Wednesday 13 March 2013

ချစ်၍သာ အခွင့်ပေးခဲ့သည်


သူ့မျက်နှာကို ငေးကြည့်နေသည့် ကျွန်မကို သူမမြင်နိုင်မှန်း သိပါလျှက် ကျွန်မ ရှက်ရွံ့စွာ မျက်နှာလွှဲလိုက်မိသည်။ သူကတော့ တိတ်ဆိတ်စွာဖြင့် တစ်နေရာဆီသို့ ငေးကြည့်လျှက်ရှိဆဲ။ ရုပ်ရည်ချောမောမှုမရှိသော သူ၏ မျက်နှာသည် ယုံကြည်ဖို့ရာကောင်းသည့်ခန့်ညားသော သွင်ပြင်ကို ပိုင်ဆိုင်ထားသည်။ သူ၏နှုတ်ခမ်းမှ ပြုံးတုံ့မပြုံးတုံ့ဟန်က အရာရာကို သိနားလည်ထားသည့်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသည့်ဟန်မျိုး။ သူကြည့်နေသည့် နေရာဝယ် ရှိနေသူသည် ကျွန်မမဟုတ်ခဲ့ခြင်းက ကျွန်မ၏ကံပဲ ဖြစ်မည်ထင့်။
ဒါမှမဟုတ် ကျွန်မ ဟုတ်ခဲ့သလား။
အယောင်ယောင်အမှားမှားနှင့် ခေါင်းခါယမ်းလိုက်မိသည်။
သူရှာတွေ့ခဲ့သူသည် ကျွန်မ၏ ပုံရိပ်ယောင်ဖြစ်သည်။ သူက ကျွန်မ၏ ပုံရိပ်ယောင်ကို လက်ခံခဲ့သော်လည်း ကျွန်မ၏ ပုံရိပ်အစစ်အမှန်ကို လက်ခံဖို့ ကြောက်ရွံ့ခဲ့သူတစ်ယောက် ဖြစ်သည်။ ကြောက်ရွံ့ခြင်းမဟုတ်။ ရှောင်ကြဉ်လိုခြင်းဖြစ်မည်။ ပုံရိပ်ယောင်သည် သူ့ကို လိုအပ်နေသော၊ သူ့ကြင်နာမှုတို့အား တောင့်တနေသော မိန်းမတစ်ယောက်ဖြစ်ပြီး ပုံရိပ်စစ်ကတော့ ………………………….။

ကိုင်ထားသော ဓါတ်ပုံလေးအား စားပွဲပေါ်ဝယ် မှောက်ထားလိုက်မိရင်း အတွေးတို့က အတိတ်တစ်ခုဆီ ……………………။


(၁)
ကြော်နေသော အကြော်က မပြီးသေး။ အနံ့က မွှေးပျံ့နေသည်မို့ ဆာနေသည့် ဗိုက်ကို မရိုးမရွဖြစ်စေသည်။ ထိုအကြော်သည် အဒေါ်ကြီးကတော့ ကျွန်မကို အားနာသလိုဟန်နှင့် တစ်ချက်တစ်ချက်ကြည့်ကာ “ခဏလေးပဲ စောင့်ပါနော် တူမ” ဟု ပြောရင်း..။ ကျွန်မကလည်း နားလည်ပါတယ် ဆိုသည့် အပြုံးလေးပြန်ပြုံးပြရင်း ကိုယ့်ဗိုက်ကို လက်ကလေးနှင့် ပွတ်ပွတ်နေရသည်မှာလည်း ခဏခဏ။
ထိုစဉ်မှာပင် စားပွဲပေါ်သို့ရောက်လာသော ပေါင်မုန့်တစ်ထုပ်ကြောင့် မျက်လုံးပြူးသွားရသည်။ ပေါင်မုန့်၏ နောက်သို့ အကြည့်ရောက်လိုက်မိတော့ လူတစ်ယောက်။ တိတိပပဆိုရသော် ကျွန်မထက် အသက်အနည်းငယ် ကြီးဟန်တူမည့် ယောင်္ကျားတစ်ယောက်ရပ်နေသည်။
“ယူလေ မင်းဗိုက်ဆာနေတာကိုထမသွားသေးပဲ အကြော်ကို စောင့်နေတာမဟုတ်လား ကိုယ်လည်း မင်းဆီက အကြော်ကို စားမှာဆိုတော့ လောလောဆယ် အဆာပြေအောင် ဒီပေါင်မုန့်အရင်စားထားလိုက်လေ”
