Saturday 30 March 2013

၃၀-၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

ငှက်ကလေးရေ
နှုတ်မဆက်ချင်ဘူး
ဝေးရမဲ့သူ ဆိုတဲ့အသိက
နှလုံးသားကို လာလာတိုးတယ်

ခက်တယ်
နှုတ်ဆက်ခြင်းကျင့်ဝတ်ကို
ငါ မေ့ပစ်မယ်
သစ်ပင်မပီသလည်း ရှိပါစေတော့

Friday 29 March 2013

“၂၉--၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ”

“၂၉--၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ”

ငှက်ကလေးရေ
စိတ်ဓါတ်ကျပြီးရင်ပြန်ကောက်ဖို့လွယ်သလား
မင်းလို အတောင်အလက်စုံဖို့
ငါလည်းကြိုးစားတယ်
ခက်တာက
ကြိုးစားသမျှ အရာမထင်လာတဲ့အခါ
ငါ မသိတဲ့ လောကကိုဝင်ဖို့
ငါကြောက်လာတယ်
ငှက်ကလေးရေ
ငါ့ကို ခွန်အားတွေပေးစမ်းပါ

ငှက်ကလေးတစ်ကောင်အတွက်(၆)


တခါတလေမှာဟာသက

ရင်နာနာနဲ့ ရယ်စေသတဲ့

ငှက်ကလေးနဲ့သစ်ပင်ကြားမှာ

အဲ့လို ဟာသမျိုး အများကြီးရှိတယ်
သစ်ပင်အတွက်ပါ
ငှက်ကလေးအတွက်ကတော့ မသိလိုက်မသိဘာသာ
ကျော်ဖြတ်သွားမယ့်ဟာသမျိုး
သစ်ပင်အတွက်ကတော့
မျက်ရည်နဲ့ရယ်နေရမယ့် ဟာသမျိုးလေ။


(၁)

သစ်ပင်လေးတစ်ပင်ဟာ တိတ်ဆိတ်ငြိမ်သက်မှုတွေကို အပိုင်ယူရင်း အမှောင်ထဲကနေ ငှက်ကလေးတစ်ကောင်ကို ငေးကြည့်နေမိတယ်။ငှက်ကလေးနဲ့ သူ့ကြားမှာ ခြားထားတာတွေဟာ အမှောင်နဲ့ လေထုတင်မကပဲ တချို့သောအရာတွေပါ ပါတယ်လို့ တွေးလိုက်မိတဲ့အခါ မရည်၇ွယ်ပါပဲ သက်ပြင်းတွေ ချလိုက်မိရဲ့။

၂၈-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ


ချစ်သူ
မင်းမမြင်မသိတဲ့ နေရာမှာ
ငါက
တိတ်တိတ်လေးပုန်းကွယ်လို့
ချစ်သူရဲ့ အပျော်အပြုံးတွေကို
စည်းချက်နဲ့အတူရင်ခုန်ရင်း
ငေးကြည့်နေမိတယ်

ချစ်သူမသိပါစေနဲ့..။

Wednesday 27 March 2013

၂၇-၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

ကဲ ငှက်ကလေးရေ
အလင်းတွေတော့ဝေနေပြီ
လင်းလက်ဖို့တော့ မဟုတ်လေဘူး
ဟိုနေရာက စီစီ
ဒီနေရာက စီစီ
ဒို့များ ပါဝင်စရာနေရာက မရှိဘူး
လက်ပိုက်ကြည့်နေရုံသက်သက်
ဒါပေမယ့်
သတိဆိုတာ ပိုတယ်မရှိဘူး ငှက်ကလေးရဲ့
အရာရာကို သတိနဲ့ကြည့်နေ
နားကလေးကိုစွင့်ကာထား
ကြားရတဲ့သတင်းကို အမှားအမှန်ခွဲဖို့ထက်
ကိုယ့်တာ ကိုယ်လုံအောင် သတိကိုသာ ဆောင်ထားပါလေ
ဘယ်ဟာအမှန်
ဘယ်ဟာအမှား ဆိုတာ
ခဏခဏ မစစ်ပါနဲ့တော့
တကယ်ဆို မှားနေရင်တောင် ခဏနေ မှန်သွားတတ်တဲ့ ခေတ်မဟုတ်လား
ဒီတော့
သွားသတိစားသတိနဲ့
နေ။

ငှက်ကလေးရေ
စိုးရိမ်မှုဒီကရီတွေက တဖြည်းဖြည်းနဲ့မြင့်တက်
ကိုယ်အလေးစားခဲ့ရဆုံးအကျင့်လေးတစ်ခုကြောင့်ပဲ
မတားမြစ်နိုင်

တားမြစ်ခွင့်မရှိသလို
ရှိခဲ့မယ်ဆိုတောင် မတားမြစ်ပါဘူးလေ

ငှက်ကလေးရေ
သတိထားပါ
လေးသမားကို ရှောင်ပါ

စိုးရိမ်ပူပန်မှုတွေကို ကဗျာအဖြစ်ထုတ်ဖို့တောင် မချိတော့
ရင်ထဲမှာ စူးနစ်နေတယ်
ငှက်ကလေးရေ
စိုးရိမ်တယ်

မင်း လမ်းခရီးသာရင် အကြောင်းပြန်ပါ။


ငှက်ကလေးရေ
သတိထားပါ
ဂရုစိုက်ပါ
တတွတ်တွတ်မှာချင်သော်လည်း
မှာကြားခွင့်က မရှိရှာတဲ့ သစ်ပင်မို့
တစ်ခုတည်းသော စကားတောင် မပြောဝံ့ဝံ့ ပြောဝံ့ဝံ့

ဂရုစိုက်ပါ...။

ဟိတ်ကောင်းကင်ကြီး
ခင်ဗျားမဟုတ်လား
ငှက်ကလေးကို ဝှက်ထားတာ
ခု ငှက်ကလေးနဲ့ စကားပြောချင်တယ်
ခုချက်ခြင်း ငှက်ကလေးကို ခေါ်ပေး

အခွင့်ရှိရင် ကောင်းကင်ကြီးကို အဲ့လိုတောင်းဆိုပစ်ချင်တာ
ခုတော့
ရင်ထဲမှာပဲ တသသနဲ့ မြည်တမ်း
ငှက်ကလေးရေ
ငှက်ကလေးရေ
ငှက်ကလေးရေ... လို့

လွမ်းတယ်ဟာ
မဆုံခဲ့ရတဲ့နေ့ရက်တွေအတွက်လွမ်းတယ်
ဆုံခဲ့တုန်းက အဖြစ်အပျက်လေးတွေကို လွမ်းတယ်
ခွဲခွါရတော့မယ့် အချိန်လေးတွေကြောင့် လွမ်းတယ်
မပြယ်တဲ့ ဒီအလွမ်းဟာ
ချစ်ခြင်းရဲ့အနားသတ်
နောက်ဆုံးကြိုးတစ်ချောင်းသာဖြစ်ခဲ့မယ်ဆို
သေချာတယ်
ဘယ်တော့မှမပြတ်ဘူး....

