မဟုတ်ဘူး..ကျွန်တော့်ခံစားချက်ကို နည်းနည်းလေး
နားလည်ပေးနိုင်မယ်ဆိုရင် ကျွန်တော် ထွက်သွားမိမှာမဟုတ်ဘူး.. ခုတော့..
ထွက်သွားတော့မယ်..ဇင်ဝေ ဆိုတဲ့ ကျွန်တော့် အတွက် နေရာမရှိတဲ့ မိသားစု ထဲမှာ
ကျွန်တော် ဘာအတွက် ဆက်ပြီးနေထိုင်နေရမှာလဲ… ဘယ်သူ့မေတ္တာရဲ့ နွေးထွေးမှုနဲ့
နေရမှာလဲ… ဇင်ဝေ အရာအားလုံးကိုအသစ်ကပြန်စမယ်.. အရာအားလုံးကို ကျွန်တော်အသစ်က
ပြန်စပစ်မယ်… ဇင်ဝေ ဆိုတဲ့ နာမည်ကအစ…ပြောင်းပစ်လိုက်မယ်… ဒီနေ့ ဒီအချိန်ကစပြီး
ကျွန်တော့် ဘဝမှာ မိသားစုဆိုတာမရှိတော့ဘူး…မိသားစုဆိုတာ ကျွန်တော့်အတွက်
ဗလာ……………။”
နှုတ်မှ တီးတိုးဆိုလိုက်မိရင်းမနက်ခင်း
ဝေလီဝေလင်း အလင်းမှုန်မှုန်ကြားမှ မြင်နေရသည့် အိမ်ငယ်လေးကို
သူကျောခိုင်းလိုက်မိပြီ။ သူ့ ဘဝကို အသစ်က ပြန်စဖို့ရာသည် သူ့ ကို
သိသူမရှိသောနယ်ပယ်တွင်သာ ဖြစ်နိုင်ပါ၏။ သည်တော့လည်း..သူ၏
ခြေလှမ်းတို့သည်အဝေးပြေးကားဂိတ်ဆီသို့ အားမာန်ပြည့်ခြေလှမ်းများနှင့်
လှမ်းလိုက်သည်။
တကယ်တမ်းတော့ သူ သည် မရနိုင်တော့သော
မေတ္တာအား အရူးဖြစ်ခံကာ ရယူဖို့ရာမကြိုးစားတော့ပဲလက်နက်ချအရှုံးပေးခဲ့သူသာဖြစ်သည်။
ဟုတ်သည်လေ။ သူအရူးမဖြစ်ချင်တော့ပါ။ တခါတရံဝယ်တချို့တချို့သောအရာများအတွက်
ထိုက်တန်သူသည် သီးသန့်ရှိနေသည်မဟုတ်ပါလား။
အဟား..ငါငိုနေသလား။
ပါးပြင်ထက်လက်နှင့်သပ်ရင်း သူ မရေမရာ တွေးမိလိုက်၏။နှင်းစက်ကျခြင်းဖြစ်ပါမည်လေ။
သူ့ မှာ ငိုဖို့ရာ မျက်ရည် မရှိတော့ပြီပဲ။
….