စကားရောဖောရောလာလုပ်သည်ဟု ဆိုရအောင်ကလည်း သူ့ရုပ်သွင်နှင့် သဏ္ဍာန်က လူကြီးလူကောင်းဆန်လွန်းလှသည်။ ကျွန်မကို ကြည့်ရင်း ပြောနေသည့်ပုံကိုယ်က ကလေးတစ်ယောက်ကို ချစ်စနိုးနှင့် အလိုလိုက်နေသည့်လူကြီးတစ်ယောက်၏ ဟန်မျိုး။
နှုတ်ခမ်းတစ်ချက် စူလိုက်ရင်းခေါင်းခါယမ်းပြလိုက်မိသည့် ကျွန်မ၏ဟန်သည်ကလေးများဆန်သွားလေသလား ဟု အလောတကြီးတွေးလိုက်ရင်း ထိုအပြုအမှုအတွက် ရှက်ရွံ့စွာ အကြော်သည်အဒေါ်ကြီးကိုသာ မဲကြည့်နေမိတော့သည်။
“ရော် ကလေးရဲ့ ယူပါဆို”
ရော်..တဆင့်တက်လာပြန်ပြီ ဟု တွေးရင်းသူ့ကို ကြည့်လိုက်တော့ သူ့ဟန်က ညီမငယ်တစ်ယောက်ကို အလိုလိုက်အကြိုက်ဆောင်နေသည့် အစ်ကိုကြီးတစ်ယောက်ပမာ ပြုံးနေသည်။
“ကလေး လို့ မခေါ်ပါနဲ့”
ကျွန်မ၏ ခပ်ဆတ်ဆတ်မာသွားသော စကားသံကို သူကတော့ ဂရုတောင် မထားလေဟန်။ ထိုသူ့ဘေးနားမှ အလျှင်အမြန်ထွက်ခွါချင်စိတ်နှင့် ချိန်းထားသည့် မမနီကလည်း မလာသေးဟု စိတ်ညစ်စွာ တွေးလိုက်မိ၏။ မမနီ ဆိုသည်မှာ ကျွန်မနှင့် တူတူ အဝေးသင်တက်နေသည့် ကျောင်းမှ သူငယ်ချင်းပင်။ သူက ကျွန်မထက် အသက်နှစ်နှစ်ခန့် ပိုကြီးလေသည်။ ဒီနေ့ အပြင်ကျူရှင် တူတူသွားအပ်ကြစို့ဟု ချိန်းထားခြင်းပင်။ နေရာကို ကျွန်မလည်း သိသည်။ မမနီလည်း သိသည်။ ကျွန်မကို မေ့ပြီး သူ့ဘာသာ သွားအပ်ခြင်းတော့ မဟုတ်တန်ရာ။ နာရီကို ကြည့်လိုက်မိတော့ တစ်နာရီခွဲချေပြီ။
မျက်စိရှေ့ရောက်လာသော အကြော်ပန်းကန်ကို အားရဝမ်းသာစွာ ကြည့်လိုက်မိရင်းထိုလူကြီးအား မျက်စောင်းထိုးမိလိုက်သေးသည်။
“ဟော်တော် ကိုကိုက ဘယ်လိုလုပ်ပြီး ဒီရောက်နေတာတုန်း နီက နီ့ကို့ လာကြိုမယ်ထင်နေတာ”
ရုတ်ခြည်းကြားလိုက်ရသော အသံကြောင့် လှည့်ကြည့်လိုက်မိတော့ အစိမ်းရောင်ဝမ်းဆက်လေးနှင့် မမနီကို မြင်လိုက်ရသည်။
“ဝေ နဲ့ ချိန်းထားတာ နောက်ကျနေပါပြီ ဆိုပြီး ကိုကို့ကို မစောင့်ပဲ ထွက်လာလိုက်တာ မှန်သွားတာပေါ့.. ကိုကို လူဆိုးပဲ”
မမနီ ပြောသမျှကို ထိုကိုကို ဆိုသူက ရယ်ကျဲကျဲနှင့်
“ဒီမှာလေ နီ့သူငယ်ချင်းကို တစ်ယောက်တည်းတွေ့လိုက်ရလို့.. နီပဲ ပြောထားတယ်မဟုတ်လား သူနဲ့သွားမယ်ဆိုတာ ဒါနဲ့ ကိုကိုလည်းနီ့ဆီမလာတော့ပဲ သူနဲ့ ရောထိုင်စောင့်နေတာ”
ထိုစကားကြောင့် ကျွန်မမျက်စောင်းက သူ့ထံသို့ ဒိုင်းခနဲရောက်၇ှိကာ
