Showing posts with label တွေးမိတွေးရာ. Show all posts
Showing posts with label တွေးမိတွေးရာ. Show all posts

Tuesday, 29 October 2013

ပစ္စက္ခ

“ပစ္စက္ခ”

တစ်ကိုယ်စာချစ်ခြင်းပေမယ့် ပြင်းလွန်းလှတယ်။ လေးလံနေတဲ့ စိတ်ကြီးက ဒီအကြောင်းအရာကို ဆက်ထမ်းပိုးထားတာကိုက မှားယွင်းမှုတစ်ခုဖြစ်ရမယ်။ ခုတော့လည်း ဒါကြီးက ကိုယ်နှလုံးသားပေါ်မှာ။ အချစ်ကို အချစ်လို့ သဘောပေါက်ဖို့ တစ်နပ်စာလွတ်ခဲ့တယ်။ ဒီအတွက် ခုကိုယ် ဆာလောင်နေပေမယ့် ကိုယ့်အတွက် မေတ္တာတရားက အဝေးပြေးပြီ…တဲ့။

အယုယခံနေ့ရက်တွေကို ပြန်တမ်းတမိတယ်။အယုယခံနေ့ရက်တွေကို ပြန်လွမ်းမိတယ်။ ကိုယ်ယုံကြည်တဲ့အရာတစ်ခုကို အသက်သွင်းဖို့ အယုယခံနေ့ရက်တွေကို မီးလောင်တိုက်သွင်းခဲ့မိတာ မှားခဲ့သလား။ အခါခါအထပ်ထပ်စဥ်းစားလည်း မသိခဲ့တာဒီအဖြေပဲ။ကိုယ် မသိသေးဘူး။ ကိုယ်မှားနေလား မှန်နေလား သိရဖို့ နောက်ထပ် အနှစ်ဘယ်နှစ်နှစ်စာလောက် ဆက်လျှောက်ရမလဲ။

စိတ်ကြီးက သိပ်ဝမ်းနည်းတတ်နေတယ်။ တစ်စုံတစ်ခုသော အကြောင်းအရာကြားရုံနဲ့ မျက်ရည်လွယ်တတ်တဲ့အကျင့်ကို ဘယ်ကာလကများ ကိုယ့်ဆီ ကူးယူခဲ့ပါသလဲ။ ခုတလောကိုယ့်မျက်ရည်တွေ သိပ်လွယ်တယ်။ ကိုယ့်သူငယ်ချင်းလေး စိမ်းကားမှုအပေါ်မှာ မျက်ရည်သိပ်ကျချင်တာပဲ။ တချို့သူတွေရဲ့ ကိုယ့်အပေါ် အရောင်တွေ စွန်းထင်းပြနေမှုမှာ ကိုယ် မျက်ရည်သိပ်ကျချင်တာပဲ။ ကိုယ်ကိုယ်တိုင် ပျိုးခဲ့တဲ့လမ်းလေးမှန်း ခဏခဏ သတိပေးနေရ။ဒါပေမယ့်လည်း လမ်းလေးက အလည်လွန်လို့ ပျောက်ရှ၊ ကိုယ် လမ်းပျောက်လုလုဖြစ်နေတယ်။

“လူတိုင်းမှန်သမျှ ဒုက္ခတရားနဲ့ ပေါင်းသင်းနေတာပဲ” တဲ့။ သူငယ်ချင်းတစ်ယောက်ရဲ့ သတိပေးစကားသံအဆုံးမှာ ကိုယ် သတိထားမိတယ။် ကိုယ်  ရနေတာက ဒုက္ခမဟုတ်သလို သုခလည်းမဟုတ်ဘူး။ လေလွင့်ခြင်းတွေ။ ထမင်းနပ်မမှန်တဲ့ နေ့ရက်တွေ ကိုယ်မရသေးဘူး။ လက်ညိုးညွှန်ရာ ရွှေဖြစ်တဲ့ ဘဝကိုယ်မရောက်သေးဘူး။ ကိုယ် ရနေတာက လေလွင့်ခြင်းတွေ။
စိတ်ကြီးက သိပ်ခက်တာပဲ။ ဘယ်လောက်နားလည်နားလည် သိပ်ဆိုးတယ်။ သူလိုချင်တာမရတဲ့အခါတိုင်း ကိုယ့်နှလုံးသားကို လေလွင့်ဒုက္ခတွေပေးတယ်။ ရွက်ဝါလေးလို လေမှာ လွင့်ချင်သူကိုမှ နားလည်မှုအသိပညာတွေ တိုးတိုးပြီး ထမ်းစေတယ်။ ကဲ ခု ကိုယ် ဘာလုပ်ရမလဲ။

ကျိန်းကျိန်းစပ်စပ်မျက်လုံးတွေကို မှိတ်ပစ်ဖို့ ကိုယ်ကြိုးစားနေပါတယ်။ ကျိန်းကျိန်းစပ်စပ်မျက်လုံးတွေနဲ့အတူ အိပ်စက်ဖို့ ကိုယ်ကြိုးစားနေပါတယ်။ “လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်” ။ အကျိုးအကြောင်းမသိရပဲ အဆက်သွယ်ဖြတ်ခံလိုက်ရတဲ့ အခါ စိတ်ကြီးဟာ သိပ်ပူလောင်တာပဲ။ ဘာဖြစ်နေလဲ မေးခွင့်မရှိဘူး။ နေမှကောင်းရဲ့လား သိခွင့်မရှိဘူး။ ဘာလုပ်နေလဲ ပြောခွင့်မရှိဘူး။ “လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ေ၇ာက်ရှိနေပါသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင်” ဆိုတဲ့ စကားလုံးလေးကိုပဲ ဒီချိန်မှာ မျှော်မိတယ်။ ခုတော့ ကော့သောင်ကို လှမ်းမျှော်ကြည့်ရတာ စိတ်ပင်ပန်းလွန်းတယ်။

