Sunday 17 March 2013

၁၇-၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ


(၁)

တကယ်ဆို
ကြေကွဲရသူက ကိုယ်သာဖြစ်သည်
တစ်ဖက်တည်းတီးရတဲ့လက်ခုပ်ကိုမှ
တမြတ်တနိုးနဲ့
ရင်အပြည့် ထမ်းပိုးထားမိ
ငှက်ကလေးကတော့
ဟိုးအဝေးမှာ.............
သစ်ပင်နဲ့
အဝေးဆုံးအဝေးဆုံးမှာ
...........................
.............။

(၂)

စိတ်ကိုအမြင့်ဆုံးလွှတ်ပေးလိုက်ရင်...........
ကိုယ်ဟာ ကောင်းကင်ထဲဝဲပျံနေလိမ့်မယ်
အသိစိတ်ကို လွှတ်ပေးလိုက်မိရင်
ကိုယ့်အကိုင်းအခက်တွေဟာ
အတောင်ပံတွေအဖြစ်နဲ့
မီးကျွမ်းလုအောင် ခတ်ပြနေလိမ့်မယ်
စိတ်ကိုသာ လွှတ်ပေးလိုက်ရရင်........
ကိုယ်................
သစ်ပင်ဘဝကို ခေတ္တမေ့သွားမယ်
ခုတော့........
သစ်ပင်ဟာ ငြိမ်ငြိမ်သက်သက်နဲ့
အသက်ရှုဖို့ မေ့လျော့ခြင်းများစွာနဲ့
ကောင်းကင်ကို မော့ကြည့်နေရ............
စိတ်ကို အမြင့်ဆုံး လွှတ်ပေးလိုက်ချင်တယ်

ဘယ်သူတွေ ဆွဲထားတဲ့ ကြိုးလဲ
အသိက ဆွဲထားတာလား
ဘယ်သူတွေ ကြိုးကိုင်နေတာလဲ
သိခြင်းတရားက ကြိုးကိုင်နေတာလား
လက်ရှိတော့
ဒီသိခြင်းတရားကို မေ့ပစ်ချင်တယ်

ငှက်ကလေးရေ
သိစိတ်ဆိုတဲ့ ကြိုးကို ဖြတ်ပစ်ဖို့
ဘယ်အရာတွေ လိုအပ်မယ်ထင်သလဲ
ပြန်ဖြေပေးဦးကွယ်
(၃)

ကောင်းကင်က ကောင်းကင်ပါ
အပြာရောင်ထင်သမျှ
တစ်ဖက်ခြမ်းမှာ မဲမှောင်နေခဲ့မှန်း
သင်ကြားဖူးပါလျှက်နဲ့
လူတိုင်းမေ့ခဲ့တယ်

ငှက်ကလေးက ငှက်ကလေးပါ
တစ်ဖက်တည်းတီးတဲ့ လက်ခုပ်မှန်သမျှ
အသံမထွက်မှန်းသိပါလျှက်နဲ့
(ငှက်ကလေး မကြားမှန်းသိခဲ့ပါလျက်)
သစ်ပင် မေ့ခဲ့တယ်
(၄)

ဟိုးကောင်းကင်မှာလေ
ငှက်ကလေးတစ်ကောင်
တိမ်တိုက်တွေကြား လမ်းသလားပြနေတယ်
သစ်ပင် မုန်းလိုက်တာ
သစ်ပင်ရဲ့ဖြစ်တည်မှုကိုလေ။
(၅)
သိစိတ်ကို ဖြတ်ခနဲမေ့ကြည့်လိုက်တယ်
ကိုယ်ဟာ ကောင်းကင်ထက်ခဏရောက်
ငှက်ကလေးရေ….
မင်းနဲ့ကိုယ့်ရဲ့စိတ်အနီးအဝေးဟာ
အလင်းနှစ်သန်းများစွာ
……….ခြားလွန်းတယ်
ဒါပေမယ့်လည်း
အချစ်က...
မျက်ကန်းပဲ
မချစ်ဖို့ တားချိန်မရလိုက်ဘူး။
(၆)