မှောင်နှင့်မဲမဲ
ညထဲသို့တိုးဝင်နေသော ခြေအစုံကို ရပ်တန့်ဖို့ ကြိုးစားမိတော့မှ အိပ်မက်မှန်းသိလိုက်ရ၏။
သူ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ဇင်ဝေ ရှုံးနိမ့်ပြန်ပြီ။ မင်းသတိရနေသလို အမေနဲ့အဖေက
မင်းကို သတိရပါ့မလား။ မင်းမရှိတဲ့ အတွက် သူရက ပိုပျော်နေမှာကွ ဟုလည်း ကိုယ့်ကိုယ်ကို
မာန်မဲရင်း..။
(-)
ကားပေါ်ကအဆင်းမှာပင်မွေးရပ်မြေ၏ရနံ့က
စိတ်တို့အား နွေးထွေးသွားစေသည်။ ခြေလှမ်းတို့အား တချိန်ကမိသားစုဟု
ခေါ်တွင်ရာနေရာလေးဆီသို့ ဦးတည်လိုက်သည်။ သူ့ ကို သတိရတမ်းတနေကြပါ့မလား။
ဟင့်အင်း..။မတွေးနဲ့လေ။
အလည်လာသူတစ်ယောက်လို ကိုယ့်ကိုယ်ကို သဘောထားကြည့်စမ်းဇင်ဝေ။မိသားစုကို ခဏတာ
ငေးကြည့်ချင်တဲ့ ဆန္ဒနဲ့ မင်းပြန်လာခဲ့ရုံသတ်သတ်မလား။
ကိုယ့်ကိုယ်ကို ဆုံးမနေသော်ငြား မွတ်သိပ်သည့် ဆန္ဒနှင့်
မျှော်လင့်တောင့်တနေသည့်မျက်ဝန်းတို့ကတော့ တလက်လက်တောက်လျက်။
ခြေလှမ်းတို့ခပ်ရွံ့ရွံ့နှင့်လာသာလာခဲ့ရသည်။
မိမိ၏ မိသားစုကို နှုတ်ဆက်ဖို့ရာ စိတ်ပင်မကူးမိခဲ့။ တွေ့ချင်စိတ်ကြောင့်လာခဲ့သော်လည်း
မျက်နှာပြကာ နှုတ်ဆက်ဖို့ဖြင့် ယောင်လို့မျှစိတ်မကူးပါလေ။ အရာရာသည်
ဒါတချိန်ကသူထွက်ပြေးခဲ့ဖူးသည့်လမ်းလေးလား။
မြင်နေရသည့် အနီရောင်လမ်းလေးက အတိတ်တို့ဆီပြန်ဆွဲခေါ်သွားသည်။ သြော် အရာရာကို မေ့နိုင်ခဲ့ပြီဆိုသည့်
သူသည် တကယ်တမ်းတော့အတိတ်ကို နှလုံးသားထဲဝယ် သိမ်းထားသူဖြစ်နေသည်ပဲ။
“အရာရာ…..ဟာ.မှုန်ဝါးလာတာဘာ့ကြောင့်များပါလဲ။
မျက်ရည်ကျတာလား။ မဟုတ်ဘူး။ သူ အဲ့ဒီလောက်နှလုံးသားနုသူမဟုတ်ဘူး။ မိသားစုနှင့်ပတ်သတ်လို့ အရာရာကို
ခံနိုင်ရည်ရှိအောင် လေ့ကျင့်ထားခဲ့ပြီးပြီလေ။ သူ့
နှလုံးသားကစိန်ထက်တောင်မာသေးတယ်မလား။ သူ မငိုပါဘူး။ မျက်စိထဲ
ဖုန်ဝင်သွားတာဖြစ်မှာပါ။ ဒါ့ကြောင့်မို့ မျက်ရည်ပူကျတာပါ။ ”
မျက်ရည်စတို့ကို သုတ်ကာ ကိုယ့်ကိုယ်ကို
ဖြေသိမ့်တွေးမိရင်း သူ ဆက်လျှောက်လိုက်သည်။
“သည်နေရာလေးက အဖေ သူရကို
စက်ဘီးစီးသင်ပေးလေ့ရှိတဲ့ နေရာလေးမလား။ ဟိုးအနောက်က ကန္တာရပင်လေးနောက်မှာသူ အမြဲ
ပုန်းကြည့်ခဲ့ရတာပေါ့။ သူရ စက်ဘီးစီးအတက်မြန်တဲ့အကြောင်း အမေနဲ့ အဖေက
ကြည်ကြည်နူးနူး ချီးကျူးနေချိန်မှာ သူက ဒီကန္တာရပင်လေးဘေးမှာ ငိုခဲ့တာပေါ့။
