Saturday 30 March 2013

၃၀-၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

ငှက်ကလေးရေ
နှုတ်မဆက်ချင်ဘူး
ဝေးရမဲ့သူ ဆိုတဲ့အသိက
နှလုံးသားကို လာလာတိုးတယ်

ခက်တယ်
နှုတ်ဆက်ခြင်းကျင့်ဝတ်ကို
ငါ မေ့ပစ်မယ်
သစ်ပင်မပီသလည်း ရှိပါစေတော့

ငှက်ကလေးရေ
ပျော်ရဲ့လား
တီတီတာတာ စကားလေးတွေ
ဖေဖေါ်ဝါရီ ၁၄ ပိုင်ရှင်လေးနဲ့အတူ
သီကျူးနိုင်ပါစေ။

ချစ်သူလို့ တိုးဖွဖွခေါ်ကြည့်တော့
နှလုံးသားက ခုန်ဆွခုန်ဆွနဲ့
ငှက်ကလေးရေ
မင်းသိမလား
တကယ်ဆိုငါသာ ပန်းပွင့်ခွင့်ရှိရင်
မင်း ပျံသန်းမဲံ့ ကောင်းကင်လမ်းတစ်လျှောက်
ပန်းတွေ ဖွေးဖွေးလှုပ်အောင် ခြွေချထားမယ့်သူ
အဲဒီလောက်ထိ ရူးတယ်
ယုံ။

တိမ်သားထူထူတွေက
နေမင်းရဲ့အပူရှိန်ကို ထိန်းမထားနိုင်ရှာဘူး
များနေတဲ့ အလုပ်တွေက
ငှက်ကလေးအတွက် အလွမ်းကို သိမ်းမထားနိုင်ရှာဘူး
လွမ်းဖို့ ချစ်ခဲ့တာမဟုတ်ပေမယ့်
လွမ်းရင်းနဲ့ပဲ ပိုချစ်တတ်လာခဲ့တယ်

ငှက်ကလေးရေ
အလို့ ချစ်တဲ့အချစ်မှာ
မင်းက ငါ့ဇာတ်လိုက်
ငါရိုက်နေတဲ့ ဇာတ်ကားနာမည်က
အလွမ်းသစ်ပင် တဲ့လေ...။

၁၀၀ တဲ့
ခန့်ခန့်ထည်ထည်ကြီး ရယ်ပြနေတယ်
ငှက်ကလေးရေ
မင်းမသိပေမဲ့
မင်းအကြောင်းသိတဲ့သူတွေ ၁၀၀ရှိပြီတဲ့

ငှက်ကလေးရေ
ဒီစကားကို ကြားရင် မင်းရယ်ဦးမယ်
၁၀၀ ဆိုတဲ့ဂဏန်းလေးဟာ
မင်းနဲ့ကိုယ့်ကြားက ဝေးကွာမှု သင်္ကေတဆိုရင် ကိုယ် နီးဖို့ ကြိုးစားချင်တယ်

မင်းနဲ့ကိုယ့်ကြား ခြေလှမ်းတစ်ရာများ ကွာဝေးသလား
ပထမဆုံးခြေလှမ်းကိုမင်းစလှမ်းပေးပါ
ကျန်တဲ့ ၉၉လှမ်းကို ကိုယ်လှမ်းခဲ့ပါ့မယ်

ငှက်ကလေးရေ
လွမ်းတယ်ဟာ။

ငှက်ကလေးရေ
ကကြီးကို ကွေးကွေးဝိုင်းဝိုင်းလေး ရေးကြည့်မိတော့
လေးလံတဲ့အရာတွေကို ထမ်းပိုးထားတဲ့ ထမ်းပိုးလို့ထင်မိတယ်
ကိုယ့်ငှက်ကလေးကိုလေးလံတဲ့ အရာတွေ မထမ်းပိုးစေချင်ဘူး
ချစ်လွန်းလို့…ဆိုရင်
မိသစ်ပင် ပိုတယ်မပြောပါနဲ့
သူများတွေလို အပိုဆိုတာမဟုတ်ဘူး ရင်ထဲက အစစ်အမှန်…။

လွမ်းတယ်
လိုက်ကာကို ဖယ်ကြည့်လိုက်တော့ ပြတင်းပေါက်မှာ စာကလေးတစ်ကောင်
တာတမံကျိုးတဲ့ မျက်ရည်တံခါးဆိုတာကို ခုမှနားလည်မိ
ငှက်ကလေးရေ အလွမ်းကြောင့် မျက်ရည်ကျမိပြီ
ရေဆာရင် ငါ့မျက်ရည်မြစ်ကို သောက်လှည့်ပါး) ။

ငှက်ကလေးရေ
ရေ ဆိုအယ်လ်ပိုင်းမှ ကြိုက်တဲ့ငါ
နင့်ကြောင့်
ကိုယ်မကြိုက်တဲ့ တခြားတံဆိပ်ကို ပြောင်းသောက်တတ်ပြီ
သတိရတိုင်း နင်သောက်တဲံ တံဆိပ်ကိုရှာမိတယ်
တိတိပပ ပြောရရင်း)
ရ ကောက်ကို သဝေထိုးထားတဲ့ အသန့်ဆို ပေါ့
တယ် ဒီသစ်ပင် နောက်တီးနောက်တဲ့ လို့ မပြောနဲ့....
...........တကယ်ပြောတာ နင်အမြဲသောက်တတ်တဲ့ အရာ.........
............နင့်ကို သတိရတိုင်း ငါသောက်တယ်.................။

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်