Saturday 16 March 2013

၁၅-၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ


လူတစ်ယောက်ကိုချစ်ရတာ
သံပရာသီးတစ်လုံးကိုဖျော်သောက်နေရတာနဲ့တူတယ်
ကိုယ်သောက်တာကသံပရာရည်တော့ သံပရာရည်ပဲ
အချစ်ဆိုတဲ့အပိုဆာဒါးလေးကြောင့် သံပရာရည်ဟာ အသားကုန်သောက်ကောင်းနေတယ်
အားလုံးလည်းကုန်သွားရော
ချဉ်စုပ်နေတဲ့ သံပရာသီးခြမ်းဖတ်သာကျန်တော့တယ်
အဲ့ဒီ့သံပရာခြမ်းကို တချို့က လွှင့်ပစ်ကြတယ်
တချို့ကတော့ ချဉ်သုပ်နေပေမယ့် အသုံးဝင်တယ်ဆိုပြီးသိမ်းထားကြတုန်းပဲ
ငှက်ကလေးရေ
ငါကတော့ ဒီသံပရာရည်ကို မကုန်အောင်လို့ ဖြည်းဖြည်းချင်းပဲသောက်မယ်ကွာ်
ငှက်ကလေး ယုံတယ်ဟုတ်။

(၁)

ငှက်ကလေးရေ
ကြွားကြွားဝင့်ဝင့်ပျံ
အားမငယ်စတမ်း
ကတိထားကြအောင်

ငှက်ကလေးက ကောင်းကင်ထက်ပျံသန်းချိန်မှာ
သစ်ပင်လေးက
မြေပြင်ထက်က အားပေးမယ်
အားပေးနေမယ်

ကိုယ့်ပုခုံးထက်မှာ နားစေ့ချင်လည်း
ငှက်ကလေးကြိုက်တဲ့ကောင်းကင်ဆီကို
သွားပါပျံပါ
ကြွားကြွားဝင့်ဝင့်ပျံပါ
အားမာန်အပြည့်နဲ့
လေဟုန်ကို ခွင်းပစ်လိုက်

ငှက်ကလေးက ကိုယ့်ရဲ့ သူရဲကောင်းဖြစ်ကြောင်း
ဘယ်တော့မှ............
မမေ့ပါနဲ့။
(၂)

အားငယ်တဲ့ မျက်လုံးတွေမှာ မာန်ဝင့်ပစ်လိုက်
ပျင်းတိပျင်းရွဲခတ်နေတဲ့ အတောင်ပံတွေကို အင်ဂျင်တပ်ပစ်လိုက်
ဘယ်တော့မှ စိတ်အားမငယ်ကြေး
ဟော့ဒီ့ကောင်းကင်အောက်မှာ
သူရဲကောင်း ကြီး ငှက်ကလေးကို အားပေးနေမယ့်
သစ်ပင်လေးတစ်ပင်ရှိနေတယ်
(၃)

အရာရာကို စိတ်တိုင်းမကျတာနဲ့ပဲ
နှုတ်ခမ်းကြီးစူပုတ်ပုတ်လုပ်မနေနဲ့ဦး
လောကက မာယာများတယ်
လူမှုဆက်ဆံရေးမှာတာဝန်ကျေပွန်ဖို့ အပြုံးဆောင်ရမတဲ့
ပြုံးဖို့လည်း မမေ့နဲ့ဦး ငှက်ကလေးရေ
(၄)

ငှက်ကလေးရေ
အချိန်ကိုကြည့်တော့
ကြယ်တွေ ကခုန်နေပြီ
ဘယ်ဆီဘယ်မှာများလဲ
လွမ်းနေမိတဲ့ စိတ်ကို ထိန်းချုပ်ဖို့
အိပ်ဆေးမသောက်ချင်ဘူး
ငါ..
လွမ်းရတဲ့ အရသာကို
ကြိုက်နေမိသေးတယ်
(၅)

သက်ပြင်းတွေ အခါခါချမိတဲ့ ညနေမှာ
ကိုယ် မျက်ရည်တွေကို သိမ်းနေမိတယ်
တကယ်ပါပဲ
အကြောင်းပြချက်မရှိပါဘူး လို့
ထပ်ခါထပ်ခါ သတိပေးနေတဲ့ကြားကပဲ
.................
ဒီနေ့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ
အိပ်တော့မယ်
မင်း ပျော်ပါစေ။
(၆)
လေးလွင့်နေတဲ့ စိတ်တွေကို ဖမ်းဆုပ်ထားဖို့မတတ်နိုင်ဘူး
လွှတ်ချပစ်ချင်နေတဲ့ အရာတွေကို မနည်းဖမ်းဆုပ်ထားနေရတယ်
ကိုယ်ဖမ်းဆုပ်သင့်တာက ဘာလဲ
ကိုယ်လွှတ်ချပစ်သင့်တာက ဘာလဲ
စိတ်တွေဟာ ကောင်းကင်ကိုမော့ကြည့်နေမိ.....
.....
မိုးရွာဖို့ကို တမ်းတတယ်
ကျွန်တော် ငိုချင်နေမိလို့ပါ........
ကျေးဇူးပြု၍ ကောင်းကင်ကြီးငိုပါ။
(၇)
ဟူးးး
မျက်လုံးကို ဇွတ်အတင်းမှိတ်တယ်
ပုံရိပ်တွေ မြင်တယ်
မျက်လုံးကို ဖွင့်လိုက်တော့
မျက်ရည်က ကျချင်တယ်
တော်ပြီ
ငှက်ကလေးကို ဒီနေ့မေ့မယ်။
သစ်ပင် အိပ်မယ်။

ရည်ဝေ

2 comments:

အလင်းသစ် said...

ဖဘပေါ်က ငှက်ကလေး လွမ်းချင်းကို ဒီမှာ ဖတ်သွားတယ်ဗျို့... :)

Unknown said...

:P အဟဲ

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်