ငါဘာ့ကြောင့် သည်အခွင့်အရေးမရလဲ…ဆိုတဲ့အတွေးနဲ့မဟုတ်လား။”
ထိုစဉ် မြင်လိုက်ရသော
မြင်းလှည်းအနီလေးကြောင့် သူ ပြုံးသွားမိသည်။ သည်မြင်းလှည်းလေးကသူနှင့် သူရကို
အမြဲကျောင်းပို့ကျောင်းကြိုလုပ်ခဲ့သည့် မြင်းလှည်းပေပဲ။ သူ မှတ်မိပါသည်။
မြင်းလှည်းလေးဘေးက အနီရောင်မြားနတ်မောင်အရုပ်လေးကသူ့မှတ်ဥာဏ်ကို ပိုလို့
သေချာစေသည်။
သူ့လက်ကမြင်းလှည်းကို မရည်ရွယ်ပဲတားမိရင်း
မြင်းလှည်းပေါ်သို့တက်လိုက်သည်။ သည်ပန်းခြံလေးပေါ့။သူရကို အဖေက ပုခုံးပေါ်တင်လို့။
သူ ကတော့ အမေ့လက်ကိုဆွဲရင်းအမေ့ခြေလှမ်းကိုမမှီမှာစိုးတာကြောင့်
မြန်မြန်ဆန်ဆန်လျှောက်ရင်းခြေချော်လဲကျခဲ့သည့်နေရာလေး။
နှစ်ယောက်အတူဆီးဆောစီးချင်ပါတယ်..လို့ သူရပြောလို့သွားကစားတော့ သူ
ဖင်ထိုင်ရက်သားလဲကျရင်း သူရ လှောင်ရယ်တာခံခဲ့ရသည့်နေရာ။ထူပေးမဲ့သူထက် သူ့ကို
ကြည့်ရင်း သူရနှင့် အတူတူရယ်နေကြသည့် မိဘနှစ်ပါးမျက်နှာ။
အို..ငါဒီနေရာက
လှည့်ပြန်သွားတာပဲကောင်းမယ်ထင်ပါရဲ့။ ဘယ်သူကကော ငါ
အိမ်ပြန်လာတာကိုလိုချင်မှာတဲ့လဲ။ အတွေးတို့က မသွားဖို့ရာ တားမြစ်နေသော်လည်း
မြင်းလှည်းကို ပြန်လှည့်ဖို့ရာ သူ မတားမြစ်နိုင်ခဲ့။ သူ၏မိသားစုရှိရာသို့ ဆက်မသွားအောင်တော့မတားမြစ်နိုင်ခဲ့။
“ဒီမြို့မှာ အစ်ကို့ကို အရင်က
မမြင်ဖူးဘူးနော် လူစိမ်းလား အစ်ကို”
မြင်းလှည်းသမားလေး၏ စကားကြောင့်
အတိတ်မှရုန်းထွက်ခွင့်ရလိုက်ရင်း သူအနည်းငယ် အသက်ရှုချောင်သွား၏။ သို့သော်
ဖြေရမည့်စကားတို့ကတော့ ဆွံ့အသွား၏။ သူသည် လူစိမ်းလား၊ မြို့ခံလေလား။ မိသားစု၏
သူစိမ်းဟု အခေါ်ခံရဖို့မဆိုထားနှင့်၊ မွေးရပ်မြေလေးအတွက် လူစိမ်းဟု
ပြန်ဖြေရမည်ကိုပင် သူရင်နင့်လှပါသည်။
“ဒါ အစ်ကို့မွေးရပ်မြေပဲလေ ညီလေး
ခွဲသွားတာတော့ ၉ နှစ်လောက်ကြာပြီ ခုမှပြန်လာကြည့်တာ အလည်သဘောပေါ့”
“အော် ”
“ရပြီ ညီ ဒီနေရာမှာပဲ ဆင်းတော့မယ်”
မြင်းလှည်းခ ပေးပြီးဆင်းလိုက်ချိန်ဝယ်
သူ့ခြေလှမ်းတို့ကို သူ့မိသားစု ရှိနေမည့် အိမ်လေးဆီသို့ လှမ်းလိုက်မိသည်။ မြင်းလှည်းဝင်၍မရသော
ဒီလမ်းကျဉ်းလေးဝယ် ငယ်စဉ်က သူနှင့်သူရတို့ အခါခါ
ပြေးလွှားဆော့ကစားဖူးခဲ့သည်မဟုတ်ပါလား။ ငယ်စဉ်က နာကျင်မှုတို့ကို စဉ်းစားမိတော့
သူ့ကိုယ်သူ ရှက်ရွံစွာ ပြုံးလိုက်မိသည်။ အမေနှင့်အဖေ့မေတ္တာကို စုပုံရထားသော သူရအား
