Monday 27 May 2013

အချစ်တဲ့လေ.......




“စိမ်းလဲ့ ခု ဘယ်နားမှာလဲ ငါ မမြင်ရဘူး”

သူ့ စကားကြောင့် ကျွန်မ ပြုံးလိုက်မိရင်း လက်ကလေးတစ်ဖက် မြှောက်ကာ ဝှေ့ယမ်းပြလိုက်မသည်။

“နောက်တည့်တည့်ကို လှည့်ကြည့် သစ်ပင်ပုလေး ဘေးမှာ ရပ်နေတယ် တွေ့လား ဒီမှာ ဒီမှာ ဒီကို ကြည့်”
တွေ့ပြီဆို တာ သေချာတော့မှ ဖုန်းကို ပိတ်လိုက်ရင်း မုန့်ဆိုင်ဝယ် ဘာမုန့်စားရင်ကောင်းမလဲ ဟု ရွေးနေလိုက်သည်။ သူ ဆိုလျှင်ကော ဘာမုန့်ကြိုက်လေမလဲ ဟုလည်းတွေးရင်း..။

အနားသို့ရောက်လာသော သူ့ကို မုန့်စားရန် ခေါ်တော့ ကိုယ်တော်က မစားတဲ့။ဘာတက်နိုင်မလဲ လေ။ သူ မစားတော့ ကျွန်မပဲ စားရတော့တာပေါ့။ သူကတော့အနားဝယ် ရပ်ရင်း ကျွန်မ မုန့်စားနေသည်ကို ကြည့်နေသည်။ ကဲ မင်္ဂလာဈေးကိုတော့ သူ့ကို ခေါ်ပြီးပြီ။ ပြီးရင် သူ့ကို ဘယ်လိုပုံပြောင်းရင် ကောင်းမလဲ ဆိုသည့် အတွေးကို တရစပ်တွေးရင်း အလုပ်ရှုပ်နေလိုက်သည်။

သူဆိုသည်က ကျွန်မ၏ ချစ်သူ မမည်သော ချစ်ရသူ။

သူက ကျွန်မနှင့် ကျောင်းနေဘက် ငယ်သူငယ်ချင်း တစ်ဦးဖြစ်သည်။ သူ့ကို ကြည့်လိုက်တိုင်း တီရှပ်နှင့် ဂျင်းပြာ သို့မဟုတ် စတစ်ကော်လာနှင့် ပုဆိုး စသဖြင့် ရိုးရိုးကြီးသာ ဝတ်ဆင်တတ်သည်။ ရန်ကုန်သို့ ယခုမှ တက်လာသည့် တောသားပင်လျှင်သူ့ထက် ခေတ်မှီဦးမည်။ သူကတော့ ဟိုးငယ်စဉ်ကတည်းက ခုထိ ရိုးရိုးတုံးတုံးပဲ ဝတ်ဆင်တတ်သလို စကားပြောလျှင်လည်း တန်ဆာဆင်မပြောတတ်။ ဒုတ်ထိုးအိုးပေါက် ပြောတတ်သဖြင့် သူငယ်ချင်းများကြားဝယ် ရဝေ နှင့် စကားပြောဖို့ ဆို ကြောက်တတ်ကြသည်။

ဆံပင်ဆိုလျှင်လည်း ထားပါ့လား သူများတွေလို လီယိုနာဒိုကေမျိုး။ ခုတော့ ဒွေးကေကနေကို မတက်။ ကြည့်လိုက်တိုင်း စစ်သားတစ်ပိုင်းဖြစ်နေသည်။ ဒီကြားထဲ သူ့လက်ဖက်ရည်ဆိုင်ကို မသွားလိုက်နှင့်။ သွားလိုက်တာနှင့် သူ့ကိုကြည့်၍ ကျွန်မချစ်မိတာ သူအစစ်လား ဟု တွေးကာ အံ့သြမိသည်ထိ နေပုံထိုင်ပုံက ပစ္စလက်ခက်နိုင်လွန်းသည်။ ရွှေနဂါးလက်ဖက်ခြောက်တံဆိပ်စွပ်ကျယ်နွမ်းနွမ်းနှင့် ပုဆိုးကိုတိုတိုဝတ်၍ အကြော်ဆရာလုပ်လိုက်၊ အဖျော်ဆရာဖြစ်လိုက် ပြေးလွှားနေသည်မှာ ကျွန်မကိုပင် စကားမပြောနိုင်အောင်ဖြစ်ရသည်။

ကျွန်မ၏ ချစ်ရသူက လူပုံကသာ တုံးသော်လည်းဥာဏ်ကတော့ ထက်သည်။ အချိန်ရှိသ၍ သူ့လက်ဖက်ရည်ဆိုင်လေးကို ဘယ်လိုတိုးတက်အောင်လုပ်ရင်ကောင်းမလဲသာ စဉ်းစားနေတတ်သည်။ သူလိုပုံတုံးကို ဘာ့ကြောင့်များချစ်မိသွားပါလိမ့်ဟု စဉ်းစားတိုင်း ကျွန်မ စိတ်ညစ်မိရသည်။

အဘယ့်ကြောင့်ဆိုသော် သူ့ကို ချစ်မိသည့် ကျွန်မသည် သူနှင့် လက်ထပ်ဖို့ရာတော့ ယောင်ယောင်လေးမျှ စိတ်မကူးမိ။ ကိုယ်တိုင်က အိမ်မှာအငယ်ဆုံးမို့ အလိုလိုက်ခံထားရသည့်အတွက် အိမ်မှုကိစ္စကလည်း မကျွမ်းကျင်။ မီးဖိုချောင်ကို ခဏလေးဝင်ဖို့ မပြင်လိုက်နှင့်။ ကိုကိုကြီး၏ မိန်းမက အဝင်မခံ။ ဒီကြားထဲ အိမ်မှာ ခိုင်းဖို့ ကောင်မလေးတစ်ယောက်ပါ ခေါ်ထားတော့ ပိုဆိုးသည်။ ဒီထက်ပိုအရေးကြီးတာက ကျွန်မ၏ အသက် ၃၀ ပြည့်တော့မည် ဖြစ်သည်။ ဆုတ်ကပ်ကြီးထဲ လူတစ်ယောက်ဟာ ဘာပယောဂမျှ မပါပဲ အသက်ရှည်နိုင်ဦးတော့။ အလွန်ဆုံး ၆၀ ပေါ့။ လက်ကျန်အနှစ် ၃၀ ကို တခြားတစ်ယောက်အတွက် ရှင်သန်မလား။ ဒါမှမဟုတ် ကိုယ့်တစ်ယောက်တည်းနေရင်း မိသားစု၏ ချစ်ခြင်းဖြင့် ရှင်သန်မလားဟုမေးလျှင် ကျွန်မကတော့ ဒုတိယတစ်ခုကို ရွေးချင်သည်။ အချစ်တစ်ခုတည်းနှင့် လက်ထပ်ဖို့မစဉ်းစားဝံ့ပါ။ အိမ်ထောင်ဆိုသည့်အတိုင်း အိမ်ဆိုသည့် ထောင်ကြီးဖြစ်မှာ စိုးကြောက်ပါသည်။ ထို့ကြောင့်လည်း ယနေ့တိုင် အဖြေမပေးရသေးခြင်းဖြစ်သည်။ သို့သော် သူ့ကို ကျွန်မ ချစ်သည်။