သံယောဇဉ်ဆိုတာ မှော်ပဲ။ မမြင်နိုင်ပေမယ့် စွမ်းအားရှိတယ်။ ကိုယ့်စိတ်ကြီးပူလောင်လွန်းရင် ထိန်းချုပ်ပေးနိုင်သူ သုံးယောက်ရှိတာ ကိုယ် သိတယ်။ တစ်ယောက်က မလေးမြေမှာ ဖြစ်ပြီး နှစ်ယောက်က မြန်မာ့မြေမှာ။ အဖြူရောင်မှော်တွေကို လှမ်းငေးကြည့်ရင်း ကိုယ် ခုသိပ်ပူလောင်နေတာပဲ လို့ပြောရင် သူတို့ရယ်များရယ်နေကြမလား။ “အရမ်းချစ်ခဲ့ကြသူတွေပဲတခါတလေနားလည်မှုလွဲမှားတဲ့အခါမျိုးရှိတတ်တာပဲလေ အချိန်စောင့်ပြီး နားလည်မှုယူကြည့်ပါဦး” ဆိုတဲ့ ကိုယ့်စကားကိုယ် တာဝန်ယူနိုင်ရဲ့လား ပြန်စဉ်းစားကြည့်တော့သိပ်ကြောက်တာပဲ။“အရမ်းချစ်ခဲ့မိတာပဲ တခါတလေနားလည်မှုလွဲမှားတဲ့အခါမျိုးရှိတတ်တယ်ဆိုပြီး နားလည်ကြည့်ပါ့လား” ဆိုတဲ့ ဆုံးမစကားတစ်ခွန်းထွက်လာတယ်။ ကိုယ် ခေါင်းခါတယ်။ တစ်ခါမက နှစ်ခါသုံးလေးခါ အခွင့်ပေးပြီးသားပဲ။သူကိုယ်တိုင် နားလည်နိုင်တဲ့ အနေအထားတစ်ခု။ ကိုယ် မေ့ဖို့မုန်းဖို့ ဆုံးဖြတ်ချက်ဟာ ဘယ်တော့မှ မပြောင်းဘူး။ ကိုယ်ကိုယ်တိုင် ပျိုးခဲ့တဲ့ လမ်း၊ မှုန်ဝါးဝါးဖြစ်နေလည်းတစ်ယောက်တည်း ဆက်လျှောက်ပစ်မယ်။

ကိုယ့် ဆယ်စုနှစ်တာကို လည်ပြန်ငေးကြည့်မိတယ်.။ သူငယ်ချင်းတစ်ယောက် ပြောတဲ့ စကားတစ်ခွန်း သိပ်တန်ဖိုးရှိတာပဲံ။ “အလုပ်မှာ ပျင်းသွားတာ” တဲ့။ ငွေနောက် ပင်ပင်ပမ်းပမ်းမလိုက်ချင်တော့ဘူးဆိုတဲ့ ကိုယ့်စကားမှာ သူပြောလိုက်တဲ့ စကား။ ကိုယ် လက်ခံလိုက်ရတယ်။ ဟုတ်တယ်။ အလုပ်မှာ ပျင်းသွားတ။ ပင်ပင်ပမ်းပမ်းငွေမရှာတာကြာတော့ ငွေရှာတဲ့နေရာမှာ ပျင်းသွားတာ။ မတတ်နိုင်ဘူး။ ပျင်းတာကို ပြေအောင်ဖြောက်ဖို့ နည်းလမ်းပေါင်းစုံနဲ့ကြိုးစားလိုက်ဦးမယ်။ ကိုယ့်ဆယ်စုနှစ်မှာငါးနှစ်တာလောက်တော့ ကိုယ် သမ္မာအာဇီဝနဲ့ ငွေကောင်းကောင်းရှာနိုင်ခဲ့တယ်မဟုတ်လား။

ကိုယ့်လက်သည်းလေးတွေရှည်နေပြီ။ ကိုယ့်ဆံပင်တွေ ရှည်နေပြီ။ လက်သည်းလေးတွေ ယုယုယယညှပ်ပေးတဲ့ လက်တစ်စုံကို သိပ်လွမ်းတာပဲ။ ဆံပင်ရှည်လေးတွေရဲ့ အနားသတ်ကို တိပေးတဲ့ လက်တစ်စုံကို ကိုယ်သိပ်လွမ်းတာပဲ။ လမ်းက မှုန်ဝါးဝါးဖြစ်မှ အယုယခံနေ့ရက်တွေကို လွမ်းတာမဟုတ်ပါဘူး။ ကိုယ့်စိတ်အခန့်မသင့်တဲ့အချိန်မှာမှ တိုက်တိုက်ဆိုင်ဆိုင်လွမ်းမိတာ။
ကိုယ်ယုံကြည်ခဲ့တဲ့အရာတချို့ ပြောင်းလဲသွားတယ်။ ကိုယ်မထင်မှတ်တဲ့ အရာတချို့ ဖြစ်တည်လာတယ်။ ကိုယ် မသိခဲ့တဲ့ အပိုင်းအစတချို့ ကိုယ့်ဆီလာမှန်တယ်။ ဘာကို ယုံကြည်လို့ ဘာကို ကိုးကွယ်ရတော့မှာလဲဆိုတဲ့ မေးခွန်းတွေနဲ့ပဲ ကိုယ်ဟာ ဝဲလည်ဝဲလည်။

ကိုယ်ဟာကမာလေးပါ။ ပုလဲတစ်လုံးစာအတွက်ပဲ ရှင်သန်ခဲ့ရတာပါ………………..။
ကိုယ် ချန်ရစ်မယ့် ပုလဲလေးဟာ ကမ္ဘာမှာ အလှဆုံးမဟုတ်တောင်မှ မြန်မာမှာ အလှဆုံးဖြစ်ရမယ်။ ကြွေးကြော်တယ်။  ကိုယ့်ကြွေးကြော်သံဟာ ကိုယ့်စိတ်မှာပဲ လှောင်ပိတ်သွားတာခက်တယ်။ ဘယ်အရာတွေဆီ တိုင်တည်လို့ တိုင်တည်ရမယ်မှန်းမသိဘူး။ ကိုယ့်ရင်ဖွင့်ဖေါ်လေးအပေါ်လည်း တစ်စုံတချို့ မပြောဖြစ်တော့ဘူး။ တစ်ဖက်ဆီက တင်းကျပ်မှုတွေ လက်ခံရတဲ့ကိုယ်ဟာ ရင်ဖွင့်ဖေါ်လေးဆီမှာ ဖွင့်ထုတ်လိုက်တဲ့အခါ သူ…………တစ်စုံတစ်ခု ဖြစ်သွားလေမလား။ မေးခွန်းများစွာနဲ့ပဲ တချို့နေ့တွေဆို ကိုယ့်နှုတ်ခမ်းကိုယ် ဇစ်ပိတ်ထားလိုက်မိရဲ့။

ရူးလောက်တယ် ဆိုတဲ့ စကားတစ်ခွန်းကိုပဲ အထပ်ထပ်အခါခါ အော်နေမိတယ်။ ဟုတ်တယ်။ ရူးလောက်တယ်။ ရူးလောက်တယ်။ ကိုယ်စွန့်ခွာသွားချင်တာတွေ အများကြီးပဲ။ ကိုယ် ဆုပ်ကိုင်ထားချင်တာတွေ အများကြီးပဲ။ ကိုယ် ပြန်လှည့်ချင်မိတဲ့ အချိန်တွေမှာ ဘာတွေကို ဖျက်လို့ ဘာတွေကို ချန်ထားမယ် ဆိုတဲ့အသိ ခုထိ မသိသေးဘူး။ သေချာတာတစ်ခုကတော့ တစ်စုံတစ်ခုကိုလိုချင်ရင် တစ်စုံတစ်ခုကို စွန့်လွှတ်ရမယ် တဲ့။ ကိုယ်ဘာကိုလိုချင်တာလဲ စဉ်းစားဖို့တော့ လိုနေပြီ။