“ဒါဆိုလည်း ပြောပါ့လား မမနီရဲ့ အစ်ကိုလို့”
“သြော် ကိုယ်က ကလေးကို စချင်သေးတာကိုး”
သူက ထိုသို့ ပြောကာ ခန္ဓာကိုယ်တစ်ခုလုံးယိမ်းထိုးနေအောင် ရယ်နေတော့သည်။
“ဝေ့ကို မိတ်ဆက်ပေးရဦးမယ် ဒါက နီ့ရဲ့ အစ်ကိုအရင်း. ကျော်လင်းအောင်. တဲ့”
“ဟုတ်ကဲ့” ဟု ခေါင်းငြိတ်ပြမိသော်လည်း အကြည့်များနှင့် လက်တို့က အကြော်ပန်းကန်ဆီမှာ။ ဗိုက်က ဆာလှပြီမဟုတ်လား။

။။။။။။။။။။။။။။။။။။။။။။။။

လျှောက်လာသည့် လမ်းမထက်ဝယ် မကြီးမသေးခဲလုံးလေးတစ်လုံးက စိတ်တို့ မရိုးမရွဖြစ်အောင် ပြုစားနေသည်။ ခဲလုံးလေးရှိရာနေရာသို့ သွားကာ ခြေကို အားယူ၍ အရှေ့သို့ အားပါးတရ ကန်ပစ်အပြီးမှာတော့ စိတ်တို့ လွတ်လပ်ပေါ့ပါးစွာ ရယ်ပစ်လိုက်မိ၏။
“ကလေးမဟုတ် သူငယ်မဟုတ် ခဲလုံးကို ကန်ရလား ကလေးရဲ့..ကိုယ့်အသက်ကိုယ်လည်း စဉ်းစားဦးနော်”
အသံကြားလိုက်ရုံနှင့် ဟိုလူကြီးဟု တန်းခနဲ မှတ်မိလိုက်သည့် ကျွန်မကိုယ်ကျွန်မ စိတ်ဆိုးလွန်းလှစွာ နှုတ်ခမ်းစူလိုက်မိသည်။
“အာ ကိုယ်က ခင်လို့စတာပါ ကလေးရဲ့ နှုတ်ခမ်းက ရှေ့ကို တစ်တောင်လောက်ထွက်မနေစမ်းပါနဲ့.. ဟားဟား”
“ဟိုတစ်နေ့ကလည်း ကျွန်မနာမည် ပြောပြီးသား ကျွန်မ နာမည် ကလေးမဟုတ်ဘူး ကျွန်မ နာမည် ဆုဝေဦးရှင့် ဆုဝေဦး”
ရော် ခက်ချေပြီ။ ဒီလူကြီးနှင့် တွေ့တိုင်း ကျွန်မသည် ကလေးဆန်ဆန် အမူအယာတွေများ လုပ်မိနေလေသလား။ ခုလို လက်ကို ခါးထောက်ပြောနေသည့် ပုံကို ကျွန်မအသိုင်းအဝိုင်းက မြင်လျှင်ဖြင့် ဒီမိန်းကလေးသည် ဆုဝေဦးဟု ယုံမည့်အသွင်သဏ္ဍာန်မရှိပြီ။ ကိုယ့်အမူအယာကိုယ် သတိပြုလိုက်မိရင်း လက်နှစ်ဖက်ကို ဘေးသို့ ဖျတ်ခနဲ ပြန်ချလိုက်မိ၏။
“ဟုတ်ပါပြီ ဆုဝေဦး နော် ဒါက အိမ်ကိုပြန်မလို့လား ဘယ်ကို သဝေထိုးဦးမှာလဲ”
“အိမ်ကို ပြန်မှာ ခင်ဗျားကြီးကကော ဘယ်သွားမလို့ လဲ”
ကိုယ့်ထက် အသက်တော်တော်ကြီးမှန်းသိသော်လည်း ကိုကျော်လင်းအောင် လို့လည်းမခေါ်ချင်၊ မမနီခေါ်သလို ကိုကို လို့လည်း မခေါ်ချင်နှင့် ခင်ဗျားကြီး ဟူသော အသုံးအနှုန်းအား ကိုယ်ကိုယ်တိုင်ပင် ထင်မှတ်မထားမိပါပဲ နှုတ်ခမ်းထက်မှ ကြွေကျသွား၏။ ထိုအသုံးအနှုန်းကို သတိထားလိုက်မိချိန်မှာပင် ကျွန်မ အနည်းငယ် ရှက်ရွံ့သွားမိသည်။
“ခင်ဗျားလေးက ဘယ်ကို ပြန်မှာတုန်း”
“တောင်ဒဂုံ..”
