စပျစ်သီးကား ချဉ်မြဲချဉ်လျှက်…
ငယ်စဉ်ကာလ အင်္ဂလိပ်စာသင်ရိုးထဲက မရနိုင်သော စပျစ်သီးကို ချဉ်သည်ဟု
သတ်မှတ်ခဲ့ဖူးသည့် မြေခွေးကို ကျွန်တော် ပြက်ရယ်ပြုခဲ့ဖူးသည်။ သို့သော် ယခုတော့ မြေခွေးကို
နားလည်နိုင်ပြီထင့်။ သို့မဟုတ် တခါတရံ ကျွန်တော်ကိုယ်တိုင် မရွေးချယ်ရပါပဲ မာနကို မြှင့်တင်ရင်း၊
သိက္ခာကို အဖတ်ဆယ်ရင်း မြေခွေး၏နေရာသို့ရောက်သွားရသည်။ ထို့ကြောင့်သာ မြေခွေး၏ ဆုံးဖြတ်ချက်ကို
ပို၍နားလည်လာသည်ထင့်။ ယခုအချိန်တွင်သာထိုသင်ရိုးကိုပြ၍ မြေခွေးကိုလှောင်ဖို့ ကျွန်တော့်ကို
အဖေါ်စပ်လာပါက သေချာပါသည်။ ကျွန်တော်ငြင်းပယ်ပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော်ကျွန်တော်ကိုယ်တိုင်ကိုက
မြေခွေးတစ်ကောင်ဖြစ်နေသည် မဟုတ်ပါလား။
စပျစ်သီးခိုင်ကတော့ အပင်ပေါ်တွင် သူ့ဘာသာ
အမြင်တင့်လျှက်ရှိဆဲ၊ ကျွန်တော်တို့တွေကလည်း တစ်ခါမျှော်မှန်းရုံနဲ့ မရလျှင် ချဉ်သည်ဟု
အပြစ်ပြောတတ်ဆဲ။
စပျစ်သီးခိုင်ကို မရရုံမျှနှင့် ချဉ်သည်ဟု
ပြောခဲ့သော မြေခွေးသည် ပြက်ရယ်အပြုခံစရာလိုအပ်ပါသလား။ သူ့စိတ်ဓါတ်သည် အောက်တန်းကျသည်ဆိုသည့်စကားမျိုး
သုံးသင့်လေသလား။ တကယ်ဆို အဆိုပါမြေခွေးကို ကျွန်တော်တို့ အတုယူသင့်သည်မဟုတ်ပါလား။ ဖြစ်သင့်သည်ကို၊
ဖြစ်လာနိုင်သည်ကို သဘောပေါက်သွားသည့်အခါ တစ်ဖက်သားကို အပြစ်မြင်ခြင်းမျိုးမဟုတ်ပါပဲ
သူ့စိတ်သူ ခံစားရသက်သာအောင် စိတ် ဖြေလျော့ပေးသည့်အတတ်ပညာကို စောစီးစွာ တတ်ကျွမ်းသွားသူက
မြေခွေးမဟုတ်ပါလား။ တကယ်ကို အတုယူသင့်သည်ဟု ထင်ပါသည်။
စဉ်းစားကြည့်ကြပါစို့။
ကျွန်တော်သည် မြေခွေးတစ်ကောင်ဖြစ်သည်ဟု
စဉ်းစားကြည့်လိုက်သည်။ ထိုအခါ ကျွန်တော့်အရပ်နှင့် မမီသော စပျစ်သီးခိုင်သည် သူ့အလိုလို
ကြွေကျလာခြင်းမှလွဲ၍ တခြားနည်းဖြင့် ကျွန်တော့်လက်သို့ မရောက်နိုင်။ ထိုအခါ လက်လှမ်းမီရာစပျစ်သီးခိုင်ကိုသာ
ဆွဲယူရင်း မမီသော စပျစ်သီးခိုင်ကို အပြစ်တင်မိရတော့သည်။ တကယ်တော့ ကိုယ့်ကိုယ်ကို စိတ်ဖြေလျော့ပေးခဲ့ခြင်းသာ
ဖြစ်ပါသည်။
ထိုအချိန်ဝယ် ကျားရဲတစ်ကောင်နှင့် တွေ့မည်ဆိုပါစို့။
သေချာပါသည်။ကျွန်တော် ထွက်ပြေးရပေလိမ့်မည်။ သို့သော် ကျွန်တော့်နှုတ်ဖျားမှတော့ “အားမတန်လို့