အလွမ်းဆိုတာ
ပိုင်ဆိုင်ခွင့်မရှိခဲ့ရင်တောင်
ဖြူစင်မှုများစွာနဲ့ တမ်းတနေမယ့်အရာမဟုတ်လား..
ဒီချိန်မှာတော့
နင့်ဘေးက လက်တွဲဖေါ်အဖြစ်
ငါ စိတ်ကူးယဉ်ခွင့်ရှိသေးတယ်
ဒီတော့
အရောင်လေးတွေနဲ့ လွမ်းတယ်

ငှက်ကလေးရေ...
လွမ်းတယ်
လွမ်းတယ်
လွမ်းတယ်ဟာ...။

ငှက်ကလေးသို့ တစ်နေ့တာအလွမ်းတွေဟာ
အပိုင်းအခြားတွေ စီစီရီရီနဲ့ ဒါပေမယ့်လည်း
အဲ့ဒီ့အလွမ်းတွေဟာ
ရင်ထဲက အလွမ်းတွေကို မမီဘူး
နေ့လည်းလွမ်းတယ် ညလည်းလွမ်းတယ်
ငှက်ကလေးအတွက်ကလွဲလို့
အတိတ်မရှိတဲ့ ကိုယ့်နှလုံးသားကို
ပြန်ဖြူစင်ခွင့်ပေးမယ်ဆိုတောင်
ငှက်ကလေးကို ချစ်ခဲ့ရတဲ့အဖြစ်အတွက်
နောင်တမရှိဘူး
ဒါ့ကြောင့်
ဒီတိုင်းလေးပဲ အလွမ်းတွေနဲ့
ကိုယ့်နှလုံးသားလေး စိမ်းပါရစေ

အလွမ်းဆိုတာက
ခြောက်ကပ်ကပ်နဲ့ အစိမ်းရောင်သမ်းတယ်....
ခု ကိုယ့်ကမ္ဘာဟာ
အစိမ်းတွေနဲ့ ခြောက်ခြောက်ကပ်ကပ်ကမ္ဘာ
ငှက်ကလေး ဖန်တီးပေးခဲ့တာလို့ပြောရင်မရယ်နဲ့
တကယ်ကို...
ငှက်ကလေးအတွက်နဲ့
ဖြစ်တည်ခဲ့တဲ့ အလွမ်းတွေ
ကြည့်ပါ့လား
ကိုယ့်ကောင်းကင်ကြီးတစ်ခုလုံး
စိမ်းလို့...လေ။


ရည်ဝေ    

Tuesday 26 March 2013

၂၆-၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

Deleteခလုတ်အောက်
ပျက်ပြယ်သွားတဲ့ ဂဏန်းလေးတွေ
အသက်မရှိပါစေနဲ့
သူတို့သာ အသက်ရှိခဲ့ရင်
ငါ့ကို မုန်းလိမ့်မယ်
ပြတင်းက လာရပ်ကြည့်နေတဲ့ စာကလေးကို
ငါ ပြုံးပြလိုက်မိတယ်
ငါ့အလွမ်းတွေကို
ငှက်ကလေးဆီ သယ်သွားပေးလေမလား အတွေးနဲ့။

၂၅-၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

လွင့်ဝဲနေတဲ့ တိမ်တိုက်တွေကို ခိုစီးခွင့်ရရင်ကောင်းမှာပဲ
ဒါဆို ငှက်ကလေးနဲ့ တွေ့ခွင့်ရလိမ့်မယ်
ခုတော့
ကိုယ်က
သစ်ပင်
လာပါယူပါ
တစာစာနဲ့ ခေါ်လို့မရတဲ့သစ်ပင်

Monday 25 March 2013

၂၄-၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

ငှက်ကလေးရေ
လွမ်းလိုက်တာ
မနက်ခင်းတေးသံဟာ ရှတလွန်းတယ်
အလွမ်းတွေ သိမ်းဖို့
ကြိုးစားနေသူကိုမှ
အလွမ်းတွေက
မနက်ခင်းအစမှာတင်နှိပ်စက်
ဒီညလည်းလှောင်ဦးမယ့်အမှောင်ကို
ငါ မုန်းတီးရဦးမယ်

ငှက်ကလေးရေ
လွမ်းလိုက်တာဟာ/



်ငှက်ကလေးရေ
လွမ်းလိုက်တာ
မန်းညက ဒီနေ့ညမှ ပိုလှနေသလိုလို
ဒါနဲ့သတိပေးရဦးမယ်
အမှားတွေကို အမှန်တရားတွေနဲ့
ခဏခဏတိုက်စစ်မနေနဲ့ ငှက်ကလေးရေ
မန်းက နာရီစင်ကြီးတောင် မမှန်တော့ဘူး
မင်းက ဘယ်အမှန်တရားနဲ့ တိုက်စစ်မှာလဲ

ငှက်ကလေးရေ
ဓါးခုတ်ရာလက်ဝင်မသျှိုချင်စမ်းနဲ့
မင်းအတွက် ငါ့မှာ
စိတ်ပူနေရတယ်
တကယ်ဆို မေ့ဖို့တွေးထားပါရဲ့ ကွယ်

ငှက်ကလေးရေ
ဒီအမှောင်ရဲ့ အလှောင်ကို
ငါလက်ခဲံလိုက်ဦးမယ်
ဟုတ်တယ်
ငါလွမ်းနေလည်း မင်းမသိဘူး....

ငှက်ကလေးရေ/
ကောင်းသောည
မင်းအိပ်ပျော်ပါစေ။


ငှက်ကလေးရေ
ဒီနေ့ တနင်္ဂနွေ တော်ဝင်ကိုရောက်ခဲ့တယ်
သစ်ပင်တွေနား
ရပ်ရင်း ငှက်အစားငါးကိုအစားထိုးဖို့စဉ်းစားတယ်

ဒါပေမယ့်လည်း
ငှက်ကလေးရေ
ငှက်ကလေးက ငှက်လေးပါပဲ
အစားထိုးမယ်ကြံရွယ်မိရုံနဲ့
ရင်တစ်ခုလုံး အောင့်လို့နာတယ်

ငှက်ကလေးရေ
လွမ်းလိုက်တာ....။
 

Saturday 23 March 2013

၂၃-၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

ငှက်ကလေးရေ
လမ်းခွဲနှုတ်ဆက်ချိန်တန်ပြီ
သိက္ခာဆိုတာကို စဉ်းစားရင်းနဲ့
ချိုးဖေါက်မိခဲ့အခါခါ
ခုတော့လည်း
အချစ်=အချစ်လို့သတ်မှတ်လို့
ကိုယ် မေ့မယ့်အချိန်တစ်ခုကိုစောင့်မယ်
ငှက်ကလေးရေ
မေ့မယ့်အချိန်တစ်ခုထိ ကဗျာတွေရေးကြည့်နေဦးမယ်
မပီမသကဗျာတွေဟာ
ငှက်ကလေးအတွက်ဖြစ်တည်မှန်းသိခဲ့ရင်
ငှက်ကလေး မေ့ပေးစမ်းကွယ်
အချစ်ဟာ လိုသလိုမဖြစ်တော့တဲ့အခါ
ငါ့ဝဲဘက်ရင်အုံက စူးအောင့်လာတယ်

