Friday 30 November 2012

ဘဝအမြင်


ဘဝအမြင်
(၁)
ဘဝ ဆိုတာကို တကယ်တမ်းတွက်စစ်ကြည့်ရင် ဘကုန်းနဲ့ဝလုံးဆိုတဲ့ စာလုံးလေးနှစ်လုံးပဲရှိတယ်။ ဒါပေမဲ့ သူ့မှာပါတဲ့ အဓိပ္ပါယ်နဲ့ ရသကတော့ ကျယ်ပြန့်သားဗျ။ ဘဝကို ဘယ်လိုမြင်လဲလို့ မျက်လုံးမှိတ်ပြီးစဉ်းစားကြည့်လိုက်တော့ ပြုံးမိသား။ ကျုပ်အတွက်တော့ ဘဝ ဆိုတာက ဘကုန်းဆိုတဲ့စာလုံးလေးနဲ့ ဝလုံးဆိုတဲ့ စာလုံးလေးပဲ အရေးပါတာကလား။ ဘယ်ကိုသွားမလဲ၊ ဘာလုပ်မလဲ၊ ဘာနဲ့သွားမလဲ စတဲ့ ဘကုန်းနဲ့သုံးတဲ့ ရွေးချယ်မှုတွေလေ။ နောက် လက်မလေးနဲ့ လက်ညိုးလေးဝိုင်းထားတဲ့ ဝလုံးလေး။ နောက်တစ်နည်း ပြောရရင်တော့ ဒိုးပြားလေးပေါ့ဗျာ။ ညွှန်းရမယ်ဆိုရင်တော့ လူတိုင်းရဲ့အသဲစွဲ ငွေပေါ့။ ဘာတဲ့။ အဆိုတော် ဂျောက်ဂျက်ဆိုသလိုမျိုး ငွေကို ဒုတိယဘုရားသခင်ဆိုပြီး ကိုးကွယ်တာထိတော့ အစွန်းမရောက်ပေမယ့် ရှင်သန်နေထိုင်နေတဲ့ဘဝရဲ့ ကိုးဆယ်ရာခိုင်းထိ အရေးပါတယ်ထင်မိတယ်။ ဟုတ်တယ်။ ငွေရှိရင် သာရေးပဲဖြစ်ဖြစ်၊ နာရေးပဲဖြစ်ဖြစ် အဆင်ပြေတယ်လေ။ လမ်းမှာ ရေဆာလို့ရေသောက်မယ်ဆိုရင်တောင် အခမဲ့ရေချမ်းစင်တွေ ရှားပါးနေတဲ့ ခေတ်ကြီးမှာ ရေလေးတစ်ခွက်သောက်ရဖို့အတွက်ကို ငွေကျပ် ငါးဆယ်တိတိလိုတယ်။

Tuesday 27 November 2012

ပန်းနုရောင်ဒိုင်ယာရီ


ဒီအသက်အရွယ်ရောက်မှ သံယောဇဉ်ကို ပြန်မျှားမည့် ကိုယ့်အဖြစ်ကို ရယ်ချင်မိလှစွာ။ သို့သော် ဗီရိုပေါ်မှ ဒိုင်ယာရီစာအုပ်လေးကို လှမ်းယူနေသည့် လက်တို့ကတော့ တန့်မသွား။ တစ်စုံတစ်ခုကို  ပြန်တွေ့ရတော့မည် ဆိုသည့်အသိက နှလုံးခုန်သံကို တဆတ်ဆတ်မြန်စေသည်။ ဒိုင်ယာရီစာအုပ်လေးကို ဆုပ်ကိုင်မိသည့်ခဏ ရင်ထဲမှာ တစ်စုံတစ်ရာ ပြည့်စုံသွားသလိုလို။ ထို့နောက်တော့ အိပ်ယာထက်တွင်ထိုင်ကာ စာအုပ်လေးကို သော့တံလေးလှည်၍ ဖွင့်လိုက်ပြီး နောက်ဆုံးစာမျက်နှာကို လှန်လိုက်မိသည်။
…………..ချစ်တယ်……...
ဖွင့်လက်စ ဒိုင်ယာရီစာအုပ်ပေါ်မှ စာကြောင်းလေးက သူမ အား ပြုံးပြနေသလိုလို။ ထို့အတူ တစ်စုံတစ်ယောက်ကို ချစ်ခဲ့ဖူးသည် ဆိုသည့်အသိနှင့်အတူ နှလုံးသားက နွေးထွေးလာသည်။ ဒီချစ်ခြင်း ဝဲဂယက်ကို သူမ ရှောင်နေမိတာ အတော်ကြာပါပြီ။ ဘယ်အချိန်ကတည်းက ရှောင်နေခဲ့သလဲ ဟု ဆန်းစစ်မိတော့ မျက်နှာတစ်ပြင်လုံးပန်းသွေးရောင်ထသွားရသည်။
ထို့အတူ တစ်စုံတစ်ခုက သူမ၏ နှလုံးသားထဲသို့ ဝင်ရောက်လာသလိုလို။ ဖုံးအုပ်ထားခဲ့ရသော လွမ်းဆွတ်ခြင်းများသာ အစိုင်အခဲအဖြစ် ပြောင်းတတ်မည်ဆိုလျှင် ကမ္ဘာကြီးနှင့် မဆန့်အောင်ပင် များပြားလိမ့်မည် ထင်မိသည်။ ချစ်ခဲ့တယ် သူငယ်ချင်း….. ချစ်ခဲ့မိပါတယ်………ဟု တိုးတိတ်တိတ်ရွတ်ဆိုမိရင်း ဒိုင်ယာရီစာအုပ်လေး၏ အစစာမျက်နှာကို ဖွင့်လိုက်မိသည်။

