Wednesday 20 March 2013

၂၀-၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ


(၁)
ကိုယ်က အရူး
ခုထိ ရင်တစ်ခုလုံးနာနေတာတောင်မှ
မုန်းဖို့မတွေးဝံ့သေးဘူး
ကမ္ဘာခြားတာထက်
စိတ်ချင်းဝေးကွာမှုက ပိုကြောက်ဖို့ကောင်းမှန်းသိပါလျှက်
ကိုယ်ရူးတုန်း။


ကမ္ဘာကြီးရေ
အချစ်ရူးတစ်ယောက်ကို ထမ်းပိုးထားရလို့
ခင်ဗျားအတွက် ပိုလေးသွားမလား
ကျွန်တော်တောင်းပန်ပါရစေ
ဒီချစ်ခြင်းတွေက
ကျွန်တော့်ကို အသေသတ်နေတာကို
ကိုယ်ကိုယ်တိုင်လည်းမတားနိုင်ဘူး
တားမြစ်ဖို့ လည်း မကြိုးစားဝံ့ဘူး
မေ့မယ်စဉ်းစားလိုက်ရုံနဲ့
အောင့်နေတဲ့ ဝဲဘက်ရင်အုံက
ပိုပို အောင့်တတ်လွန်းလို့ပါ။

ငှက်ကလေးရေ
မင်းတိုက်တွန်းမှုနဲ့ကိုယ်
ကောင်းကင်ကို ဒူးနဲ့တိုက်ဖို့ ကြိုးစားပြီ
မင်းပြောစကားကြောင့် ကိုယ်
ကောင်းကင်ကို ဖေါက်ထွက်ဖို့ ကြိုးစားပြီ
ကျေနပ်တော့ကွယ်
စိတ်ချင်းမနီးစပ်ဘူးဆိုတောင်မှ
ငှက်ကလေးတိုက်တွန်းတဲ့ အရာတစ်ခုကို
အရိုးကြေကြေအရေခမ်းခမ်း တာဝန်ကျေပြလိုက်ချင်သေးတယ်။
(၂)
ကောင်းကင်ကြီးရေ
ကျွန်တော့်ကို ခေါ်ပါ
ဆန့်တန်းပေးထားတဲ့ လက်တွေကို မမြင်ဘူးလား
ဟော့ဒီမှာလေ
ကျေးဇူးပြု၍ ခေါ်ပါ။

ဟိုးအဝေးမှာ တွေ့လား
ငှက်ကလေးတစ်ကောင်
သူ့အနား ကျွန်တော်သွားမယ်
တိမ်သားတွေရေ
ကိုယ့်အတွက် စီးတော်ယာဉ်အဖြစ်နေပေးစမ်းပါ
ကျေးဇူးပြု၍။

အတော်ခရီးပေါက်နေတာတောင်
ငှက်ကလေးကို တွေ့ခွင့်မရသေးဘူး
ဒီလိုဆို သူနဲ့ကိုယ်ဟာ
ကောင်းကင်နဲ့ မြေပြင်က
အပ်တစ်ချောင်းစီလား
အသွားအပြန်လမ်းမှာတောင်
ဆုံခွင့်မရှိတဲ့ လား
မဟုတ်ဘူး
ကြိုးစားဦးမယ်
ဒီငှက်ကလေးနဲ့ ဒီသစ်ပင်ဟာ
တစ်နေရာရာမှာ မဖြစ်မနေဆုံစည်းကြလိမ့်မယ်။

ငှက်ကလေးက
ခပ်သောသော ပြုံးနေတယ်
ငှက်ကလေးက
အက်ကွဲကွဲ ရယ်နေတယ်
ငှက်ကလေးက
စိုးရိမ်စိတ်တွေ လျှံကျနေတယ်
“ဘယ်သူ့အတွက်လဲ”
စိုးရိမ်တကြီးနဲ့ အော်မေးမိစဉ်မှာ
ကိုယ်ဟာ အိပ်မက်က လန့်နိုးသွားခဲ့
ငှက်ကလေးက
ဟိုးအဝေးက ကောင်းကင်မှာ
အတောင်ပံတဖျတ်ဖျတ်နဲ့ခတ်နေတုန်း။

စိတ်ထဲက အော်မြည်တမ်းတသံတွေသာ
ပြင်ပ ကမ္ဘာကို ရောက်ခွင့်ရှိခဲ့ရင်
ငှက်ကလေး ငိုချင်လိမ့်မယ်
ငှက်ကလေးကို တမ်းတမှုဟာ ဒီလောက်တောင် များသလားလို့

စိတ်ထဲက ဝမ်းနည်းကြေကွဲခြင်းတွေကို သာ
ပြင်ပကမ္ဘာကို ထုတ်ခွင့်ရှိခဲ့ရင်
ငှက်ကလေးရယ်ချင်လိမ့်မယ်
ငှက်ကလေးကို သဝန်တိုမှုဟာ ဒီလောက်တောင် ဟာသဖြစ်လို့

ငှက်ကလေးရေလို့ အော်မြည်တမ်းတသံတိုင်းမှာ
မျက်ရည်တွေပါမယ်ဆိုတာကို
ငှက်ကလေးတွေးမိမှာမဟုတ်ဘူး။

ငှက်ကလေးရေငှက်ကလေးရေငှက်ကလေးရေ
ကိုယ် မျက်ရည်တွေကို သုတ်ဖို့ အင်အားမရှိဘူး
ငှက်ကလေးနဲ့ ကိုယ့်ကြားက စိတ်အကွာအဝေးကို ဖျက်ပစ်ဖို့
စိတ်ကြိုးဖြတ် ကပ်ကြေးလိုက်ရှာနေတယ်
ငှက်ကလေးရေ
နီးခွင့်ရှိမလား
ငှက်ကလေးရေ
ဆုံခွင့်ရှိမလား
ဖြေဟာ
ဖြေပါဟာ....
ငှက်ကလေးရေ
ကိုယ်ငိုနေတာကို မမြင်ဘူးလား
ကျေးဇူးပြု၍ ဖြေပါ

(၃)

ငှက်ကလေးရေ
ကောင်းသောည
မင်းပျော်ပါစေ
ရှောင်ထွက်သွားတဲ့ သံယောဇဉ်တွေ
ကိုယ်သိမ်းဆည်းထားတယ်
ငှက်ကလေးအတွက် မေးခွန်းတွေမှာ
ကိုယ်ဟာ တဝဲလည်လည်နဲ့
ညတွေဟာအမြဲလိုနက်ခဲ့
ငှက်ကလေးအကြောင်းစဉ်းစားရုံနဲ့
ကိုယ်ဟာ
နေ့ကိုရှင်သန်ဖို့မေ့သလို
ညမှာအိပ်ဖို့ မေ့တတ်ခဲ့တယ်
ငှက်ကလေးရေ
ကောင်းသောည
မင်း ပျော်ရွှင်ပါစေ။

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်