၂၂-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ

စိတ်
အရိပ်လိုပဲ
မင်းနောက်ကို လိုက်ခဲ့
အလွမ်းတွေ တနင့်တပိုး
စိုက်ပျိုးမိတယ်

အတိတ်
ဒဏ်ရာတွေ မပျောက်သေးဘူးလား
ကိုယ် ဖြေလျော့ပေးခွင့်ရှိချင်တယ်
ငှက်ကလေးရေ ချစ်တတ်ပါသလား
မေးတာဖြေပါ
မင်းခံစားတတ်ရင် သိလိမ့်မယ်
ငါ့နှလုံးသားက ကြေကွဲမှုတွေကို

ငှက်ကလေးရေ လွမ်းတတ်ပါသလား
မင်း ခံစားတတ်ရင် သိလိမ့်မယ်
င့ါနှလုံးသားက အလွမ်းမှုန်တွေအကြောင်း

အလမ်းမော်လီကျူးတွေဟာ
မင်းအတွက်နဲ့ ငါ့ကောင်းကင်မှာငွေ့ရည်ဖွဲ့လို့
မျက်ရည်အဖြစ် ရွာချနေတာ ကြာခဲ့ပြီ

ငှက်ကလေးရေ
ချစ်ခဲ့ဖူးသလား ဖြေပါ
သံယောဇဉ်တစ်စွန်းတစ်စကိုသာ
ထုတ်ပြတတ်ခဲ့ရင်
ငါခုလောက်ထိ ကြေကွဲမှာမဟုတ်ဘူး
နင် ငါ့ကို ချစ်တယ် ဆိုတဲ့အသိနဲ့
ငါကြေကြေကွဲကွဲကြည်နူးမိလိမ့်မယ
ငှက်ကလေးရယ်ခုတော့
ငါ ကြေကွဲနေရတာကို မုန်းတယ်
နင့်ကို လွမ်းတိုင်း
ငါ့နှလုံးသားဟာအောင့်လာတတ်ခဲ့
တကယ်ဆို နင်က
ငါ့အတွက်နှလုံးရောဂါကို ရှာဖွေပေးသူ
ချစ်ခြင်းတရားကို မျှဝေပေးခဲ့သူ
ဒါပေမယ့်လည်း
နင်ငါ့ကို ချစ်တတ်ဖို့တော့
မေ့လျော့ခဲ့တယ်
ငှက်ကလေးရေ
ပျော်ပါ
စိတ်ချလက်ချပျော်
ငှက်ကလေးအတွက်ကိုယ်က
ပိုင်ဆိုင်ခွင့်မရှိတာတစ်ခုအတွက်နဲ့တော့
ဆူးညှောင့်ခလုတ်မဖြစ်စေရ
ကိုယ်ကျန်ဆိုတယ်
ငှက်ကလေးအတွက်
ပေးဆပ်မဲ့ သစ်တစ်ပင်ရှိတယ်
တချက်ချက်မြည်နေတဲ့ စက္ကန့်တံတွေဟာ
တကယ်ဆို ကိုယ့်ရင်ကို ခွဲမယ့် ဓါးပဲ
အမှောင်ထုကို မုန်းတယ်
အအေးဓါတ်ကို မုန်းတယ်
အချိန်တွေကို မုန်းတယ်
ကိုယ်
အဖေါ်မဲ့ သစ်ပင်
အထီးကျန်မှုတွေကို ပျိုးခဲ့
ဒီနေ့ရက်မှာ
ကိုယ် ငှက်ကလေးကို မမေ့နိုင်ပေမယ့်
ချစ်ခြင်းတွေ မဖျက်နိုင်ပေမယ့်
မျက်နှာချင်းဆိုင် အလွမ်းတွေကို ရပ်ဖို့
နည်းလမ်းရှာတော့မယ်
ကိုယ် ကျိန်ဆိုတယ်
ငှက်ကလေးရေ
စိတ်အေးလက်သာ နေတော့
သစ်တစ်ပင်ဟာ
ငှက်ကလေးကို မလွမ်းဖို့
တားဆီးနေတယ်..
ငှက်ကလေး ပျော်ပါစေ
ကောင်းသောညပါ ငှက်ကလေးရေ
မင်း ပျော်ရွှင်ပါစေ

ငှက်ကလေးရေ
လွမ်းလိုက်တာ
တစ်နေ့တာက ပြီးဆုံးလို့
အမှောင်ထုလည်းရောက်တော့မယ်
ငါ အလှောင်ခံရမယ့်
ဒီအမှောင်ထုမှာ
နင့်ကို လွမ်းရင်း ငိုင်နေမယ်

ရည်ဝေ

Thursday 21 March 2013

၂၁-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ

“၂၁-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ”

(၁)
သူ တိတ်ဆိတ်နေတယ်
သူ မပြုံးတော့ဘူး
သူ စကားမဆိုတော့ဘူး
သူ့စိတ်ထဲ လေးပင်သွားလေမလား
ကိုယ့်အပြုအမှုတွေကို တစ်ခုချင်းစီဖြေလျော့
ချစ်သူရေ
ကိုယ်က ပိုင်ဆိုင်ခွင့်မရတောင်မှ
ချစ်သူကို လေးပင်မှု မရှိစေချင်သူပါ
ချစ်သူ့ စိတ်တို့ ပေါ့ပါးပါရဲ့လား။
ပျော်ပါစေ ရည်ရွယ်လို့
ဟာသလေးတွေနဲ့ ဖြေဖျော်
တကယ်ဆို ကိုယ်က
ကောင်းကင်ကို ဒူးနဲ့တိုက်ဖို့ရည်ရွယ်ရင်း
ပျော့ခွေယိုင်ကျနေတဲ့ အင်အားတွေကို
ချစ်သူမမြင်အောင် သိမ်းထားခဲ့သူပါ
ချစ်သူ ပျော်ရဲ့လားကွယ်။

ခေါ်သံတစ်ချက်မှာ ချိတ်မိသွားတဲ့ ရင်ရိပ်ယောင်

တစ်ခါမှ မမြင်ဖူးတဲ့ ဖုန်းလေးတစ်ခု လာတယ်။ မျှော်လင့်ချက်တစ်ခုကြောင့် ကောက်ကိုင်လိုက်မိတယ်။ ဟယ်လို လို့ထူးနေတဲ့ ကိုယ့်အသံသာ ပြန့်ကျဲသွားတယ်။ တစ်ဖက်ခြမ်းက ပြန်မဖြေခဲ့ဘူး။ အဲ့ဒါ နင်လားဟင်။
မေးချင်စိတ်တွေ ဗလပွနဲ့ တုန်ခါနေတဲ့ ကိုယ့်စိတ်ကိုယ်ထိန်းနေရ။ လက်ကနှိပ်နေမိတဲ့ ဂဏန်းအစုံကို delete ဆိုတဲ့ ခလုတ်လေးနဲ့ပဲ ဖယ်ရှားနေရ။ ငါ သိချင်လိုက်တာ။နင်သာတကယ်ဆို စကားလေးတစ်ခွန်းတော့ ပြောသင့်တယ်။ နင်က ငါ့သူရဲကောင်းမှန်းသိပါလျှက်နဲ့ တိတ်တခိုး စကားမဆိုနဲ့ဟာ။ စိတ်တွေကတုန်ကယင်နဲ့ပဲ ထိုင်ခုံမှာထိုင်နေမိပေမယ့် အတွေးတွေက အတိတ်ဆီကို ပြေးမိပြီ။ နင်နဲ့ စတင်တွေ့ဆုံခဲ့ရာ ကာလတစ်ခုဆီကိုလေ။

အချစ်သည်.....