ထိုပုံတုံးကြီးက ကျွန်မကို ချစ်သဝဏ်လွှာပေးတော့လည်း မဆန်းပြားခဲ့။ နှစ်ယောက်သား လမ်းမှာတွေ့စဉ် ငယ်သူငယ်ချင်းအချို့အကြောင်းစကားဆိုနေခိုက်ဝယ်
“စိမ်းလဲ့ ငါ နင့်ကို ချစ်နေတယ်ဟာ” ဟုဆိုရင်း စက်ဘီးကို အသော့နှင်ကာ ပြေးလေတော့၏။ ကျန်ရစ်ခဲ့သူ ကျွန်မမှာသာကိုယ်ဘာကြားလိုက်လဲ ဆိုတာကိုသာအသေအချာပြန်စဉ်းစားရင် ရင်တွေ တဒိုင်းဒိုင်းခုန်ခဲ့ရတာဖြစ်၏။ ထိုပုံတုံးကြီးက နောက်ပိုင်းဆုံစဉ်များမှာတော့ အဖြေပေးဟာ ဟုပြောဖို့တော့ မရှက်တတ်ခဲ့ပြန်။ ငယ်သူငယ်ချင်းအရင်းခေါက်ခေါက်တွေ ဆိုတော့လည်း သူ့ကို မငြင်းရက်ခဲ့။ သို့သော် ချစ်တယ်ဟု မသေချာသေးသောကြောင့် စဉ်းစားမယ် ဟုသာ ဖြေခဲ့မိသည်။ ယခုတော့..။ သူဖွင့်ပြောသည့်နေ့မှစ၍ ယနေ့ တိုင် ငါးလအတွင်း သူ့ကို ချစ်သွားအောင် ဘယ်လိုများ ပြုစားလိုက်ပါသလဲ။ ကျွန်မ သူ့ကို ချစ်နေသည်ကတော့ သေချာနေသည်။

“ဟော ဟင်းရည်ကုန်နေပြီလေ သွားကြအောင် ဘာတွေတွေးနေတာလဲ”
သူ့စကားသံကြားမှ လက်ရှိအချိန်သို့ပြန်ရောက်ရင်း သူနှင့်အတူ ဈေးထဲသို့ ဝင်သွားမိတော့သည်။ ကျွန်မရဲ့ ပုံတုံးကြီးကတော့ သူ့စတိုင်အတိုင်း တီရှပ်အပြာရောင်ကို ဂျင်းအပြာနှင့် တစ်ကိုယ်လုံး ပြာတာတာ ဝတ်ဆင်ထားကာ မျက်နှာက ရှစ်ခေါက်ချိုးဖြင့်။
(-)

“စိမ်းလဲ့ အဖြေပေးတော့ဟာ ၇ လတောင် ပြည့်တော့မယ် နင် ငါ့ကို ခုထိ အဖြေမပေးသေးဘူး”
“အေးလေ စိမ်းလဲ့ရယ် ငါ့တောင် ကလေးနှစ်ယောက်ရနေပြီ နင်တို့က ဘာလုပ်နေတာလဲ ပေးလိုက်တော့ မြန်မြန် တစ်ခါတည်း လက်ထပ်မယ်လို့”

ရဝေ့စကားကို ထောက်ခံလိုက်သော နွေးနွေးကို မျက်စောင်းထိုးမိရင်း ရဝေ့ကို ကြည့်မိတော့ သူက တကယ်ကို မျှော်လင့်တကြီးမျက်လုံးများနှင့် ကြည့်နေသည်။ ဒီနေ့မှ ငယ်သူငယ်ချင်းများ ပြန်တွေ့ဆုံဖြစ်ကြခြင်းပင်။ နွေးနွေးကလည်း တနင်္ဂနွေအားသည်။ ရဲကို ကလည်း တနင်္ဂနွေအားသည်ဟုဆိုကာ ရဝေတစ်ယောက် ငယ်သူငယ်ချင်းလေးယောက်ဆုံဖို့ ဖန်တီးခြင်းပင်။ ပထမတော့ မရိပ်မိလိုက်။ ခုမှ ရိပ်မိရတော့သည်။ ကျွန်မ၏ ချစ်သူ ပုံတုံးကြီးက သူငယ်ချင်းတွေ အစုံအလင်နှင့် ကျွန်မဆီက အဖြေကို ရဖို့ ကြိုးပမ်းခြင်းပင်မဟုတ်ပါလား။

အရင်လို ပုံတုံးကြီးတော့မဟုတ်တော့။ မင်္ဂလာဈေးမှာ ရှပ်အရောင်စုံများနှင့် တွဲဖက်ကာ ဂျင်းဘောင်းဘီ၊ စတိုင်ဘောင်းဘီတို့ကို ဝတ်ဆင်လာတတ်ပြီမို့ ယခုထိုင်နေသည့် အအေးဆိုင်မှကောင်မလေးကတောင် သူ့ကို တငေးငေးနှင့် မဟုတ်ပါလား။ ဒွေးကေဆံပင်ကလည်း အနည်းငယ်ရှည်လာပြီဆိုတော့နဖူးဝယ် ဝဲကျနေသည့် ဆံစလေးများဖြင့် သူ့ပုံစံသည် တိုင်တန်းနစ်မင်းသား လီယိုနာဒိုထက်ပင် ပို၍ ကြည့်ကောင်းနေသေးတော့သည်။