မာန်လျော့တာပါကွာ” ဆိုသည့် စကားတစ်ခွန်းကတော့ မဖြစ်မနေထွက်သွားရပေလိမ့်မည်။ သို့မှသာ
ကျွန်တော် အရှက်ပြေလိမ့်မည် မဟုတ်ပါလား။
ထိုအချိန်ဝယ် ကျွန်တော့်လက်နှင့် အသာအယာဖမ်းယူ၍
ရသော သားကောင်ငယ်ကို တွေ့သည်ဆိုပါစို့။ ကျွန်တော့်မျက်နှာသည် မှိုရသော မျက်နှာဖြစ်၍
ထိုသားကောင်ငယ်ကို လက်ရဖမ်းဆီးကာ အောင်သေအောင်သားကို စားသုံးပေလိမ့်မည်။ ထို့ပြင်
“ငါဟဲ့ မြေခွေး”ဟုလည်း ဥဒါန်းကျူးရင့်မိဦးမည် မှာ သေချာပါသည်။
ကျွန်တော်တို့ဘဝဝယ် စာမေးပွဲပေါင်းများစွာ
ဖြေခဲ့ဖူးပါလိမ့်မည်။ တချို့နေရာတွင် ကျရှုံး၍ တချို့နေရာတွင် အောင်ခဲ့ဖူးလိမ့်မည်။
အောင်မြင်သည့်အခါမှာတော့ ဝမ်းသာကြပါလိမ့်မည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးခဲ့ကြလိမ့်မည်။
သို့သော်ကျရှုံးသည့်နေရာတွင်မူ တကယ့်အရှုံးကို လက်ခံလိုက်ရသည့်အခါ ရင်ဝယ် တဆစ်ဆစ်နာကျင်နေရပေသည်။
ထိုအခါမာနကို အဖေါ်စပ်ကာ သိက္ခာကို အဖတ်ဆည်ရတော့သည်။ “ငါတကယ်မကြိုးစားခဲ့လို့ပါကွာ”“ငါတကယ်မလိုချင်လို့ပါကွာ”
စသောစကားလုံးတို့နှင့် အဖတ်ဆယ်လို့ရသော နေရာများတွင် အဖတ်ဆည်ကာ မြေခွေးကဲ့သို့ ကျင့်သုံးရတော့သည်။
သို့သော် ကျွန်တော်တို့သည် အကြောင်းတိုက်ဆိုင်၍ တပါးသူကို အပြစ်ပြောသည့်သူတို့နှင့်
ကြုံတိုင်း “စပျစ်သီးကို ချဉ်တယ်ပြောတဲ့ မြေခွေးလို မကျင့်ကြံစမ်းပါနဲ့ကွာ” ဟုပြောတတ်ကြသည်။
တကယ်ဆို ကျွန်တော်တို့ကိုယ်တိုင် မြေခွေးအဖြစ်ရပ်တည်ခဲ့ဖူးသည်ကို မေ့လျော့နေတတ်ကြသည်။
မြေခွေးက စပျစ်သီးချဉ်သည့်အခါ စိတ်ဓါတ်မကောင်းသူဖြစ်၍ ကျွန်တော်တို့အတွက် စပျစ်သီးကချဉ်လာသည်အခါ
……။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျွန်တော် လူတစ်ယောက်ဖြစ်နေပါသည်။ သို့သော်
မြေခွေးတစ်ကောင်အဖြစ်ကိုလည်း အသွင်ပြောင်းတတ်ပါသည်။ မိတ်ဆွေ သင်ကော အသွင်ပြောင်းတတ်ပါသလား။
ကျွန်တော်တို့ ပတ်ဝန်းကျင်တွင်လည်း ကျွန်တော်ကဲ့သို့
လူမြေခွေးများ မနည်းမနောရှိလိမ့်မည်ထင့်။ သို့သော် ထိုလူမြေခွေးများကြားဝယ် စက္ကူဖြူလေးများ
တစွန်းတစပါနေတတ်သည်။ ထိုစက္ကူဖြူလေးများသည်လည်း တစ်ချိန်ဝယ် လူမြေခွေးများအဖြစ်သို့