“ကိုယ်လိုချင်တာ မေတ္တာတရားဆိုရင် သူ့ဆီကနေ ဘာအကူအညီမှမတောင်းမိပါစေနဲ့။ ရိုးရှင်းတဲ့ မေတ္တာတရားကိုသာ စိတ်လွတ်ကိုယ်လွတ် လက်ခံလိုက်ပါ” တဲ့။
“ကိုယ်လိုချင်တာ အကူအညီလား သူ့ဆီကနေ မေတ္တာတရားကို မမျှော်ပါနဲ့ ။ ရိုးရှင်းတဲ့ ကူညီမှုကိုသာ အပြန်အလှန်အနေနဲ့ ဖေးမဖို့ပဲ လိုအပ်တယ်” တဲ့။

ကိုယ့်ကို ဆုံးမတဲ့ စကားနှစ်ခွန်းကို ကြောင်ကြောင်အအကြည့်ရုံကလွဲလို့ ကိုယ် ဘာမှမတတ်နိုင်ခဲ့ဘူး။ ကိုယ်လိုချင်တာ မေတ္တာတရားလား၊ အကူအညီလား မဝေခွဲနိုငသေးဘူး။ ကိုယ်လိုချင်တာ ဘာလဲ။ ကိုယ်လိုချင်တာဘာလဲ။ ကိုယ်လိုချင်တာ ဘာလဲ ဆိုတဲ့ မေးခွန်းကို ဖြေဖို့ ကိုယ့်မျက်လုံးကိုယ် အိပ်ခိုင်းနေပါတယ်။ ပစ္စုပ္ပန်မှာ အဖြေမရတောင် အိပ်မက်မှာ အဖြေရမလားလို့…….။

တစ်ခါတစ်ခါ ကိုယ် သိပ်ထွက်ပြေးချင်တာပဲ။ ကိုယ် မဖြေရှင်းနိုင်တဲ့ ပတ်ဝန်းကျင်ကို တစ်ခါရောက်တိုင်း ရင်ထဲမှာ ကြောက်စိတ်တွေလျှံတက်တယ်။ ကိုယ် တစ်စုံတစ်ယောက်ကို ပိုမျှော်မိလေပဲ။ ကိုယ့်လက်ကို ကမ်းလို့ အတူတကွ ရင်ဆိုင်မယ်ဆိုတဲ့ လက်တစ်စုံ။ တစ်ခါတုန်းကတော့ ကိုယ့်မှာ လက်တစ်စုံရှိခဲ့ဖူးတာပဲ။ ခုတော့ ကိုယ့်မှာ ဘာလက်တစ်စုံမှ ရှိမနေခဲ့ဘူး။ ကိုယ် ခု မဖြေရှင်းနိုင်တဲ့ ပတ်ဝန်းကျင်ကို ရောက်နေတယ် ဆိုတဲ့ အသိကြီးကို ဦးနှောက်ကနေ ဖျက်လို့မရဘူး။ ကိုယ် မျှော်လင့်နေတဲ့ လက်တစ်စုံဟာ ဘယ်နေရာကနေရောက်လာမှာလဲ ကိုယ်မသိဘူး။ ကိုယ် တကယ်မသိဘူး။

အဖြေမရှိမေးခွန်းတွေနဲ့ အဖြေမသိ မေးခွန်းတွေနဲ့ ကိုယ့်ကမ္ဘာက ဒီနေ့မှပိုမှောင်မိုက်နေသလို ထင်ရတယ်။ ကိုယ် တကယ်ကြီး ထွက်ပြေးချင်နေတယ်။ တကယ်ကြီး ထွက်ပြေးချင်နေပါတယ်………..။
တစ်ကိုယ်စာ ပန်းတိုင်ပေမယ့် နည်းနည်းတော့ ခက်ခဲတယ် ထင်လာမိပြီ။ အဝေးပြေးချင်နေတဲ့ စိတ်တွေနဲ့......။

ရည်ဝေ(လင်းရောင်ခြည်)

မင်္ဂလာပါ ဟုတ်ကဲ့ ဟုတ်ကဲ့ မင်္ဂလာပါ

“မင်္ဂလာပါ ဟုတ်ကဲ့ ဟုတ်ကဲ့ မင်္ဂလာပါ”

မင်္ဂလာပါ။ ဟုတ်ကဲ့။ ဟုတ်ကဲ့။
အဆုံးသတ်သွားတဲ့ စကားလုံးတွေကို ငေးကြည့်မနေတော့ဘူး။ ဒါ တို့တွေအတွက် နှုတ်ဆက်တေးလို့ မှတ်လိုက်။ စိမ်းသက်သွားတဲ့ စကားလုံးတွေနောက်ကို မင်းလိုက်ကြည့်မယ်လို့လည်း ငါမထင်ပါဘူး။ ဒီကောင်မလေး ဘာအရူးထပြန်ပြီလဲ လို့ပဲ မင်းတွေးမှာ ငါသိတယ်။

နှင်းတွေကျတဲ့ မနက်ခင်းတွေကို delete ဆိုတဲ့ ခလုတ်ကို အပိုင်စားပေးလိုက်ပြီ။ ကျစိမ့်တစ်ခွက်ကိုလည်း အတူခေါ်မလာတော့ဘူး။ အေးစိမ့်နေတဲ့ မနက်ခင်းတွေတိုင်းမှာ ဝေနေတဲ့ အလွမ်းတွေကို ပါကင်ပိတ်ပြီး မျှောလိုက်တော့မယ်။ မတော်တဆနဲ့ အမှတ်တရ ဖြစ်သွားခဲ့တဲ့နေ့ရက်တွေကိုလည်း မန်မိုရီကနေ ဖြတ်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီးသား။ ကဲ သစ်တစ်ပင်ဟာ ပုတ်သင်ညိုလို အရောင်ပြောင်းတတ်ကြောင်း သိတဲ့အခါ မင်း မမဲ့နဲ့နော်။ ငါက အငြိုးကြီးတတ်တယ်။
ဆစ်ခ်ခနဲ နာသွားတဲ့ စိတ်ကို ဘာနဲ့ ပြန်ဖာထေးရမလဲ တကယ်မသိတော့ဘူး။ အပ်စူးတာ ထင်နေခဲ့တာ၊ ပုဆိန်ထွင်းခံလိုက်ရတဲ့ နှလုံးသား က မငိုတတ်တော့ဘူးဆိုပြီး မျက်ရည်တွေချည်းကျကျနေတာ ခက်တယ်။ တစ်ရက် ၂၄နာရီ၊ တစ်နာရီ မိနစ်၆၀၊ တစ်မိနစ် စက္ကန့်၆၀၊ တစ်စက္ကန့် ကို အမုန်းကြိမ်နှုန်း တစ်သန်း။ လည်နေတဲ့ ကမ္ဘာကို မုန်းတယ်။ ၃နဲ့၎ လို အမြဲကျောခိုင်းနေရရင် အကောင်းသား။ ၄ နဲ့ ၃လို ပြန်ဆုံမှာ သိနေတဲ့ စိတ်ကြီးက ကြိုကြိုပျော်တတ်လွန်းလို့ ကြိုးတုပ်ထားရတယ်။