“ဟော ဘာကြည့်နေတာလဲ ရက်တစ်ရက်ရက် သတ်မှတ်ပေးတော့ဟာ နင်နဲ့ငါလည်း အသက် ၃၀ ပြည့်တော့မယ် ဒီထက်အသက်ကြီးသွားရင်မကောင်းဘူး”
ရုတ်တရက် ရဝေပြောလိုက်သည့် စကားကြောင့် စကားပြန်ပြောဖို့လုပ်နေသည့် ကျွန်မ တွန့်သွားတော့၏။ ချစ်သူတွေ ဖြစ်ပြီးပြီးချင်း လက်ထပ်ဖို့တော့ မပြောလောက်ပါဘူး ဟု တွေးလိုက်မိသော်လည်း စိတ်ဝယ် မရေရာ။ ရဝေဆိုသည့် ပုံတုံးကြီးက ဖြစ်ချင်ပြီဆိုလျှင် ဇွတ် ဟူသည့် လူစားမျိုးဖြစ်သည်မို့ အဖြေပြန်ပေးဖို့ရာပင် ခပ်ကြောက်ကြောက်ဖြစ်နေမိတော့၏။ သို့သော်…။
“နင့်မွေးနေ့မှာ အဖြေပေးမယ်လေ မလိုတော့ပါဘူး ၁၅ ရက်လောက်ပဲလေ ဟုတ်ပြီလား”

ကျေနပ်ပြုံးနှင့် ခေါင်းငြိတ်ပြနေသော သူ့မျက်နှာကိုကြည့်ရင်း ပြောခဲ့သော စကားအတွက် နောင်တကို ခဏဖယ်ထားလိုက်မိသည်။

“နေပါဦး နေပါဦး မင်းတို့အကြောင်းချည်းမလုပ်နဲ့ဦး ငါလည်း ပြောစရာရှိသေးတယ် နောက်တစ်ပတ်ဆို ငါ့မင်္ဂလာဆောင် အဲဒါလေးလည်း ဖိတ်ချင်လို့ ငါ့ကောင်မလေး ဘယ်လောက်ချောလဲ လာကြည့်ကြပေါ့ကွာ လက်ဖွဲ့မပါလည်း ရတယ်နော် လူမလာမှ ငါက ရှင်ခန်းဖြတ်ပစ်မယ်ဆိုတာ နားလည်ထား”

ရဲကို ပြောစကားကြောင့် ကျွန်မ၊ သူနှင့် နွေနွေးတို့ သုံးယောက်သား ဟေးခနဲ အော်လိုက်မိရင်း ရဲကို၏ ကောင်မလေးအကြောင်းများကို ဝိုင်းမေးမိကြတော့၏။ ကျွန်မတို့လေးယောက်တွင် နွေးနွေးက အစောဆုံးအိမ်ထောင်ကျသွားပြီး ရဲကိုကတော့ ခုမှ ဆိုင်းမဆင့်ဗုံမပါ ပြောချလာခြင်းဖြစ်၏။
“ဘယ်မှာဆောင်မှာလဲ”
“မေးနေစရာလားဟ တောင်ဒဂုံမှာ မင်္ဂလာဆောင်မယ်ဆိုပါမှ  နယူးဝမ်းမင်္ဂလာခန်းမပေါ့ကွ”
ရဲကိုစကားကြောင့် ပြုံးလိုက်မိရင်း
“မင်္ဂလာဆောင်အတွက် ဘယ်လောက်ကုန်သွားလဲ”
“၁၀ လောက် ထိ သွားတယ်ဟ”
“ဟေ ၁၀သိန်းတောင်”

ရဲကို၏ အဖြေစကားကို ကြားလိုက်စဉ်တွင် ရဝေက ထအော်လိုက်မှုကြောင့် ကျွန်မပင် လန့်ဖျတ်သွားသည်။
“နှမြောစရာကြီးကွာ ငါသာဆို အလုပ်ထဲပဲ ဖြည့်ပစ်မှာ..”
“မင်းကလဲကွာ တစ်သက်မှာတစ်ခါပဲ ဆောင်ရတာကို ငါ့ကောင်မလေးက စာရင်းရုံးက အကြီးတန်းအရာရှိကွ ဒီလောက်တော့ လုပ်ပေးရမှာပေါ့ နောက်ပြီး ငါ့ထက်လည်း အသက်ငယ်တယ်ကွ ညီမလေးစိတ်ကြိုက် ခန်းမပေါ့ကွာ”

ရဲကို၏ အဖြေစကားထက် ရဝေ့အသံသာ နားထဲ စွဲကျန်ခဲ့သည်။ နှမြောစရာကြီး တဲ့လေ။ ကျွန်မက အသုံးကြမ်းတဲ့သူ။ အိမ်ကို ပြန်ပေးစရာမလိုတိုင်း ရသမျှလခက တစ်ယောက်ထဲ ပတ်သုံးနေတာဖြစ်သည်။ စတိုးဆိုင်တစ်ခု၏မန်နေဂျာ ဖြစ်သော ကျွန်မ၏ လခသည် တစ်သိန်းခွဲရှိသော်လည်း လစဉ် ဘယ်တော့မှ ကျန်သည်ရယ်မရှိ။ ကျွန်မ၏ အကျင့်ကိုက မင်္ဂလာဈေးကို တစ်ပတ်လျှင် တစ်ခါလောက်တော့ သွားကိုသွားရမှဖြစ်သည်။ ဒါမှမဟုတ် ကုန်တိုက်များတွင် တစ်လတစ်ခါရောက်၍ အနည်းဆုံး သုံးလေးသောင်းဖိုးတော့ ဝယ်သည်သာဖြစ်၏။ အင်း အဖြေပေးဖို့ကတော့ ခပ်လန့်လန့်ပဲဟုတွေးရင်းမရည်ရွယ်ပါပဲသက်ပြင်းရှိုက်လိုက်မိ၏။
(-)

“ကဲ ငါ့မွေးနေ့အတွက် ဘုရားလည်းဖူးပြီးပြီ နင့်ဆီက အဖြေတောင်းဖို့ပဲ ကျန်တော့တယ် ဖြေတော့ ”
ကျွန်မကို ရွှန်းရွှန်းစားစားကြည့်ကာ စကားဆိုလာသော သူ့ကို ကြည့်ရင်း ကျွန်မ တွေဝေနေမိသည်။ ချစ်တယ်ဆိုတာကို ဖွင့်ဟဝန်ခံလိုက်ဖို့ သတ္တိရှိသော်လည်း နောက်ဆက်တွဲ လက်ထပ်ဖို့ဆိုလျှင်……..။

