Wednesday 29 May 2013

29-5-2013----

၂၉-၅-၂၀၁၃-----

အလင်းစတွေကို ဖမ်းပြီး လေထုနဲ့အတူပို့လိုက်တယ်
ငှက်ကလေး
မင်း တွေ့မိပါရဲ့လား
အလင်းတွေထဲမှာ မေတ္တာတရားတွေက တလူးလူးတလွန့်လွန့်
ကျွန်တော်ချစ်တဲ့ ငှက်ကလေး အေးမြပါစေ....
ကျွန်တော်ချစ်တဲ့ ငှက်ကလေး အေးမြပါစေ
ကျွန်တော်ချစ်တဲ့ငှက်ကလေး အေးမြပါစေ။


အတ္တတွေ ပုံပုံလာတဲ့ နှလုံးသားက
call ဆိုတဲ့ ခလုတ်လေးကိုနှိပ်ဖို့ကြောက်ရွံ့တယ်
တကယ်ဆို
ကိုယ့်အလွမ်းတွေ ကိုယ် ပြန်ကြောက်ရွံ့
ဒီအသံကို တခါကြားမိရုံနဲ့
ထပ်ခါထပ်ခါကြားမိချင်မှာကြောက်တယ်။

ငှက်ကလေးရေ
ရင်အပြည့်နင့်နေတဲ့ စကားတွေဟာ
မင်းကိုတွေ့ရင် ထွက်မလာဘူး
ဘောင်ကျော်မိမှာကြောက်တယ်
ငှက်ကလေးရေ ကျွန်တော်က တစ်တီတူးလေးပါ
အကြောင်းပြချက်မရှိပါပဲ မင်းစိတ်ဆိုးမှာ ကြောက်တယ်...။


တခါတခါ ကျွန်တော်က အ ပါတယ်
ကြွေကျလာတဲ့ ပန်းပွင့်တွေက ကိုယ့်အတွက်လို့ ထင်မှတ်မိတာ ခဏခဏ
တကယ်တမ်းဖြစ်လာတာက တခြားတစ်ယောက်အတွက် ခြွေချပေးနေတာတဲ့
လွဲတယ်
ကမ္ဘာတစ်ခုလုံးလင်းချင်းနေအောင် လွဲတယ်
ကျွန်တော်က အမှောင်မှာ နေခဲ့သူမဟုတ်လား။

တနေ့ကပေါ့
ရှင်သန်ခြင်းတေးသွားကို မေ့ချင်လာတဲ့အချိန်
ငှက်ကလေးနဲ့စကားစမြည်အပြီး
ရှင်သန်ခြင်းတေးသွားဟာ နှုတ်ဖျားမှာ တဖွဖွ ရပ်လို့မရတော့ဘူး
ရင်ထဲမှာ ဝင်းလက်ခြင်းတွေ နေရာယူတယ်။

တနေ့ကပေါ့
မိစ္ဆာတေးသွားတီးဖို့ သတိတရနဲ့ မတီးခတ်ဖြစ်ဘူး
ငှက်ကလေးအသံကိုနားထောင်ရင်း
စိတ်တစ်ခုလုံး နူးနူးညံ့ညံ့
ဒေါသတွေ ပျောက်တတ်ခဲ့တယ်။

တနေ့ကပေါ့
ငှက်ကလေးရဲ့ မျက်ခုံးထူထူကိုကြည့်ရင်း
ကိုယ့်မျက်ခုံးကိုယ် လက်ဖက်ရိုးနဲ့ ဆွဲမိခဲ့တယ်
ကိုယ်က အဲဒီလောက်ထိ ရူးတဲ့သူပေါ့။

တနေ့ကပေါ့
ငှက်ကလေးနဲ့ကိုယ့်ကြား
လေစိမ်းတွေ တိုက်ခတ်ခဲ့တယ်
နောက်....
ငှက်ကလေးကို ..... မမေ့နိုင်တာ သေချာလာခဲ့တယ်။

ဒီနေ့မှပဲ ကမ္ဘာဟာ ကဗျာဆန်ဆန်လှနေလိုက်တာ
ငှက်ကလေးအတွက် တေးသွားတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဖန်တီးမိချင်သည်ထိ
ငှက်ကလေးရေ
ကိုယ်က သစ်ပင်ရိုင်းပါ
ဘာပင်ဖြစ်မယ်တောင် မသိရသေးခင်
မင်း နဲ့ တွေ့ခဲ့တယ်..။။

2 comments:

မိုးနတ်ကြယ်စင် said...

ဟားးးးး
တစ်ပုဒ်လုံးက လန်းချင်တိုင်းကို လန်းနေလိုက်တာ...:))
ဒီကဗျာကို ဒီအိမ်ကနေ မပြန်မချင်းကို ထပ်ခါထပ်ခါ
ဖတ်နေမိတော့တာ...အဲလောက်ကြိုက်တယ် မရည်ဝေ :)

Unknown said...

:D ကျေးကျေးပါဗျို့

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်