အချစ်၊ အလွမ်း၊ အမုန်း ဘာကိုမှ မသိချင်တော့ဘူး ခေါင်းခါရင်း စိတ်ထဲက ရေးနေမိတဲ့ လွမ်းချင်းကို အပြီးသတ်နေမိခဲ့။ “ခင်ဗျားဗျာ ပြင်ပ အလှကိုချည်း ဂရုစိုက်မနေနဲ့ ကိုယ့်အရည်အချင်းကို လည်း တိုးတက်အောင် ကြိုးစားဦး” ဆိုတဲ့ ပြင်ပလူတချို့ရဲ့ သတိပေးစကားအဆုံးမှာ ဟားတိုက်ပြီးကို ရယ်ပစ်လိုက်ချင်တာ။ မင်းအတွက်နဲ့ ကြိုးစားခဲ့တာ မဟုတ်ဘူး။ ကိုယ့်တစ်ကိုယ်ရည်စာ သပ်ရပ်မှုအတွက် ဆံပင်ဖြောင့်ခဲ့ရုံလေးတင်။ ဒီလိုအပြောဒီလိုအမြင်တွေကို လက်ခံရမယ် တကယ်ထင်မထားမိခဲ့ဘူး။ ခုကျတော့ အရာရာက နေသားတကျ။ သစ်ပင်လေးဟာ ငှက်ကလေးအတွက် အလှတွေ ပြင်နေခဲ့တာ တဲ့။
ရောက်တတ်ရာရာ အမုန်းတရားတွေကို သေချာထုပ်ပိုးထားတယ်။ တစ်ခါတွေ့တိုင်းတစ်ခါထုတ်သုံးမယ်ဆိုတဲ့ အငြိုးကြီးနဲ့။ ရောက်တတ်ရာရာအလွမ်းတွေကို မျောပစ်လိုက်တယ်။ ဘယ်တော့မှ ပြန်မလာနဲ့ ဆိုတဲ့ သတိပေးစကားနဲ့။ မျှော်လင့်ရတာ အခါခါ၊ မျှော်လင့်မှုတွေပျက်သုဉ်းရတာ အခါခါ။ ဟိုလူးဒီလူး ဆယ်ကျော်သက်အရူးလေးလို မနူးမနပ်ခံစားနေရ။

အပျော်တစ်ခါပျက်တိုင်း အမုန်းတစ်ခါမတိုးရက်ခဲ့ပေမယ့် ခုတလော ငါ အငြိုးကြီးနေခဲ့တယ်။ အပျော်တစ်ခါပျက်တိုင်း အမုန်းတစ်ခါတိုးတတ်ခဲ့။ မျှော်လင့်မှုတစ်ခါပျက်တိုင်း အမုန်းတစ်ခါ တိုးတတ်ခဲ့။ မမျှော်လင့်ခိုင်းပေမယ့် အမျှော်လင့်ကြီးခဲ့သူမို့ အမုန်းပိုကြီးတတ်ခဲ့တယ်။

ကမ္ဘာ ဆိုတဲ့စကားလုံး၊ ရန်ကုန်ဆိုတဲ့ စကားလုံးတွေ ခဏခဏမရွတ်တော့ဘူး။ မင်္ဂလာပါ၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ မင်္ဂလာပါ။ ဒီစကားတွေနဲ့ မျက်နှာသစ်လို့ ပြုံးပြုံးလေး လက်နက်တပ်ဆင်လိုက်တယ်။ ငါအမြဲတစေ ရွတ်နေမိမှာ မင်းနာမည်မဟုတ်တော့ဘူး။ မင်္ဂလာပါ တနင်္လာအစ မင်္ဂလာပါ တနင်္ဂနွေအဆုံး။ ငါအငြိုးတွေ တနင့်တပိုးနဲ့ ခပ်ပြုံးပြုံးလေးပဲ …………….။
တွန့်ကွေးကွေးအပြုံးတစ်ခုနဲ့ လွင့်ဝဲနေတဲ့ ဆံညိုတွေ ဖျတ်ခနဲ အမြင်မှာ ပေါ်တယ်။ ဒါ ဖျက်ဖို့ ကျန်နေတဲ့ အစိတ်အပိုင်းတစ်ခု။
မင်္ဂလာပါ ဟုတ်ကဲ့၊ ဟုတ်ကဲ့ မင်္ဂလာပါ။
ရည်ဝေ(လင်းရောင်ခြည်)

Wednesday, 10 July 2013

အစွန်းများ

ပေါင်းနုတ်မြှောက်စားနဲ့
အချိန်ကုန်နေရတာကြာလာတော့
စာရေးဖို့စိတ်ကလေးဟာ လူးလူးယိုင်ယိုင်ဖြစ်လာတယ်
သုည ငါးလုံးလေးဟာ
ဘယ်လောက်မှ အသုံးမခံတဲ့အခါ
တကယ်နေနိုင်ပါ့မလား ကိုယ့်ကိုယ်ကိုပြန်သံသယဝင်လာတယ်

Friday, 31 May 2013

အစာမကျေခြင်းများ

“အစာမကျေခြင်းများ...”