“ဟိတ်”
“အမယ်လေး ချစ်တယ် ချစ်တယ်”
ရုတ်တရက် ခြောက်လိုက်သော သူ့အသံကြောင့် လန့်ဖျတ်ကာ ဖြေလိုက်မိသည်။ ပြီးမှ အဖြေပေးလိုက်ကြောင်း အသိဝင်ကာ သူ့မျက်နှာကို ရဲရဲမကြည့်ရဲတော့။ သူကတော့ “အဟား”ဟု ရယ်ရင်း ကျွန်မမျက်နှာကိုသာ တစိုက်မတ်မတ်လိုက်ငေးနေတော့သည်။ “ပျော်လိုက်တာ စိမ်းလဲ့ရာ” ဆိုတဲ့စကားကိုလည်း နှုတ်ဖျားမှ ခဏခဏရွတ်ရင်း။
အပြန်ဘက်စ်ကားစီးတော့လည်း တပါးသူနှင့် ထိမှာစိုးလို့ဟုဆိုကာ သူ့ကိုယ်နှင့်ကာထားသည်။ ထိုင်ခုံရတော့မှ အသက်ရှုချောင်တော့သည်။ သူက နေရာကို အလျှင်အမြန်ဦးပေးကာ ထိုင်ခိုင်းသည့်ဟန်က ရယ်ချင်စရာ။ ကျွန်မဘေးမှ နောက်တစ်ယောက်ပါ ထသွားတော့မှ သူဝင်ထိုင်လို့ရတော့သည်။ “လက်ထပ်ဖို့စကားကို မဆိုပါစေနဲ့ မဆိုလောက်ပါဘူး” ဟု ကြိတ်၍ ဆုတောင်းနေမှုများကြောင့် ပြင်ပ လောကကို သတိမထားလိုက်။ သတိထားမိချိန်မှာတော့ ကျွန်မရဲ့ ညာဘက်လက်သန်းလေးကို တစ်စုံတစ်ယောက်က သူ၏လက်သန်းလေးနှင့် ချိတ်ဖို့ပြင်နေတာဖြစ်သည်။ သို့သော် မထိရဲထိရဲ၊ မတို့ရဲတို့ရဲဟန်နှင့် ရပ်လိုက် ပြန်ချိတ်ကြည့်လိုက်ပြင်နေသည်။ ထိုတစ်စုံတစ်ယောက်ကတော့ ကျွန်မ၏ လက်လက်ဆတ်ဆတ်ချစ်သူကြီး ရဝေ။ သူ့ကို ပြုံးကြည့်လိုက်မိရင်း သူ့လက်ကို ဆွဲကာ ကိုင်ထားလိုက်တော့ သူ့အပြုံးက တောက်ပသွား၏။
ကျွန်မရဲ့ ချစ်သူ လူရိုးပုံတုံးလေးနှင့် သိခဲ့သည့်တစ်လျှောက်ဝယ် ချစ်သူရှိဖူးသည်ဟု မကြားဖူးသလို မိန်းကလေးကိစ္စအရှုပ်အရှင်းလည်း ကင်းရှင်းပြန်သေးသည်။ လက်ဖက်ရည်ဆိုင်ဖွင့်ထားသည့်သူက ရှားရှားပါးပါးပင် ဆေးလိပ်လည်းမကြိုက်၊ ကွမ်းလည်းမစား။ ငယ်စဉ်က သူ့အဖေ၏ အရက်သောက်မူးယစ်ရန်းကားမှုဒဏ်ခံခဲ့ဖူး၍ သေရည်သေရက်ကိုလည်း ရှောင်ကြဉ်ပါ၏ တဲ့လေ။ ကြည့်ပါဦး။ ဒီလောက်ကောင်းတဲ့ ယောင်္ကျားကို ဘယ်မှာသွားရှာရမလဲ။ လောင်းကစားကျတော့ စိတ်မဝင်စား။ သေချာပေါက် အမြတ်ရမယ့် ကိစ္စကလွဲလို့ အလောင်းအစားဝါသနာမပါဘူး ဟူသည်မှာ သူ့ရဲ့ ပြောမြဲစကားဖြစ်၏။
ကားဂိတ်မှအဆင်း တဖွဲဖွဲကျနေသော မိုးစက်လေးတွေနှင့် ထိတွေ့လိုက်ရတော့ လူကလန်းဆန်းသွား၏ တကိုယ်လုံးစိုရွှဲလောက်အောင်ထိ မပြင်းသော မိုးစက်လေးများကြားဝယ် ကျွန်မ လမ်းလျှောက်ချင်မိသည်။ ကျွန်မချစ်သည့် သူနှင့်တူတူဆိုတော့ ပို၍ပကင် လမ်းလျှောက်ချင်သေးသည်ပေါ့။ သူ့လက်ကိုဆွဲကာ အိမ်ပြန်လမ်းသို့ ဦးတည်လိုက်သော ကျွန်မအနောက်သို့ သူပါမလာပြန်။ ကျောက်၇ုပ်ကြီးလို ရပ်နေသဖြင့်လည့်ကြည့်လိုက်တော့ သူ့ကျောပိုးအိတ်ကို ဖွင့်၍ ထီးထုတ်ကာ ထီးဆောင်းဖို့ပြင်နေသည်မို့ ကျွန်မ နှာခေါင်းရှုံ့သွားမိသည်။
“သိပ်အများကြီးလည်း မစိုနိုင်ပါဘူးဟ ထီးမဆောင်းပဲ လမ်းလျှောက်ကြအောင်လေနော်”
“မိုးဖွဲပေမဲ့လည်း ခေါင်းကိုစိုရင် မကောင်းဘူး ဖျားတတ်တာပဲ အခန့်မသင့်ရင် သန်းဥတွေတောင် ပွားနိုင်သေးတယ် လာခဲ့ လာ”
သူ၏ ထီးအမိုးအောက်သို့ဇွတ်ဆွဲခေါ်နေသော သူ့ကို ကျွန်မဘာမျှ မပြောလိုတော့။ ဒါ ချစ်သူနှစ်ဦးတဲ့လားကွယ်။ တကယ်ဆို စိတ်ဓါတ်ချင်းတိုက်ဆိုင်တာ ဘာမှမရှိပါပဲနဲ့။
(-)
“ဟေ့ ငါတို့ ခုတက်ရမဲ့ ရှစ်တန်းအေက ဆရာက အရိုက်ကြမ်းတယ်တဲ့ဟ သတိထားကြနော် နောက်ပြီး အပြောလည်းကြမ်းတယ် တဲ့ စာအသင်အပြကတော့ တကယ်ကောင်းတာတဲ့ ”
“ဟုတ်လား ရဲကို အရိုက်ကြမ်းတယ်ဆို ရှစ်တန်းဘီကို ပြောင်းလို့ရရင်ကောင်းမလားမသိဘူး ”
ငိုမဲ့မဲ့နှင့် ပြောလာသော နွေးနွေးစကားကြောင့် ကျွန်မတို့သုံးယောက်ဝိုင်းရယ်လိုက်မိရင်း
“ကိုယ်မှ အမှားမလုပ်တာ ဘာကြောက်စရာလိုလဲဟ ကျက်ခိုင်းတဲ့စာကို ရအောင်ကျက် တွက်ခိုင်းတဲ့ စာကို ရအောင်တွက် ဟော ကိုယ့်အသင်းအလှည့်ရောက်ရင် သန့်ရှင်းရေးကို ပီပြင်အောင်လုပ် ကိုယ့်တာဝန်ကိုယ် ကျေပွန်ရင် ပြီးတာပဲ ကြောက်တဲ့သူတွေက ကိုယ့်တာဝန်ကိုယ် မကျေပွန်တဲ့ အပြစ်လုပ်ထားသူတွေဟ”
စကားကြီးစကားကျယ်ဆိုလာသော ရဝေ့ကို မျက်စောင်းထိုးလိုက်မိရင်း
“အဲသလောက်ထိ ကြီးကြီးကျယ်ကျယ်ပြောဖို့ မလိုပါဘူးလေ နွေးနွေးရယ် ငါတို့က လိမ္မာတဲ့ ကျောင်းသူတွေပဲမဟုတ်လား အရင်က ဘယ်နှစ်ခါ အရိုက်ခံခဲ့ရဖူးသလဲ ပြန်စဉ်းစားကြည့်စမ်း ခုကော ဘာလို့အရိုက်ခံရမှာလဲ အရင်လိုပဲ ကိုယ့်အလုပ်ကိုယ်လုပ်ရုံဟုတ်လား မကြောက်နဲ့”