ပါးစပ်က လွှတ်ခနဲ ထွက်သွားမိပြီးမှ သူ့ကို ဘုကြည့် ကြည့်လိုက်မိတော့
“ကိုယ်လည်း တောင်ဒဂုံ ပဲလေ”
အဲ့ဒီနေ့က အိမ်အပြန်ကားစီးဖေါ်တစ်ယောက်ရှိခဲ့၍ အခြားနေ့များကလောက် အထီးမကျန်ခဲ့သည်ကိုတော့ ဝန်ခံရပေမည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“POEM ဆိုတဲ့ တံဆိပ်နဲ့ အိင်္ကျီ တွေ၊ ဘောင်းဘီရှည်တွေ ထုတ်တဲ့ ကုမ္ပဏီမှာ ကိုကိုက ဒီဇိုင်းနာလုပ်တာလေ  လစာက နှစ်သိန်းခွဲ ဆိုလားပဲ ရတယ်တဲ့ တော်တော် အောင်မြင်နေတဲ့ brand ပါပဲ”
မမနီ၏ စကားသံက ကျွန်မနားထဲသို့ နားမထောင်ချင်လည်း ဝင်လာနေသည်။ နားထောင်ချင်လည်း ဝင်လာနေသည်။ ဘာကို ရည်ရွယ်၍ ပြောနေသည်မှန်းကိုလည်း နားလည်သဘောပေါက်လာသလိုလိုရှိ၏။ ဒီအစ်မကြီး သူ့အစ်ကိုနှင့် ကျွန်မကို အောင်သွယ်ပေးနေပြီထင့်။ မမနီကို ကျွန်မပြုံးကြည့်လိုက်မိရင်း
“မမနီ ဝေ့ကို အဲ့ဒါတွေ ပြောစရာအကြောင်းရှိလို့လား ဟင်”
မမနီက ကျွန်မ၏ပြုံးစစမျက်နှာကို ကြည့်၍
“အကြောင်းရှိလို့ ပြောတာပေါ့ ဝေရဲ့.. ကျုပ်ကိုကိုက ရှင့်ကို စိတ်ဝင်စားနေလို့ ရှင်သိအောင်ပြောပြနေရတာ ဝေနဲ့ အကြော်ဆိုင်မှာ မတွေ့ခင်ကတည်းက ဝေနဲ့ မိတ်ဆက်ပေးဖို့ပြောနေတာ”
“မမနီရယ် ဝေ့ကို အဲ့လိုတွေ လိုက်မစစမ်းပါနဲ့ ဝေ့မှာက ဝေ့ကိစ္စတွေနဲ့ ရှုပ်နေတာ ..အလုပ်နဲ့ ပညာရေးကိုပဲ စိတ်ဝင်စားချင်တယ်..နော်မမနီ”
“ကောင်းပါပြီရှင် ကျုပ်ကတော့ မပြောတော့ဘူး ဒါပေမယ့် ကိုကိုက ရှင့်ကိုချဉ်းကပ်လာရင်တော့ကျုပ်နဲ့ မဆိုင်ဘူးနော် ငြင်းဖို့မငြင်းဖို့က ရှင့်သဘောဖြစ်သွားပြီ”
“အင်း” ဟု ခပ်လေးလေး ခေါင်းငြိတ်ပြမိစဉ် ထိုသူ၏ မျက်နှာကို ပြေးမြင်ယောင်မိကာ ရှက်သွေးဖြာသွားမိသည်မှာ ဘာ့ကြောင့်လဲ မတွေးလိုက်မိပါ။

(၂)
ဇစ်ကို ဖွင့်လိုက်သည့် ခဏတွင်ပင် သွားပြီဟု သိလိုက်ရသည်။ ပိုက်ဆံအိတ် မရှိတော့။ ၅၀၀၀ ပေးဝယ်ရသော ဟမ်းဘက်အိတ်လေး၏ ဘေးဘက်တွင်မူ ဓါးနှင့် ခွဲထားသည့် အရာ။
ရှင်းစရာဘေလ်ကို ကြည့်လိုက်မိတော့ ၃၁၅၀၀ တောင်ရှင်းရမည်ဖြစ်၏။ ဒီနေ့မှ ဘက်စ်ကားစီးမိလေခြင်းဟု တွေးမိရင်း ကူညီနိုင်မည့်သူကို အလျှင်အမြန်စဉ်းစားကြည့်မိသည်။ ဘယ်သူများ ကျွန်မကို ဆိုင်တိုင်လာရောက်ပိုက်ဆံချေးပေးနိုင်မလဲ ဟု..။ တော်သေးသည်က ပိုက်ဆံအိတ်ထဲဝယ် ငါးသောင်းသာ ထည့်ထားခြင်းပင်။ အခါတိုင်းလိုသာဆိုလျှင်ဖြင့် အနည်းဆုံး တစ်သိန်းတော့ ပါမည်ပင်။