“အချစ်သည်….”

ဆုံစည်းဖို့ရာ မဖြစ်နိုင်သည့်ပြိုင်မျဉ်းနှစ်ကြောင်းကို တစ်ချိန်တွင်ဆုံစည်းလိမ့်မည်ဟုများ နှင်း မျှော်လင့်နေခဲ့မိသလား။ တကယ်ဆို မိန်းမသား တန်မဲ့ တစ်ဖက်သတ်ဆိုသည့် ချစ်ခြင်းနယ်ပယ်ထဲကျွံဝင်သွားမိခြင်းမှာ သေချာတွက်ဆကြည့်လျှင်မူ ရှက်ဖို့ကောင်းလွန်းလှသည်။ သို့သော် မချစ်ပဲလည်း မနေနိုင်ပြန်။
သူက အရာရာကို ဆုပ်ကိုင်နိုင်စွမ်းရှိသော လက်ဖဝါးဖြစ်လျှင် နှင်းက လက်ဖမိုးဖြစ်မည်ထင်သည်။ သူ့ အမြင်အောက်ဝယ် သက်ဝင်လှုပ်ရှားနေသော အရာတို့ကိုသာ သူမြင်နိုင်ပေလိမ့်မည်။ သူ၏ အနောက်ခြမ်းမှ နှင်းအား သူမြင်နိုင်မည်မဟုတ်ပေ။ တကယ်ဆို နှင်းသည်သာ စိတ်ကူးနှင့် ရူးနေမိသူမဟုတ်ပါလား။ သူ့အတွက် ထာဝရပျောက်ဆုံးနေမည့် နှင်း၏ ပုံရိပ်ကို  သိသိကြီးနှင့် မျှော်လင့်နေခြင်းပင်။
သူဆိုသည်က နှင်း၏ ချစ်ရသူ။

Wednesday 20 March 2013

၂၀-၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ


(၁)
ကိုယ်က အရူး
ခုထိ ရင်တစ်ခုလုံးနာနေတာတောင်မှ
မုန်းဖို့မတွေးဝံ့သေးဘူး
ကမ္ဘာခြားတာထက်
စိတ်ချင်းဝေးကွာမှုက ပိုကြောက်ဖို့ကောင်းမှန်းသိပါလျှက်
ကိုယ်ရူးတုန်း။

ငှက်ကလေးတစ်ကောင်အတွက်၅ (ဝါ) ကျေးဇူးတင်တယ်

ငှက်ကလေးအတွက်အိမ်လေးကို ကိုယ်ဆောက်ပေးချင်ခဲ့တာ။ ခုတော့ ဆောက်ပေးခွင့်မရှိတာဟာ တဖြည်းဖြည်း သေချာလာခဲ့ပြီ။ ကျေးဇူးပါ ငှက်ကလေးရေ။ ကိုယ်ပျိုးမိတဲ့ အချစ်ကို ကိုယ်ကိုယ်တိုင် ရိတ်သိမ်းကြည့်လိုက်ဦးမယ်။ ရိတ်သိမ်းတဲ့ အခါ အလွမ်းနဲ့ ကြေကွဲမှုတွေ မပါဖို့ ဆုတောင်းပေးပါ။

(၁)
ငှက်ကလေးနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ကံကို ကိုယ်ကျေးဇူးတင်တယ်။ ဒီလိုပြောတော့ ငှက်ကလေး ရယ်လေမလား။ မရယ်နဲ့ ငှက်ကလေးရယ်။ တကယ်ပြောတာ။ ငှက်ကလေးနဲ့ တွေ့ဆုံပြီးမှ ကိုယ့်ဘဝဟာ အဓိပ္ပါယ်ပြည့်စုံခဲ့တာ။ ငှက်ကလေးကို ငေးကြည့်နေရတဲ့ ဘဝကို ခံစားတတ်ခဲ့တာ။
ဒါအချစ်ပေါ့။ ဒါအလွမ်းပေါ့။ ဒါကြေကွဲမှုပေါ့။ ဒါ ဝမ်းနည်းအားငယ်မှုပေါ့။ ဒါ....။ ငှက်ကလေးနဲ့ တွေ့မှ ခံစားချက်တွေကို အရောင်စုံစုံ မြင်တတ်ဖူးခဲ့တာ။ ငှက်ကလေးရေ အချစ်က အချစ်ကို တဆင့်မြှင့်တဲ့ အခါ အလွမ်းတွေပျောက်သွားသတဲ့။ သဝန်တိုမှုတွေပျောက်သွားသတဲ့။ ကိုယ်အဲ့ဒီလိုထင်ဖူးတယ်။ ဒါပေမယ့် မဟုတ်ဖူးကွယ်။ ချစ်လွန်းတဲ့အခါ လွမ်းနေပါ့လားဆိုတာတောင် မသိလောက်အောင် ကို အလွမ်းက ပါးလျသွားတာ။ချစ်လွန်းတဲ့အခါ သဝန်တိုဖို့ထက် မျက်စိမှိတ်ယုံကြည်ပစ်လိုက်ချင်စိတ်တွေ ပေါက်သွားတာ။
ငှက်ကလေးရေ အချစ်ဆိုတာကို ခံစားစေခဲ့လို့ ကျေးဇူးကွယ်။

Tuesday 19 March 2013

၁၉-၃-၁၀၁၃ ငှက်ကလေးသို့တစ်နေ့တာ


(၁)
ရှုပ်နေတဲ့စိတ်တွေဟာ
ငှက်ကလေးအကြောင်း ကဗျာရေးမယ်အလုပ်မှာ
ရှင်းလင်းသွားခဲ့
ငှက်ကလေးရေ
မင်းဟာကိုယ့်ရဲ့
စိတ်အေးရိပ်ငြိမ်
အရာအားလုံးက
လွတ်မြောက်စေတဲ့
တစ်ခုတည်းသော ကမ္ဘာ
ချစ်ခြင်းတရားရဲ့ အေးငြိမ်းမှုဟာ
မင်းကြောင့်
ကိုယ့်ကမ္ဘာမှာ လွင့်ပျံ့နေခဲ့ပြီ
ကောင်းသော မနက်ခင်းကွယ်
ကောင်းကင်ကြီးမှာ
ပျော်ပျော်ရွှင်ရွှင် ပျံလိုက်ဦး
ငှက်ကလေးက ကိုယ်ရဲ့ သူရဲကောင်းဆိုတာကို
ဘယ်တော့မှ မမေ့နဲ့။

Monday 18 March 2013

၁၈-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ


(၁)
ငှက်ကလေးရေ
အချစ်က အချစ်ကို အဆင့်မြှင့်တဲ့အခါ
အလွမ်းဆိုတာ ပျောက်ကွယ်တတ်သလား
ငှက်ကလေးအကြောင်းတွေးရုံနဲ့
စိတ်ချမ်းမြေ့မှုက အလိုလိုရခဲ့
ငှက်ကလေးရေ
စိတ်မဆိုးနဲ့
ကိုယ် မင်းကို မလွမ်းတတ်တော့ဘူး ။

Sunday 17 March 2013

၁၇-၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ


(၁)