အတိတ်က ဆွေးနွေးပွဲလေးကို ပြန်စဉ်းစားမိရင်း ကျွန်မ ပြုံးမိသည်။ ထိုနေ့ကနွေးနွေးကြောက်သလို ဆရာက အရိုက်မကြမ်းခဲ့ပါ။ နောက်ရက်များတွင်လည်း ကျောင်းသားဆိုးများမှလွဲ၍ ကျွန်မတို့ အဖွဲ့ အရိုက်မခံခဲ့ရ။ မကြောက်သည့်အပြင် ကျူရှင်တက်တော့လည်း ဆရာ့ဆီမှာ တက်ခဲ့ကြသည်။ ရဝေ၊နွေးနွေးလှိုင်၊ ရဲကိုနှင့် ကျွန်မတို့သည် ဟိုးငယ်စဉ်ကလေးဘဝကတည်းက ခင်မင်ခဲ့သော အဖွဲ့ဖြစ်ကာအလယ်တန်းကျောင်းတတ်တော့လည်း ထိုကျောင်းလေးသို့ အတူတကွ ပြောင်းရွေ့ဖြစ်ခဲ့ကြသည်။ အထက်တန်းတက်တော့လည်းအတူတူ၊ တက္ကသိုလ်တက်တော့မှ မေဂျာကွဲသူကွဲ၊ အဝေးသင်ယူသူယူနှင့် မဆုံဖြစ်ကြတော့ခြင်းဖြစ်သည်။ ကျောင်းပြီးဘွဲ့ရသည့်နောက်ပိုင်းပိုဆိုးတော့သည်။ အလုပ်ကိုယ်စီနှင့် ဆုံဖို့ကို မနည်းအချိန်ယူကြရ၏။
မိုးရေစက်များကြားထဲ ကျွန်မတို့ လေးယောက် အတူလမ်းလျှောက်ဖူးသည်။ မိုးဖွဲလေးထဲလည်း အမိုးအကာမပါပဲ လမ်းလျှောက်ဖူးသည်။ မိုးသည်းထဲလည်း လမ်းလျှောက်ဖူးသည်။ နေပူကျဲတဲလည်း ထီးမဆောင်းပဲ လမ်းလျှောက်ဖူးသည်။ ဖြူစင်သော သံယောဇဉ်တို့နှင့် အတူတကွလျှောက်ခဲ့သော လမ်းတို့သည် ယခုပြန်စဉ်းစားသည့်တိုင် ကြည်နူးလွမ်းဆွတ်ဖွယ်ကောင်းလျှက်ရှိတဲ။ သို့သော် အဖြူရောင်။ ထိုအဖြူရောင်ဝယ် စိတ်ထေးမှုတို့ရှိခဲ့သော်လည်း ချက်ချင်းပြန်လျှော်နိုင်ခဲ့သည်။
ယခု ကျွန်မရဲ့စိတ်တွေ ညစ်ထေးနေသည်။ ချစ်သူ ဆိုသည့် တွယ်ယှက်မှုလေးတစ်ခုကြောင့် ညစ်ထေးနေမှန်းသိသည်။ ကျွန်မ သူ့ကို မချစ်လို့လား။ မဟုတ်။ မဟုတ်ပါ။ ချစ်လွန်း၍ သဝန်များပင် တိုပါသေးသည်။ သူ့အောင်မြင်မှုတို့ကိုလည်း ကျေနပ်ပါသေးသည်။ အလုပ်တွေရှုပ်၍ သူစိတ်ပန်းလူပန်းဖြစ်ချိန်ဆိုလျှင် ကျွန်မက သူ့ကိုကြည့်၍ ပိုမိုစိတ်ညစ်ရသည်မဟုတ်ပါလား။ ချစ်ရသူကို ပျော်ရွှင်စေချင်သည့် ဆန္ဒလေးနှင့် အပြင်သို့ခေါ်ထုတ်ကာ ဘုရားဖူးသွားဖို့ ခေါ်ဖူးသည်။ ကစားကွင်းသွားဖို့ခေါ်ဖူးသည်။ သို့သော် သူ့မှာ ဆိုင်ကို နေ့တစ်ဝက်လောက်ထားခဲ့ရပြီဆိုလျှင်တောင် စိတ်မချချင်တော့။ အမေတစ်ယောက်တည်းနဲ့အလုပ်သမားတွေကို ထိန်းနိုင်မှာမဟုတ်ဘူးဆိုကာ ပြန်ပြေးသည်ချည်းသာ။
သူ့ဘက်က ကျွန်မကို လက်ထပ်ဖို့က လွယ်လွန်းလှသည်။ အန်တီကလည်း ကျွန်မကိုတွေ့တိုင်း အမြဲပြောတတ်သည်။ အမေတစ်ခုသားတစ်ခုဘဝဝယ် ခြောက်ကပ်လွန်းသဖြင့် သူ့သားကို ကျွန်မပဲ လက်ထပ်ယူလိုက်ပါတော့ တဲ့။ ဒါက ချစ်သူမဖြစ်ခင်ကာလကတည်းကဖြစ်သည်။ ယခုလိုများ ချစ်သူဖြစ်သွားပြီဆိုတာသာသိလျှင် ချက်ချင်းလာတောင်းလိမ့်မလားမသိ။ အတွေးနှင့် အလန့်တကြား သူ့ထံ ဖုန်းကောက်ဆက်လိုက်မိတော့သည်။
“ဟယ်လို ဘာလဲ လွမ်းလို့လား ချစ်”
“ဘာချစ်လဲ နေဦး မနောက်နဲ့ဦး မှာစရာရှိလို့”
“ဘာမှာ မှာလဲ စိမ်းလဲ့ရဲ့”
“ဟိုလေ ဒို့နှစ်ယောက် ချစ်သူ ဖြစ်သွားတာဘယ်သူ့မှ မပြောနဲ့ဦးနော် အန်တီ့လည်း မပြောနဲ့ ရဲကိုနဲ့ နွေးလည်း မပြောနဲ့ဦး ခဏလေး ခဏလေးနော် ပြောမယ်ဆိုလည်း ငါပြောပြီးမှ နင်ပြောနော် ခုတော့ ဘယ်သူ့မှ မပြောနဲ့ဦး”
“ဟာ ဘာလို့လဲ စိမ်းရ ငါက ခုတောင် အမေ့ကို ဖွင့်ပြောမလို့လုပ်နေတာကို”
“မရဘူး ကတိပေး ငါ့ကို တကယ်ချစ်တယ်ဆိုရင် ကတိပေး”
“ဟင်း အေးပါဟာ အေးပါ ကတိပေးတယ် ကတိကတိ”
“တာ့တာ”
“မွမွ”
အိုး ဖုန်းထဲမှ မွမွဆိုသည့်အသံနှင့်ပင် ကျွန်မ မျက်နှာတစ်ခုလုံး ထူပူသွားလိုက်တာ။ ကောင်စုတ်ရဝေ ဟုလည်း ရေရွတ်မိလိုက်ရင်း…။
(-)

