Thursday 27 September 2012

မြင်ခဲ့ဖူးသော ဇါတ်လမ်းတစ်ပုဒ်

မိုးစက်တို့ကြား လမ်းလျှောက်နေမိတဲ့ နှလုံးသားက ဒီအချိန်ထိ………အိမ်ပြန်ဖို့သတိမရမိသေးဘူး

ဒီသဘာဝလောကကြီးထဲ တစ်ယောက်ထဲထွက်လာခဲ့မိတာ အဖော်မပါ အပေါင်းမပါနဲ့……………..နေပူမိုးရွာ တစ်ယောက်တည်း လျှောက်လှမ်းရင်း အထီးကျန်ခဲ့တာ တော်တော်ကြာပြီ…………

ဒီချစ်ခြင်းနှစ်ခုဆုံဆည်းဖို့ တွန်းအားတစ်ခုလိုချင်မိတယ်

ညနေက ငါအပြင်ခဏလမ်းလျှောက်ထွက်ကြည့်မိတာ စွယ်တော်ပန်းတစ်ချို့ ငိုတ်နေတာငါတွေ့ခဲ့တယ်။ “နင်ကော မနက်ကနေညနေထိ ဆိုင်ထိုင်ရတာ တစ်ယောက်တည်းဆိုတော့ ငိုတ်နေပြီလား” ငါသတိတရ တွေးမိလိုက်သေးတယ်။ လက်ဖက်ရည်သောက်ပြီးပြန်လာတော့ ကုက္ကိုလ်ရွက်တွေ ခြေကုန်လက်ပန်းကျနေတဲ့ပုံနဲ့ ခြေပစ်လက်ပစ်ကို အိပ်မောကျလို့။ “နင်ကော အိမ်အလုပ်တွေနဲ့ မအားမလပ် အနားမယူရသေးဘူးလား“ ငါတွေးမိပြန်တယ်။ ငါအိပ်စက်ဖို့ ကုတင်ပေါ်လှဲချမိပြီး မျက်လုံးကိုမှိတ်လိုက်စဉ်မှာပဲ “ဒီအချိန် နင်စားရင်းတွေ ဖြည့်နေတုန်းပဲ” လို့ တွေးမိပြန်တယ်ဟာ။

Tuesday 18 September 2012

သူလည်းလေ လောကီသားပေမို့


သူလည်းလေ လောကီသားပေမို့

ကွန်ကရစ်ခင်းထားသည့် သည်လမ်းမဘေးဝယ် အလျား ခြောက်ပေ၊ အနံ ရှစ်ပေသာကျယ်သော အိမ်ခန်းငယ်လေးများတန်းစီနေသည်။ ထိုအိမ်ခန်းငယ်လေးများရှေ့တွင်တော့ ကလေးငယ်များဝိုင်းဖွဲ့ကာ ကစားလျက်။ တစ်သောင်းရှစ်ထောင်ဆိုသော ပမာဏက အတော်ပင် ဈေးသင့်သော်ငြား သူတို့ မိသားစုလေးအတွက်တော့ အိပ်စရာနေရာသီးသန့်သာဖြစ်လိမ့်မည်။ မီးဖိုချောင်ရယ်လို့လည်း သီးသီးသန့်သန့်ရှိမည်မဟုတ်။

“မအေးနဲ့ တိုင်ပင်လိုက်ဦးမယ် ကိုသန်း နည်းနည်းအခန်းကျယ်တာရှိရင် ကျွန်တော့်ကို ပြောဦးနော်”

“အေးပါကွာ အခုက တွေ့တဲ့အခန်းပဲပြထားသေးတာ မင်း အချိန်ရသေးတယ်မလား ငါ နည်းနည်းဆက်ရှာလိုက်မယ်”

ကိုသန်း ပြောစကားကို သူခေါင်းညိတ်ပြလိုက်ရင်း

“ရှေ့လ ဆယ့်ငါးရက်မှာတော့ မဖြစ်မနေ ပြောင်းရမှာဆိုတော့ ဒီလထဲမှာ နည်းနည်းကြိုးစားပြီး ရှာပေးပါဗျာနော် ဒီနားပါတ်ဝန်းကျင်နဲ့ နီးတာလေးပေါ့ ဒါမှ သားလည်း ကျောင်းတက်ရတာ လွယ်အောင်”

“အေးအေး ငါ သွားတော့မယ် ဒီနားလေး တစ်ချက်လှည့်ကြည့်လိုက်ဦးမယ်”

 ပြောပြောဆိုဆိုနှင့် ခပ်သုတ်သုတ်ထွက်သွားသော ကိုသန်းနောက်ကျောကို ကြည့်မိရင်း သူတို့ ဒီလို အလုပ်ကို ရှာဖွေနေလို့သာ ပွဲခ မြိုးမြိုးမြတ်မြတ်ရတာပဲ ဟု တွေးလိုက်မိသည်။

Wednesday 12 September 2012

မျှော်လင့်ခြင်း



“ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း”

မပီကလာ အသံလေးများနှင့် လက်ပိုက်ကာ ကဗျာဆိုနေကြသည်မှာ အသံလေးများ မညီ့တညီဖြစ်နေသော်လည်း နားဝင်ပီယံရှိလှသည်။ ထိုအသံလေးများကျော်၍ နောက်အခန်းသို့ဝင်လိုက်ချိန်ဝယ် ကလေးများက ဆရာမရှေ့ စာအံနေသည်ကို တွေ့ရသည်။

သူမကိုခေါ်ဆောင်လာသည့် ဆရာမနှင့် စာသင်နေသည့် ဆရာမတို့ စကားပြောနေစဉ် ကလေးများဘက်လှည့်ကြည့်မိတော့ စိတ်မကောင်းဖြစ်ရပြန်သည်။ ကျောင်းစိမ်းအသစ်မပြောနှင့်။ အဖြူအစိမ်းဝတ်လာသည့် ဦးရေက လက်ချိုးရေ၍ပင်ရသည်။ ထိုရောင်စုံကာလာဝတ်ဆင်သည့် ကလေးများတွင်လည်း အသစ်မဆိုထားနှင့်။ အရောင်ခပ်လတ်လတ်ဝတ်ထားသည့်ကလေးဦရေမှာလည်း ဆယ်ဦးပင် မပြည့်ချင်။ တူညီသည့်အရာကတော့ ကလေးတို့၏ မျက်နှာလေးများသည် သနပ်ခါးကိုယ်စီလိမ်းထားကြပြီး တစ်စုံတစ်ရာကို မျှော်လင့်နေဟန်ရှိသည်။