ယခုအချိန်ထိ မနာလိုဖြစ်နေဆဲမဟုတ်လား။
ငယ်စဉ်က သူဆော့နေကျ ကန္တရပင်ငယ်၏ အရိပ်မှာ
ခေတ္တနားလိုက်သည်။ ထို့နောက် အိမ်ဘက်သို့ငေးကြည့်လိုက်တော့ ရင်ဝယ်
ကျဉ်ခနဲဖြစ်သွား၏။ ဟုတ်သည်။ ရင်ဝယ် ကျဉ်ခနဲ ဖြစ်သွားပါ၏။ ပြန်မလာတာကြာပြီဖြစ်သည့်
အိမ်သားကို ကြိုဆိုရမည့် အိမ်လေးသည် အင်အားချိနဲ့နေသည်မဟုတ်ပါလား။ မပြင်ကြဘူးလား။
အမေနဲ့အဖေတို့မှာ ပြင်ဖို့ရာ အား မရှိကြတော့ဘူးလား။
အို..အိမ်ထဲက ထွက်လာတာ အမေလား။ အမေ..အမေထင်ပါရဲ့။
မတွေ့တာကြာပေမဲ့ ပြောင်းလဲမသွားတာကတော့ အမေရဲ့ အမြဲတင်းတင်းစေ့ထားတတ်တဲ့
နှုတ်ခမ်းပါပဲ။ အသားဖြူဖြူနှင့် အလွန်တရာမှ ချောမောသည့်အမေဟာသည်ချိန်တိုင်အောင်
ခန့်ငြားဆဲ။
“သည်အချိန်ဆိုသူ ဘယ်မှာလဲမသိဘူးနော်..ကျွန်မတို့ကို
သတိကောရရဲ့လားမသိ”
တိုးသဲ့သဲ့ကြားလိုက်ရသည့် အမေ့အသံကြောင့်
သူ ဆတ်ခန ထရပ်မိမတက် ဖြစ်သွားသည်။ .အမေပြောတာဘယ်သူ့ကိုပါလိမ့်။ သူ့
အကြောင်းကိုတွေးနေတာလား။ ဒါဆိုလျှင်ဖြင့် ချက်ခြင်းပင်အမေဟု အော်ခေါ်ရင်း
ပြေးဖက်လိုက်မိချင်ပါသည်။
သူ့ကိုတည့်တည့်ကြည့်ကာ စကားဆိုနေသည့် အမေသည် သူ့ကို မှတ်မိဟန်မတူသလို
မြင်ဟန်လည်းမတူ။ စိတ်တွေက တခြားနေရာရောက်နေသည် ထင်ပါရဲ့။
“သည်အချိန်ဆို…သားကြီး
ရန်ကုန်ရောက်နေလောက်ပြီပေါ့ သူ အခြေအနေထူးရင် ဖုန်းပြန်ဆက်မယ် ပြောတာပဲလေ”
ရုပ်မမြင်လိုက်ရသော်ငြား အိမ်ထဲမှ
ထွက်ပေါ်လာသည့် အဖေ့စကားသံက အရင်လိုပင် သြရှဆဲ။ အနည်းငယ်အိုစာသွားသည်မှအပ
သိပ်အပြောင်းအလဲမရှိပေ။
“အင်း…..မြန်မြန်ဆက်ပါစေ ဆုတောင်းရမှာပဲ ”
ကြားနေရသည့် စကားသံကြောင့် သူ့ရင်တို့
ဆက်ခနဲ တုန်သွားသည်။
သူရ..သူရပဲလား။သူ ခြေလှမ်းတို့
ပြန်ရုတ်လိုက်မိပါပြီ။ သူ ရူးနှမ်းလွန်း၍သာ ဇင်ဝေဆိုသည့်ဘဝကိုတမ်းတမိသည်ပဲ။ ဇွဲ
ဆိုသည့် ဘဝကသာ သူ့အတွက် နေရာမှန် မဟုတ်ပါလား။ သူ၏ခြေလှမ်းတို့ကို
လာရာလမ်းသို့ တိတ်တဆိတ် ဦးတည်လိုက်သည်။ ဇွဲဆိုသည့်ဘဝမှန်သို့……………။
“သူ့ညီကိုတွေ့အောင်ရှာနိုင်မှာပါ
သားကြီးက ဇွဲကောင်းတာပဲကို”
ညီ
ဆိုသည့် အသံတိုးသဲ့သဲ့က သူ့နားစည်သို့ ဖေါက်ဝင်လာသောအခါ ပြန်လှည့်လုလု
ခြေအစုံက ရပ်တန့်သွား၏။ ရန်ကုန်မှာ ညီကို သွားရှာတယ် တဲ့လား။
“ဒါပေမယ့်ရှင်