“ယောင်္ကျားတွေ ဘာ့ကြောင့် မိန်းမယူချင်သလဲဆိုတာကို အခုမှနားလည်လာပြီ တခြား သူတို့ အလိုဆန္ဒတွေ ရမ္မက်တွေ ပါချင်လည်းပါမှာပေါ့လေ အဓိက ကတော့ ပိုက်ဆံပေးစရာမလိုပဲနဲ့ကို ကျွန်တစ်ယောက်ရလိုက်တာပဲမဟုတ်လား သူတို့ရှုပ်သမျှကို နောက်ကနေဒိုင်ခံလိုက်သိမ်းနေတဲ့သူတစ်ယောက် ကောက်ရလိုက်တာမျိုးပဲမဟုတ်လား တနေကုန် အိမ်မှာ အလုပ်လုပ်နေတဲ့ င့ါကိုမှ မသနားမညှာတာ သူက ဘီယာဆိုင်မှာ ပန်းကုံးသွားစွပ်သတဲ့ စဉ်းစားကြည့်ပါဦး ပြောပြန်တော့လည်း သူတို့ဘက်ကချည်းအမှန် တခါတလေလေး စိတ်ဖြေတာဘာညာနဲ့ ပြောလိုက်ရမကောင်းဘူး”

ပွစိပွစိရွတ်နေသော နွေးနွေးကိုကြည့်ရင်း ကျွန်မလည်း စိတ်တွေ ညစ်ညူးလာမိသည်။ တချိန်မှာ ရဝေကော အဲဒီလိုဖြစ်မလာနိုင်ဘူးလား။ ရဝေကကော ….။
“ဒါ့ထက် နင်ကော ရဝေ့ကို အဖြေပေးပြီးပြီလား ပေးပြီးပြီဆိုရင်လည်း အချင်းချင်းတွေ လျှိုမထားနဲ့ ပြောပြဦး ”
“အေးပါဟာ အေးပါ ပြောပြပါ့မယ်”

“နောက် နင်တို့လက်ထပ်မယ်ဆိုရင် မင်္ဂလာမဆောင်ခင်ကတည်းက တစ်ခါတည်းပြောထား အိမ်အလုပ်တွေကို နှစ်ယောက်တူတူလုပ်ဖို့ ကလေးထိန်းတဲ့အခါမှာလည်း ကလေးဝေယျာဝစ္စတွေက နှစ်ယောက်လုံးရဲ့ အလုပ် ဖြစ်တယ်ဆိုတာ..”
“ဟဲ့ နွေးနွေး တော်သင့်ပြီဟယ်”

ကျွန်မ၏တားမြစ်စကားကြားမှ ဒေါ်ရွှေနွေးနွေးက တသောသောရယ်ရင်း ထပြန်တော့သည်။
“အဟား အေးဟ ငါကလည်း အပျိုကြီးကို ပေါက်တတ်ကရတွေ သွားပြောနေတာကိုး ပြန်တော့မယ်ဟယ် သမီးကြီးကို ကျောင်းသွားကြိုရတော့မယ် သူတို့ ကျူရှင်က ဒီချိန်လောက်သွားမှ တော်ကာကျတာ ပေါက်တတ်ကရဆိုပေမဲ့ငါပြောတာတွေ မမေ့နဲ့နော်”
ပြန်သည့်သူကတော့ ပြန်သွားချေပြီ။ကျန်ခဲ့သည့် ကျွန်မမှာတော့ သူပေးခဲ့သည် အတွေးများစွာနှင့် ဝေခွဲမရခြင်းများစွာ။ အလုပ်ကပြန်ရောက်ရောက်ချင်း ဒေါ်ရွှေနွေးက ပေါက်ချလာကာ ရင်ဖွင့်နေခြင်းပင်။ အဝိတ်အစားတောင် မလဲရသေး။ သူပြောသမျှ ထိုင်နားထောင်နေခဲ့ရတာဖြစ်သည်။

