Saturday 3 May 2014

ရင်စူးမြား

---+++---
(၁)
“မြား..။ ဒါ မြားလား။”
မပီမသ ရေရွတ်မိလိုက်တယ်။ မှန်သားကိုယ်စီဖုံးအုပ်ထားတဲ့ မျက်ဝန်းအစုံရဲ့ ထပ်တူကျအကြည့်ဟာ လေးနက်ဖေါက်ဝင်သွားမတက်။ မျက်သားဖြူဖြူထက်က မျက်နက်ဝန်းတွေကိုကြည့်ရင်း ကိုယ့်မျက်လုံးကို ပြန်ဆွဲထုတ်ရတာ ခက်တယ်။ ကားအနက်ကို မှီလို့ လက်ပိုက်ရပ်နေတဲ့ သူ့ဟန်ပန်ဟာ ကိုယ့်အတွက် ဘာတစ်ခုမှ အဓိပ္ပါယ် မရှိပါဘူး။ အဓိပ္ပါယ်ရှိလိုက်တာကသူ့မျက်ဝန်းနဲ့ ထပ်တူကျ သွားစိုက်လိုက်မိတဲ့ ကိုယ့်မျက်ဝန်းတွေ။
မျက်ဝန်းနှစ်ခု တကယ်ဆုံစည်းပြီဆိုရင် အခုလို လေးနက်သွားတဲ့ ခံစားမှုမျိုးရှိကြောင်း သိတာ ဒါ ပထမဆုံးပဲ။ သူ့မျက်ဝန်းနဲ့ ကိုယ့်မျက်ဝန်းမှာ ဘာအဓိပ္ပါယ်မှ မပါ ပါဘဲ ထပ်တူကျဆုံစည်းမိလိုက်ရုံလေးနဲ့ ဒီလောက်ထိ လေးနက်သွားသတဲ့လား။ နှလုံးသားမှာ ရစ်သိုင်းလာတဲ့ လေးလေးပင်ပင်နဲ့ ငြိမ့်ညောင်းလာတဲ့ တိမ်သားလေးတွေ။ ဒါဘယ်လိုခံစားချက်မျိုးလဲ။ ဟင့်အင်း။ ကိုယ် အဓိပ္ပါယ်မဖေါ်တတ်ဘူး။
မျက်ဝန်းတွေ ဆုံဖူးတယ်။ သိပ်ဆုံဖူးတယ်။ ပူလောင်နေတဲ့ မျက်ဝန်းတွေကို ကိုယ်က ပူလောင်နေတဲ့ မျက်ဝန်းတွေနဲ့ကြည့်ဖူးတယ်။ ဒါပေမယ့် ထပ်တူမကျဘူး။ အေးစက်နေတဲ့ မျက်ဝန်းတွေကို ကိုယ် ပူလောင်နေတဲ့ မျက်ဝန်းတွေနဲ့ကြည့်ဖူးတယ်။ အရောင်တွေ ထပ်တူမကျခဲ့ဘူး။ ခု ကျွဲကော်ကိုင်းလို့ ခေါ်မလား။ မျက်မှန်အနက်ရောင်အောက်က မျက်ဝန်းတွေမှာ ကိုယ့်မျက်ဝန်းတွေက ထပ်တူကျသွားစိုက်နေခဲ့သတဲ့။ကပြာကသီပြန်လွှဲလိုက်ပေမယ့် မျက်သားဖြူဖြူနဲ့ မျက်နက်စေ့လေးဟာ ကိုယ့်နှလုံးသားထဲပါလာတယ်။ ဘယ်လို ရှောင်ရမယ်မှန်းကို မသိဘူး။
ဒီနေ့ ပန်းဆိုးတန်းမှာ မျက်ဝန်းတစ်စုံနဲ့ တွေ့ခဲ့တယ် လို့ ဒိုင်ယာရီစရေးကြည့်ရင် ကောင်းမလားဟင်။ အဟင်း ကိုယ်ဆိုတာ စာရေးချင်ပေမယ့် စိတ်ကူးယဉ်ဆန်ဆန် နုလှနေတတ်တဲ့သူမှမဟုတ်ဘဲ။ ကိုယ့်စိတ်ကူးကို ချက်ချင်းပဲ ပယ်ဖျက်လိုက်မိတယ်။
--+++---