ဒီနေ့တော့ အသုံးနည်းပါသည်ဟုတွေးရင်း ငါးသောင်းသာ ထည့်ထားခဲ့မိသည်မှာ ကံကောင်းခြင်းတစ်ရပ်ဟုသာ တွေးရပေတော့မည်။ စဉ်းစားစမ်း၊ ဘယ်သူ့အကူအညီတောင်းရမလဲ ဟုတွေးရင်း ကျွန်မ ခေါင်းကုတ်နေမိသည်။
အလုပ်လုပ်နေကျ ပွဲစားများကို ခေါ်လို့ကတော့ ရမည်မထင်။ သူတို့က သူတို့သာငွေရမည့်အလုပ်မျိုးဆိုလျှင် ငေါက်ခနဲ ထလာနိုငသော်လည်း ယခုလို ကူညီရမည့်ကိစ္စဆိုလျှင်ဖြင့် ခေါင်းရှောင်ချင်တတ်ကြသည်။ သို့ဆိုလျှင် ကျောင်းမှသူငယ်ချင်းများကို စဉ်းစားကြည့်မိပြန်သည်။ ရင်းရင်းနှီးနှီးပေါင်းမိသည့် သူငယ်ချင်းဆို၍ မမနီ တစ်ယောက်သာ ရှိသေးသည်။ သူကလည်း ကျောင်းသူသာဖြစ်၍ ငွေချေးဖို့တော့ လွယ်မည်မထင်။
လှည့်ပတ်စဉ်းစားနေရင်း လက်မှ လက်စွပ်လေးကိုတွေ့တော့မှ ကျွန်မ ပြုံးမိတော့သည်။ ခေါင်းမီးတောက်နေရသည့် ဘဝမှ လွတ်ပြီမဟုတ်လား။ ဒီလက်စွပ်လေးကို ခေတ္တထားခဲ့ကာ နက်ဖြန်မှ ငွေနှင့်လာရွေးပါတော့မည်။
“ဟိုလေ ပိုက်ဆံအိတ်အခိုးခံရလို့.. ဒီလက်စွပ်လေး ခဏထားခဲ့လို့ရလား”
ကျွန်မ၏ ပြောစကားကို မျက်လုံးလှန်ကြည့်လိုက်သော ကောင်တာမှ ဝန်ထမ်း၏ မျက်လုံးထဲဝယ် သင်္ကာမကင်းဖြစ်မှုတို့အား တွေ့လိုက်တော့ ကျွန်မ ရုတ်တရက် စိတ်အိုက်သွားမိသည်။ ကိုယ်က မှန်ကန်သော်လည်း သူ့မျက်ဝန်းထဲ၌ ကျွန်မကို ယုံကြည်ဟန်မတူ။ ထိုစဉ်
“ဟာ ကလေး ဝမ်းသာလိုက်တာကွာ”
အနားမှအသံကြောင့် လှည့်ကြည့်လိုက်မိတော့ ဟိုလူကြီး ကိုကျော်လင်းအောင်။
……………..
…………………..
မထင်မှတ်သည့် ပိုက်ဆံပြဿနာကြောင့် ကျွန်မ သူနှင့် ပိုမိုရင်းနှီးသွားမိသည်။ ဟုတ်၏။ ထို့ပြင် ကျွန်မကို အလိုလိုက်တတ်သော သူ့အပေါ် ခင်တွယ်သွားသည်ဟု ဆိုလျှင်ပိုမှန်မည်ထင်၏။ အိမ်တွင် လူကြီးဆန်စွာ ဆုံးဖြတ်ရတတ်သော ကျွန်မသည် သူနှင့် တွေ့လျှင် ကလေးတစ်ယောက်အဖြစ်သို့ ချက်ခြင်းရောက်ရှိသွားသလိုထင်ရ၏။ အရာရာကို နားလည်သိတတ်ပေးခဲ့ရသည့် ကျွန်မသည် သူနှင့်တွေ့သည့်အခါ အရာရာကို အလိုလိုက်ခံရခြင်းအပေါ် ကြည်နူးသာယာလာသည်။
ထို့ပြင် သူ၏ ကျွန်မအပေါ် ထားရှိခဲ့သော အချစ်ကို တစထက်တစ ယုံကြည်လာသည်ကို တား၍ မရတော့။ ကျွန်မ သူ့ကို ချစ်မိသွားလေပြီ။

။။။။။။။။။။။။။။။။။။