အဲဒီကစပြဿဒ်မီးလောင်တော့တာပဲ။
ဘယ်သူ စတဲ့ မီးလဲ။

မကြည့်နဲ့ အစအဆုံး အကျိုးနဲ့ အကြောင်းခွဲမရ
သိက္ခာတွေ တပုံကြီးနဲ့
လမ်းပေါ်မှာ အပြောခံရမှာ ကြောက်တယ်
မာနတွေ တအုံကြီးနဲ့
မျက်စွန်းမျက်စလေးတောင် မုန်းတယ်။

တခါက ရွှေယုန်နဲ့ ရွှေကျား
သက်ကယ်ရိတ်သွားသတဲ့
ပြောကြတာပါပဲ
ရွှေကျားမှားသတဲ့
ရွှေကျားမှားသတဲ့လား
ဒီလိုပဲ ပုံပြင်လေးတစ်ပုဒ်ပေါ့ ရှိခဲ့ဖူးတယ်။

ကျွန်တော်က ဆရာကြီးဗျ
ဗလာတွေ တသီကြီးရှိနေတာကို ငြင်းခုန်ရင်း
ဆရာကြီးဟန်ဆောင်ရတာ ကြိုက်တယ်
ပညာရှိမဟုတ်ဘူးငြင်းရင်း
ပညာရှိတဲ့သူ လို့ အထင်ခံရတာ ကြိုက်တယ်
စကားမစပ် ကျွန်တော် ပညာရှိမဟုတ်ဘူးဗျ
ခင်ဗျားတို့ကတော့ ဆက်ထင်နိုင်ပါတယ်
ကျွန်တော်ဟာ ပညာရှိ လို့။

ပြည်သူတွေ ငတ်နေတယ်
ပြည်သူတွေ ငတ်နေတယ် လို့
ခဏခဏ အော်ပေးရတာကြိုက်တယ်
ကျွန်တော်မှမငတ်တာ
တခြားနေရာမှာ ရေမရှိတာစိတ်မပူဘူး
ကျွန်တော့်အိမ်မှာ မီးမလာမှာစိတ်ပူတယ်
ရေတင်လို့မရရင် ရေမရတော့ဘူးမဟုတ်လား
ကျွန်တော်က ငတေကြီးပေါ့
ခင်ဗျားတို့အမြင်မှာ သူတော်ကောင်းဖြစ်ဖို့
မနည်း ကြိုးစားခဲ့ရတာ
ဟိုနေရာလည်း စီစီ
ဒီနေရာလည်း စီစီ
ပါလေရာ ငပိချက်ကြီး ဖြစ်ခဲ့ရ။

ဝုန်းဒိုင်းကျဲ လိုင်းသားတွေ တတိတိနဲ့
ကဗျာတွေ ဖန်တီး
ဆာနေတဲ့ ဝမ်းဟောင်းလောင်းတွေ ဆီကနေ မုဒ်တွေယူခဲ့ပေါ့
တကယ်ဆို လက်တွေ့ကျကျ လုပ်ငန်းခွင်က
ကိုယ်တိုင်အလုပ်ကြိုးစားပြီး ပိုလျှံတာကို ရအောင်လှူ
ဒီလိုလူချည်းသာဆို ဘယ်သူမှ မငတ်ဘူး
မယုံမရှိနဲ့
ခုတော့ ကျွန်တော့် အမျိုးအဆွေတွေ ငတ်နေတယ်ဗျ အော်ရင်း
ကဗျာတွေ တစ်ပုဒ်ပြီးတစ်ပုဒ်။

ဟိုမှာ ရေရှားနေတယ်
ဟိုမှာထမင်းငတ်နေတယ်
ဟိုမှာ ကျ ပြည့်လျှံနေတယ်
တကယ်ဆို ကိုယ်ကိုယ်တိုင်ရဲ့ လက်ကြားက စီးကရက်ကို
ဘယ်သူပစ်နိုင်လို့လဲ
အချိန်တန်ရင် မာဆက်လေးလောက်တော့ သွားချင်ကြတာချည်း။

လာပါပြီ ကျူးတဲတွေ
နေရာတစ်ခုပေးပြန်တော့
ရောင်းပြီး တခြားနေရာမှာ ထပ်ကျူးတယ်
ကဲ နိုင်ငံတော်က သတ်မှတ်တဲ့စည်းမျဉ်းမှာ
၁၂ နှစ်ကြာထိ ပိုင်ရှင်က လှည့်မကြည့်ဖြစ်ရင်
ကျူးသမားက မပိုင်ပေမဲ့ ဆိုင်သတဲ့
ဒီလို တိတိပပသတ်မှတ်ချက်တွေကြား
ကျူးတဲ နဲ့ ပိုင်ရှင် ဖြစ်လိုက်တိုင်း
ပိုင်ရှင်ချည်း အပြောခံလိုက်ရ
အားနည်းသူဘက် လိုက်ပါပေးတာပါ နဲ့
တကယ်ဆို ကိုယ့်အိမ်ကိုယ်ပြန်ရဖို့
ကျူးသမားကို ကျွေးလိုက်ရတာ မနည်းမနော
ဒါပေမဲ့လည်း ကျွန်တော်က လူကောင်းကြီးပါ
ဘာပဲဖြစ်ဖြစ် ကျူးသမားမှန်တယ်
သူက မရှိဆင်းရဲသားမဟုတ်လား။

နာမည်လေး ရတာနဲ့
ကျွန်တော်ကိုယ့်ကိုယ်ကို ဆရာကြီးထင်မိ
ဒီကဗျာက
ဖြစ်သမျှလောကကို အစာမကျေလို့ ရေးတဲ့ကဗျာ
မှန်ချင်မှန်မှားချင်မှားမယ်
ကျွန်တော့် ခံယူချက်နဲ့ကျွန်တော်
ကျွန်တော့်ကိုယ်ကျွန်တော် အစာမကျေလို့ ရေးတဲ့ကဗျာ
မကျေနပ်ရင် ကြိုက်သလိုပြောနိုင်တယ်
သေချာတာက ပြည်သူတွေ ငတ်နေတယ် ကျွန်တော်မငတ်ဘူး။

Thursday, 16 May 2013

၁၅-၅-၂၀၁၃---

၁၅-၅-၂၀၁၃---

အလွမ်းသည်
နွေကို လှောင်လိုဟန်နှင့်
ရင်တစ်ခုလုံးကို မွှေနေသည်

တိတ်တဆိတ် ရွေ့နေသော တိမ်လွှာတို့အကြား
စိတ်ကို လွှင့်တင်ကြည့်မိ၏
အလွမ်းတို့ ပြေပျောက်စေလိုသော သဘောနှင့်။
ထိုအခါ ပို၍ပို၍ လွမ်းလာသည်

၁၅-၅-၂၀၁၃ ဆိုသည့် ၈ ဂဏန်းအောက်ဝယ်
ကျွန်တော့်အလွမ်းသည်
ပို၍ပို၍ ခါးသက်လာသည်

၁ဂဏန်းသမားတိုင်းသည်
၈ဂဏန်း၏ စိုးမိုးမှုအောက်
အလိုအလျောက်ကျရောက်တတ်ပါသလား
၈ဂဏန်းစိုးမိုးသောရက်တိုင်းတွင်
ကျွန်တော် သူ့ကို မွတ်မွတ်သိပ်သိပ်လွမ်းပါသည်

