Friday 15 March 2013

ငှက်ကလေးတစ်ကောင်အတွက် ..(၃)


(၁)
ဟော့ဒီကောင်းကင်အောက်မှာ ငှက်ကလေးတစ်ကောင်၊သစ်ပင်တစ်ပင် မရည်ရွယ်ပဲ တွေ့ဆုံဖူးခဲ့တယ်။ ငှက်ကလေးကတော့ ခဏ လာနားတာပါပဲ။ သစ်ပင်လေးကတော့ တစ်သက်တာအတွက် ငှက်ကလေးကို မြတ်နိုးသွားမိသတဲ့။
သစ်ပင်အတွက် ငှက်ကလေးက အရာရာကိုရင်ဆိုင်နိုင်တဲ့ သူရဲကောင်း မှတ်ခဲ့မိတယ်။ နောက် သူရဲကောင်း ဖြစ်စေချင်ခဲ့တယ်။
တကယ်လည်း ငှက်ကလေးဟာ သူရဲကောင်းဖြစ်ခဲ့ပါတယ်။ သစ်ပင်လေး မြင်ခဲ့သမျှ အပြုအမှုတိုင်းမှာ ငှက်ကလေးဟာ သူရဲကောင်းဆန်တယ်။ ရင့်ကျက်တယ်။တွေးတတ်တယ်။ သားကောင်ရဲ့အနေအထားသိတဲ့ သိန်းစွန်ရဲတစ်ကောင်လို ရဲရင့်ခဲ့တယ်။ လင်းယုန်လို ကျက်သရေကြီးခြင်းများစွာနဲ့ မြင့်မြတ်ခဲ့တယ်။ ဒါပေမယ့် သစ်ပင်လေး မှားခဲ့တယ်။ ငှက်ကလေးကို အရိပ်လို လိုက်ကြည့်နေမှုဟာ ငှက်ကလေးရဲ့ စိတ်အားငယ်မှုတွေကို ထွင်းဖေါက်မြင်တတ်ခဲ့တယ်။ ငှက်ကလေးကို အရိပ်လို လိုက်ကြည့်နေမှုဟာ မှားခဲ့တယ်။ တကယ်ဆို ငှက်ကလေးဟာ သူ့ဝမ်းနည်းမှုတွေကို တခြားသူတွေကို မြင်စေချင်ရဲ့လား။ မမြင်စေချင်ပဲ သစ်ပင်လေးက မြင်ခဲ့တာဆိုရင်....။ သစ်ပင်လေးဒီအတွေးကြောင့် တကယ်ဝမ်းနည်းမိပါတယ်။ ဒါပေမယ့် သစ်ပင်လေး ပျော်တယ်။ ချစ်တဲ့သူရဲ့ စိတ်ခံစားချက်ကို သိခွင့်ရလိုက်တဲ့အတွက် သစ်ပင်လေး ပျော်မိတယ်။
ဟုတ်တယ်။သစ်ပင်လေး ပျော်မိပါတယ်။