သားငယ်က သားကြီးကို မှတ်မိပါ့မလား…. သားကြီးကကော မှတ်မိပါ့မလား သားကြီးသွားတာ
သုံးလကျော်ပြီ ခုထိ ဘာသတင်းမှ မရသေးဘူး ကျွန်မမသေခင်မှာတော့ သားငယ်နဲ့ သားကြီး ကို
ကျွန်မဘေးနားမှာရှိစေချင်တယ် ”
အမေ့
မျက်ဝန်းတို့ ရုတ်တရက်စိုစွတ်လာသည်ကို တွေ့လိုက်ရ၏။ အမေ ငိုသလား၊ ငိုနေသလား အမေ။
ဒါဆို ကျွန်တော် ကျောင်းတက်ဖို့ကိစ္စကို ဆိုင်းငံ့ထားပါ ဆိုတဲ့စကားကိုဘာလို့
ပြောထွက်ခဲ့တာလဲ။ အတွေး၌ မေးခွန်းထုတ်ရင်း သူလည်း ငိုချင်လာမိသည်။
“သားငယ်
ကို တက္ကသိုလ်ပေးတက်လိုက်ရမှာနော် ရှင့်အမေအတွက် ချေးထားတဲ့ ငွေကို ဆပ်လိုက်ရတာက
……”
စကားမဆက်ပဲ
သက်ပြင်းချတိတ်ဆိတ်သွားသော အမေ့ကိုကြည့်ရင်း သူနားလည်လာသလိုလိုရှိ၏။ ထိုစဉ်က
အဖေ့အမေ အဘွား က အမေ့ဆီကို လာခဲ့သည်။ ဘာတွေပြောဖြစ်လဲ သူမသိသော်လည်း အမေကော
အဖေပါ မျက်နှာမကောင်းခဲ့ကြ။
“အမေ့အကြွေးတွေကို
အကုန်ဆပ်ပေးလိုက်ရတာကျေနပ်ပေမယ့် ငါ့သားငယ်ကတော့……….”
အဖေ့ရဲ့
ဆက်မလာတော့တဲ့ စကားစအကြွင်းအကျန်တို့ကို စဉ်းစားရင်း သူသဘောပေါက်သွားချေပြီ။
သဘောပေါက်သွားပါပြီ။ အမေ့အနားသို့ရောက်လာသော အဖေ့ကိုကြည့်ရင်းသူ့ရင်ဝယ် ဟာခနဲ။ အဖေ
သူ ချစ်ရပါသော အဖေ။ သူ့လက်ကိုဆွဲ၍ ကျောင်းသို့ လိုက်ပို့ခဲ့သော အဖေ။ ဇရာတို့ထုထောင်းဒဏ်ကြောင့်
ဖြစ်မည်။ အဖေ့မျက်နှာသည် အိုစာလွန်းနေ၏။ အမေ့မျက်ဝန်းမှ မျက်ရည်စတို့က
တားမနိုင်ဆီးမရ စီးကျနေလေသည်လား။။ အဖေ့လက်သည် အမေ့ပါးပြင်ကို အသာအယာသုတ်ပေးနေ၏။
“အမေ့”
နောက်နားဆီမှ
အော်ခေါ်သံကြောင့် သူ လှည့်ကြည့်လိုက်မိစဉ် ထိုသူနှင့် သူ
မျက်ဝန်းချင်းခဏဆုံသွားရသည်။ ရင်ဝယ် လှိုက်ခနဲ။
သူရ
။ ဟုတ်၏။ သူရ၏ ပါးပြင်မှာ အမည်းရောင်အမှတ်လေးသည် ထင်ရှားလှသည်မဟုတ်ပါလား။ ခေါင်းကို
ရုတ်ချည်း ငုံ့လိုက်ရင်းကန္တရပင်ဘေးမှ ထကာ အလျှင်အမြန်ရှောင်ထွက်ဖို့ကြိုးစားလိုက်၏မိသည်။
သည်ချိန်မှာ မဆုံချင်သေး။မဆုံချင်သေးပါ။
(-)
လက်ကို
ဆွဲယူခြင်းခံလိုက်ရသောကြောင် လျှောက်နေဆဲ ခြေလှမ်းတို့ တုံ့ခနဲဖြစ်သွားသည်။
ရုန်းထွက်ဖို့ပြင်တော့လည်း ဆွဲကိုင်ထားသော လက်တို့က သန်မာလွန်းလှ၏။
ရုန်းမထွက်နိုင်။
“ဇင်ဝေ
ညီလေး”
သူ့စိတ်တို့
အတိုင်းအဆမဲ့ လှုပ်ရှားနေသည်။ သို့သော် နှုတ်မှတော့
“ခင်ဗျား လူမှားနေပြီ ထင်တယ်
