Wednesday 13 March 2013

၁၂--၃--၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ


(၁)
ငှက်ကလေးရေ
ခပ်ရှုပ်ရှုပ်စိတ်တွေကို လင်းလက်ပေးပါဦး
ရှင်းလင်းပေးပါဦး
ဒီမနက်တော့
စူပုတ်ပုတ်မျက်နှာကို
ငါဆင်မြန်းမိတယ်


(၂)
ငှက်ကလေးရယ်.........
မာနတွေ အတ္တတွေကိုမြင်ရတာ ပူလောင်လိုက်တာ
ငှက်ကလေး ဘယ်တော့မှ မာနမထားနဲ့နော်
အတ္တလည်းကင်းကင်းနေ
ငှက်ကလေးကို တွေးနေရတာပဲ စိတ်ချမ်းသာတယ်
ငှက်ကလေးက
ကိုယ့်စိတ်ကို ရှင်းသန့်စေတယ်
ငှက်ကလေးကတော့ငှက်လေးပါပဲ
ဒါပေမယ့်လည်း
ကိုယ့်အတွက်
လင်းလက်ခြင်းတွေ သယ်ဆောင်လာခဲ့တယ်
အရှုံးပေးနေချင်တဲ့ ကိုယ့်စိတ်တွေဟာ
ငှက်ကလေးကို မြင်ရရုံနဲ့
ဗီတာမင်တွေ ပြည့်နေတဲ့ အားဆေးကြီးတစ်ဗူးလို
ဟုန်းခနဲ....
ပြန်အားတတ်သွားတတ်တယ်
သတိရတယ် ငှက်ကလေးရယ်

(၃)
ငှက်လေးရေ..
ကရကဋ်မှာ မကောင်းတဲ့အကျင့်က လက်မလွှတ်နိုင်ခြင်းဆိုပဲ
ဒီလိုဆိုကိုယ်တော့ သွားပြီထင်ရဲ့
ငှက်ကလေးကိုပဲ တသသနဲ့
လက်လွှတ်ဖို့ ခက်ချေပြီ..
သနား၊ ပါးနပ်၊ ကာကွယ်ပေးတတ် ဆိုတဲ့ အကျင့်တွေထက်
လက်မလွှတ်နိုင်တဲ့ အကျင့်ကို
မျက်စောင်းလေးထိုးပြီး မြတ်နိုးမိလိုက်တယ်
သေချာပါတယ်
ကိုယ်ငှက်ကလေးအတွက် မမေ့နိုင်ခြင်းတွေ
ရင်နဲ့ အပြည့်ဖြည့်ထားမိမှာ

(၄)
ငှက်ကလေးရေ.......
ကိုယ်က အတိတ်ဆိုတာကို မုန်းတတ်ကြောင်း ပိုပို သိရ
ဝလုံးလေးတွေမြင်တိုင်း မုန်းတယ်
ငှက်ကလေးရေ
အချိန်ဆိုတာကြီးက မင်းကိုကယ်နိုင်ခဲ့သလား
ကိုယ်လေ..သိချင်လိုက်တာ
ငှက်ကလေးရေ
ခဏခဏ မရယ်နဲ့ဟာ
ရှိုက်သံစွတ်နေသလိုပဲ
မုန်းတယ်
ငှက်ကလေးရေ
ဒီတစ်ခါ ကိုယ့်ကောင်းကင်ကိုလာရင်
အတိတ်တွေ ခဏထားခဲ့စမ်းပါ
မင်းတစ်ယောက်တည်းကိုပဲ လွတ်လွတ်လပ်လပ် မြင်ချင်လို့
ငှက်ကလေးရေ
ဘဝက တိုက်ပွဲတဲ့
တိုက်ပွဲထဲက အိုအေစစ်အဖြစ်
အချစ်ကို သတ်မှတ်ကြည့်တယ်
ငှက်ကလေးရဲ့ အချစ်က
ဆာဟာရ ဆန်နေတယ်

(၅)
ငှက်ကလေးရေ
ဒီနေ့ဟာ ငှက်ကလေးအတွက် ကဗျာတွေနည်းတဲ့နေ့ပေါ့
ကိုယ့်စိတ်ရှုပ်ခြင်းတွေ ငှက်ကလေးဆီ ကူးမှာစိုးတယ်
မလွမ်းရက်ဘူး

ငှက်ကလေးရေ
အရောင်စုံအလင်းတွေထဲမှာ
ငှက်ကလေးက အရာရာမှိန်ဖျော့လွန်းတယ်
မြတ်နိုးမှုပိုတိုးရပြန်တယ်
ကိုယ်က ရောင်ဝါတောက်ပလွန်းရင် မုန်းတတ်တယ်

ငှက်ကလေးရေ
အချစ်က ထူးဆန်းတယ် သိလား
သစ်ပင်တစ်ပင်မှာ ချစ်တတ်တဲ့ နှလုံးသားပေါက်ဖွါးလာမယ်လို့
ဘယ်သူတွေးမိလေမလဲလေ
ခုတော့ ..ကိုယ်..ချစ်တတ်ပြီ

အရာရာမှာ အနားနားရှိချင်စိတ်နဲ့
ပူလောင်မှုတွေကို လက်ကိုင်ထားတတ်ခဲ့
အရာရာမှာ ကူညီဖေးမချင်စိတ်နဲ့
စိုးရိမ်ပူပန်မှုတွေကို လက်ကိုင်ထားတတ်ခဲ့
ငှက်ကလေးအတွက် ပျော်စရာဆို
ကိုယ်ဟာ မိုးထိအောင်ပျော်လို့
ငှက်ကလေးအတွက်ကြည်နူးစရာဆို
ကိုယ်ဟာ ရင်ကွဲပေ့စေ ကြည်နူးပစ်လိုက်မယ်
ငှက်ကလေးရဲ့ ငှက်ကလေးနဲ့
ဆင်ပြေပါစေ :D

(၆)
ငှက်ကလေးရေ
ဒီနေ့ ကိုယ်တွေးမိတယ်
ငှက်ကလေးရဲ့စိတ်ထဲရော ကိုယ်ရှိနိုင်မလား
တွေးရင်းနဲ့ ပျော်လိုက်တာ
တကယ်ဆို မဖြစ်နိုင်တဲ့ အိပ်မက်ပါ
စိတ်ကူးရုံနဲ့ ပျော်လိုက်မိတာ
ကိုယ့်လက်ဖျံတွေဟာ ရှိန်းမြမြလေးဖြစ်လို့
ပန်းနုရောင်ပန်းပွင့်လေးတွေ
ရုတ်တရက် သီးပွင့်သွားတယ်
ငှက်ကလေးရေ
မျှော်လင့်ခွင့်ရှိသလား

ငှက်ကလေးရေ
..love you....
တဲ့
အော်မြည်နေတဲ့ အရုပ်ကလေး
ကိုယ့်နှလုံးသားမှာ
ချိတ်ထားတယ် ငှက်ကလေးအတွက်။


ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်