Tuesday 19 March 2013

၁၉-၃-၁၀၁၃ ငှက်ကလေးသို့တစ်နေ့တာ


(၁)
ရှုပ်နေတဲ့စိတ်တွေဟာ
ငှက်ကလေးအကြောင်း ကဗျာရေးမယ်အလုပ်မှာ
ရှင်းလင်းသွားခဲ့
ငှက်ကလေးရေ
မင်းဟာကိုယ့်ရဲ့
စိတ်အေးရိပ်ငြိမ်
အရာအားလုံးက
လွတ်မြောက်စေတဲ့
တစ်ခုတည်းသော ကမ္ဘာ
ချစ်ခြင်းတရားရဲ့ အေးငြိမ်းမှုဟာ
မင်းကြောင့်
ကိုယ့်ကမ္ဘာမှာ လွင့်ပျံ့နေခဲ့ပြီ
ကောင်းသော မနက်ခင်းကွယ်
ကောင်းကင်ကြီးမှာ
ပျော်ပျော်ရွှင်ရွှင် ပျံလိုက်ဦး
ငှက်ကလေးက ကိုယ်ရဲ့ သူရဲကောင်းဆိုတာကို
ဘယ်တော့မှ မမေ့နဲ့။

(၂)
ငှက်ကလေးက
မနက်ခင်းကို အပြုံးနဲ့ ကြိုတတ်သလား
ကိုယ်ကတော့
မနက်ခင်းနိုးအထမှာ
ကောင်းကင်ကို မော့ကြည့်မိတယ်
ငှက်ကလေးများ ပျံလာမလားလို့
ငှက်ကလေးက
ငှက်ကလေးတစ်ကောင်နဲ့အတူရှိနေတယ်ဆိုရင်
ကိုယ့်စိတ်ဟာ အလိုလို အုံ့မှိုင်းလာတတ်တယ်
ငှက်ကလေးက
ကောင်းကင်မှာ ပျံသန်းဖို့ စိတ်ညစ်နေတယ်ဆိုရင်
ကိုယ့်ဝဲဘက်ရင်အုံဟာ
အပ်နဲ့ ထိုးဆွခံနေရသလိုလို..
ငှက်ကလေးရေ
အချစ်က ထူးဆန်းတယ်
တကယ်ဆို သက်ဆိုင်ခွင့်မရှိပါပဲ
ဇွတ်အတင်းသက်ဆိုင်နေမှုမှာ
(တစ်ဖတ်သတ် တမ်းတခံနေရမှုမှာ)
ငှက်ကလေးစိတ်ညစ်နေလေမလား
ကိုယ်တောင်းပန်ပါရစေ
တားမြစ်ခွင့်မရှိတဲ့ ချစ်ခြင်းမှာ
ကိုယ်ဟာ
ပစ်စလက်ခတ် ကူးခတ်နေခဲ့မိပြီ။
(၃)
ဒီခုံရုံးမှာ
ဘယ်သူတာဝန်အရှိဆုံးလဲ
ကောင်းကင်ကို ဒူးနဲ့တိုက်ဖို့
အတင်းအဓမ္မ ဆုံးဖြတ်ခိုင်းနေကြတယ်
တကယ်ဆို
ကိုယ်လိုအပ်တာက ယုံကြည်မှု
ဒီယုံကြည်မှုတစ်ခုဟာ
လေးဆယ် ဆိုတဲ့ အပိုင်းအခြားမှာ ပြည့်လေမလား
ဒါမှမဟုတ်
၆၀ ဆိုတဲ့ အပိုင်းအခြားမှာ ရလာလေမလား
ဘာပဲပြောပြော
ကိုယ်က ၃၀ ဆိုတဲ့ အပိုင်းအခြားကိုရောက်လုလု
ငှက်ကလေးရေ
အားကျလိုက်တာ
မင်းကို ယုံကြည်သူတွေရှိတယ်
ကိုယ်ကလည်း မင်းကိုယုံကြည်တယ်
ယုံကြည်တယ်
ယုံကြည်တယ်
ကိုယ်အခု ယုံကြည်မှုတစ်ခု လိုအပ်နေတယ်
(၄)
ကိုယ်က ငှက်ကလေးသာဆို
ငှက်ကလေးနဲ့အတူ ကောင်းကင်မှာ ပျံနိုင်မှာ
ကိုယ်က ငှက်ကလေးသာဆို
ငှက်ကလေးအနားမှာ
အမြဲရှိနေနိုင်မှာ
ခုတော့
ကိုယ့်သစ်ခက်တွေကိုတောင်
ကောင်းကင်ပေါ် တက်ခွင့်မရတဲ့အဖြစ်
ငှက်ကလေးရေ စိတ်မောလိုက်တာ
ငှက်ကလေးအတွက် ကဗျာတွေမှာ
ကိုယ့်တိုင်တည်ခြင်းတွေပါတဲ့အခါ စိတ်မရှုပ်နဲ့ ငှက်ကလေးရယ်
ငှက်ကလေးက ကိုယ့်ကမ္ဘာမို့ပါ
ငှက်ကလေးက ကိုယ့်(နှလုံးသား)သခင်မို့ပါ။
(၅)
ငှက်ကလေးရေ
သတိရလိုက်တာ
ရော် ခက်ပြီ
စိတ်ဂှုပ်စရာကို ရင်ဖွင့်ဖို့ပြင်တော့
ငှက်ကလေးရေ လို့ တမ်းတလိုက်မိတာနဲ့
အကုန်ပြေပါရောလား
ငှက်ကလေးက
စွမ်းအားကြီးလိုက်တာ

