Tuesday 12 March 2013

ငှက်ကလေး တစ်ကောင်အတွက်..(၂)

ငှက်ကလေး တစ်ကောင်အတွက်..(၂)


(က)
ငှက်ကလေးရေ။။။။။။။။။။။။။။။
သစ်ပင်လေးတစ်ပင်က လွမ်းနေကြောင်း ငှက်ကလေး သိပါစေ။ တခါတခါကျ ကိုယ့်အလွမ်းကြောင့် ငှက်ကလေးများ စိတ်အနှောင့်အယှက်ဖြစ်လေမလား။ အားနာမိသားကွယ်။ ဒါပေမယ့်လည်း အလွမ်းဆိုတာ တားဆီးရနိုင်ကောင်းတဲ့ အထဲမှာမှ မပါတာ။ ကိုယ် လွမ်းနေပါရစေ။
ငှက်ကလေးရေ။ ငှက်ကလေးနဲ့ ကိုယ်နဲ့ တွေ့ဆုံခြင်းမှာ မာယာမပါခဲ့မှန်းတော့ ငှက်ကလေး သိလိမ့်မယ်။ ရိုးသားမှုတစ်ခုရယ်၊ တားဆီးဖို့ မေ့လျော့သွားတဲ့ သံယောဇဉ်အမျှင်တန်းမှုရယ်။ နောက် ငှက်ကလေးနဲ့ကိုယ်ရဲ့ ဘဝဖြစ်စဉ်တွေ ဖလှယ်ခဲ့မိကြတယ်။ ဒါပါပဲ။ တွေ့ဆုံမှုမှာ ရည်ရွယ်ချက်ရှိရှိနဲ့ လိမ်ညာမှုတွေ၊ လှည့်စားမှုတွေ ဘာအဓိပ္ပါယ်မှ မပါခဲ့ဘူး။ ရိုးသားမှုတွေ ကိုယ်စီနဲ့ တစ်ချက်တစ်ချက်အသံမြည်လိုက်၊ တစ်ချက်တစ်ချက် တိတ်ဆိတ်သွားလိုက်နဲ့ သံစဉ်မညီတဲ့ စကားဝိုင်းတစ်ခု။ အဲ့ဒီစကားဝိုင်းမှာ ကိုယ်ဟာ နှလုံးသားကို မြုပ်နှံမိခဲ့တယ်။
(ခ)
ငှက်ကလေးရေ…။။။။။။။
တို့တွေသွားတဲ့လမ်းဟာ ဦးတည်ရာဆန့်ကျင်ဘက်။ တစ်ယောက်က ဝါသနာကိုအမွှမ်းတင်နေတဲ့ အချိန်မှာ တစ်ယောက်က ဝမ်းစာကို ဖြည့်ဖို့ ပိုအရေးကြီးတယ်ထင်တယ်။ တစ်ယောက်က တည်ငြိမ်ရင့်ကျက်မှုက အဖိုးတန်တယ်ထင်ချိန်မှာ တစ်ယောက်ကဟန်ဆောင်ပန်ဆောင် တည်ငြိမ်ပြနေရတာထက် စိတ်ခံစားမှုကို ရိုးသားစွာနဲ့ ဖွင့်ဟပြချင်တယ်။ ဒီလိုပါပဲ။ ဒီလိုနဲ့ ဒို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်ဝေးကွာနေလိုက်ကြပုံများ…… တိုင်းခြားပြည်ခြားဝေးနေရသူတွေထက် ပိုကြောက်စရာကောင်းတဲ့ စိတ်ချင်းဝေးစပ်မှုမျိုး ပိုင်ဆိုင်နေခဲ့ကြရတယ်။ တကယ်ဆိုကိုယ်က ငှက်ကလေးအတွက် တံတိုင်းဖြစ်ချင်မိခဲ့တာ။ တခါတလေ ရိုးသားတဲ့ လွဲချော်မှုအမှားများစွာနဲ့ပဲ ကိုယ်ဟာ ငှက်ကလေးအတွက် ကပ်ပါးပင်သာ ဖြစ်ခဲ့ရတယ်။