ဒီအာဒမ်နဲ့ ဧဝတို့ရဲ့ သစ်သီးဟာ
ငါ့နှလုံးသားဥယျာဉ်မှာမှ
ဘာ့ကြောင့် သီးပွင့်ခဲ့ပါသလဲ
တကယ်ဆို
ကိုယ်နေထိုင်ရာဒေသဟာ
ကမ္ဘာဦးမှ မဟုတ်တာပဲ
ခုတော့............ငှက်ကလေးရယ်
ဒီသစ်သီးရဲ့ အဆိပ်က ချိုလွန်းတယ်
(၇)
ငှက်ကလေးက ကောင်းကင်မှာ
ကိုယ်က တောင်စွန်းမှာ
တောင်စွန်းကသစ်ပင်ဟာ
ကောင်းကင်က ငှက်တစ်ကောင်ကို ချစ်မိသတဲ့
မယုံ ရုံနဲ့တော့ ပုံပြင်မမှတ်လိုက်ပါနဲ့
အဲ့ဒါ တကယ့်အဖြစ်အပျက်

နှလုံးသားမရှိပေမယ့်
ချစ်မိတဲ့ အခိုက်အတန့်မှာပဲ
နှလုံးသားဟာ ပုံပေါ်လာ
သစ်ခက်အိမ်လေးမှာ အသက်ဝင်လာခဲ့တယ်

ဒီလိုနဲ့ပဲ သစ်ပင်လေးမှာ နှလုံးသားတစ်ခု ရှိလာခဲ့တယ်

ငှက်ကလေးရေ
ငှက်ကလေးက ငှက်ကလေးကို ချစ်ရေးဆိုတဲ့အခါ
ကိုယ့်လက်ဖျံမှာ နားရင်းဆိုပါ
ငှက်ကလေးရေ
ငှက်ကလေးက ငှက်ကလေးအတွက်တေးတွေ ခြွေတဲ့အခါ
ကိုယ့်သစ်ခက်အကနဲ့ ဖျော်ဖြေပါ
ငှက်ကလေးရဲ့ အေ၇းပါအရာရောက်မှုမှန်သမျှမှာ
ကိုယ်ဟာ တပိုင်းတစလောက်ဖျော်ဖြေခွင့်ရချင်တယ်
သစ်ပင်တစ်ပင်ရဲ့ ချစ်ခြင်းက
လေးနက်မှုသိပ်သည်းဆကို ငှက်ကလေးသိပါစေ။
(၈)

စိတ်တေလေက
ဒီနေ့ အသော့ပြေးနေပြီ
ငှက်ကလေးရေ..
ငှက်ကလေးရေ
ငှက်ကလေးရေ
ဒီပန်းသီးကို ငါနဲ့အတူ တစ်ကိုက်လောက်ကိုက်ပါ
အဆိပ်သင့်ချိုမြိန်မှုကို ဒီု့နှစ်ယောက်အတူ သောက်သုံးကြစို့
မကြားရှာတဲ့ ငှက်ကလေးခမျာ ကောင်းကင်ပေါ်ပျံတုန်း
ရင်ကွဲမတက်အော်နေတဲ့ သစ်ပင်ဟာလည်း
အသံတွေ ဆွံ့အလုလု..
သြော် စိတ်ချင်းနီးကပ်မှုဟာ
ရေတွက်မရတဲ့ အလင်းနှစ်လိုဝေးကွာလိုက်ပုံများ
စိတ်...မောလိုက်တာ.........။
(၉)
ငှက်ကလေးရေ
စိတ်ညစ်လိုက်တာ
ကိုယ့်အခက်အလက်တွေဟာ
ကောင်းကင်ဆီ  ရောက်ဖို့
အချိန်တစ်ခုတော့ စောင့်ရမတဲ့
စောင့်ဆိုင်းရတာ စိတ်မရှည်ဘူးကွယ်
ငှက်ကလေးရေ
ကိုယ် စိတ်ရှုပ်နေတယ်
တိတ်ဆိတ်နေတဲ့ ကိုယ့်သစ်ခက်တွေကိုကြည့်ရင်
မင်း သိလိမ့်မယ်
ပျံသင့်ပါလျှက် ပျံခွင့်မရတဲ့ ငှက်ငယ် အငိုသည်းပုံမျိုးနဲ့
ကိုယ် စိတ်ရှုပ်နေတယ်
(၁၀)
ငှက်ကလေးရေ ကောင်းသောည
ဒီညလည်း မင်းအိပ်ပျော်ပါစေ
လေပြေတွေ တေးဆိုပြတဲ့အခါ
နှလုံးသားတံခါးလေးဖွင့်ထားပါ
ငါ့ကဗျာရွတ်သံတွေကို
လေပြေတွေ သယ်ဆောင်သွားလို့ပါ
ငှက်ကလေးရေ
ကောင်းသောည
ပျော်ရွှင်ပါစေ။

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်