(၂)
တကယ်ဆို သစ်ပင်လေးရဲ့ ဘဝဟာ ရိုးရှင်းလွန်းပါတယ်။ ဟော့ဒီမြေ၊ ဟော့ဒီကောင်းကင်အောက်မှာ သစ်ပင်လေးအတွက် တစ်ခုတည်းသော အလုပ်က အသက်၇ှင်နေမှု။ ဟုတ်တယ်။ အသက်၇ှင်သန်နေမှုပဲ ၇ှိတယ်။
သာမန်ရှင်သန်နေထိုင်မှု ဘဝမှာ ခံစားချက်ဆိုတာကို မတို့မထိခဲ့ရတဲ့ သစ်ပင်လေးဟာ သူ့လက်ဖျံမှာ လာနားတဲ့ ငှက်ကလေးတစ်ကောင်ကို အမြင်မှာ ခံစားချက်တွေ သီးပွင့်လာတယ်ဆိုရင် ငှက်ကလေးယုံပါ့မလား။
သစ်ပင်လေးက ကိုယ့်ပတ်ဝန်းကျင်ကို ငေးကြည့်ဖို့တောင် စိတ်မဝင်စားခဲ့သူ။ ဒါပေမယ့်လည်း ခုတော့ ကောင်းကင်ကို မကြာခဏ မျှော်ကြည့်နေတတ်ပြီ။ ငှက်ကလေးများ ပျံသန်းသွားမလားလို့လေ။ ငှက်ကလေးပျံသန်းသွားချိန်ကို မမြင်ရမှာကို သစ်ပင်လေး အရမ်းကြောက်တယ်။
ငှက်ကလေး အိပ်နေချိန်ဆို သစ်ပင်လေးက စိတ်ပူတတ်တယ်။ ငှက်ကလေးမမြင်ရပဲနဲ့ တစ်စုံတစ်ခုရဲ့ ထောင်ချောက်တွေထဲကျသွားမလားလို့။ငှက်ကလေး လေလှိုင်းပေါ်ပျံသန်းနေချိန်ဆို သစ်ပင်လေး တွေးပူတတ်တယ်။ ကြားမှာ ကာဆီးထားတဲ့ အပိတ်အဆို့တွေကို မမြင်ပဲဝင်တိုက်မိရင် ငှက်ကလေးဒဏ်ရာရနိုင်တယ်။
ငှက်ကလေးရေ သစ်ပင်က ငှက်ကလေးကို တွေ့ချင်ရင် ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ တိမ်တွေက ငှက်ကလေးရဲ့ အသွင်ပြောင်းသွားတယ်။ ငှက်ကလေးရေ သစ်ပင်က ငှက်ကလေးကို တွေ့ချင်ရင် မြေပြင်ကို ငုံ့ကြည့်လိုက်တယ်။ မြေပြင်ဟာကောင်းကင်ဖြစ်လို့ ငှက်ကလေးပျံသန်းနေသတဲ့။
ငှက်ကလေးရေ အချစ်ဆိုတာ ဖွင့်ဟပြောမှ ချစ်လို့ရကြေးလား။ ကိုယ့်မှာက ဖွင့်ပြောစရာ အသံမှ မရှိတာ။ ဒါပေမယ့်လည်း ငှက်ကလေးကို ကိုယ် ချစ်တယ်။
သစ်ပင်တစ်ပင်က ငှက်ကလေးတစ်ကောင်ကို ချစ်နေပါတယ်။
အကျယ်ကြီးအော်ပစ်လိုက်တော့ ရှဲ..ရှဲ...ရှဲတဲ့လေ။ သစ်ခက်လေးတွေ လေတိုက်လို့ လှုပ်တဲ့အသံပဲ ထွက်လာတယ်။ ငှက်ကလေးရေ.. စိတ်မောလိုက်တာ။

(၃)
ငှက်ကလေးနဲ့ သစ်ပင်ရဲ့ ကြားထဲမှာဘာတွေခြားထားသလဲ။
ရှာဖွေကြည့်မိတယ်။
နေထိုင်ရှင်သန်ရာဘဝမတူညီကြဘူးနော်။ နောက် စိတ်ကို အလိုလိုက်ပုံခြင်း မတူညီကြဘူး။ ငှက်ကလေးက သူ့နှလုံးသားကို သူအလေးထားတယ်။ သူ့စိတ်ကလိုအပ်တဲ့ အစာအာဟာရကို အလေးထားတယ်။ ဖြည့်ခွင့်ရဖို့ပဲ ကြိုးစားနေတယ်။ သူ့ဝါသနာကို အထပ်ထပ်မွမ်းမံတယ်။
သစ်ပင်က ၊ သစ်ပင်ကဝါသနာဆိုတာကို မသိခဲ့ဘူး။ အသက်ရှင်နေလို့သာအသက်ရှုနေမိတာဆိုတဲ့အတွေးမျိုးကို တွေးရင်းနေထိုင်မိခဲ့သူ။ သစ်ပင်လေးက နှလုံးသားက လိုအပ်တဲ့ အစာအာဟာရဆိုတာကို တခါမှ မတို့ထိဖူးခဲ့တဲ့သူ။ ဒီဆန့်ကျင်ဘက်နှစ်ခု ဘယ်လိုများဆုံစည်းလေမလဲကွယ်။
ခုတော့ နှလုံးသားက လိုအပ်တဲ့ အစာအာဟာရဆိုတာ ငှက်ကလေးလို့ သိတတ်ခဲ့ပြီ။ အချစ်ဆိုတာကို ခံစားဖို့ မင်းမှာ နှလုံးသားရော ပါရဲ့လားကွာ တဲ့.. ကိုယ့်သူငယ်ချင်းတစ်ချို့ မေးကြတယ်။ ကိုယ်ပြုံးပြုံးလေးပဲ ပြန်ဖြေမိတယ်။ တကယ်ချစ်တတ်သူအတွက် နှလုံးသားမရှိပေမယ့် နှလုံးသားရှိသူတွေထက် ခံစားတတ်တယ်လို့။ သူတို့ တစ်နေ့ချစ်တတ်ရင် သိလိမ့်မယ်။ အချစ်ဆိုတာ ဘယ်လောက်ထိ ကြည်ကြည်နူးနူးနဲ့ နာကျင်ရတဲ့ အကြောင်း ကို။