ငှက်ကလေးက အချစ်ကို နားလည်တယ်။ ဒါပေမယ့် သစ်ပင်ကို မချစ်ဘူး။ သစ်ပင် ဆိုတဲ့ ကိုယ်ကတော့ ငှက်ကလေးကို ချစ်နေမိလိုက်တာ ရင်တစ်ခုလုံးပွင့်မတက်။
ဟယ်.. ကြား ကြားဖူးပေါင်တော် သစ်ပင်က ငှက်ကို ချစ်သတဲ့ဆိုတဲ့ အတင်းစကားတွေကြားမှာ ကိုယ်ဟာ လက်မထောင်လို့ ကိုယ့်နှလုံးသားအတွက် ကိုယ် ဂုဏ်ယူပြခဲ့တယ်။ ဂုဏ်ယူမိခဲ့တယ် ။
(ဂ)
ငှက်ကလေးရေ……။.။။။။
မင်းအတိတ်ကို ခဏခဏအမွှန်းတင်မပြစမ်းနဲ့။ ကြေကြေကွဲကွဲတေးသီနေတတ်တဲ့ မင်းအသံက ငါ့အသဲကို ဓါးနဲ့ မွှန်းသလိုပဲ။ ခံစားရ ခက်တယ်။
ငှက်ကလေးဟာ ကိုယ့်အတွက် ကမ္ဘာသစ်တစ်ခုတည်ဆောက်ပေးခဲ့တယ်လို့ ပြောရင် မင်း မရယ်နဲ့ကွယ်။ ဟုတ်တယ်။ ကိုယ့်ရဲ့ အတိတ်မှာ ကိုယ်ဟာ သာမန်ကြီးပြင်းမှုတစ်ခုကိုသာ ထူးဆန်းတယ်ထင်ခဲ့တဲ့ သစ်ပင်ငယ်။ ကိုယ့်အရပ်တွေ ရှည်လာတာကို ထူးဆန်းတယ်ထင်ခဲ့တယ်။ ကိုယ့်အကိုင်းအခက်တွေ ပိုပြည့်စုံလာတာကို ထူးဆန်းတယ်ထင်ခဲ့တယ်။
အခုမှ ငှက်ကလေးအတွက်နဲ့ ကိုယ့်ကောင်းကင်ဟာ မှောင်မည်းလိုက်၊ လင်းလက်လိုက်။ တစ်နေ့တည်းနဲ့ ရာသီဥတုတွေ ပြောင်းလဲနေပုံများ။ ငှက်ကလေးကို ချစ်မိတဲ့ အချစ်တွေကြောင့် ငါ့ကောင်းကင်က ဝင်းဝင်းလက်လက်။ ငှက်ကလေးကို လွမ်းတဲ့ အလွမ်းတွေ ပြင်းပြလွန်းတဲ့အခါ ငါ့ကောင်းကင်ဟာ တိမ်ညိုတွေနဲ့ အုံ့အုံ့မှိုင်းမှိုင်း။ ငှက်ကလေးကိုကြည့်ရင်း ပျော်မြူးမိတဲ့ အခါ ငါ့ကောင်းကင်က သာယာတယ်။ ငှက်ကလေးရဲ့ ငှက်ကလေးကို မြင်ရတဲ့ အခါတိုင်းမှာတော့ ငါ့ကောင်းကင်ဟာ ရုတ်ခြည်း အမှောင်ကျတတ်တယ်။
ငှက်ကလေးရေ သိလား။ သိရဲ့လား လို့ အော်မေးပစ်ချင်စမ်းရဲ့။
(ဃ)
ငှက်ကလေးက ကျွန်တော့်ရဲ့ ကမ္ဘာသစ်ပါ
သူ ရှိတဲ့နေရာမှာ ကျွန်တော်ပျော်တယ်
