Saturday 9 March 2013

၉-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ


(၁)
ငှက်ကလေးက ကျွန်တော့်ရဲ့ ကမ္ဘာသစ်ပါ
သူ ရှိတဲ့နေရာမှာ ကျွန်တော်ပျော်တယ်
ငှက်ကလေးက ကျွန်တော့်ရဲ့ မှော်ဆရာပါ
သူပြုစားသမျှ ကျွန်တော် ကျေနပ်တယ်
ငှက်ကလေးက ကျွန်တော့်ရဲ့ အိပ်မက်သခင်ပါ
သူပါမှ အိပ်မက်တွေဟာ ပိုလှလာတယ်

ငှက်ကလေးကို ငေးနေမိတဲ့ ကျွန်တော်က
မေခနဲ့ မလိခကိုအားကျတယ်
တချိန်ချိန်တော့ ငှက်ကလေး
ကျွန်တော့်လက်ဖျံမှာ လာနားစေချင်မိ
ငှက်ကလေးကို တမ်းတနေတဲ့ ကျွန်တော်က
i will be right here သီချင်းလေးကို တိုးတိုးလေးဆိုညည်းချင်နေမိ
တချိန်ချိန်တော့ သူကြားလိမ့်မယ်

ငှက်ကလေးကို မြတ်နိုးလွန်းတဲ့ ကျွန်တော်က
ကျွန်တော့်ကိုယ်ကျွန်တော် အလောင်ကျွမ်းခံချင်မိရင်း
ငှက်ကလေးအတွက် အနွေးဓါတ်ပေးချင်ခဲ့တယ်

ငှက်ကလေးရေ
ငှက်ကလေးကို တမ်းတခြင်းဟာ
ဘာလိုအင်ဆန္ဒပါလဲ စဉ်းစားတော့
ပြုံးမိတယ်
အချစ်မှာ လိုအင်ဆန္ဒမပါရင် ပျင်းဖို့ကောင်းသတဲ့
ကျွန်တော် ငှက်ကလေးရဲ့ ချစ်ခြင်းကို လိုအပ်တယ်

ဟုတ်ကဲ့
အခွင့်ရှိရင် ငှက်ကလေးရဲ့ ချစ်ခြင်းကို လိုအပ်ပါတယ်

(၂)
တိတ်ဆိတ်နေတဲ့ နေ့ခင်းက
ငှက်ကလေးကို ပိုပြီးတမ်းတစေတယ်
ငှက်ကလေးရေ
အလွမ်းဆိုတာ တားခွင့်မရှိတဲ့
မြစ်ပါပဲ
သူစီးချင်သလောက်စီး
အရှိန်အဟုန်ကို နှလုံးသားကထိန်းချုပ်တယ်
ခုတော့ ငှက်ကလေးကို လွမ်းတယ်။

ငှက်ကလေးက
ကိုယ့်အတွက် ကမ္ဘာတစ်ခုတည်ပေးခဲ့
ရိုးးသားတိတ်ဆိတ်လွန်းတဲ့ ကိုယ့်ကမ္ဘာဟာ
ငှက်ကလေးအတွက်နဲ့
အလွမ်းတွေ ညှို့ဆိုင်းလာရ
အချစ်တွေ နဲ့ ဝင်းလက်လာရ
ကြေကွဲမှုတွေနဲ့ ဖျော့တော့လာရ
ကမ္ဘာသစ်တစ်ခု တည်ဆောက်ဖြစ်ခဲ့တာ

တကယ်ဆို
သစ်ပင်ဟာ သစ်ပင်ရဲ့ ဖြစ်တည်မှုကို မေ့နေခဲ့ကြောင်း
ဝန်မခံချင်ခဲ့ဘူး
နှလုံးသားက ကမ္ဘာသစ်ကို ဖျက်ပစ်ရမှာကြောက်တယ်
ဒီကမ္ဘာသစ်က ငှက်ကလေးနဲ့မှ ဖြစ်တည်ခဲ့ရတာ
ဒီကမ္ဘာသစ်က ငှက်ကလေးက ကိုယ့်ကို ဖန်တီးပေးခဲ့တာ
ဘယ်လောက်ပဲ အလွမ်းတွေ ညှို့ဆိုင်းနေပါစေ
ငှက်ကလေးဖန်တီးပေးတဲ့ ကမ္ဘာသစ်ဟာ
ကိုယ့်ရဲ့ သုခ နန်းတော်ပါပဲ.....