ကျွန်တော်ဇင်ဝေ မဟုတ်ဘူး”
“မှားစရာလား
ညီလေးရယ် မင်းမျက်ခုံးပေါ်ကအမာရွတ်က ဇင်ဝေပါလို့ ပြောပြနေတယ် ဒို့နှစ်ယောက် ပွကြီး
တို့နဲ့ရန်ဖြစ်ရင်း ရခဲ့တဲ့ အဲဒီ အမှတ်အသားက ညီလေးဟာ ဇင်ဝေပါလို့ ပြောနေတယ်လေ ၊
မငြင်းပါနဲ့တော့ ကွာ အဖေနဲ့အမေလည်း မင်းပြန်အလာကို စောင့်နေခဲ့ကြတာ ကြာပါပြီ"
ပြောရင်းဆိုရင်း သူရက
အဖေနဲ့အမေ့ကို လှမ်းအော်ခေါ်လိုက်သည်။ သို့သော် သူ့ကို ကိုင်ထားသောလက်တို့ကို
မူ မလွှတ်သေး။ ပို၍ပင် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်သေး၏။
"အဖေရေ
အမေရေ ဒီမှာ ညီလေး ဇင်ဝေ လေ ကျွန်တော်တို့ဆီကို ပြန်လာပြီဗျ ညီလေး ဇင်ဝေ
ဒီတစ်ခါတော့ ငါတို့ကို ခွဲခွာပြီး ထွက်မသွားပါနဲ့တော့ ညီလေးထွက်သွားကတည်းက
အဖေနဲ့အမေ ဘယ်လောက် စိတ်သောကရောက်ရလည်း ညီလေးသိလား ၊ လိုက်ရှာဖို့ အကြိမ်ကြိမ်
ကြိုးစားခဲ့ကြပါတယ်။ နောက်ဆုံး မတတ်သာတဲ့ အခြေအနေကြောင့် ခု အစ်ကိုကိုယ်တိုင်
လိုက်ရှာရတာပါ ၊ ဒီနေရာကို ပြန်ရောက်လာပြီးမှတော့ နောက်တစ်ခါ
ထပ်ထွက်မသွားပါနဲ့တော့”
အနားသို့
အပြေးရောက်လာသည့် မိဘနှစ်ပါး၏ မျက်ရည်တို့ကို ကြည့်ရင်း သူ ငြင်းဆန်ဖို့ရာ
မကြိုးစားဝံ့တော့ပါ။ မကြိုးစားချင်တော့ပါ။ ဒါသည် မိသားစု ဖြစ်သည် မဟုတ်ပါလား။
တချိန်က သူလိုချင်တောင့်တခဲ့သည့် နွေးထွေးသည့် မိသားစုဘဝလေး ပဲ မဟုတ်လား။ ကြယ်စုံလစုံကောင်းကင်ကိုကြည့်ရင်း
အားကျရသောနေ့ရက်များထက် ကြယ်စုံလစုံသော ကိုယ်ပိုင်မိသားစု
ဘဝနေ့ရက်များတွင်နေထိုင်ချင်ပါသည်။ မွေးရပ်မြေ၏ လူစိမ်းမဖြစ်ချင်သလို
မိသားစု၏အပြင်ဘက်တွင် မနေထိုင်ချင်တော့ပါလေ။ သူနှင့်သူရကို ဖက်ထားသော အမေနှင့်
အဖေ့လက်များဝယ် သူ့စိတ်တို့ မတင်းမာနိုင်တော့ပါ။
ဇင်ဝေ
သည် ဇင်ဝေသာလျှင် ဖြစ်ရတော့မည့်ဘဝကို ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပါပြီ။ မိသားစု
ဆိုသည့် စကားလုံးသည် သူ့ရင်ထဲဝယ် နွေးထွေးနှစ်ခြိုက်ဖို့ကောင်းနေပေတော့သည်။
ပျော်လွန်း၍ ကျဆင်းလာသော မျက်ရည်များကို ဖယ်သုတ်၍ ကောင်းကင်ကြီးကို ရုတ်တရက်
မော့ကြည့်လိုက်မိတော့ တိမ်ကင်းစင်နေသော ကောင်းကင်ကြီးက
နွေးထွေးလှပလွန်းနေသည်မဟုတ်ပါလား.. . . ။
ရည်ဝေ(လင်းရောင်ခြည်)
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်