ငှက်ကလေးက ကျွန်တော့်ရဲ့ မှော်ဆရာပါ
သူပြုစားသမျှ ကျွန်တော် ကျေနပ်တယ်
ငှက်ကလေးက ကျွန်တော့်ရဲ့ အိပ်မက်သခင်ပါ
သူပါမှ အိပ်မက်တွေဟာ ပိုလှလာတယ်

ဒီလိုကဗျာလေးတွေ ကိုယ်ရွတ်တဲ့အချိန်မှာ ငှက်ကလေးကြားနိုင်မလား။ ကြားစေချင်ရဲ့ ငှက်ကလေးရယ။် ကြားစေချင်သူက မကြားနိုင်တဲ့ဘဝမှာ သစ်ပင်အဖြစ်ကို စိတ်ကုန်မိရဲ့။ အရာရာကို ဆွံ့အခြင်းများစွာနဲ့ နားထောင်ခွင့်ပဲရှိတယ်။ ကိုယ်ပြန်ပြောခွင့်ရတာဆိုလို့ လေပြေနဲ့အတူ သစ်ခတ်လေးတွေ ယိမ်းနွဲ့ရင်း လှုပ်ခတ်လိုက်ရတဲ့ အသံပါပဲ။
(င)
ငှက်ကလေးရေ..။။။။။
ငှက်ကလေးကို ငေးနေမိတဲ့ ကိုယ်က မေခနဲ့ မလိခကိုအားကျတယ်။ သူတို့တွေ ပေါင်းဆုံသလို တချိန်ချိန်တော့ ငှက်ကလေး ကျွန်တော့်လက်ဖျံမှာ လာနားမယ်ထင်မိတယ်။ ငှက်ကလေးကို တမ်းတနေတဲ့ ကျွန်တော်က i will be right here သီချင်းလေးကို တိုးတိုးလေးဆိုညည်းချင်နေမိ။ တချိန်ချိန်တော့ ငှက်ကလေးကြားလိမ့်မယ် ယုံကြည်တယ်။ ငှက်ကလေးကို မြတ်နိုးလွန်းတဲ့ ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် အလောင်ကျွမ်းခံချင်မိရင်း ငှက်ကလေးအတွက် အနွေးဓါတ်ပေးချင်ခဲ့တယ်။
ငှက်ကလေးရေ..။။။။။
 ငှက်ကလေးကို တမ်းတခြင်းဟာ ဘာလိုအင်ဆန္ဒပါလဲ စဉ်းစားတော့ ပြုံးမိသား။ အချစ်မှာ လိုအင်ဆန္ဒမပါရင် ပျင်းဖို့ကောင်းသတဲ့။ ကျွန်တော် ငှက်ကလေးရဲ့ ချစ်ခြင်းကို လိုအပ်တယ်။ ဟုတ်တယ်။ ငှက်ကလေးရဲ့ ချစ်ခြင်းကိုလိုအပ်တယ်ဆိုတာကတော့သေချာပါတယ်။
(စ)

တိတ်ဆိတ်နေတဲ့ နေ့ခင်းက ငှက်ကလေးကို ပိုပြီးတမ်းတစေတယ်။ ငှက်ကလေးရေ အလွမ်းဆိုတာ တားခွင့်မရှိတဲ့ မြစ်ပါပဲ။ သူစီးချင်သလောက်စီး၊ အရှိန်အဟုန်ကို နှလုံးသားကထိန်းချုပ်တယ်။ ခုတော့ ငှက်ကလေးကို လွမ်းတယ်။