ပိုင်ဆိုင်ခွင့်မရသော ပန်းလေးတစ်ပွင့်ကိုမှ
မြတ်မြတ်နိုးနိုးပန်ဆင်ချင်သူ ကျွန်တော်သည်
သစ်ပင်ရူးတစ်ကောင်ဖြစ်ကြောင်း ထပ်မံပြောကြားချင်သေးသည်

သစ်ပင်ရူးတစ်ကောင်သည်
ငှက်ကလေးတစ်ကောင်ကို ငေးကြည့်နေမိသည်မှာ
တစ်ခုသော အချိန်အတိုင်းအတာသို့ရောက်ရှိလာပြီဖြစ်၏
သို့သော်
သစ်ပင်ရူး၏ စိတ်သည်
လေပွေကဲ့သို့ လှုတ်ခတ်လျှက်ရှိဆဲ
သစ်ပင်ရူးသည်
မအပ်မစပ်
ငှက်တစ်ကောင်ကိုမှ ချစ်မိလေခြင်း
ဘဝမတူသည့်အခါ ကွာခြားမှုတို့ များများလာသည်
စိတ်အကွာအဝေးသည်လည်း မိုင်တွေ ရှည်လွန်းလှ၏
မည်သို့ပင်ဖြစ်စေကာမူ ငှက်ကလေးတစ်ကောင်အတွက်
သစ်ပင်လေးတစ်ပင်ရှင်သန်ခဲ့ဖူးသည

တကူးတကပျိုးခြင်းမဟုတ်ခဲ့သော ထိုသစ်ပင်သည်
ယခုအခါ အတော်အတန် ရင့်သန်လျှက်ရှိပြီဖြစ်၏
ထိုအချစ်သစ်ပင်ကိုသတ်၇န်
အဆိပ်ခတ်ဝံ့သူ အလိုရှိ၏
ကူညီနိုင်က ကူညီနိုင်စေရန်
အသိပေးပါသည်။
သစ်ပင်တစ်ပင်ကိုသတ်ရန်
အဆိပ်ခတ်ဝံ့သူ အလိုရှိပါသည်။

Monday, 1 April 2013

၁-၄-၂၀၁၃ ချစ်သူသို့

အပြုံးမဆောင်တတ်တဲ့ မျက်နှာတစ်ခုမှာ
ကိုယ်က
လေးစားမှုတွေ ပုံအပ်မိတယ်

Friday, 29 March 2013

ငှက်ကလေးတစ်ကောင်အတွက်(၆)


တခါတလေမှာဟာသက

ရင်နာနာနဲ့ ရယ်စေသတဲ့

ငှက်ကလေးနဲ့သစ်ပင်ကြားမှာ

အဲ့လို ဟာသမျိုး အများကြီးရှိတယ်
သစ်ပင်အတွက်ပါ
ငှက်ကလေးအတွက်ကတော့ မသိလိုက်မသိဘာသာ
ကျော်ဖြတ်သွားမယ့်ဟာသမျိုး
သစ်ပင်အတွက်ကတော့
မျက်ရည်နဲ့ရယ်နေရမယ့် ဟာသမျိုးလေ။


(၁)

သစ်ပင်လေးတစ်ပင်ဟာ တိတ်ဆိတ်ငြိမ်သက်မှုတွေကို အပိုင်ယူရင်း အမှောင်ထဲကနေ ငှက်ကလေးတစ်ကောင်ကို ငေးကြည့်နေမိတယ်။ငှက်ကလေးနဲ့ သူ့ကြားမှာ ခြားထားတာတွေဟာ အမှောင်နဲ့ လေထုတင်မကပဲ တချို့သောအရာတွေပါ ပါတယ်လို့ တွေးလိုက်မိတဲ့အခါ မရည်၇ွယ်ပါပဲ သက်ပြင်းတွေ ချလိုက်မိရဲ့။

Saturday, 16 March 2013

၁၆-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ

“ဟိတ်
ဘာတွေလုပ်”
ဒီစကားနဲ့ ငှက်ကလေးကို နှုတ်ဆက်ချင်တာ
နံနက်ခင်းတိုင်းမှာ
“ဟိတ် မနက်စာ စားဦး”
ဒီစကားလေးကို မနက်တိုင်း သတိပေးချင်တာ
ပြောခွင့်မရှိတဲ့ အသံတွေဟာ
သိမ်းထားရတာကြာတော့
တိတ်ဆိတ်တတ်တာ အကျင့်လိုဖြစ်လို့
ရွက်ဝါတွေက ကဗျာတွေလည်း ပိုပိုစုံလာခဲ့ပြီ
ငှက်ကလေးမြင်စေချင်လိုက်တာ....။

၁၅-၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ


လူတစ်ယောက်ကိုချစ်ရတာ
သံပရာသီးတစ်လုံးကိုဖျော်သောက်နေရတာနဲ့တူတယ်
ကိုယ်သောက်တာကသံပရာရည်တော့ သံပရာရည်ပဲ
အချစ်ဆိုတဲ့အပိုဆာဒါးလေးကြောင့် သံပရာရည်ဟာ အသားကုန်သောက်ကောင်းနေတယ်
အားလုံးလည်းကုန်သွားရော
ချဉ်စုပ်နေတဲ့ သံပရာသီးခြမ်းဖတ်သာကျန်တော့တယ်
အဲ့ဒီ့သံပရာခြမ်းကို တချို့က လွှင့်ပစ်ကြတယ်
တချို့ကတော့ ချဉ်သုပ်နေပေမယ့် အသုံးဝင်တယ်ဆိုပြီးသိမ်းထားကြတုန်းပဲ
ငှက်ကလေးရေ
ငါကတော့ ဒီသံပရာရည်ကို မကုန်အောင်လို့ ဖြည်းဖြည်းချင်းပဲသောက်မယ်ကွာ်
ငှက်ကလေး ယုံတယ်ဟုတ်။

Friday, 15 March 2013

ငှက်ကလေးတစ်ကောင်အတွက် ..(၃)