“တကယ်ပါ ချစ်တယ် ချစ်တယ် ကိုယ်မင်းကို ရင်ခွင်မှာ လွမ်းတာ လွမ်းတာ သိစေလို မင်းအတွက်ဆိုရင် ..”
တဒီဒီနှင့်အတူ အသံမြည်လာသော ဖုန်းလေးကြောင့် ခေါ်ဆိုသူကိုကြည့်လိုက်တော့ သူ၊ ရဝေ။
“စိမ်းလဲ့ နဒီ အအေးဆိုင်ကို ခုလာခဲ့နော် အမြန်အမြန် ခုံနံပါတ် ၃၀ ”
ရော် အဖြေတောင် ပြန်မစောင့်ပဲ ချက်ချင်းဖုန်းချသွားသော သူ့ကြောင့် ဘာ့ကြောင့်ပါလိမ့်ဟု အလောတကြီးတွေးနေမိရင်း အပြင်သွားဖို့ပြင်ဆင်ရပြန်သည်။ နဒီအအေးဆိုင်ဆိုသည်က ကျွန်မတို့အိမ်နှင့် သူ့လက်ဖက်ရည်ဆိုင်ကြားက အအေးဆိုင်လေး။ ခြံဝန်းလေးဖြင့် ဖွင့်ထားသော အအေးဆိုင်လေးဖြစ်ပြီး အိမ်ထဲတွင်ထိုင်ချင်လည်းရသလို အိမ်ပြင်ခြံဝင်းတွင်ထိုင်ချင်လည်း ရပြန်သေးသည်။ စားပွဲဝိုင်းလေးတွေကိုလည်း အမှတ်စဉ်နှင့် ထားထားသည်မို့ သူနှင့် ကျွန်မဆုံဖြစ်တိုင်း ထိုင်ဖြစ်ကြသည်က အမှတ်စဉ် ၂၈။ ခုကျတော့ ၃၀ တဲ့။
ကဲကြည့်။ သူပဲ ဖုန်းဆက်ချိန်းထားပြီး သူပဲနောက်ကျနေပြန်သည်။ ကျွန်မဘက်က မီးစိမ်းပြလိုက်တယ်ဆိုတော့ ကျွန်မကို အဖြေမရခင်ကလောက် ဂရုမစိုက်တော့ဘူးဆိုတဲ့သဘောပေါ့။ တွေးရင်းတွေးရင်း စိတ်တို့တိုလာသည်။ တော်ပြီ ထပြန်တော့မယ် ဟုတွေးရင်း ထရပ်လိုက်မိစဉ်…။

“ဟက်ပီဘက်သ်ဒေး တူယူ ဟက်ပီဘက်သ်ဒေး တူယူ”

အသံထွက်ပေါ်လာရာကြည့်လိုက်တော့ ကျွန်မထိုင်ရာစားပွဲဝိုင်းလေးဝယ် ဖုန်းလေးတစ်လုံးချထားသည်ကိုတွေ့ရသည်။ အလှပန်းခြင်းလေးထဲထည့်ထားသည်ဆိုတော့ ပန်းများနှင့်ကွယ်ကာ မမြင်ရခြင်းပင်။ ဆိုင်ရှင်ကိုသတိပေးမှပါဟု တွေးရင်း ဖုန်းလေးကို ကောက်ကိုင်လိုက်သည်။ ထိုအချိန်မှာပင် ရဝေရောက်ရှိလာသည်။ ရိုးရိုးတော့မဟုတ်။ မွေးနေ့ကိတ်တင်ထားသော လင်ဗန်းတစ်ခုကို ကိုင်လျက်…။

“ပျော်ရွှင်ဖွယ်ရာမွေးနေ့လေးဖြစ်ပါစေ ချစ်”

အိုး ဒီနေ့ ကျွန်မ မွေးနေ့ပဲ။ အသက်၃၀ ပြည့်မွေးနေ့။ သူ့မွေးနေ့နှင့် ကျွန်မမွေးနေ့က ၃လသာ ခြားသည်မဟုတ်ပါလား။ ဒါဆို သူနှင့်ကျွန်မ၏ ချစ်သူသက်တမ်း ၃ လပြည့်ပြီပေါ့။ ကိုယ်ကိုယ်တိုင် အလုပ်တွေနှင့် လုံးချာလည်လိုက်နေသည့် ကျွန်မ မွေးနေ့ကို အမှတ်တရမရှိခဲ့။ ကျွန်မတို့အိမ်တွင်လည်း မွေးနေ့ဆိုသည်မှာ အသက်တစ်နှစ်ကြီးသွားသည်ဆိုသည့် ယူဆချက်ကလွဲလို့ တခုတ်တရ မထားတတ်ပေ။ သည်တော့ မွေးနေ့ကို မေ့နေမိသည်။

“မွေးနေ့အတွက်များဟာ နက်ဖြန်အလုပ်ပိတ်ရက်မှ ခေါ်လည်းရတာပဲကို ဒီနေ့ စတိုးဆိုင်မှာ အရမ်းပင်ပန်းလာတာ အရောင်းသမားတွေ ပေါက်တတ်ကရလုပ်သမျှကို မျက်စိဒေါက်ထောက်ကြည့်လာရတာ ပင်ပန်းလှပြီ ဒီနေ့ကောင်းကောင်းနားမလို့လုပ်ထားတာကို မိရွှေနွေးက နှိပ်စက်လိုက် နင်ကနှိပ်စက်လိုက်နဲ့ ဘယ်ချိန်မှ အနားယူရမလဲမသိဘူး”

စိတ်ထဲမှ စကားတို့ဆိုနေမိသော်လည်း ပြင်ပသို့ ထွက်မလာရက်။ သူ့လက်ဖက်ရည်ဆိုင်က ခုလိုည ၇ခွဲ ၈ ဆို အတော်ပင် လူကျသည်။ ဒီလိုအချိန်ကို သူတောင် ထားခဲ့သည်ဆိုတော့…။ သူက ကျွန်မလက်မှ ဖုန်းကို ပြန်ယူရင်း
“ဟက်ပီဘက်သ်ဒေးသီချင်းကို ရင်းတုန်းအဖြစ်ပြောင်းဖို့ အမ်ပီသရီးသီချင်းသွင်းတဲ့ဆိုင်မှာ အချိန်တော်တော်ပေးလိုက်ရတာ ဟူး”
“အော်”

ထိုစကားမှလွဲ၍ ပြန်ပြောစရာမရှိခဲ့။ သူက ကျွန်မမွေးနေ့ကို အမှတ်တရရှိသည်တဲ့လား။ အအေးဆိုင်ထဲမှာ မွေးနေ့ဖယောင်းတိုင်ကို မှုတ်ဖို့ပြင်တော့ ကျွန်မမှာ ဘေးပတ်ဝန်းကျင်ကို ကြည့်ရသေးသည်။ သူကတော့ ဂရုမထားဟန်နှင့်။
“ငါ နင်နဲ့ အတူနေချင်ပြီ လက်ထပ်ခွင့်ပေးမယ်မဟုတ်လား ဟင်”
စားလက်စမွေးနေ့ကိတ်က အများကြီးကျန်သေးသည်။ လက်မှာကလည်း ကိုင်ထားသေးသည်။ ဒီလိုအခြေအနေမျိုးနှင့် ဒီအဖြေကို ဘယ်လိုပေးမယ်ဆိုတာကို သူထည့်မတွက်ဘူးလားမသိ။  မုန့်ကို ပြန်ချလိုက်မိရင်း
“မုန့်စားနေတယ်လေ ရဝေ”
“ဖြေပါဟာ”
သူ့အသံကြားစဉ်ဝယ် ကျွန်မအသံတို့ တိုးလျော့လျော့နှင့် ပြောမိတော့သည်။