တကယ်ဆို
ကြေကွဲရသူက ကိုယ်သာဖြစ်သည်
တစ်ဖက်တည်းတီးရတဲ့လက်ခုပ်ကိုမှ
တမြတ်တနိုးနဲ့
ရင်အပြည့် ထမ်းပိုးထားမိ
ငှက်ကလေးကတော့
ဟိုးအဝေးမှာ.............
သစ်ပင်နဲ့
အဝေးဆုံးအဝေးဆုံးမှာ
...........................
.............။

Saturday 16 March 2013

၁၆-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ

“ဟိတ်
ဘာတွေလုပ်”
ဒီစကားနဲ့ ငှက်ကလေးကို နှုတ်ဆက်ချင်တာ
နံနက်ခင်းတိုင်းမှာ
“ဟိတ် မနက်စာ စားဦး”
ဒီစကားလေးကို မနက်တိုင်း သတိပေးချင်တာ
ပြောခွင့်မရှိတဲ့ အသံတွေဟာ
သိမ်းထားရတာကြာတော့
တိတ်ဆိတ်တတ်တာ အကျင့်လိုဖြစ်လို့
ရွက်ဝါတွေက ကဗျာတွေလည်း ပိုပိုစုံလာခဲ့ပြီ
ငှက်ကလေးမြင်စေချင်လိုက်တာ....။

ငှက်ကလေးတစ်ကောင်အတွက်...၄ (ဝါ) ဆုံစည်းခွင့်ရှိလိမ့်မည်

ကျွန်တော့်ငှက်ငယ်အတွက် သစ်ပင်အဖြစ်မှ လွတ်မြောက်ဖို့ရာ ကြိုးစား၏။ မည်မျှပင်ရုန်းပစေ။ မြေကြီးထဲ နစ်ဝင်နေသော အမြစ်တို့ကို ဆွဲထုတ်ဖို့ရာမတတ်နိုင်တော့။ သို့သော်လက်မလျှော့နိုင်သေး။ ငှက်ငယ်လေးအတွက်၊ ငှက်ငယ်ဆီအရောက်သွားဖို့အတွက် ကောင်းကင်သို့ ပျံတက်ရန် အားအင်တို့ ဖြည့်ဆည်းဖို့ရာ ကြိုးစားနေပါသည်။
ဟိုးအဝေးတစ်နေရာဆီဝယ် ငှက်ငယ်လေးရှိနေပါသည်။ သူအားငယ်နေပါသလား။ သို့မဟုတ် သူဝမ်းသာနေပါသလား။ ကျွန်တော် မသိပါ။ သို့သော် သူ့အပါးသို့ သွားခွင့်မရှိတောင် အဝေးတစ်နေရာမှ ငေးကာကြည့်နေချင်သေးသည်။
(၁)

၁၅-၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ


လူတစ်ယောက်ကိုချစ်ရတာ
သံပရာသီးတစ်လုံးကိုဖျော်သောက်နေရတာနဲ့တူတယ်
ကိုယ်သောက်တာကသံပရာရည်တော့ သံပရာရည်ပဲ
အချစ်ဆိုတဲ့အပိုဆာဒါးလေးကြောင့် သံပရာရည်ဟာ အသားကုန်သောက်ကောင်းနေတယ်
အားလုံးလည်းကုန်သွားရော
ချဉ်စုပ်နေတဲ့ သံပရာသီးခြမ်းဖတ်သာကျန်တော့တယ်
အဲ့ဒီ့သံပရာခြမ်းကို တချို့က လွှင့်ပစ်ကြတယ်
တချို့ကတော့ ချဉ်သုပ်နေပေမယ့် အသုံးဝင်တယ်ဆိုပြီးသိမ်းထားကြတုန်းပဲ
ငှက်ကလေးရေ
ငါကတော့ ဒီသံပရာရည်ကို မကုန်အောင်လို့ ဖြည်းဖြည်းချင်းပဲသောက်မယ်ကွာ်
ငှက်ကလေး ယုံတယ်ဟုတ်။

Friday 15 March 2013

ငှက်ကလေးတစ်ကောင်အတွက် ..(၃)


(၁)
ဟော့ဒီကောင်းကင်အောက်မှာ ငှက်ကလေးတစ်ကောင်၊သစ်ပင်တစ်ပင် မရည်ရွယ်ပဲ တွေ့ဆုံဖူးခဲ့တယ်။ ငှက်ကလေးကတော့ ခဏ လာနားတာပါပဲ။ သစ်ပင်လေးကတော့ တစ်သက်တာအတွက် ငှက်ကလေးကို မြတ်နိုးသွားမိသတဲ့။
သစ်ပင်အတွက် ငှက်ကလေးက အရာရာကိုရင်ဆိုင်နိုင်တဲ့ သူရဲကောင်း မှတ်ခဲ့မိတယ်။ နောက် သူရဲကောင်း ဖြစ်စေချင်ခဲ့တယ်။
တကယ်လည်း ငှက်ကလေးဟာ သူရဲကောင်းဖြစ်ခဲ့ပါတယ်။ သစ်ပင်လေး မြင်ခဲ့သမျှ အပြုအမှုတိုင်းမှာ ငှက်ကလေးဟာ သူရဲကောင်းဆန်တယ်။ ရင့်ကျက်တယ်။တွေးတတ်တယ်။ သားကောင်ရဲ့အနေအထားသိတဲ့ သိန်းစွန်ရဲတစ်ကောင်လို ရဲရင့်ခဲ့တယ်။ လင်းယုန်လို ကျက်သရေကြီးခြင်းများစွာနဲ့ မြင့်မြတ်ခဲ့တယ်။ ဒါပေမယ့် သစ်ပင်လေး မှားခဲ့တယ်။ ငှက်ကလေးကို အရိပ်လို လိုက်ကြည့်နေမှုဟာ ငှက်ကလေးရဲ့ စိတ်အားငယ်မှုတွေကို ထွင်းဖေါက်မြင်တတ်ခဲ့တယ်။ ငှက်ကလေးကို အရိပ်လို လိုက်ကြည့်နေမှုဟာ မှားခဲ့တယ်။ တကယ်ဆို ငှက်ကလေးဟာ သူ့ဝမ်းနည်းမှုတွေကို တခြားသူတွေကို မြင်စေချင်ရဲ့လား။ မမြင်စေချင်ပဲ သစ်ပင်လေးက မြင်ခဲ့တာဆိုရင်....။ သစ်ပင်လေးဒီအတွေးကြောင့် တကယ်ဝမ်းနည်းမိပါတယ်။ ဒါပေမယ့် သစ်ပင်လေး ပျော်တယ်။ ချစ်တဲ့သူရဲ့ စိတ်ခံစားချက်ကို သိခွင့်ရလိုက်တဲ့အတွက် သစ်ပင်လေး ပျော်မိတယ်။
ဟုတ်တယ်။သစ်ပင်လေး ပျော်မိပါတယ်။

ကျေးဇူးပဲ ချစ်သူ


ကြိုက်သလောက် ရှောင်ဖယ်စမ်းကွယ်။ မမုန်းပါဘူး။ ဒါပေမယ့် မာနကို ထိတယ်။  ကိစ္စမရှိပါဘူး။ မင်းကို တရားဝင် ချစ်ခွင့်ရဖို့မှ မလိုတာကွယ်။ ချစ်နေခွင့်ရရုံနဲ့ ကျေနပ်တယ်။ ရှောင်ဖယ်သူကိုမှ တကောက်ကောက်ရှာဖွေနေတဲ့သူအဖြစ် ငါမရောက်ချင်ဘူး။ ငါ.. မမုန်းပါဘူး မင်းကို။ ဒါပေမယ့် မေ့တော့မယ်။ ကျေးဇူးပဲ ချစ်သူ။ ချစ်တတ်အောင်သင်ပေးခဲ့လို့……….။