ငှက်ကလေးက ကျွန်တော့်အတွက် ကမ္ဘာတစ်ခုတည်ပေးခဲ့တဲ့အကြောင်း ထပ်ပြောပြချင်သေးတယ်။
ရိုးးသားတိတ်ဆိတ်လွန်းတဲ့ ကိုယ့်ကမ္ဘာဟာ ငှက်ကလေးအတွက်နဲ့ အလွမ်းတွေ ညှို့ဆိုင်းလာရ? အချစ်တွေ နဲ့ ဝင်းလက်လာရ၊ ကြေကွဲမှုတွေနဲ့ ဖျော့တော့လာရ ..ဒီလိုနဲ့ပဲ အရောင်စုံတဲ့ကမ္ဘာသစ်တစ်ခု ဖြစ်တည်လာခဲ့တယ်။ တကယ်ဆို ကိုယ်ဟာ သစ်ပင်အဖြစ် ဖြစ်တည်မှုကို မေ့နေခဲ့ကြောင်း(မေ့ထားခဲ့ကြောင်း) ဝန်မခံချင်ခဲ့ဘူး။ နှလုံးသားက ကမ္ဘာသစ်ကို ဖျက်ပစ်ရမှာကြောက်တယ်။ ဒီကမ္ဘာသစ်က ငှက်ကလေးနဲ့မှ ဖြစ်တည်ခဲ့ရတာ၊ ဒီကမ္ဘာသစ်က ငှက်ကလေးက ကိုယ့်ကို ဖန်တီးပေးခဲ့တာ။ ဘယ်လောက်ပဲ အလွမ်းတွေ ညှို့ဆိုင်းနေပါစေ။ ငှက်ကလေးဖန်တီးပေးတဲ့ ကမ္ဘာသစ်ဟာ ကိုယ့်ရဲ့ သုခ နန်းတော်ပါပဲ.....။
အချစ်မရှိတဲ့ ကမ္ဘာထက် ချစ်သူကို လွမ်းနေရတဲ့ကမ္ဘာက ပိုပြီး ပြည့်စုံတယ်။ ငှက်ကလေးရေ...... တိတ်တိတ်လေးပဲ လွမ်းတယ်။
(ဆ)
ငှက်ကလေးရေ…။။။။။။။
ငှက်ကလေးက ၊ငှက်ကလေးက ကလေးဆန်တယ်။ မရယ်နဲ့ ငှက်ကလေးရယ်။ တကယ်ဆို ချစ်မိတာကိုက ကလေးဆန်နေတာဖြစ်မယ်။ ဒါမှမဟုတ်
အချစ်ကိုက စိတ်တွေ နုပျိုစေတာဖြစ်မယ်။ ငှက်ကလေးနဲ့ အချစ်က ကလေးဆန်တာ သေချာတယ်။

ငှက်ကလေးဟာ ငှက်ကလေးပါပဲ။ ကျွန်တော့်ကို ရူးအောင်ပြုစားနိုင်တယ်။
ကောင်းကင်က ကြယ်ကိုလိုအပ်တယ်။ နေကိုလိုအပ်တယ်။ လမင်းကို လိုအပ်တယ်။ လိုအပ်တယ်လို့
စကားတွေမဆိုမိဘူး။ ကောင်းကင်ခမျာ ကမ္ဘာကြီးကို မိုးပေးဖို့ လုံးပမ်းနေမိလို့ပါ။
ငှက်ကလေးရေ ကိုယ်လည်း ငှက်ကလေးကိုလိုအပ်တယ်။ ဒါပေမယ့် လိုအပ်တယ်မဆိုမိဘူး။ ငှက်ကလေးစိတ်ရှုပ်သွားမှာ စိုးရိမ်မိလို့ပါ။

ငှက်ကလေးက တေးဆိုရင် တေးဆိုသံထဲက ခံစားချက်တွေကို ကိုယ်က ဖမ်းယူနေကျ။ ငှက်ကလေးက ပြုံးနေရင် အပြုံးထဲက ခံစားချက်အငွေ့အသက်တွေကို ကိုယ်က ဝေခွဲကြည့်နေကျ။ ဘာ့ကြောင့်ဘာ့အတွက်၊ ပျော်ရွှင်မှု၊ လွမ်းဆွေးမှု၊ ဝတ်ကျေတမ်းကျေ အရာရာကို ကိုယ် ဖမ်းယူတတ်ခဲ့တယ်။