Friday 23 November 2012

လရောင်မျှားသော နွေညများ

ကတ္တရာခင်းထားသော်လည်း ဖုန်ထူကာ ခြောက်သွေ့နေသည့် လမ်းမသည် သူ့အား လှောင်နေသလိုလို။  တကျွီကျွီနှင့် လေးလံနှေးကန်စွာ သွားနေသည့် နွားလှည်းကြီးကတော့  သူနှင့်အတူ အဖေါ်အဖြစ်ပါလျှက်။ နောက်တစ်ယောက်ကတော့  “ဟဲ့ မိချောရဲ့  မိကျားရဲ့ သွက်သွက်ကလေး လုပ်စမ်းပါဟဲ့ မြို့သားဧည့်သည်လေးနေပူနေပြီဟဲ့ ရောက်တော့မှာပါ ဆရာလေး ခနလေးပဲ” ဟု နွားတွေကိုဆူလိုက်၊ သူ့ကို ဧည့်ဝတ်ကျေလိုက်နှင့် လုပ်နေသော ကိုရွှေတောသားလေး။
လမ်းတစ်လျှောက် မြင်နေရသည့် အပင်ခြောက်သယောင်းတို့ကလည်း စိတ်ကို ပို၍ တင်းကျပ်လာစေသည်။ ကိုရွှေတောသားလေး၏ ဧည့်ဝတ်ပြုမှုတို့ကိုပင် အပြုံးနှင့် ပြန်မတုံ့ပြန်နိုင်လောက်အောင်ထိ သူ့စိတ်တို့ အထီးကျန်ဆန်လာသည်။ “အိုး……စိတ်တို့ပို၍ အထီးကျန်လာအောင်ပဲ ရည်ရွယ်သလားကွယ်။” မွဲခြောက်ခြောက်မြက်ခင်းလေးတွေ ဟိုတစ်စဒီတစ်စနှင့် ရှိနေသည့် ကွင်းပြင်လေးဝယ် ဇီးပင်လေးတစ်ပင်တည်း ဝေဝေဖါးဖါးရှိနေသည်။ အကိုင်းအခတ်များအနှံ့သီးနေသော ဇီးသီးလေးများသည် တချို့ကစိမ်း၊ တချို့ကနီနှင့် ရှိကာ ခူးဆွတ်မည့်သူကို မျှော်နေသည့်ဟန်။ ကိုယ်တစ်ယောက်တည်းဝေဆာနေတော့ကော ကိုယ်နှင့်အတူ ဘယ်သူက မျှဝေပြီး ခံစားပေးမှာလဲ။ မျက်ဝန်းအစုံကို မှိတ်လိုက်မိတော့ ခြောက်ကပ်နေသည့် ဘဝတစ်ခုကို မြင်လာသလိုလို။