ငှက်ကလေးက သစ်ပင်လေးရဲ့ ကောင်းကင်ကို တစ်နေ့မှာတစ်ခါပဲ ပျံသန်းတတ်တယ်နော်။ တကယ်ဆို အဲ့ဒီ့အချိန်မှာ ငှက်ကလေးဟာ အိပ်ပျော်နေတတ်ပြီ။ ဒါမှမဟုတ် ပျင်းပျင်းရိရိနဲ့ စမ်းချောင်းလေးကို ငေးကြည့်ရင်း သမ်းဝေနေတတ်ပြီ။ ခုတော့ အဲ့ဒီ့အချိန်တိုင်း ငှက်ကလေးကိုပဲ ကြည့်နေမိလို့ ကိုယ့်ရှေ့က စမ်းချောင်းလေးတောင်ပြောနေတတ်ပြီ။ မင်းက ငှက်ကလေးမလာမှ ငါ့ကိုကြည့်တာပါကွာ..တဲ့။ ကိုယ့်သူငယ်ချင်းတချို့ကိုတောင် မျက်နှာလွဲသလိုဖြစ်လို့ ကိုယ့်ကို စိတ်ဆိုးနေကြပြီ။
ဒါပေမယ့်လည်း ငှက်ကလေးရယ် ကိုယ့်ရဲ့ တစ်နေ့တာမှာ ကိုယ့်ရဲ့ အပျော်ဆုံးအချိန်ဟာအဲ့ဒီအချိန်ပဲဆိုတာ သူတို့မှ မသိတာပဲလေ။
ဟော ပြောရင်းဆိုရင်းပဲ ငှက်ကလေးကို လွမ်းမိနေပြန်ပြီမို့ စမ်းချောင်းလေး နှုတ်ခမ်းစူသွားပြန်ပြီ။ မတတ်နိုင်ဘူးကွယ်။ ငှက်ကလေးအကြောင်းတွေးနေရတဲ့ အချိန်တွေဟာ ကိုယ့်အတွက် စိတ်အချမ်းသာဆုံးအချိန်တွေ ဖြစ်ကြောင်း ကိုယ်ထပ်မပြောချင်တော့ပါဘူး။
ငှက်ကလေးရေ လွမ်းလိုက်တာ။

(၄)
အဲ့ဒီ့နေ့က သစ်ပင်အတွက် ကောင်းကင်ပြိုသလို ဖြစ်တဲ့နေ့ပေါ့။
ငှက်ကလေးရယ်လေ တခြားငှက်ကလေးတစ်ကောင်နဲ့ ကိုယ့်ကောင်းကင်ပေါ်ကနေ ပျံသန်းသွားတယ်။ မြင်လိုက်ရတာဟာ အရိပ်အယောင်လာက်ပါပဲ။ ဒါပေမယ့် ကိုယ့်ခန္ဓာကိုယ်တစ်ခုလုံး အလဲလဲအပြိုပြို။ ငှက်ကလေးသတိထားမိရင် သိလိမ့်မယ်။ အဲ့ဒီ့နေ့က ကိုယ်ကောင်းကင်ကို မော့မကြည့်ခဲ့ဘူး။
အဲ့ဒီ့နေ့ကစလို့ ကိုယ် ငိုတတ်ခဲ့တယ်။
ငှက်ကလေး သတိထားမိရင် သိလိမ့်မယ်။ အဲ့ဒီ့နေ့ ကိုယ်တိတ်ဆိတ်ခဲ့တယ်။