သံယောဇဉ်ကို ကျွန်မက အေးမြတယ်ထင်ခဲ့တာ။ အချစ်အဖြစ်ကို ပြောင်းလဲပြီး ပူလောင်စေတတ်မှန်းမသိခဲ့ဘူး။ ဟုတ်တယ်။ သူနဲ့စခင်တုန်းက သူဟာ ဘာမှ အဖြစ်မရှိတဲ့ လူတစ်ယောက်သာသာ။ ကျွန်မ သူနဲ့ ခင်ဖြစ်ခဲ့တတာက ကျွန်မသူငယ်ချင်း နီတျာက မိတ်ဆက်ပေးခဲ့တာပေါ့။ အဲ့ဒီနေ့က အဖြစ်အပျက်ကိုပြန်စဉ်းစားတိုင်း မနေ့တစ်နေ့ကလိုပဲ… သူ့ကို ရင်ခုန်နေခဲ့တယ်….။

Thursday 14 March 2013

၁၄-၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ


(၁)
ငှက်ကလေးရေ
အိပ်ယာကထတော့
အလင်းတွေပြန့်နေတဲ့ နံနက်ခင်းက
လှနေတယ်
မြန်မြန်ထကြည့်ကွယ်

အခွင့်ရှိရင်
ငှက်ကလေးကြားအောင်
ကောင်းကင်ဆီအသားကုန်မော့ကြည့်ရင်း
အော်နှိုးပစ်ချင်ပါရဲ့
ခုတော့
ငှက်ကလေး အိပ်ယာကနိုးလိမ့်ဦးမယ်မထင်ဘူး။

ခွင့် ပေးပါ

“ခွင့် ပေးပါ”

ဒီအချိန်မှာ ကျွန်တော်အလိုအပ်ဆုံးအရာဟာ တစ်ခုပဲရှိတယ်။
ခွင့်။
ဟုတ်တယ်။ ခွင့်လိုအပ်နေတယ်။ လူငယ်တစ်ယောက်ရဲ့ လွတ်လပ်ခွင့်လိုအပ်နေတယ်။ လူကြီးတစ်ယောက်အဖြစ် ပတ်ဝန်းကျင်ကသတ်မှတ်လိုက်တာနဲ့ လူငယ်တစ်ယောက်ရဲ့ လွတ်လပ်ခွင့်တွေဟာ ဘာ့ကြောင့်ဆုံးရှုံးသွားရတာလဲ။ တာဝန်ကို တာဝန်လို့ နားလည်မိလိုက်ရုံနဲ့၊ လိုက်နာမိလိုက်ရုံနဲ့ လူငယ်တစ်ယောက်ရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားရောလား။
ခုလက်ရှိဖြစ်နေတာက ကျွန်တော်နဲ့ မိသားစုကြားအတွေးအမြင်ကွာဟခြင်းလို့ပဲ ပြောရမယ်ထင်ပါရဲ့။ ဟုတ်တယ်။ အတွေးအမြင်တွေ ကွာဟနေတယ်။ ကျွန်တော်က ကဗျာလေးတွေ မတောက်တခေါက်ရေးရတာဝါသနာပါတယ်။ နောက် အဲ့ဒီ့ဝါသနာကို ထပ်ခါထပ်ခါ မွမ်းမံချင်တယ်။ ဒါပေမယ့် ကျွန်တော့်အလုပ်ကို အထိခိုက်မခံပါဘူး။ ကျွန်တော့် အတွေးမှာက တစ်ခုပဲ ရှိတယ်။ အဲ့ဒါက ကျွန်တော် ဒီချိန်ထိ အသက်ရှင်လာခဲ့ပြီးပြီ။ သူများအတွက် ရှင်သန်သလို မရှိခဲ့ပေမယ့် ကိုယ့်အတွက်ကိုယ်လည်း မရှင်သန်ခဲ့ဘူး။

Wednesday 13 March 2013

ချစ်၍သာ အခွင့်ပေးခဲ့သည်


သူ့မျက်နှာကို ငေးကြည့်နေသည့် ကျွန်မကို သူမမြင်နိုင်မှန်း သိပါလျှက် ကျွန်မ ရှက်ရွံ့စွာ မျက်နှာလွှဲလိုက်မိသည်။ သူကတော့ တိတ်ဆိတ်စွာဖြင့် တစ်နေရာဆီသို့ ငေးကြည့်လျှက်ရှိဆဲ။ ရုပ်ရည်ချောမောမှုမရှိသော သူ၏ မျက်နှာသည် ယုံကြည်ဖို့ရာကောင်းသည့်ခန့်ညားသော သွင်ပြင်ကို ပိုင်ဆိုင်ထားသည်။ သူ၏နှုတ်ခမ်းမှ ပြုံးတုံ့မပြုံးတုံ့ဟန်က အရာရာကို သိနားလည်ထားသည့်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသည့်ဟန်မျိုး။ သူကြည့်နေသည့် နေရာဝယ် ရှိနေသူသည် ကျွန်မမဟုတ်ခဲ့ခြင်းက ကျွန်မ၏ကံပဲ ဖြစ်မည်ထင့်။
ဒါမှမဟုတ် ကျွန်မ ဟုတ်ခဲ့သလား။
အယောင်ယောင်အမှားမှားနှင့် ခေါင်းခါယမ်းလိုက်မိသည်။
သူရှာတွေ့ခဲ့သူသည် ကျွန်မ၏ ပုံရိပ်ယောင်ဖြစ်သည်။ သူက ကျွန်မ၏ ပုံရိပ်ယောင်ကို လက်ခံခဲ့သော်လည်း ကျွန်မ၏ ပုံရိပ်အစစ်အမှန်ကို လက်ခံဖို့ ကြောက်ရွံ့ခဲ့သူတစ်ယောက် ဖြစ်သည်။ ကြောက်ရွံ့ခြင်းမဟုတ်။ ရှောင်ကြဉ်လိုခြင်းဖြစ်မည်။ ပုံရိပ်ယောင်သည် သူ့ကို လိုအပ်နေသော၊ သူ့ကြင်နာမှုတို့အား တောင့်တနေသော မိန်းမတစ်ယောက်ဖြစ်ပြီး ပုံရိပ်စစ်ကတော့ ………………………….။

၁၃-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ


၁၃-၃-၂၀၁၃ ၁၀း၁၄နံနက်
(၁)
ဒီအချိန်ဆို
ငှက်ကလေးအိပ်ယာကနိုးလုပေါ့
သူ အတောင်တွေဖြန့်နေပြီ
ကောင်းကင်ကြီးကိုမော့ကြည့်မယ်
ပြီးရင်တော့ သူ
ကောင်းကင်အနှံ့ခြေဆန့်တော့မယ်။
(၂)
ငါ့ရဲ့ငှက်ကလေးရေ
ခင်ဗျားဟာ
ငှက်ပေါက်စလေးမဟုတ်မှန်းသိပါရဲ့
ဒါပေမယ့်လည်း
ငှက်ပေါက်စလေးလို့ပဲ သတ်မှတ်ရင်း
နွေးထွေးချင်မိတယ်။

၁၂--၃--၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ


(၁)
ငှက်ကလေးရေ
ခပ်ရှုပ်ရှုပ်စိတ်တွေကို လင်းလက်ပေးပါဦး
ရှင်းလင်းပေးပါဦး
ဒီမနက်တော့
စူပုတ်ပုတ်မျက်နှာကို
ငါဆင်မြန်းမိတယ်

Tuesday 12 March 2013

၁၁-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ


(၁)
နိုးထလာတဲ့ မနက်ခင်းမှာ
ကျွန်တော်အရင်ဆုံးသတိရလိုက်မိတာ
က..
..............................
...
.....................................