“ရဝေ ငါ ငါက အသုံးကြမ်းတယ်နော် ”
“ရတယ်”
“နောက်ပြီး မင်္ဂလာဆောင်မယ်ဆိုရင် မိန်းကလေးပီပီ မင်္ဂလာခန်းမမှာပဲ မင်္ဂလာဆောင်ချင်တယ် အနည်းဆုံးတော့ ၁၀သိန်းလောက်ကုန်မှာပဲ”
“အဲဒါလည်း ရတယ်”
“ငါ ငါက အိမ်မှုကိစ္စမကျွမ်းကျင်ဘူးဟ နင်သိတဲ့..”
“ကိစ္စမရှိဘူး ငါသင်ပေးမယ် ငါလည်း ကူပေးမယ်”
ကဲကြည့်။ အပျက်ဘက်က ပြောသမျှကို ခပ်ပြုံးပြုံးမျက်နှာနဲ့ ကျွန်မကိုကြည့်ပြီးဖြေနေတဲ့ သူ့ကို ဘယ်လိုငြင်းရမလဲ။

“မနက်ဆို နင့်အတွက် ငါကိုယ်တိုင် လက်ဖက်ရည်ဖျော်ပေးထားမယ် နင့်စားဖို့ အီကြာကွေးကို ငါကိုယ်တိုင်ကြော်ပေးမယ် လက်ထပ်ပြီးတာတောင် အလုပ်မထွက်ချင်သေးရင် နင့်အလုပ်ကို ငါကအသွားအပြန်ကြိုပို့လုပ်ပေးမယ် ညဆို နင်နဲ့ငါ ကောင်တာမှာတူတူထိုင်ပြီး ပိုက်ဆံရေကြတာပေါ့ မန်ယူပွဲလာတဲံအခါ အတူတူ လက်သီးလက်မောင်းတန်းပြီးအားပေးမယ် တခါတလေဆို နင့်ကို ငါကိုယ်တိုင် ခေါင်းလျှော်ပေးမယ် သြော် နင့်ကို ပြောဖို့မေ့နေသေးတယ် ငါနင့်ကိုချစ်ခဲ့တာ ဆယ်တန်းကတည်းကဟ သိလား နင့်ကို ဟိုကောင်နေမျိုး စာလိုက်ပေးတော့ ဆရာ့ကိုတိုင်လိုက်တာ ငါပေါ့…………………………………….”
ဟင့်အင်းကျွန်မ လက်မထပ်ချင်သေးဘူးနော်။ ဘယ်လိုငြင်းရမလဲ။ကျွန်မ လက်မထပ်ချင်သေးဘူး။ ဒါပေမဲ့ ကျွန်မကိုပြုံးကြည့်ပြီး ပြောနေတဲ့ သူ့ကို တိုးတိုးပြီးချစ်လာပြီ။ ဘယ်လိုလုပ်ရမလဲဟင်။

ရည်ဝေ(လင်းရောင်ခြည်)

2 comments:

ရတု said...

သူငယ်ချင်းချစ်သူ(ဝါ)လက်မထပ်ချင်ပါ..ဆိုတဲ့ခေါင်းစဉ်ကိုမြင်ကတည်းက ညစ်သွားတယ်..တီအက်စ်ပီရေးနေတာမဟုတ်ဘူးဆိုတာလေးလည်းသတိထားပါဦးဗျာ ၊ ဖြစ်နိုင်ရင်ခေါင်းစဉ်ကိုတစ်ခုပဲတိတိကျကျပေးတာအကောင်းဆုံးပဲ ။ ဇာတ်ကောင်နေရာမှာ ရဝေ တွေထပ်ထပ်နေတော့ဖတ်ရတာတစ်မျိုးပဲ ၊။(“ငါ နင်နဲ့ လက်ထပ်ချင်တယ် လက်ထပ်ခွင့်ပေးမယ်မဟုတ်လား ဟင်”)ဆိုတဲ့စကားလုံးအသုံးအနှုန်းကတော့ မသုံးကြလောက်ဘူးလို့ထင်မိတယ်(ကျုပ်အမြင်သက်သက်..မယုံရင်သယ်ရင်းအိမ်ထောင်ရှင်တွေဆီကပ်မေးကြည့်..အဲလိုပြော/မပြော) ။( ငါနင်နဲ့အတူနေချင်ပြီဟာ..ငါ့ကိုလက်ထပ်ခွင့်ပေးပါတော့...စသဖြင့် သုံးရင်အဆင်ပြေမယ်ထင်တာပဲ ၊ထင်တာပြောတာနော..လက်တွေ့တော့မပြောဖူးဘူး ။ စာလုံးပေါင်းတွေလည်းပြင်ပါဦး ။(အဓိက ကတော့ ပိုက်ဆံပေးစရာမလိုပဲနဲ့ကို ကျွန်တစ်ယောက်ရလိုက်တာပဲမဟုတ်လား) ဆိုတဲ့အသုံးအနှုန်းကတော့ အခုခေတ်နဲ့သိပ်အံမ၀င်သလိုပဲ။ မိန်းမရပြီးသား အစ်ကိုတွေကိုမေးကြည့်ကြည့်ပါ။အဲလိုဟုတ်/မဟုတ်။ ကဲဆက်ပြောနေရင်ကျုပ်ပဲငပွကြီးဖြစ်တော့မယ်။ပြောစရာတွေအများကြီးပဲ။ ၀တ္ထုက သာမန်အပျော်ဖတ်ထက်မပိုသလိုခံစားရတယ်။ (တိမ်ဖုံးတဲ့ကောင်းကင်..လိုမျိုး မက်ဆေ့ခ်ျ လည်းမကျန်ရစ်) တော်ပြီ..ဒီလောက်ပါပဲ..။အတွေးခိုင်ခိုင်နဲ့မက်ဆေ့ခ်ျကောင်းကောင်းပေးနိုင်မယ့်အရေးအသားများကိုဆက်လက်မျှော်လင့်နေပါကြောင်း..။

Unknown said...

ဟုတ်ကဲ့ ကျေးကျေးကမ္ဘာပါ ရတုရေ အပျော်ဖတ်ဝတ္ထုဆိုမပြင်တော့ပါး) ထပ်ထပ်အတွေးခိုင်မဲ့အရာကို ဆက်လက်စဉ်းစားမည်ဖြစ်ပါကြောင်းး))

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်