ဒါပေမယ့်လည်း မထူးပါဘူး ငှက်ကလေးရယ်။ ချစ်သူရှိလို့သာ မေ့ပစ်ကြေးဆို ဒီကမ္ဘာမှာ အသဲကွဲသမားမရှိနိုင်ဘူး။ ဒီတော့ကိုယ်လည်း သမရိုးကျအသဲကွဲသမား ဖြစ်ပစ်လိုက်တယ်။ ကိုယ် အသဲကွဲပစ်လိုက်တယ်။

ငှက်ကလေးရေ လွမ်းတယ်။ ချစ်ခြင်းတစ်ခုဟာမပြည့်စုံနိုင်မှန်း ပိုသေချာလာလေလေ၊ ငှက်ကလေးကို ချစ်ခွင့်ရနိုင်မယ့်(တဲ့) ရက်တွေကို ပိုပို တန်ဖိုးထားမိလေပါပဲ။ အလွမ်းတစ်ခုကို ဖွင့်ဟဝန်ခံဖို့ ဆုံးဖြတ်လိုက်မိတော့ စမ်းချောင်းလေးက ပြုံးတယ်။ “မင်းက သစ်ပင်လေ မင်းစကားမပြောနိုင်ပဲနဲ့ငှက်ကလေးကို ဘယ်လိုပြောမှာလဲ သစ်ပင်ကမ္ဘာပျက်အောင်တော့ မလုပ်ပါနဲ့ကွာ သစ်ပင်ဆို ဖွင့်ဟပြောဆိုလို့မရတဲ့သူပဲကွ နားထောင်ခွင့်ပဲရှိတယ်” တဲ့လေ။ သူကတော့ အဲ့ဒီလိုပြောပြီး ဆက်လျှောက်သွားတယ်။ ကိုယ့်မှာသာ.. အတွေးတွေတသီကြီးနဲ့ကျန်ခဲ့။
ပိုင်ဆိုင်ခွင့်မရှိတဲ့ ချစ်ခြင်းကို ဘာတွေနဲ့၊ ဘယ်လိုနည်းနဲ့ ဖွင့်ပြောရမလဲ။ ကိုယ်တော်တော်ခေါင်းခြောက်နေပါပြီ ငှက်ကလေးရယ်။ ကိုယ့်အိပ်ချိန်တွေကို ဖဲ့ပစ်ပြီး ကောင်းကင်က ငှက်ကလေးကို ခိုးကြည့်တဲ့ နေရ့ရက်တွေ များများလာလေလေ၊ ငှက်ကလေးကို မြတ်နိုးမိတဲ့ စိတ်က တိုးလာလေလေ။
ငှက်ကလေးရေ မြတ်နိုးမှုကို တိုင်းတာတဲ့ စက်တွေရှိရင် ကိုယ့်ဆီခဏယူလာခဲ့စမ်းပါ။ ငှက်ကလေးကို ကိုယ်ဘယ်လောက်ထိ မြတ်နိုးကြောင်း တိုင်းတာပြချင်လို့ပါကွယ်။