(၁)
ဟော့ဒီကောင်းကင်အောက်မှာ ငှက်ကလေးတစ်ကောင်၊သစ်ပင်တစ်ပင် မရည်ရွယ်ပဲ တွေ့ဆုံဖူးခဲ့တယ်။ ငှက်ကလေးကတော့ ခဏ လာနားတာပါပဲ။ သစ်ပင်လေးကတော့ တစ်သက်တာအတွက် ငှက်ကလေးကို မြတ်နိုးသွားမိသတဲ့။
သစ်ပင်အတွက် ငှက်ကလေးက အရာရာကိုရင်ဆိုင်နိုင်တဲ့ သူရဲကောင်း မှတ်ခဲ့မိတယ်။ နောက် သူရဲကောင်း ဖြစ်စေချင်ခဲ့တယ်။
တကယ်လည်း ငှက်ကလေးဟာ သူရဲကောင်းဖြစ်ခဲ့ပါတယ်။ သစ်ပင်လေး မြင်ခဲ့သမျှ အပြုအမှုတိုင်းမှာ ငှက်ကလေးဟာ သူရဲကောင်းဆန်တယ်။ ရင့်ကျက်တယ်။တွေးတတ်တယ်။ သားကောင်ရဲ့အနေအထားသိတဲ့ သိန်းစွန်ရဲတစ်ကောင်လို ရဲရင့်ခဲ့တယ်။ လင်းယုန်လို ကျက်သရေကြီးခြင်းများစွာနဲ့ မြင့်မြတ်ခဲ့တယ်။ ဒါပေမယ့် သစ်ပင်လေး မှားခဲ့တယ်။ ငှက်ကလေးကို အရိပ်လို လိုက်ကြည့်နေမှုဟာ ငှက်ကလေးရဲ့ စိတ်အားငယ်မှုတွေကို ထွင်းဖေါက်မြင်တတ်ခဲ့တယ်။ ငှက်ကလေးကို အရိပ်လို လိုက်ကြည့်နေမှုဟာ မှားခဲ့တယ်။ တကယ်ဆို ငှက်ကလေးဟာ သူ့ဝမ်းနည်းမှုတွေကို တခြားသူတွေကို မြင်စေချင်ရဲ့လား။ မမြင်စေချင်ပဲ သစ်ပင်လေးက မြင်ခဲ့တာဆိုရင်....။ သစ်ပင်လေးဒီအတွေးကြောင့် တကယ်ဝမ်းနည်းမိပါတယ်။ ဒါပေမယ့် သစ်ပင်လေး ပျော်တယ်။ ချစ်တဲ့သူရဲ့ စိတ်ခံစားချက်ကို သိခွင့်ရလိုက်တဲ့အတွက် သစ်ပင်လေး ပျော်မိတယ်။
ဟုတ်တယ်။သစ်ပင်လေး ပျော်မိပါတယ်။

Thursday, 14 March 2013

၁၄-၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ


(၁)
ငှက်ကလေးရေ
အိပ်ယာကထတော့
အလင်းတွေပြန့်နေတဲ့ နံနက်ခင်းက
လှနေတယ်
မြန်မြန်ထကြည့်ကွယ်

အခွင့်ရှိရင်
ငှက်ကလေးကြားအောင်
ကောင်းကင်ဆီအသားကုန်မော့ကြည့်ရင်း
အော်နှိုးပစ်ချင်ပါရဲ့
ခုတော့
ငှက်ကလေး အိပ်ယာကနိုးလိမ့်ဦးမယ်မထင်ဘူး။

Wednesday, 13 March 2013

၁၃-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ


၁၃-၃-၂၀၁၃ ၁၀း၁၄နံနက်
(၁)
ဒီအချိန်ဆို
ငှက်ကလေးအိပ်ယာကနိုးလုပေါ့
သူ အတောင်တွေဖြန့်နေပြီ
ကောင်းကင်ကြီးကိုမော့ကြည့်မယ်
ပြီးရင်တော့ သူ
ကောင်းကင်အနှံ့ခြေဆန့်တော့မယ်။
(၂)
ငါ့ရဲ့ငှက်ကလေးရေ
ခင်ဗျားဟာ
ငှက်ပေါက်စလေးမဟုတ်မှန်းသိပါရဲ့
ဒါပေမယ့်လည်း
ငှက်ပေါက်စလေးလို့ပဲ သတ်မှတ်ရင်း
နွေးထွေးချင်မိတယ်။

၁၂--၃--၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ


(၁)
ငှက်ကလေးရေ
ခပ်ရှုပ်ရှုပ်စိတ်တွေကို လင်းလက်ပေးပါဦး
ရှင်းလင်းပေးပါဦး
ဒီမနက်တော့
စူပုတ်ပုတ်မျက်နှာကို
ငါဆင်မြန်းမိတယ်

Tuesday, 12 March 2013

၁၁-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ


(၁)
နိုးထလာတဲ့ မနက်ခင်းမှာ
ကျွန်တော်အရင်ဆုံးသတိရလိုက်မိတာ
က..
..............................
...
.....................................

ဒီချိန်ဆို အိပ်မှုံစုတ်ဖွားနဲ့ ငှက်ကလေးဟာ
နှုတ်ခမ်းကြီးစူပုတ်ပုတ်လုပ်ရင်း
ဝေဟင်မှာ ပျံသန်းဖို့ ပြင်နေလောက်ပြီ
တွေ့ရာမြင်ရာကို
စူပုတ်ပုတ်နဲ့ ပြုံးပြလိမ့်မယ်
သူ့အပြုံးက စူပုတ်ပုတ်နဲ့ ချစ်ဖို့ကောင်းလိမ့်မယ်

ငှက်ကလေး တစ်ကောင်အတွက်..(၂)

ငှက်ကလေး တစ်ကောင်အတွက်..(၂)


(က)
ငှက်ကလေးရေ။။။။။။။။။။။။။။။
သစ်ပင်လေးတစ်ပင်က လွမ်းနေကြောင်း ငှက်ကလေး သိပါစေ။ တခါတခါကျ ကိုယ့်အလွမ်းကြောင့် ငှက်ကလေးများ စိတ်အနှောင့်အယှက်ဖြစ်လေမလား။ အားနာမိသားကွယ်။ ဒါပေမယ့်လည်း အလွမ်းဆိုတာ တားဆီးရနိုင်ကောင်းတဲ့ အထဲမှာမှ မပါတာ။ ကိုယ် လွမ်းနေပါရစေ။
ငှက်ကလေးရေ။ ငှက်ကလေးနဲ့ ကိုယ်နဲ့ တွေ့ဆုံခြင်းမှာ မာယာမပါခဲ့မှန်းတော့ ငှက်ကလေး သိလိမ့်မယ်။ ရိုးသားမှုတစ်ခုရယ်၊ တားဆီးဖို့ မေ့လျော့သွားတဲ့ သံယောဇဉ်အမျှင်တန်းမှုရယ်။ နောက် ငှက်ကလေးနဲ့ကိုယ်ရဲ့ ဘဝဖြစ်စဉ်တွေ ဖလှယ်ခဲ့မိကြတယ်။ ဒါပါပဲ။ တွေ့ဆုံမှုမှာ ရည်ရွယ်ချက်ရှိရှိနဲ့ လိမ်ညာမှုတွေ၊ လှည့်စားမှုတွေ ဘာအဓိပ္ပါယ်မှ မပါခဲ့ဘူး။ ရိုးသားမှုတွေ ကိုယ်စီနဲ့ တစ်ချက်တစ်ချက်အသံမြည်လိုက်၊ တစ်ချက်တစ်ချက် တိတ်ဆိတ်သွားလိုက်နဲ့ သံစဉ်မညီတဲ့ စကားဝိုင်းတစ်ခု။ အဲ့ဒီစကားဝိုင်းမှာ ကိုယ်ဟာ နှလုံးသားကို မြုပ်နှံမိခဲ့တယ်။