အချစ်မရှိတဲ့ ကမ္ဘာထက်
ချစ်သူကို လွမ်းနေရတဲ့ကမ္ဘာက
ပိုပြီး ပြည့်စုံတယ်
ငှက်ကလေးရေ......
တိတ်တိတ်လေးပဲ လွမ်းတယ်

(၃)

ငှက်ကလေးက
ငှက်ကလေးက
ကလေးဆန်တယ်
တကယ်ဆို
ချစ်မိတာကိုက ကလေးဆန်နေလျော့သလား
ဒါမှမဟုတ်
အချစ်ကိုက စိတ်တွေ နုပျိုစေလျော့သလား
ဘာပဲဖြစ်ဖြစ် ငှက်ကလေးနဲ့ အချစ်က ကလေးဆန်တတ်တယ်

ငှက်ကလေးရေ
မန်ယူကို ငါနဲ့တူတူ ကြိုက်လှည့်ပါ
ငှက်ကလေးရေ
မင်းနဲ့တူတူ သရဲနီအတွက်လက်ခုပ်တီးချင်တယ်
ငှက်ကလေးရေ
ငှက်ကလေးရေ
ရင်နင့်အောင် ချစ်တယ်


(၄)

ငှက်ကလေးဟာ ငှက်ကလေးပါပဲ
သူ ကျွန်တော့်ကို ခပ်သောသော လေး ရယ်ပြတယ်
ဖွဖွလေး ပြုံးပြနေတယ်
သူ့စကားသံ ခပ်အက်အက်ဟာ
ကျွန်တော့် နှလုံးသားကို ဆွဲခါနေတယ်
ဒါတွေဟာ ငှက်ကလေးကို လွမ်းနေမိတဲ့ ကျွန်တော့် စိတ်ကူးထဲမှာ
လွမ်းတယ် လွမ်းတယ် လို့
ထပ်ခါထပ်ခါ မဆိုချင်တော့ဘူး
မြတ်နိုးခွင့်ပေးပါလို့ပဲ တောင်းဆိုပါရစေ
ငှက်ကလေးရေ.....
ငှက်ကလေးရေ
ငှက်ကလေးရေ......
“ဆာရာငဲ...”


(၅)
ငှက်ကလေးက အရောင်ပြောင်းလွယ်တယ်
ဒါပေမယ့်လည်း
သူလက်ခံထားတဲ့နဂိုအရောင်က
အဖြူရောင်
သူ ပြောင်းထားတဲ့ အရောင်မှန်သမျှဟာ
သူ့စိတ်မှာ မပြောင်းလဲတတ်ဘူးတဲ့
ငှက်ကလေးကို လေ့လာခြင်း အမှတ်စဉ်(၁)မှာ သိခဲ့ရတယ်

ငှက်ကလေးကို လေ့လာခြင်းအမှတ်စဉ်(၂)
သူစိတ်အားငယ်တတ်ကြောင်း ဖုံးကွယ်တတ်တယ်
သူ တစ်ခုခုကို လျှို့ဝှက်ထားတယ်
သူ စိတ်ထားလေး မြင့်မြတ်တယ်
သူ...
သူ....
တစ်ခုချင်းစီ လေ့လာနေမိတဲ့ ကျွန်တော့်ကို သူ ကောင်းကင်ကနေ အသံပြုသွားတယ်
လွမ်းလိုက်တာ ငှက်ကလေးရယ် .....



(၆)
ှုငှက်ကလေးရေ
လွမ်းတယ် အချစ်နဲ့ဘဝ ထပ်တူမကျကြတဲ့ အကြောင်းရင်းကို
ဗြဟ္မာကြီးတွေက ဘာ့ကြောင့်များ မျက်နှာလွဲခဲပစ်နေနိုင်ရက်ခဲ့သလဲ
တကယ်ဆို
အချစ်=ဘဝဆိုတဲ့ ရလဒ်လေးတော့ ရှိသည့်တယ်
ခုတော့ အားလုံးဟာ အနိမ့်အမြင့်မညီကြ
ဝေးနေကြရတဲ့ဘဝတွေ
ချစ်ကြသူတိုင်းနီးစေ့ချင်လိုက်တာ
ဘဝတစ်ခုလုံးရင်းပြီးဆုတောင်းချင်မိရဲ့
ဒီဆုတောင်းပြည့်တောင်
ကိုယ့်ရဲ့ ငှက်ကလေးကတော့
ကိုယ်နဲ့ဝေးနေဦးမယ်
ငှက်ကလေးရဲ့ ငှက်ကလေးအတွက်
မျက်ရည်နဲ့ ပျော်ရွှင်ပေးပါရစေ
ငှက်ကလေးရေ ...“ဆာရာ..ငဲ”



(၇)

ငှက်ကလေးကို မျှော်နေမိမယ့်
ကိုယ့်ကိုယ်ကို သိတယ်
ငှက်ကလေးကို လွမ်းနေမိမယ့်
ကိုယ့်စိတ်ကိုယ်သိတယ်
တကယ်ဆို
ငှက်ကလေးဟာ.......
ကိုယ့်အတွက် ဖန်ဆင်းရှင်မှန်း
သူ(သူ့ကိုယ်သူ) မသိဘူး
ငှက်ကလေးဟာ ကိုယ့်အတွက်
နှလုံးသားနယ်မြေကို ပိုင်စိုးသူဖြစ်မှန်း
သူ(သူ့ကိုယ်သူ) မသိဘူး
ငှက်ကလေးရေ
အလွမ်းဆိုတာ
ကြိုတင်လွမ်းတတ်တာရှိမှန်းလည်းသိရပြန်ပြီ
မဆွဲရသေးတဲ့ ဖဲတစ်ချပ်ဟာ ဂျိုကာဖြစ်မှန်းသိရင်ပျော်ကြသတဲ့
ကိုယ်ကတော့
ကိုယ့်ဆီမှာ ကပ်စရာပါမလာတဲံ့ ဖူးတစ်ကိုမှ ဆွဲမိလေတော့
ပိုက်ဆံဖဲဖြစ်လည်း မပျော်နိုင်ဘူး
တကယ်ဆို ငှက်ကလေးပဲ လိုအပ်တယ်