“ကလေး …..ချစ်သူတွေ ဖြစ်သွားပြီဆိုတော့ အခေါ်အဝေါ်ပြောင်းတော့နော် နီခေါ်သလို ကိုကို ခေါ်ရင်ခေါ် ဒါမှမဟုတ် ကိုကိုကျော် လို့ခေါ်နော် ခေါ်မယ်မဟုတ်လား”
သူ့စကားကြောင့် ကျွန်မ မျက်လုံးပြူးသွားမိ၏။ ကြည့်ပါဦးလေ အခေါ်အဝေါ်တွေက။ လျှာလိပ်စရာကြီးတွေ။ ထို့ပြင် တစ်ခါဖူးမျှ ထိုနာမ်စားမျိုး မသုံးဖူးခဲ့။ ကနွဲ့ကလျနိုင်လွန်းသည်ဟု ထင်မိစရာ နာမ်စားမျိုးဟု နှာခေါင်းရှုံ့မိရင်း မည်သို့ခေါ်ရင်ကောင်းမလဲဟု အလျှင်အမြန်စဉ်းစားလိုက်မိသည်။
“ကေကျုဘ် လို့ ပဲ ခေါ်ချင်တယ် ရတယ်ဟုတ်”
သူ့မျက်နှာကအတွေးတို့ဖြင့် အနည်းငယ်တိတ်ဆိတ်သွားသလိုထင်ရ၏။
“သိပ္ပံသမားကတော့ကွာ ကေ သုံးခုတွေ့တာနဲ့ ပါဝါတင်လိုက်တော့ပါပဲ ရပါတယ် ရပါတယ် ကေကျုဘ် ချစ်စရာလေး နာမည်က”
တိတ်ဆိတ်ခြင်းကို ဖေါက်ထွက်လာသော သူ့အသံကြောင့် သူစိတ်မဆိုးဘူး ဆိုသည့်အသိဖြင့် ကျွန်မ စိတ်ချမ်းသာသွားမိ၏။
နှလုံးသားထက်တွင်လည်း ကေကျုဘ်၊ကေကျုဘ် ဟု ကြက်တူရွေးစကားသင်သလို ဆက်တိုက်ရေရွတ်နေမိရင်း….။
သို့သော် ကျွန်မသိသင့်ပါသည်။ သူနှင့် ကျွန်မသည် ထိုအချိန်ကတည်းက အသွင်မတူညီသူများဖြစ်ကြမှန်း….။ ခုတော့…..။

(၃)
“ဟိတ် ဒီမှာ ပွဲစားလောကမှာ ဆုဝေဦး ဆိုတာ နာမည်တစ်လုံးနဲ့နေတာ အကုန်သိတယ်နော် အေး ကျွန်မကို ပွဲကျော်ရိုက်သွားမယ်လို့ တွေးထားတဲ့သူ ဒီနေရာမှာတင် နေခဲ့လိုက် ပြဿနာဖြစ်လာမှ ဆုဝေဦး လွန်တယ်ဆိုတာတွေ ဖြစ်မလာနဲ့”
မာထန်နေသော ကိုယ့်စကားသံကိုယ်သတိထားမိသော်လည်း လေသံ မလျှော့မိ။ ပွဲစားတွေက ဒီလို ကြိကြိုတင်တင်သတိပေးထားသည့်တိုင် ပွဲကျော်ရိုက်တတ်သည့် ဖက်ခွက်စားတွေတပုံကြီးရှိသေးသည်မဟုတ်ပါလား။ သည်တော့ ပွဲတစ်ခုဖြစ်ကာနီးပြီဆိုလျှင် ပို၍ သတိထားရသည်။ သူတို့မို့လည်း အရှက်မရှိ လုပ်တတ်သည်။ တကယ်ဆို စကားသည်လည်း ကတိပင် မဟုတ်ပါလား။ ကတိဆိုသည်ကိုက စောင့်ထိန်းရသည့်အရာ မဟုတ်ပါလား။ ခုတော့ တစ်ယောက်နှင့်တစ်ယောက် ကျော်လိုက်ခွလိုက်နှင့် စိတ်ပျက်ဖို့ရာကောင်းလှသည်။
ရှေ့မှ ပွဲစားတွေကလည်း ငြိမ်ကုပ်နေသည်။ ငြိမ်ကုပ်နေမည်ပေါ့။ ရောင်းလက်က ကျွန်မ၏ လက်ထဲမှာ ဖြစ်သည်ကိုး။ ဒီမြေကွက်ကိုသူတို့မရလျှင် အနည်းဆုံးတော့၃သိန်း နစ်နာသွားပေမည်။ ဒီမြေကွက်ကို သုံးသိန်းတင်ရိုက်ထားကြပြီးမှ ဝယ်လက်ကအဆင်ပြေသည်ဆိုတော့ ကျွန်မဆီရောက်လာခြင်းပင်။
…..
………………..
…..
