Saturday 11 May 2013

“ဗီလိန်လည်း အသဲကွဲတတ်တယ်”




ဒီဇာတ်လမ်းမှာ ကျွန်တော်က ဗီလိန်
မဖြစ်သာလို့ ရှောင်ခဲ့ရတဲ့ လမ်းဆုံ
မဖြစ်သာလို့ မျက်နှာလွှဲခဲ့ရတဲ့ လမ်းဆုံ
ဒီလမ်းဆုံမှာ ကျွန်တော်က ဗီလိန်
ဗီလိန်မှဗီလိန်

ဗီလိန်က အသဲကွဲတယ်ပြောတော့ ခင်ဗျားတို့ရယ်လိမ့်မယ်
ဒဿဂီရိက အသဲကွဲတယ်ပြောတော့ ခင်ဗျားတို့ ရယ်လိမ့်မယ်
တကယ်ဆို တစ်ဖတ်သတ်လည်း အချစ်ပါပဲ
အချစ်ကို အရောင်တွေ သတ်မှတ်ကြသလား
နှစ်ကိုယ်တူအချစ်မှ အချစ်ပီသသတဲ့လား
ဟောဟိုက ဒဿက ဟားတိုက်ရယ်ပြလိမ့်မယ်
ရာမထက်ပိုချစ်ပြခဲ့တဲ့ကောင်က ရယ်ပြလိမ့်မယ်
ခဏခဏ
လောကကြီးက အချစ်ကို တံဆိပ်ကပ်ကြတယ်
အချစ်ကို တံဆိပ်ကပ်ပြတယ်
ဘယ်သူတွေ ဘယ်လိုကပ်ကပ်
အချစ်က အချစ်
တစ်ဖတ်သတ်သည်လည်း အချစ်
နှစ်ကိုယ်တူသည်လည်း အချစ်
တိတ်တခိုးသည်လည်း အချစ်ပဲ
ခဏခဏ တံဆိပ်ကပ်မပြကြစမ်းပါနဲ့
ရှင်သန်ရတာ ခါးတဲ့အထဲ တမာတွေပဲ ထပ်ထပ်ပေးတယ်
တစ်ခုပဲ ခင်ဗျားတို့ သိကြဖို့က
ဗီလိန်လည်း အသဲကွဲတတ်တယ်