အချစ်က ငြိမ်းချမ်းလွန်းရင်
အချစ်မည်ပါ့မလား
ဒါပေမယ့်ကွယ်
ကိုယ် ခု
ငှက်ကလေးကိုချစ်မိတဲ့ အချစ်ကြောင့်
စိတ်တို့ ငြိမ်းချမ်းတယ်
(၆)
နှိပ်မိနေတဲ့ ဂဏန်းတွေဟာ
call ဆိုတဲ့ ခလုတ်မှာ ခဏတန့်
ပါဝါအော့ဖ်ပြန်နှိပ်ပစ်လိုက်နဲ့ အလုပ်များနေလိုက်တာ
တကယ်ဆို
ကိုယ့်လက်တွေကို တားနိုင်တဲ့ အသိစိတ်သာမရှိခဲ့ရင်ကောင်းမယ်
ခုတော့......။
ဟေး .......စိတ်ကို လွှင့်ပစ်ရင် ဘာတွေ ရလာမလဲ
ကောင်းကင်ကို ဒူးနဲ့တိုက်ဖို့
အားအင်တွေရလာမလား
ဘာပဲပြောပြော
သစ်ပင်ဟာ သစ်ပင်ပါပဲ
ကောင်းကင်ကို အညွန့်တလူလူ တက်ဖို့
မြေဆီလွှာကနေ ခွင့်ပြုချက်ယူရတယ်
သူပေးတဲ့ အားအင်ကမှ
ကောင်းကင်ပေါ် အညွန့်တင်နိုင်မယ် မဟုတ်လား
(၇)
သစ်ပင်ဟာ အသက်မပြည့်သေးဘူး
ကိုယ်ခေါ်ချင်တဲ့ဖုန်းနံပါတ်ကိုခေါ်ဖို့
စိတ်အင်အားမပြည့်စုံသေးဘူး
၁၀နှစ်လောက်အသက်ငယ်ရင်ကောင်းမယ်
ဒါဆို ဖိုးလမင်းဆီက
ထမင်းဆီဆမ်းတောင်းလို့ရလိမ့်မယ်
ဒီဖုန်းနံပါတ်ကိုနှိပ်ဖို့
သတ္တိရှိလိမ့်မယ်
၁၀နှစ်လောက်အသက်ကြီးရင်ကောင်းမယ်
ဒါဆိုကိုယ်ဟာ
အရာရာကိုရင်ဆိုင်ဖို့
ခွင့်ပြုချက်တောင်းခံစရာလိုမယ်မထင်ဘူး
မြေဆီလွှာရေ
ကိုယ်အသက်ရှင်ခဲ့တဲ့ နှစ်တွေကို ရေတွက်ကြည့်ပေးပါဦး
တကယ်ဆို ကောင်းကင်ကို အညွန့်လေးတက်ရုံနဲ့
ဘဝပျက်နိုင်မယ်မထင်ဘူး
နားလည်ပေးပါ
(၈)
ပူလောင်နေတဲ့ စိတ်တွေက
ငှက်ကလေးကို တွေ့ရုံနဲ့ ငြိမ်းချမ်းမှာ
ငှက်ကလေးရေ
ကိုယ့်စိတ်ကို
ငြိမ်းအေးမှုပေးပါ
ငှက်ကလေးရေ
ကိုယ့်စိတ်ကို
နွေးထွေးမှုပေးပါ
ငှက်ကလေးက
ကိုယ့်ရဲ့
ကမ္ဘာ
ကိုယ့်ရဲ့ သူရဲကောင်းဆိုတာ
ထပ်ဆင့်ပြောပါရစေ
ငှက်ကလေးရေ
ချစ်တယ်ဟာ
(၉)
ဒီနေ့ ကိုယ်
ရီဝေ ရီဝေဖြစ်နေတယ်
ငှက်ကလေးကို ဆက်သွယ်ချင်မှုမှာကိုယ်ဟာ
ရူးလုပေါ့
ငှက်ကလေးရေ
သတိရလိုက်တာ။
ဆက်သွယ်မှုဧရိယာပြင်ပ ဟာ
ငှက်ကလေးနဲ့ကိုယ့်ကြား ခြားထားလေရဲ့
ငှက်ကလေးရေ
လွမ်းလိုက်တာ။
(၁၀)
ငှက်ကလေးရေ
ကောင်းသောည
မင်းပျော်ရွှင်ပါစေကွယ်။
ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်