တကယ်ဆို ငှက်ကလေးရယ် ကိုယ်က သစ်ပင်ဖြစ်နေခဲ့တယ်။ ငှက်ကလေးကို ဘယ်လောက်ချစ်ကြောင်း ဖွင့်ဟပြောစရာစကားလုံးမရှိဘူး။ တိုးတိတ်ဆွံ့အ နာခံရုံသတ်သတ် ဖြစ်တည်ခဲ့ရတဲ့ ဘဝ သစ်ပင်ဘဝက ခေတ္တလွတ်မြောက်ချင်တယ်။  ငှက်ကလေးရေ အခွင့်ရှိရင် ငှက်ကလေးရဲ့ ချစ်ခြင်းကို လိုအပ်ကြောင်း တေးဆိုခွင့်ရချင်တယ်။
(ဇ)
ငှက်ကလေးရေ..။။။။။
အချစ်ကို ငှက်ကလေးက နင့်နင့်နဲနဲ ယုံကြည်ကိုးစားဖူးကြောင်းသိလိုက်တဲ့ နေ့မှာ ကျွန်တော့်လက်ဖျံတွေ အဝါရောင်ပြောင်းသွားခဲ့တယ်။ ဟုတ်တယ်။ ငှက်ကလေးရဲ့ ချစ်သူအပေါ် စိတ်ကူးယဉ်ဆန်ဆန်ချစ်တတ်မှုက ကျွန်တော့်ရဲ့ မနာလိုစိတ်ကို နှိုးဆွတယ်။ ငှက်ကလေးရယ် သဝန်တိုတာရှိရင် တကယ်ချစ်တယ်ခေါ်သလား။တကယ်ချစ်ပေမယ့် သဝန်မတိုတတ်ချင်ဘူး။ ကျွန်တော့်စိတ်ရဲ့ ကြီးမြတ်မှုတွေ ဖန်ဆင်းပေးပါ။ ငှက်ကလေးရဲ့ အတိတ်အကြောင်း တစွန်းတစတောင် မသိချင်တော့ဘူးကွယ်။
ငှက်ကလေးရေ..။။။။
အချစ်ကို အချစ်လို့ပဲ ကျွန်တော် သတ်မှတ်တယ်။ ဟုတ်တယ်။ အချစ်ကို ဖွင့်ဟပြောဖို့ မလိုအပ်ဖူးဆိုရင်တောင်မှ ချစ်ခြင်းကြောင့်ဖြစ်တည်လာတဲ့ ဂရုစိုက်ခြင်းတွေကိုတော့ ထိန်းချုပ်မထားချင်ဘူးကွယ်။ ကြာလာရင် သိမ်းထားရတာများလို့ ရင်နင့် သေနိုင်တယ်။
(ဈ)
ငှက်ကလေးရေ…။။။။
ငှက်ကလေးမကြားနိုင်မှန်းသိပေမယ့်ထပ်ထပ် တေးသီနေမိဦးမယ့် ကျွန်တော့်နှလုံးသားတေးသံကို တစ်ခါလောက်တော့နားစွင့်ပေးကွယ်။ ကြားစေချင်သူက မကြားတဲ့အခါ အော်ရတဲ့သူအတွက် ပိုပင်ပန်းတယ်။ ခု ကျွန်တော့်နှလုံးသားဟာ အသံအိုးမကောင်းတော့ဘူးတဲ့လေ။ ငှက်ကလေးတစ်ကောင် ကိုက်ဖြတ်ထားလို့ ဆိုလားပဲ ။

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်