“ကဲ ကိုဝေဇင် ပွဲခတစ်သိန်းကို ရှင်တို့ဆီကပဲ ယူမယ်လို့ပြောထားတာနော် ပေးတော့”
ပိုင်ရှင်ဆီမှမယူပဲ သူတို့ဆီကပဲ ယူမည်ဟု ပြောသည်ကို နောက်နေသည်ထင်လားမသိ။ ဝေဇင်က မျက်လုံးကြီးပြူးကာဖြင့်အလောတကောမေးသည်။
“ခင်ဗျား ဟိုဘက်က ရတယ်မဟုတ်ဘူးလား”
“မရဘူး ရှင်တို့ သုံးသိန်းတင်ရိုက်တာသိသွားတဲ့အတွက် ပွဲခတစ်သိန်းကို ရှင်တို့ဆီက တောင်းလိုက်ပါတဲ့.. ရှင်တို့လည်း ပေးမယ်လို့ ကတိခံထားတယ်လေ မေ့သွားတာမဟုတ်ဘူးမလား”
ကျွန်မ၏ ပြုံးစစ မေးဟန်ကို ဝေဇင်က သဘောမတူဟန်နှင့် ကျွတ် တစ်ချပ်သပ်ကာ
“ခင်ဗျားဗျာ ကျွန်တော်တို့က နောက်တာထင်လို့ဗျ အဲ့ဒီလိုတော့ မလုပ်နဲ့ဗျာ တစ်သိန်းတော့မလုပ်နဲ့ ငါးသောင်းပဲထား”
“မရဘူး”
“လုပ်ပါဗျာ…ကျွန်တော်တို့နှစ်ယောက်မှာလည်း အဆင်မပြေလို့ပါ ဒီတစ်ပတ်တည်းမှာ ပွဲဖြစ်တာ ဒီတစ်ခါပဲရှိသေးလို့ပါ အိမ်မှာ မိန်းမနဲ့ကလေးတွေကလည်း xxxx…xxxxx…xx”
ခိုရှုံးအောင်ညည်းပြနေသည့် ဝေဇင့်ကိုကြည့်ရင်း ကျွန်မ ခေါင်းခါပစ်လိုက်သည်။
“ငါးသောင်းတော့မရဘူး ကိုဝေဇင် ပွဲခ တစ်သိန်းလုံးပေးနိုင်မှ ကျန်တဲ့ ပွဲတွေမှာတွေ့တာပေါ့ သွားဦးမယ် ပွဲခတစ်သိန်းပေးနိုင်တဲ့ အချိန်ကျမှ ဖုန်းဆက်ပါ”
ကိုယ့်လေသံဘယ်လောက်မာသည်ကို ကျွန်မသိသည်။ သို့သော် မလျှော့နိုင်တော့။ ဘေးစားပွဲမှ ပွဲစားတချို့ကလည်း ကျွန်မတို့စားပွဲဝိုင်းကို ကွက်ကြည့်ကွက်ကြည့်နှင့် ကြည့်နေကြပြီ။ ဒီလူဝေဇင်က ကျန်ပွဲတွေ ရှိနေသေး၍သာကျွန်မကို ဒီလောက်လေသံလျော့ကာ အပျော့ဆွဲနှင့်ပြောခြင်းဖြစ်သည်။ အကယ်၍သာဆက်ရန်ပွဲများမရှိလျှင်ဖြင့် ကျွန်မကို ရန်တွေ့လိုက်မည်မှာ မိန်းမတစ်ယောက်ထက်ပင် ဆိုးပေလိမ့်ည်။  ထထွက်ဖို့ရာပြင်တော့ ခုံတစ်ခုံက ရှေ့တွင် ကာထားသည်နှင့် ထိုခုံကို စားပွဲဘေးသိုခြေဖြင့်ရွှေ့ရင်းထလိုက်သည်။ မရည်ရွယ်ပါပဲ ထွီခနဲ တံတွေးတစ်ချက်ထွေးလိုက်မိခြင်းသည် ရိုင်းစိုင်းသော အပြုအမှုမှန်းသိသောလည်းကျွန်မမရပ်တန့်မိတော့။
ဒီလိုလူစားမျိုးသည် ဒီလိုအပြုအမှုမျိုှးနှင့် တန်သည်ဟု တွေးလိုက်မိရင်း ဆိုင်တံခါးဝသို့ ခြေဦးလှည့်လိုက်၏။ ထိုအချိန်မှာပင် ရုတ်တရက် မြင်လိုက်ရသည်က ကေကျုဘ်။ ဟုတ်သည်။ကေကျုဘ်နှင့် ကောင်လေးတစ်သိုက်။။ ကေကျုဘ်ဘေးမှ ကောင်လေးတွေက ကေကျုဘ်ကို တီးတိုးစကားဆိုနေကြသည်။ ကျွန်မ ဝမ်းသာအားရပင် ကေကျုဘ်ဆီ သွားဖို့ရာပြင်လိုက်မိသည်။ြ ပဿနာဖြစ်နေချိန်တွင် ချစ်သူကို မြင်တွေ့ရ၍ အားတက်သွားသည်ဟုဆိုလျှင် ပိုမှန်ပေလိမ့်မည်။ သို့သော် သူ့ဆီသွားနေသော ကျွန်မကို ကေကျုဘ်က တစ်ချက်မျှသာကြည့်၍ မျက်နှာလွှဲသွားချိန်မှာတော့ ခြေအစုံတို့ ရပ်တန့်ရလေပြီ။