Sunday, 10 March 2013

၁၀-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ

(၁)
ကောင်းကင်က
ကြယ်ကိုလိုအပ်တယ်
နေကိုလိုအပ်တယ်
လမင်းကို လိုအပ်တယ်
လိုအပ်တယ်လို့
စကားတွေမဆိုမိဘူး
ကောင်းကင်ခမျာ
ကမ္ဘာကြီးကို မိုးပေးဖို့ လုံးပမ်းနေမိလို့ပါ

ငှက်ကလေးရေ
ကိုယ်လည်း ငှက်ကလေးကိုလိုအပ်တယ်
ဒါပေမယ့်
လိုအပ်တယ်မဆိုမိဘူး
ငှက်ကလေးစိတ်ရှုပ်သွားမှာ စိုးရိမ်မိလို့ပါ

Saturday, 9 March 2013

၉-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ


(၁)
ငှက်ကလေးက ကျွန်တော့်ရဲ့ ကမ္ဘာသစ်ပါ
သူ ရှိတဲ့နေရာမှာ ကျွန်တော်ပျော်တယ်
ငှက်ကလေးက ကျွန်တော့်ရဲ့ မှော်ဆရာပါ
သူပြုစားသမျှ ကျွန်တော် ကျေနပ်တယ်
ငှက်ကလေးက ကျွန်တော့်ရဲ့ အိပ်မက်သခင်ပါ
သူပါမှ အိပ်မက်တွေဟာ ပိုလှလာတယ်

ငှက်ကလေးကို ငေးနေမိတဲ့ ကျွန်တော်က
မေခနဲ့ မလိခကိုအားကျတယ်
တချိန်ချိန်တော့ ငှက်ကလေး
ကျွန်တော့်လက်ဖျံမှာ လာနားစေချင်မိ
ငှက်ကလေးကို တမ်းတနေတဲ့ ကျွန်တော်က
i will be right here သီချင်းလေးကို တိုးတိုးလေးဆိုညည်းချင်နေမိ
တချိန်ချိန်တော့ သူကြားလိမ့်မယ်

၈--၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

(၁)
မနေ့က အိပ်မက်မှာ ငှက်ကလေးကို စိတ်ဆိုးဆိုးနဲ့ မေ့ထားတယ်
ဒီနေ့ ငှက်ကလေးကို လွမ်းတယ်း)

ငှက်ကလေးက ငှက်ကလေးပါပဲလေ
သူ့အိပ်မက်မှာ ကိုယ်ပါခွင့်မရှိဘူး
ကိုယ့်အိပ်မက်မှာ သူမပါဖို့လည်း တားခွင့်မရှိဘူး
တကယ်ဆို
နှလုံးသားရဲ့ စေစားခြင်းခံနေရမှတော့
ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ဟာ
ငှက်ကလေးကို တမ်းတခြင်းနယ်ပယ်မှာပဲ ရှိတော့တယ်။

Wednesday, 27 February 2013

“ငှက်ကလေးတစ်ကောင် အတွက်”

ဟော့ဒီ့နေရာလေးက သဲမွမွလေးတွေနဲ့ ဖုံးအုပ်ခံထားရတဲ့ မြေပြင်။ ဟော့ဟိုနေရာလေးမှာက ပုရွက်ဆိတ်လေးတွေ အုံဖွဲ့လို့ တက်ညီလက်ညီ လမ်းလျှောက်နေကြတာ။ အသိုက်ဆီ လျှောက်လိုက်၊ အစာရှာလိုက်နဲ့လေ။
ဟော့ဒီမှာက ကျွန်တော်။ ကျွန်တော် ဆိုတဲ့ သစ်ပင်။ ကျွန်တော့်လက်တွေမှာက လူကြီးတစ်ယောက်ရဲ့ လက်မလောက်ရှည်တဲ့ အဆူးတွေ ပြည့်နှက်နေတယ်။ အဆူး တိုတိုလေးတွေလည်း ရှိတာပါပဲ။ ကျွန်တော့် ခန္ဓာကိုယ်ရဲ့ အရွက်တွေက ရှည်လျားလျားတွေ။ ကလေးတချို့ပြောကြတာတော့ ဘာတဲ့။ စိန်ပန်းပင်ရဲ့ အရွက်လိုပဲ။ ကျစ်ဆံမြီးကျစ်ဆော့လို့ရသတဲ့။
ဟော ကျွန်တော် မျှော်ကြည့်နေကြ အချိန်တစ်ခုရောက်လာပြီ။ နံနက်ခင်းက သယ်ဆောင်လာတာလား။ဒါမှမဟုတ် နံနက်ခင်းကို သယ်ဆောင်လာတဲ့သူလို့ပဲ ပြောရမလား မသိတဲ့ နေမင်းကြီးဟာကောင်းကင်ပေါ်ကို တစစနဲ့ တက်သွားနေတာ လှလိုက်တာ။ ဒီမြင်ကွင်းလေးဟာ လှလွန်းလို့ ကျွန်တော့်လိုပဲ လေပြေလေးတွေတောင်  ရပ်တန့်ငေးမောနေလေရဲ့။ လှလိုက်တဲ့ နံနက်ခင်းကြီးရေ ကြိုဆိုပါတယ်လို့လည်း ကျွန်တော် တိုးဖွဖွရွတ်ဆိုမိလိုက်သေးတယ်။

Sunday, 17 February 2013

သိပ်မကြာခင်ရောက်လာတော့မည့် အချိန်တစ်ခုအတွက် ..

၂၇>>>>၂၈
၂၈-၆

<<<<၄>>>>>

ဂဏန်းတွေနဲ့ ကစားချင်တိုင်းကစားနေတာမဟုတ်ဘူး
တကယ်ဆို သူတို့က ငါ့ကို ကစားသွားတာ
မပြိုင်နိုင်ပါဘူးဆိုကာမှပဲ
အနိုင်ချည်း ပိုင်းသွားကြတာ
တကယ်ပါပဲ ၁ ဂဏန်းကိုမုန်းတယ်
၂၈ ဂဏန်းကို မုန်းတယ်
ဘာမဟုတ်ညာမဟုတ်