“ကိုယ့်ဘဝကိုယ် မသိတဲ့သစ်ပင်ကို
အပြစ်ဆိုချင်လည်း ဆိုပါတော့
ချစ်ခွင့်တော့ရချင်နေသေးတယ်” ငှက်ကလေးရယ်။
တချိန်ချိန်ပေါ့။ တန်ခိုးရှင်နဲ့ တွေ့ချင်တယ်။ ငှက်ကလေးကို ဖွင့်ပြောဖို့အတွက်လေ။
(၅)
မနေ့ညက အိပ်မက်တယ်။
ငှက်ကလေးက ကိုယ့်ကို ကြည့်ရင်းစကားဆိုတယ်။ “မြတ်နိုးတယ်” တဲ့လေ။ ကိုယ်ပျော်သွားလို့ ထခုန်မိတော့ စမ်းချောင်းလေးက အော်တယ်။ တိတ်တိတ်နေစမ်းကွာတဲ့။ ကျန်တဲ့ သူငယ်ချင်းတွေကလည်း ဆိုတယ်။ အိပ်ချိန်ကြီးမှာ ဆူညံနေသတဲ့။ ကွယ်.. ခက်လိုက်တာ။ အိပ်မက်ထဲ ပျော်တာတောင် လွတ်လွတ်လပ်လပ်ပျော်ခွင့်မရတဲ့ ဘဝမျိုး။
အိပ်မက်က အပျော်တွေနဲ့  ကိုယ်ဟာ ဒီနေ့တစ်နေ့လုံး ငှက်ကလေးကို မျှော်နေမိတယ်။ ငှက်ကလေး ဘာအဆင်အသွေးကို ဆင်လာမလဲ။ ဘယ်လိုပုံစံတေးဆိုမလဲ။ ငှက်ကလေးဘာတွေကို ရှာဖွေဦးမလဲ။ငှက်ကလေးအကြောင်း တွေးနေရင်းနဲ့ မျှော်နေမိတယ်။
အို…. ငှက်ကလေးရယ်လေ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ပျံသန်းလာတာ၊။ ပြီးတော့ ကိုယ့်ရှေ့က သဲသောင်ပြင်မှာ လာရပ်တော့ စိတ်မကောင်းစွာနဲ့ပဲ ပျော်မိတယ်။ ငှက်ကလေးအတွက် စိတ်မကောင်းပေမဲ့ ငှက်ကလေးကိုယ့်ရှေ့မှာ ရပ်နေတဲ့ အတွက် ပျှော်ရွှင်မှုကိုတော့ ထိန်းမရခဲ့ဘူး။
အို.. ငှက်ကလေး ဘာတွေ လုပ်နေတာလဲ။ မြေပြင်ပေါ်မှာ နှုတ်သီးလေးနဲ့  ဆွဲတဲ့ဝလုံးဝိုင်းဝိုင်းလေးတွေ။ဘာ့အတွက်လဲ။ ဘာ့ကြောင့်လဲ။ မေးချိန်မရလိုက်ဘူး။ ငှက်ကလေးပျံသန်းသွားတယ်။ ဘာဆိုဘာမှမသက်ဆိုင်ပါပဲနဲ့ဝလုံးလေးတွေကို ကိုယ်မုန်းမိသွားတယ်။ ငှက်ကလေးစိတ်ညစ်နေတာဟာ ဒီဝလုံးလေးတွေနဲ့ ဆိုင်လိမ့်မယ်။
ငှက်ကလေးရေ.. အားမလျော့နဲ့။ မာန်တင်းစမ်းပါ။ ငှက်ကလေးဟာ ကိုယ့်ရဲ့သူရဲကောင်းလေ။ ငှက်ကလေးစိတ်ညစ်နေရင် သူရဲကောင်းကို အားကိုးတဲ့ ပြည်သူတွေ စိတ်ညစ်သလို ကိုယ်လည်း စိတ်ညစ်တယ်။ ငှက်ကလေးငိုရင် ကိုယ်လည်း ငိုချင်တယ်။ ငှက်ကလေး မပျော်ရင် ကိုယ်လည်း မပျော်ရွှင်ဘူး။ ငှက်ကလေးရေ ပြုံးပါ။ ကျေးဇူးပြုပြီး ပြုံးပါ။
ငှက်ကလေးရဲ့ ပျောက်ရှသွာတဲ့အားမာန်တွေကို ကိုယ် ပြန်ရှာပေးချင်လိုက်တာ။ ငှက်ကလေးရေ အားတင်းထား။
အားငယ်နေတဲ့မျက်လုံးတွေကို သူရဲကောင်းမာန်နဲ့ ခပ်ဝင့်ဝင့်ကြည့်ပစ်လိုက်။ ပျင်းတိပျင်းရွဲခတ်နေတဲ့ အတောင်ပံတွေကို အင်ဂျင်တပ်ပစ်။ ဘယ်တော့မှ စိတ်အားမငယ်ကြေး။ ဟော့ဒီကမ္ဘာမှာ၊ ဟော့ဒီကောင်းကင်အောက်မှာ ငှက်ကလေးကို အားပေးနေမယ့် သစ်ပင်လေးတစ်ပင်ရှိတယ်။