မမြင်မတွေ့ခြင်းမဟုတ်ပါပဲ ချစ်သူကိုတောင် မျက်နှာလွှဲလောက်အောင်ထိ စကားဝိုင်းက အေ၇းကြီးနေလိမ့်မည်ဟုသာ တွေးလိုက်မိရင်း  “ကေကျုဘ်” ဟု တီးတိုးခေါ်နေသော ကျွန်မ၏ နှလုံးသားကို ခပ်ကျိတ်ကျိတ်ဆုံးမကာ ဆိုင်ပြင်သို့ထွက်လာခဲ့လိုက်သည်။ သို့သော် စိတ်ထဲဝယ် စိုးရွံ့စိတ်တို့ဘာ့ကြောင့်များ ပါလာသလဲ မသိ။ ရင်ထဲမှာစိုးတထိတ်ထိတ်ဖြစ်နေချေပြီ။

(၄)
“မမနီ ကျုဘ် ကို ဒီစာလေးပေး ပေးပါ”
မမနီ ၏ သနားသယောင်အကြည့်ကို ကျွန်မ မသိချင်ယောင်ဆောင်ကာ မျက်နှာလွှဲလိုက်ရင်း
“ဘာမှ မဖြစ်ပါဘူး မမနီ .. အနည်းဆုံးတော့ချစ်ဖူးသွားတာပေါ့ အဟက် ဟက်”
ခြောက်သွေ့နေသော ကိုယ့်ရယ်သံကို သတိထားမိသည်။ သို့သော် ကျွန်မ ရယ်ပြနိုင်မှ ဖြစ်မည်။ ရယ်ပြနိုင်မှ ကျွန်မသည် အရာရာကို နိုင်သူဖြစ်လိမ့်မည်မဟုတ်ပါလား။
………
..
သူ ထိုနေ့မှ စ၍ ကျွန်မအပေါ် စကားပြောတာ ဟက်ဟက်ပက်ပက်မရှိတော့။ အနည်းငယ်ရှောင်ဖယ်ချင်လာသည်။ ယခုတော့ ကျွန်မက လုံးလုံးကို ရှောင်ဖယ်ခွင့်ပေးလိုက်လေပြီ။ ဟုတ်သည်။ အတွေးအမြင်မတူညီမှုများလှသည့် ကျွန်မနှင့်သူသည် ချစ်ခြင်းဖြင့်နားလည်မပေးနိုင်ခဲ့သော အရာတို့ကို ထိန်းညှိဖို့ လိုပါသေးသလား။
သို့သော် ကျွန်မ သူ့ကို ချစ်သည်။ ထိုအရာကိုတော့ ဘယ်သောအခါမျှ ငြင်းဆန်မည် မဟုတ်ပါ။
……………
အတွေးတို့ကို ပစ္စုပ္ပန်ဆီ ပြန်စုတော့ သူ့ဓါတ်ပုံလေးအား ပြန်လည်ကောက်ယူလိုက်မိပြန်သည်။
ဒီနေ့သည် သူနှင့် သူတို့ကုမ္ပဏီမှကောင်မလေး၏ စေ့စပ်ပွဲနေ့ဖြစ်သည်။
သူသည် ကျွန်မ၏ ချစ်ခြင်းလင်္ကာများထဲမှ ထုတ်ပစ်ရတော့မည့်သူအဖြစ် သတိပေးခြင်းအမှတ်စဉ်ပင်ဖြစ်သည်။ သို့သော် ဒီနေ့ထိတော့ ကျွန်မ မမေ့နိုင်သေး။
စာလေးထဲမှာ ရေးလိုက်မိသည်ကိုက
“ချစ်လျက်နဲ့ပဲ ခွဲခွါခွင့်ပေးပါရစေ.. ဝေတို့ လမ်းခွဲကြရအောင်” ဟူသည့် စာသားလေးသာ မဟုတ်ပါလား။
သူ လက်ထပ်ပြီဆိုလျှင်ဖြင့် ဓါးဖြင့်တိခနဲဖြတ်ချလိုက်သလို မေ့နိုင်ဖို့ ကျွန်မကြိုးစားရပေဦးမည်။ ကြိုးစားရပါဦးမည်။ အတွေးနှင့်တင် နင့်လာသည့်ရင်ကို မျက်နှာလွဲရင်း ပွဲစားတန်းသို့ သွားရန် ကျောပိုးအိတ်ကို လွယ်လိုက်၏။ လွမ်းရေးထက် ဝမ်းရေးကို ဦးစားပေးရဦးမည်မဟုတ်ပါလား ။
ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်