ဒီချိန်ဆို အိပ်မှုံစုတ်ဖွားနဲ့ ငှက်ကလေးဟာ
နှုတ်ခမ်းကြီးစူပုတ်ပုတ်လုပ်ရင်း
ဝေဟင်မှာ ပျံသန်းဖို့ ပြင်နေလောက်ပြီ
တွေ့ရာမြင်ရာကို
စူပုတ်ပုတ်နဲ့ ပြုံးပြလိမ့်မယ်
သူ့အပြုံးက စူပုတ်ပုတ်နဲ့ ချစ်ဖို့ကောင်းလိမ့်မယ်

ငှက်ကလေး တစ်ကောင်အတွက်..(၂)

ငှက်ကလေး တစ်ကောင်အတွက်..(၂)


(က)
ငှက်ကလေးရေ။။။။။။။။။။။။။။။
သစ်ပင်လေးတစ်ပင်က လွမ်းနေကြောင်း ငှက်ကလေး သိပါစေ။ တခါတခါကျ ကိုယ့်အလွမ်းကြောင့် ငှက်ကလေးများ စိတ်အနှောင့်အယှက်ဖြစ်လေမလား။ အားနာမိသားကွယ်။ ဒါပေမယ့်လည်း အလွမ်းဆိုတာ တားဆီးရနိုင်ကောင်းတဲ့ အထဲမှာမှ မပါတာ။ ကိုယ် လွမ်းနေပါရစေ။
ငှက်ကလေးရေ။ ငှက်ကလေးနဲ့ ကိုယ်နဲ့ တွေ့ဆုံခြင်းမှာ မာယာမပါခဲ့မှန်းတော့ ငှက်ကလေး သိလိမ့်မယ်။ ရိုးသားမှုတစ်ခုရယ်၊ တားဆီးဖို့ မေ့လျော့သွားတဲ့ သံယောဇဉ်အမျှင်တန်းမှုရယ်။ နောက် ငှက်ကလေးနဲ့ကိုယ်ရဲ့ ဘဝဖြစ်စဉ်တွေ ဖလှယ်ခဲ့မိကြတယ်။ ဒါပါပဲ။ တွေ့ဆုံမှုမှာ ရည်ရွယ်ချက်ရှိရှိနဲ့ လိမ်ညာမှုတွေ၊ လှည့်စားမှုတွေ ဘာအဓိပ္ပါယ်မှ မပါခဲ့ဘူး။ ရိုးသားမှုတွေ ကိုယ်စီနဲ့ တစ်ချက်တစ်ချက်အသံမြည်လိုက်၊ တစ်ချက်တစ်ချက် တိတ်ဆိတ်သွားလိုက်နဲ့ သံစဉ်မညီတဲ့ စကားဝိုင်းတစ်ခု။ အဲ့ဒီစကားဝိုင်းမှာ ကိုယ်ဟာ နှလုံးသားကို မြုပ်နှံမိခဲ့တယ်။

Sunday 10 March 2013

၁၀-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ

(၁)
ကောင်းကင်က
ကြယ်ကိုလိုအပ်တယ်
နေကိုလိုအပ်တယ်
လမင်းကို လိုအပ်တယ်
လိုအပ်တယ်လို့
စကားတွေမဆိုမိဘူး
ကောင်းကင်ခမျာ
ကမ္ဘာကြီးကို မိုးပေးဖို့ လုံးပမ်းနေမိလို့ပါ

ငှက်ကလေးရေ
ကိုယ်လည်း ငှက်ကလေးကိုလိုအပ်တယ်
ဒါပေမယ့်
လိုအပ်တယ်မဆိုမိဘူး
ငှက်ကလေးစိတ်ရှုပ်သွားမှာ စိုးရိမ်မိလို့ပါ

Saturday 9 March 2013

၉-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ


(၁)
ငှက်ကလေးက ကျွန်တော့်ရဲ့ ကမ္ဘာသစ်ပါ
သူ ရှိတဲ့နေရာမှာ ကျွန်တော်ပျော်တယ်
ငှက်ကလေးက ကျွန်တော့်ရဲ့ မှော်ဆရာပါ
သူပြုစားသမျှ ကျွန်တော် ကျေနပ်တယ်
ငှက်ကလေးက ကျွန်တော့်ရဲ့ အိပ်မက်သခင်ပါ
သူပါမှ အိပ်မက်တွေဟာ ပိုလှလာတယ်

ငှက်ကလေးကို ငေးနေမိတဲ့ ကျွန်တော်က
မေခနဲ့ မလိခကိုအားကျတယ်
တချိန်ချိန်တော့ ငှက်ကလေး
ကျွန်တော့်လက်ဖျံမှာ လာနားစေချင်မိ
ငှက်ကလေးကို တမ်းတနေတဲ့ ကျွန်တော်က
i will be right here သီချင်းလေးကို တိုးတိုးလေးဆိုညည်းချင်နေမိ
တချိန်ချိန်တော့ သူကြားလိမ့်မယ်

၈--၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

(၁)
မနေ့က အိပ်မက်မှာ ငှက်ကလေးကို စိတ်ဆိုးဆိုးနဲ့ မေ့ထားတယ်
ဒီနေ့ ငှက်ကလေးကို လွမ်းတယ်း)

ငှက်ကလေးက ငှက်ကလေးပါပဲလေ
သူ့အိပ်မက်မှာ ကိုယ်ပါခွင့်မရှိဘူး
ကိုယ့်အိပ်မက်မှာ သူမပါဖို့လည်း တားခွင့်မရှိဘူး
တကယ်ဆို
နှလုံးသားရဲ့ စေစားခြင်းခံနေရမှတော့
ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ဟာ
ငှက်ကလေးကို တမ်းတခြင်းနယ်ပယ်မှာပဲ ရှိတော့တယ်။