Tuesday 20 November 2012

လောင်စာ

လောင်စာ

ရှဲခနဲ အော်မြည်ကာ အားပြင်းပြင်းနှင့် ရှည်ထွက်လာသော မီးညွန့်ကို ကြည့်ကာ သူ ကျေနပ်စွာပြုံးလိုက်သည်။ ထို့နောက် ဂေါက်ကို ကျွမ်းကျင်စွာကိုင်၍ သစ်သားလက်ကိုင်ရှည်တပ်ထားသော ဇွန်းခွက်ထဲရှိ ခဲတုံးတို့အား အရည်ဖျော်ဖို့ရာပြင်လိုက်သည်။ ခြေထောက်တစ်ဖက်ကလည်း ဖါးဖိုကို ခပ်မှန်မှန် နင်းလျှက်ရှိသည်။ သည်ခဲစတို့ကို အရည်ဖျော်ကာ ခဲတိုင်ရှည်အဖြစ်ပုံသွင်းရမည်။ သူဌေးက တစ်ပေခန့်ရှည်သော ခဲချောင်း ဆယ်ချောင်း ပုံသွင်းရမည်ဟု မှာထားသည်။ ခဲချောင်းကို ပုံသွင်းပြီးမှ ပင် ထမင်းစားပါတော့မည် ဟု တွေးရင်း တကျုတ်ကျုတ်နှင့် ဆာလောင်နေသော ဝမ်းဗိုက်၏ အချက်ပြနေမှုကို မသိကျိုးကျွံ ပြုထားလိုက်မိသည်။
ဂေါက်ဝမှ ထွက်လာသော မီးညွန့်သည် ဖါးဖိုကို မှန်မှန်နင်းပေးသော်လည်း  ခဲချောင်းသုံးချောင်းခန့်လောင်းအပြီးမှာတော့ တဖြည်းဖြည်းနှင့် သေး၍သွားသည်။ မီးအားလည်း မပြင်းတော့။ နောက်ဆုံး မီးညွန့်ပါသေသွားတော့သည်။ မီးခြစ်နှင့် မီးပြန်ညှိသော်လည်း မီးညွန့်က သေးမြဲသေးလျှက်။ ဒီတိုင်းဆိုလျှင်တော့ မဖြစ်ချေဟု တွေးလိုက်ရင်း ဂက်စ်အိုးထဲ လောင်စာထည့်ရန်ပြင်လိုက်သည်။ ဓါတ်ဆီအနည်းငယ် ဖြည့်၍ ဂေါက်၊ ဖါးဖို၊ ဂတ်စ်အိုး ပြန်အတွဲအပြီးဝယ် ဖါးဖိုကိုနင်းရင်း မီးခြစ်ကို ခြစ်ကာ မီးညှိလိုက်တော့ မီးညွန့်က ဝုန်းခနဲ အရှေ့သို့ပြေးလာသည်။ ဇွန်းပေါ်သို့ မီးစကို တင်လိုက်တော့ ခဲသားတို့သည် တရိရိ ကြွေသွားကြတော့သည်။ ခဲကြွေသည့် ညှော်နံ့ကလည်း နှာခေါင်းစည်း ကိုကျော်လွန်လျှက် တစ်ချက်တစ်ချက်ဝယ် အဆုတ်ထဲသို့ ရောက်လာချင်သည်။