ဘယ်သူတွေဘာပြောပြော ငှက်ကလေးက ကိုယ့်ရဲ့သူရဲကောင်း။
(၆)
ငှက်ကလေးရေ ဒီနေ့လာရင် ရွှင်ရွှင်လန်းလန်းနဲ့လာခဲ့ဟာ။ ငှက်ကလေးသိမှာမဟုတ်ပေမယ့် ငှက်ကလေးကို သစ်ပင်လေး တီးတိုးစကားတွေဆိုနေမိတယ်။ သူ့မျက်နှာမရွှင်မလန်းဖြစ်ခြင်းမှာ ကိုယ့်စိတ်တွေ ဘယ်လောက်ထိ လေးပင်ထိုင်းမှိုင်းရတယ်ဆိုတာ ကိုယ်သာသိတာလေ။ ခုတလော မှိုင်မှိုင်နေတဲ့ ငှက်ကလေးကို မြင်ရတာ သစ်ပင်လေး ငိုချင်တယ်။
“သစ်ပင်ရယ် မရူးစမ်းပါနဲ့..”လို့ စမ်းချောင်းလေးက သတိပေးလည်း ကိုယ် မရူးပဲမနေနိုင်ဘူး။ အချစ်ဆိုတာကိုယ်က ရူးသွပ်ခြင်းတစ်မျိုးဆိုလားပဲလေ။ ဒီတော့ကိုယ်ဆက်ရူးနေပစ်လိုက်တယ်။
တကယ်ဆို စမ်းချောင်းနဲ့မှ အမူအယာချင်းစကားပြောလို့ရသေး၊ ငှက်ကလေးဆိုတာက ကိုယ်ပြုမှုလိုက်တဲ့ အပြုအမှုတိုင်းကို သက်မဲ့တစ်ခုလို့ပဲ ယူဆထားမယ့်သူ။ ဒီလိုလူကိုမှ ချစ်ခဲ့မိတာ သစ်ပင်လေးမှားပြီထင်ရဲ့။ ဘဝနှစ်ခုကကပြောင်းကပြန်ဖြစ်နေတော့ ကိုယ့်အချစ်ကိုယ် သံသယဖြစ်ချင်လာမိပြီ။ ဒါပေမဲ့ကွယ် မချစ်သင့်လို့ မချစ်နဲ့ ခိုင်းလို့ရကြေးသာဆို ဒီကမ္ဘာမှာ “Lonely” ဆိုတဲ့ စကားပေါ်လာမယ်မထင်ဘူး။
 ကိုယ်စိတ်တိုတိုနဲ့ ရွက်ဝါတွေတစ်ရွက်ပြီးတစ်ရွက်ခြွေပြီး ငှက်ကလေးအတွက် ကဗျာတွေရေးနေမိတယ်။။ တကယ်လို့များ တိမ်ပေါ်မှာ ရွက်ဝါလေးတွေ  တွေ့ရင် ကျော်မသွားပါနဲ့ ငှက်ကလေးရယ်။ မင်းအတွက် ကိုယ်ရေးထားတဲ့ကဗျာလေးတွေ ပါနိုင်တယ်။ လွမ်းလွန်းလို့ရေးတဲ့ ကဗျာ သိစေချင်သူ မမြင်တော့ ခြွေချခံရတဲ့ ရွက်ဝါလေးတွေက ငိုချင်တယ်တဲ့။
“မငိုကြပါနဲ့ ရွက်ဝါလေးတို့ရယ်။ ကိုယ်လည်း ငိုချင်နေလို့ပါ။
ကိုယ်ချစ်တာ ငှက်ကလေး မသိဘူး ရွက်ဝါတို့ရဲ့။ ကိုယ်ချစ်တာကို သူမသိဘူး။ ကောင်းကင်ကြီးရယ် ခဏငိုပေးစမ်းပါ။ ကျွန်တော့်မျက်ရည်တွေ ကို ပါ ရောပါသွားစေချင်လို့ပါ။”

စကားတွေဆိုနေတဲ့ သစ်ပင်လေးကို စမ်းချောင်းလေးက သနားတဲ့ဟန်နဲ့ကြည့်သွားတယ်။ မတတ်နိုင်ဘူးကွယ်။ ရူးလက်စနဲ့ ရူးပါရစေ။ ငှက်ကလေးရေ လို့ တမ်းတလိုက်မိတိုင်းမှာ ရင်တစ်ခုလုံးနွေးထွေးသွားတာဟာ အချစ်ရဲ့ စွမ်းအားတဲ့လေ။ သူမသိ၊ သူမချစ်ရင်တောင် ချစ်ခွင့်ရနေချင်သေးတယ်။
ချစ်ခွင့်ရနေပါရစေ……လို့တကြော်ကြော်အော်နေတဲ့ သစ်ပင်လေးရဲ့ အသံကို ငှက်ကလေး ကြားနိုင်ပါ့မလား။ သစ်ပင်လေး အမြဲတမ်းပြောနေပါတယ်။ သူ ကြားပါစေ။

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်