(၈)

ငှက်ကလေးက ပြောတယ်
ကျလိကျလိ ဆိုတဲ့စကားသံတွေ
နားမလည်လည်း ပြုံးပြီးနားထောင်ပစ်လိုက်မယ်
တကယ်ဆို ကိုယ့်ချစ်သူရဲ့စကားသံဟာ
ကိုယ်ကိုယ်တိုင်နားမလည်ခဲ့တောင်
နှလုံးသားရဲ့ စီးမျောမှုကြောင့်
ဥသြသံထက်သာယာတယ်
ဟော့ဒီနှလုံးသားက ချစ်ခြင်းက
အရာအားလုံးကို ခွင့်လွှတ်တတ်သတဲ့

တကယ်ဆို
သစ်ပင်မှာလည်း နှလုံးသားရှိခဲ့ကြောင်း
ငှက်ကလေးသိစေချင်ပါရဲ့
လွမ်းတယ် ငှက်ကလေးရယ်



(၉)

ငှက်ကလေးရေ
ကိုယ်စိတ်ညစ်တယ်
ငှက်ကလေးအတွက် ချစ်ခြင်းတရားတွေဟာ ခဏခဏအလှောင်ပြောင်ခံရတော့
ငှက်ကလေး စိတ်ရှုပ်မလား တွေးပူမိလာပြီ
တကယ်ဆို ငှက်ကလေးရယ်
ကိုယ့်ချစ်ခြင်းမှာ သက်ဆိုင်သူဟာ ငှက်ကလေးပဲရှိခဲ့တာ

ငှက်ကလေးရေ
ငှက်ကလေးအတွက် အိပ်မက်တွေဖန်ဆင်းပေးလိုမှုမှာ
ငှက်ကလေးနေပျော်ဖို့ဆိုတဲ့ အတွေးတစ်ခုပဲရှိခဲ့တယ်။
တစ်ခုပါပဲ။ ငှက်ကလေးပျော်ရင် ကိုယ်ပျော်မယ်
။ ငှက်ကလေးငိုရင် ကိုယ်ငိုမယ်။
ကိုယ်က ဘဝပေး အခြေအနေအရ
ဆင်ခြေဖုံးမြို့လေးရဲ့ ချောင်းတစ်ချောင်းဘေးမှာ
သစ်တစ်ပင်အဖြစ်ရပ်တည်နေခဲ့ရတယ်။
ငြင်းခွင့်မရှိတဲ့ ဘဝကို ဘယ်တုန်းကမှ စိတ်မပျက်ခဲ့ဖူးပါဘူး။
ဒါပေမယ့် ခုတော့ ဝမ်းနည်းတယ်။ ဟုတ်တယ်။ ဝမ်းနည်းတယ်။
ငှက်ကလေးရဲ့ လိုအင်ဆန္ဒပြည့်စုံဖို့ ကိုယ်ဟာ ဘာကိုမှ ဖြည့်ဆည်းခွင့်မရှိခဲ့ဘူး
။ ငှက်ကလေးပျော်ရွှင်ဖို့ ဖန်တီးပေးချင်နေမိတာဟာသစ်တစ်ပင်
ရဲ့ ရူးသွပ်မှုလို့ဆိုပါ။
ကိုယ် ရှက်ရှက်နဲ့ပဲ ခေါင်းညိတ်ပြလိုက်မယ်။
ငှက်ကလေးကို ကိုယ်ရူးသွပ်တယ်။
ရူးသွပ်မှုများစွာနဲ့ပဲ ချစ်မိလေရဲ့။


(၁၀)

တကယ်ဆို
ငှက်ကလေးက ကိုယ့်အတွက် ကမ္ဘာ
ငှက်ကလေးက ကိုယ့်ရဲ့ ကဗျာ
ငှက်ကလေးကို ချစ်ခဲ့ခြင်းမှာ
ပူလောင်ခြင်းတွေ ကင်းဝေးတယ်ဆိုတာ
ပေးဆပ်မှုနဲ့ချစ်တတ်သူလောက်ပဲ နားလည်နိုင်လိမ့်မယ်

ငှက်ကလေးက
ဒီစကားကြားရင် ပြုံးလေမလား
မပြုံးနဲ့ငှက်ကလေးရယ်
ကိုယ်စိတ်ညစ်နေတယ်
ငှက်ကလေးအတွက်အချစ်ကိုလှောင်ကြသတဲ့
တကယ်ဆို
ချစ်ခြင်းမှာ အကြောင်းပြချက်မရှိတာ သိကြပါရက်နဲ့ကွယ်
ငှက်ကလေးရေ
ထပ် ထပ်ပြောလိုက်ဦးမယ်
ရူးရူးမိုက်မိုက် ချစ်တယ်

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်