Wednesday 14 November 2012

ဖေဖေ၊မေမေ စိတ်ချမ်းသာပါစေ

ပြတင်းပေါက်မှ မြင်နေရသည့် မြင်ကွင်းက ပန်းချီကားတစ်ချပ်သဖွယ် လှပလွန်းလှသည်။ တိမ်စိုင်တိမ်ခဲတွေ တစ်ခုနှင့်တစ်ခုထပ်ကာ တိမ်သားတချို့က ညိုမှုန်မှုန်၊ အချို့တိမ်သားကျတော့ ဖြူလွှလွှ။ တိမ်သားစုတို့ ဖုံးထားသောကြောင့် နေမင်း၏ အလင်းရောင်သည်လည်း ကမ္ဘာမြေပေါ်သို့ တိုက်ရိုက်မကျရောက်နိုင်တော့ပေ။ ထို့ကြောင့်  အလင်းကောင်းမွန်စွာရသော်လည်း နေမင်း၏ စူးရှလွန်းသော ရောင်ခြည်တို့ပျောက်ရှနေသည်။ မိုးမရွာသေးသော်လည်း တိမ်သားတို့၏ ဖြားယောင်းမှုကြောင့် ပါတ်ဝန်းကျင်တစ်ခုလုံးသည် ညို့မှိုင်းမှိုင်းနှင့် တစုံတရာကိုလွမ်းဆွတ်စေရန် ဖိအားပေးနေသည့်ဟန်။ သည်ကောင်းကင်ပန်းချီကားအောက်မှာရပ်နေသူတိုင်း တစုံတရာကို မလွမ်းမိဘူးဆိုလျှင်ဖြင့် သူမ အံ့သြမိပေလိမ့်မည်။ ဟုတ်သည်။ သူမ ပင်လျှင် အတွေးတို့ဖြင့် အတိတ်ထံသို့ ခြေဆန့်မိပြီမလား…။
အတိတ်ဆီသို့ ခြေဆန့်လိုက်ခြင်းသည် တရားဝင်ခွင့်ပြုချက်ပေးခြင်းခံလိုက်ရသည့်အလား အပြုံး၊ အရယ်၊ အငို၊ အလွမ်း ခံစားချက်အဖုံဖုံတို့သည် ဟိုမှသည်မှ ထွက်ပေါ်လာကြလေသည်။ နှုတ်ခမ်းထက်တွင်လည်း ပြုံးလိုက်မဲ့လိုက်ဖြင့် ခံစားချက်အဖုံဖုံကို ဆုပ်ကိုင်နေလေသည်။ တက္ကသိုလ်ဝင်တန်းအောင်ခဲ့တုန်းက အပျော်သည် သည်ချိန်တွင်မပျော်မိတော့ပေမဲ့ အပြုံးနုနုတို့ လွင့်ထွက်စေဆဲ။ မိဘနှစ်ပါး၏ သူမအား ကလေးသဖွယ် ဂရုစိုက်ပုံတွေကို ပြန်မြင်ရခြင်းသည် နှလုံးသားကို နွေးထွေးစေဆဲ။ သို့သော် အစ်ကိုဖြစ်သူအပေါ် ပို၍ဂရုစိုက်သည်ကို သတိရမိတော့ နှုတ်ခမ်းဝယ် မဲ့သွားမိသည်။ အတိတ်တွင် သမုဒယနွယ်ခဲ့သည်ဖြစ်စေ၊ မနွယ်ခဲ့သည်ဖြစ်စေ အတိတ်ကတော့ သူ့ထံခရီးထွက်လာသူတိုင်းကို ခရီးဦးကြိုပြုသည့်အလား လွမ်းမောဖွယ်ခံစားစေဆဲ။

ဒီနေရာ၊ ဒီနေရာရောက်တိုင်း သူမ အမြဲကျော်တွေးနေကျ။ သို့သော် ဒီနေ့တော့ဖြင့် ဒီနေရာလေးကို ကျော်မသွားချင်ပြန်။ ဒီနေရာလေးမှာ စိတ်ထိခိုက်ခံစားခဲ့ရသည်ဆိုလျှင်တောင် ယနေ့ ပစ္စုပ္ပန်အတွက် သင်ခန်းစာယူဖို့ရာ သူမ ပြန်တွေးချင်လှပါသည်။ ဒီနေရာ ဆိုသည့်အသိနှင့်တင် ရင်တစ်ခုလုံး နင့်သည်းလာသည်။ ပါးထက်ကို ဖွဖွလေးစမ်းကြည့်မိတော့ နာကျင်မှုက ရုတ်တရက်ရောက်လာသလိုလို။ ကိုဖြိုး နင့်ကို ငါမုန်းတယ်..မုန်းတယ် ဟုအော်နေသံက စိတ်ထဲဝယ် တဖြည်းဖြည်းကျယ်လောင်လာသည်။