အသွင်ပြောင်းလာပေလိမ့်မည်။ အဖြူရောင်ပကတိအတိုင်း ထင်ကျန်ခဲ့မည့် စက္ကူဖြူ တစ်ရွက်နှစ်ရွက်ကတော့ဖြင့်
ခြွင်းချက်အနေနှင့် ကျန်ရစ်ခဲ့ပေလိမ့်မည်။
ကျွန်တော် ထင်ပါသည်။ ထိုကဲ့သို့ စက္ကူဖြူအဖြစ်ကျန်ရစ်ခဲ့သူတို့သည်
ရိုးသားမှုကို ဘောင်ခတ်ဖို့ မေ့လျော့သူများသာဖြစ်လိမ့်မည်။ သူတို့၏ ရိုးသားမှုသည် အကန့်အသတ်မဲ့သွားသောအခါ
အရောင်အမျိုးမျိုးအစွန်းထင်ခံရသော်လည်း သိပ်မကြာမီပင် ပျက်ပြယ်၍ စက္ကူဖြူအဖြစ်သို့ ပြန်လည်ရောက်ရှိပေလိမ့်မည်။
ထိုအစွန်းအထင်းများကို အင်အားကြီးလှသည့် ဘောင်မဲ့ ရိုးသားမှုကပင် ပြန်လည်၍ ဖျက်ပေးသည်
ထင်မိ၏။
ရိုးသားမှုကို ဘောင်ဖြင့်ခတ်ထားသူတို့အတွက်ကတော့
ခတ်ထားသည့်ဘောင်ကို တစွန်းတစတိုက်လာရုံမျှဖြင့် အရောင်တို့စွန်းထင်းလာကာ နောက်ဆုံးဝယ်
သူသည်လည်း မာယာများသော တောမြေခွေးအသွင်သို့ ကူးပြောင်းလာပါလိမ့်မည်။
အကယ်၍များ ကျွန်တော့်ကိုစက္ကူဖြူအဖြစ်ပဲကျန်ခဲ့ချင်သလား၊
မြေခွေးအဖြစ်အသွင်ပြောင်းချင်သလား ဟုမေးလာပါက မဆိုင်းမတွပင် ပြန်ဖြေရပါလိမ့်မည်။ ကျွန်တော်
မြေခွေးတစ်ကောင်သာ ဖြစ်ချင်ပါသည်။ မြေခွေးသည် နာမည်ဆိုးသည်မှန်သော်လည်း မာယာများသည်ဟု
နာမည်ကြီးလှသော လောကကြီးနှင့် သဟဇာတကျစွာ နေထိုင်နိုင်သူဖြစ်သည် မဟုတ်ပါလား။ ကျွန်တော့်ဘဝတစ်လျှောက်ဝယ်
မြေခွေးကဲ့သို့ စိတ်ဖြေလျော့ခဲ့ခြင်းများ များစွာရှိခဲ့ပါသည်။ ထို့အတွက်လည်း ကျွန်တော်
နောင်တမရပါ။ မရချင်ပါ။ အနည်းဆုံးတော့ ကျွန်တော့်ဘက်က အကောင်းဆုံးကြိုးစားခဲ့သည် မဟုတ်ပါလား။
ယခု ကျွန်တော်လိုအပ်နေသော အရာတစ်ခုရှိပါသည်။
ထိုအရာကို ကျွန်တော် မရနိုင်မှန်း သေချာလာပါသည်။ တစ်နေ့တစ်ခြား ပို၍ပို၍ သေချာလာပါသည်။
ထိုအခါ ကျွန်တော့်အတွက် ထိုစပျစ်သီးသည် ချဉ်လာပါတော့သည်။ သေချာပါသည် ။ ယခုအချိန်ဝယ်
ကျွန်တော်သည် မြေခွေးတစ်ကောင်ဖြစ်နေလိမ့်မည်။ သို့သော် ကျွန်တော်ပျော်ပါသည်။ ကျွန်တော့်အတွက်မှ
ကွက်၍ ချဉ်နေသည့် စပျစ်သီးလေးကိုကြည့်ရင်း
ကျွန်တော်ပျော်နေပါသည်။ ဘာ့ကြောင့်ပျော်သလဲဟု မေးလိုပါက အဖြေအဆင်သင့်ရှိပါသည်။ ချဉ်သော
စပျစ်သီးကို ကျွန်တော်မစားလိုက်ရ၍ ဟုပင် ဖြစ်သည်။
စပျစ်သီးကား ချဉ်မြဲချဉ်လျှက်၊ ကျွန်တော်တို့သည်လည်း…………။
ရည်ဝေ