Tuesday 12 March 2013

၁၁-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ


(၁)
နိုးထလာတဲ့ မနက်ခင်းမှာ
ကျွန်တော်အရင်ဆုံးသတိရလိုက်မိတာ
က..
..............................
...
.....................................

ဒီချိန်ဆို အိပ်မှုံစုတ်ဖွားနဲ့ ငှက်ကလေးဟာ
နှုတ်ခမ်းကြီးစူပုတ်ပုတ်လုပ်ရင်း
ဝေဟင်မှာ ပျံသန်းဖို့ ပြင်နေလောက်ပြီ
တွေ့ရာမြင်ရာကို
စူပုတ်ပုတ်နဲ့ ပြုံးပြလိမ့်မယ်
သူ့အပြုံးက စူပုတ်ပုတ်နဲ့ ချစ်ဖို့ကောင်းလိမ့်မယ်


ငှက်ကလေးရေ တွေ့ချင်လိုက်တာ
သူ ကောင်းကင် ခရီး စလျှောက်တော့မယ်ထင်ပါရဲ့
ငှက်ကလေးက
ငှက်ကလေးတစ်ကောင်အတွက်
တေးသီဖို့ကြိုးစားနေတယ်
ကိုယ်က ငှက်ကလေးအတွက်
အမောပြေ..
သစ်ပင်ရိပ်လေးပေးဖို့ စောင့်နေတယ်
(၂)
ငှက်ကလေးရေ
ဟော့ဒီအိမ်မှာနေမလား
ငါ့ပုခုံးပေါ်မှာ မင်းအတွက်
အိမ်လေးတစ်လုံးဆောက်ထားတယ်
 ဒီအိမ်လေးမှာသာ မင်းနေခဲ့ရင်
ရင်ထဲက သံစဉ်တွေကို မင်းအတွက်
လေပြေတွေနဲ့အတူယိမ်းနွဲ့ရင်း
သစ်ခက်တေးဆိုပေးမယ်

ညဆို အမှောင်မကြောက်ရစေဖို့
သစ်ခက်လေးတွေနဲ့ အုပ်မိုးထားပေးမယ်
ငှက်ကလေးရေ
ပျော်နေလား
ပျော်မှာပါ
ငှက်ကလေးက ငှက်ကလေးနဲ့အတူ ပျော်နေမှာပါ
ကိုယ် သိတယ်
(၃)
ပြောရဦးမယ်ငှက်ကလေးရေ
မနေ့က ကိုယ်အိပ်မက်မက်တယ်
အိပ်မက်မှာ ငှက်ကလေးက
ကိုယ့်လက်ဖျံမှာလာနားသတဲ့
မဖြစ်နိုင်မှန်းသိရက်နဲ့
ကိုယ်ပျော်မိတယ်

ငှက်ကလေးရေ
ပြောရဦးမယ်
ငှက်ကလေးက
ဘာအဆင်အသွေးလဲ
ငှက်ကလေးက ဘယ်လိုအတောင်ပံခတ်သလဲ
ငှက်ကလေးက
ဘယ်လိုအသွင်အပြင်ရှိသလဲ
ကိုယ့်ငှက်ကလေးကို
ကိုယ့်ရဲ့ အပေင်းအသင်းတွေ မြင်ဖူးချင်ကြပြီ
ကိုယ့်ချစ်ခြင်းကို အသိအမှတ်ပြုခြင်းလို့ တွေးရင်း ကိုယ်ပျော်မိတယ်

ငှက်ကလေးရေ
ဆက်ပြောပြဦးမယ်ကွယ်
မနေ့က အိပ်မက်မှာ
ကိုယ်သေဆုံးသွားခဲ့တယ်
ငှက်ကလေးနဲ့ ငှက်ကလေးတစ်ကောင်
စကားပြောနေကြသတဲ့.........
နှလုံးသားခြင်းထပ်တူညီနေကြတဲ့ ငှက်ကလေးနှစ်ကောင်ကိုကြည့်ရင်းကိုယ်
သေဆုံးသွားခဲ့သတဲ့......လေ။

(၄)

ကိုယ့်အရှုံးကိုယ် ချပြရတာလောက် ရင်နာစရာကောင်းတာမရှိဘူး
ဒါပေမယ့်လည်း
ငါ့အရှုံးကို ငါဝန်ခံခဲ့တယ်
ငှက်ကလေးရေ
ဘဝဟာ အချိန်ဘယ်လောက်ထိပေးမယ်ထင်သလဲ
ရသမျှ အချိန်လေးအတွင်းမှာ ငါလည်း
သစ်ပင်ငယ်ပီသစွာနဲ့
အချစ်မှာ ကျရှုံးကြောင်းဝန်ခံပြလိုက်မယ်
ငှက်ကလေး ပျော်ပါစေ

(၅)
ငှက်ကလေးရေ
လွမ်းတယ်ဟာ
အချိန်တွေကို အလွမ်းနဲ့စားကြည့်တော့
မြတ်နိုးခြင်းတွေက အကြွင်းအဖြစ်ထွက်လာတယ်
ရလဒ်က အသဲကွဲဝေဒနာဆိုပဲ

ဘာပဲဖြစ်ဖြစ်ပေါ့
လွမ်းတတ်သွားတာ ကျေးဇူးတင်တယ်

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်