Wednesday 6 March 2013

ညတစ်ည၌ စောင့်မျှော်မိခြင်း



ပန်ကာဒလက်တွေ၏ တဝီဝီမြည်သံသည် မိုက်ကယ်လမ်း(Michael Learn)၏ တိတ်မီတူယူဟာ့ထ်(Take me to your heart) သီချင်းနှင့် လားလားမျှ မသက်ဆိုင်သည်ကတော့အမှန်ပင်ဖြစ်သည်။ သို့သော် ပန်ကာလည်သံနှင့်အတူ ထိုသီချင်းသံစဉ်ပါ နားထဲ ရောက်လာသည်ကတော့မတတ်နိုင်။ အိမ်ရှေ့မှ ဖြတ်ပြေးသွားတတ်သော ကားကြီးတွေကို ကျွန်တော် မုန်းသည်။ တိတ်ဆိတ်ခြင်းငြိမ်သက်ခြင်း ကျင့်စဉ်ကို ထိုးခွဲဖျက်ဆီးတတ်သောကြောင့်ဖြစ်သည်။ ယခုချိန်ထိ တူမလေးက အိပ်ယာမှ တစ်ရေးနိုးထကာ ဂျီမတိုက်သေး။
ကျွန်တော့်အရှေ့တွင် စာအုပ်ပုံတစ်ပုံရှိသည်။ ၂၀၀၇ အက်ဆေးပေါင်းချုပ်ရှိသည်။ မမအလင်္ကာကဗျာစာအုပ်ရှိသည်။ မနော်ဟရီ၏ စစ်တုရင်ခုံပေါ်မှ သက္ကရာဇ်များ စာအုပ်ရှိသည်။ သို့သော် ဘယ်အရာကိုမှ ကောက်မကိုင်မိသေး။ စာဖတ်ခြင်းသည် အငမ်းမရဖတ်လျှင် ရောဂါရတတ်သည်ဟု ဆိုခြင်းကို အပိုမထင်ပါနှင့်။
မန်ယူပွဲစောင့်ရင်း စကိုင်းနက်မှလာသော ဇာတ်လမ်းတချို့ကို ငဲ့စောင်းကြည့်မိသည်။

Tuesday 5 March 2013

စိတ်တွေ မွန်းကျပ်နေတယ်

စိတ်တွေမွန်းကျပ်နေတယ်။ ထွက်ပေါက်မရှိဘူး။ ထွက်ပေါက်က ဘယ်နေရာမှာလည်း ကျွန်တော်မသိဘူး။ ထွက်စရာ တံခါးပေါက်မရှိတာလား။ မထွက်ချင်တဲ့ တံခါးပေါက်တွေ ပြည့်နေတာလား။ ဘာပဲဖြစ်ဖြစ် ကျွန်တော် စိတ်မွန်းကျပ်နေတယ်။
သောက်လိုက်မိတဲ့ အယ်လ်ပိုင်းရေသန့်ရဲ့အရသာဟာ တကယ်ကို နှစ်ခြိုက်ဖို့ကောင်းလွန်းလှတယ်။ ရေသားသန့်သလို ရေအရသာကလည်း ချိုတယ်။ တကယ်ဆို ဒီအယ်လ်ပိုင်းရေသန့်အတိုင်းပဲ သူ့တစ်ယောက်တည်းကို ကျွန်တော်ဟာ လေးစားမြတ်နိုးခဲ့မိတာ။ ရေသန့်နာမည်တွေ ဘယ်လောက်များများ ကျွန်တော် သောက်တာဟာ အယ်လ်ပိုင်းရေသန့်တမျိုးတည်းရှိတယ်။ ဘာအကြောင်းနဲ့ပဲ သောက်သောက် လုံးဝ အယ်လ်ပိုင်းမရနိုင်တဲ့ နေရာကျမှ တခြားတံဆိပ်ပြောင်းသောက်တယ်။ သူ ကကျွန်တော့်လေးစားမြတ်နိုးမှုကို မယုံခဲ့ဘူး။ ကျွန်တော်လိုကောင်ရဲ့လေးစားမြတ်နိုးမှုကို မခံယူချင်ခဲ့ဘူး။

ငဆင်ရွာနဲ့ ဟက်ပီဘက်သ်ဒေး


“အမယ်လေး ကြောက်ပါပြီဗျ နောက်ဆို မသုံးရဲတော့ပါဘူးဗျ”။
အဲ့လို အော်ရင်း ကျော်ကော့အောင်ပြေးနေတာက ငညိုပေါ့။ နောက်ကနေ ငညို့ကို ဝါးရင်းတုတ်နဲ့ လိုက်ရိုက်နေတာက ငညို့အမေမုဆိုးမဒေါ်မိထော်။ ငညို့ညီ အောင်ဝေဦးကတော့ ဘေးနားကနေ လက်ခုပ်လက်ဝါးတီးလို့။ ငညိုကတော့ ကိုယ့်ဇာတ်ထုပ်ကိုယ်မကနိုင်တော့ ပြေးရပြီ။ ဇာတ်လမ်းရဲ့ အစက ဒီလိုဒီလို။
ဒီငဆင် ဆိုတဲ့ ရွာက မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ ရှိတဲ့ ရွာလေးတစ်ရွာလို့ပဲ အကြမ်းဖျဉ်း မှတ်ထားလိုက်ပါလေ။ အဓိက ပြောချင်တာက ရွာအကြောင်းမဟုတ်ဘူး။ ရွာထဲက ဟက်ပီးဘက်သ်ဒေး ဗိုင်းရပ်စ် အကိုက်ခံလိုက်ရတဲ့ အကြောင်းလေးကို ပြောပြချင်တာ။ ရွာမှာ စုစုပေါင်း လူဘယ်လောက်ရှိလဲ ဆိုတာတွေ မပြောတော့ဘူး။

Monday 4 March 2013

လေပြည်ဆိပ်မိသူ

“လေပြည်”….။“လေပြည်..”။ “လေပြည်……”။
အကျယ်ကြီးအော်ခေါ်လိုက်တဲ့ ကျွန်တော့်အော်သံတွေကို သူမကြားဖူး။ သူ မျက်လုံးတွေ မှိတ်နေတယ်။ ငြိမ်ငြိမ်သက်သက်။  ဝင်သက်ထွက်သက်မရှိတဲ့ သူ့ခန္ဓာကိုယ်ဟာ အိပ်ပျော်နေတဲ့ နတ်သမီးတစ်ယောက်လို ကချေသည်တစ်ယောက် ကကြိုးမရှိပဲ ပုံ့ပုံ့လေးလဲကျနေသလို ။
လေပြည်ဘာဖြစ်သွားတာလဲ။ လေပြည် စကားပြောပါဦး။ လေပြည် ……………..။
(၁)
“နင်ကငါ့ကို ချစ်တယ်ဆိုတော့ အဖြေမပေးခင် တစ်ခုပဲ အရင်မေးမယ် တကယ်လို့သာ ချစ်သူတွေ ဖြစ်ခဲ့ကြရင် နင် ငါ့ကိုဘယ်လိုခေါ်မှာလဲ” ။ ခပ်သဲ့သဲ့ လွင့်လာတဲ့ အတွေးထဲက အသံတွေဟာ ကျွန်တော့်ကို နှိပ်စက်နေကြပြီ။ ဖြေခဲ့ဖူးတဲ့ အဖြေတွေကိုလည်း ခဏခဏသတိရ။ မတွေးပါရစေနဲ့။ ငါ့ကို ခေတ္တ လွတ်မြောက်ခွင့်ပေးပါ။ ကိုယ့်ကိုယ်ကို ထိန်းချုပ်နေပေမယ့်လည်း ကျွန်တော် သူ့အကြောင်းတွေးခြင်းကို ထိန်းချုပ်မရနိုင်ခဲ့ဘူး။ အတွေးထဲက မေးခွန်းလေးကိုပဲ ခပ်သောသော ဖြေလိုက်မိတယ်။