Monday 5 November 2012

စွဲ

ယနေ့ ကျွန်တော်အလုပ်လုပ်သည့်ရုံးဝယ် သုံးလတစ်ခါကျင်းပနေကျ ပြိုင်ပွဲလေးတစ်ခုပြုလုပ်ခဲ့၏။ ပြိုင်ပွဲလေး၏ ရည်ရွယ်ချက်က ရုံးသူရုံးသားများ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စည်းလုံးညီညွတ်စေရန်ဖြစ်သည်။ စီမံရေးရာရုံးခွဲဆိုတော့လည်း ပြိုင်ပွဲလေးက တွက်တက်ချက်တတ်သူများစုံလင်စွာနှင့် အသက်ဝင်၏။ ပြိုင်ရသည်က ပေးထားသည့်အချက်အလက်တို့အား စီစဉ်တကျနှင့် အစီရင်ခံစာ ရေးရခြင်းဖြစ်၏။ သည်တော့လည်း ပြိုင်ပွဲကို စိတ်ဝင်စားသူတို့က လက်ရည်သွေးကြသည်သာ။ ပြိုင်ပွဲမှရမည့် ဆုလာဘ်မရှိပါ။ သို့သော် ထိုအစီရင်ခံစာကို ဌာနမူးရုံးခန်းဝယ် ချိတ်ဆွဲခွင့်ရသည်။
ပေးထားသည့် အချက်အလက်များမှာ တော်တော်ရှုပ်ထွေးလှသည်။ ကျွန်တော်ကတော့ မည်သည့်ပြိုင်ပွဲကိုမဆို ပြိုင်ဆိုင်ပြိုင်ဆိုင်ဖို့ထက် ပွဲကြည့်သူလုပ်ဖို့သာ ဆန္ဒရှိသူမို့ မပြိုင်မိခဲ့။ သို့သော် ပြိုင်ပွဲဝင်အားလုံးတို့၏ အစီရင်ခံစာကိုတော့ စိတ်ဝင်တစားဖတ်ရှုမိသည်။ အားလုံးဖတ်ရှုပြီးချိန်ဝယ် ဦးနှောက်၌ စွဲသွားသည့် အစီရင်ခံစာပိုင်ရှင်၏ နာမည်အား လက်က အလိုလိုမဲပေးခဲ့လိုက်မိလေသည်။
ပုဂ္ဂိုလ်စွဲနဲ့ မဲပေးတာလားကွာ မင်းကလည်း ဟူသည့် သူငယ်ချင်း၏ ပြောစကားကြောင့် ရင်ထဲဝယ် ဖျဉ်းခနဲ စပ်သွား၏။ မဲပေးခဲ့သည့် အမှား ဟု မသတ်မှတ်မိသော်ငြား ကိုယ့်ကို နားလည်သူမဟုတ် ဆိုသည့်အတွေးကို တွေးမိ၏။  ထိုပြိုင်ပွဲဝယ် အနိုင်ရရှိသွားသူက ကျွန်တေတာ့်သူငယ်ချင်းဖြစ်သလို ကျွန်တော်မဲပေးခဲ့သည်ကလည်း သူ။ အရည်အချင်းကို မကြည့်ပါပဲ  ပုဂ္ဂိုလ်စွဲနှင့် မဲပေးသူ ဟု ထင်ခံရသည်မှာ ရင်ဝယ် အရှက်ရလှပါ၏။ ခေါင်းခါကာ ငြင်းမိနေသော်ငြား သူ့အား စကားပြောချင်စိတ်မရှိတော့။ ထိုနောက် ကျွန်တော် နှုတ်ဆိတ်နေခဲ့၏။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံသည့် သဘောသက်ရောက်နေမည်ဆိုလျှင်လည်း မတက်နိုင်ပါ။

Friday 2 November 2012

လျှောက်ခဲ့သော လမ်းလေး

သည်လမ်းလေးသည် ကျွန်တော်သွားရမည့်နေရာနှင့် မသက်ဆိုင်ပါ။ သို့သော် သည်လမ်းလေးဝယ် ကျွန်တော် လမ်းလျှောက်နေသည်။ ကျွန်တော်လျှောက်နေ့သော လမ်းလေးဝယ် ထနောင်းပင်တို့မရှိသလို ခရေပင်များလည်း စိုက်မထားကြပါ။ အကယ်၍များ ခရေပင်များသာရှိခဲ့လျှင်ဖြင့် ဒီလမ်းလေးသည် နေ့ခင်းဘက်ဆိုလျှင် ခြောက်သွေ့တိတ်ဆိတ်နေမည်မဟုတ်ပဲ ခရေကောက်သူများ၊ ခရေရိပ်ခိုသူများနှင့် စည်ကားနေပေလိမ့်မည်။ နေ့ခင်းဘက်တွင်ကော သည်လမ်းလေးသည် ခြောက်သွေ့တိတ်ဆိတ်နေလေသလား။ ကျွန်တော်မသိပါ။ သို့သော် ယခုညနေတွင်တော့ ခြောက်သွေ့တိတ်ဆိတ်နေပါသည်။ ကျွန်တော်လျှောက်နေသော လမ်းလေးတွင် ခရေပင်မရှိပါ။

သည်လမ်းလေးသည် တချိန်က ကားအသွားအလာများသောလမ်း ဖြစ်ပေလိမ့်မည်ဟု ရုက်တရက် စိတ်ကူးယဉ်ကြည့်လိုက်မိသည်။ သို့သော် ထိုအတွေးကို ချက်ခြင်းဖျက်လိုက်၏ အဘယ့်ကြောင့်ဆိုသော် သည်လမ်းလေးကို ကွန်ကရစ်ခင်းထားပုံမှာ ကားတစ်စီးသွားလာရန်သာရှိ၏။