Thursday 14 March 2013

၁၄-၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ


(၁)
ငှက်ကလေးရေ
အိပ်ယာကထတော့
အလင်းတွေပြန့်နေတဲ့ နံနက်ခင်းက
လှနေတယ်
မြန်မြန်ထကြည့်ကွယ်

အခွင့်ရှိရင်
ငှက်ကလေးကြားအောင်
ကောင်းကင်ဆီအသားကုန်မော့ကြည့်ရင်း
အော်နှိုးပစ်ချင်ပါရဲ့
ခုတော့
ငှက်ကလေး အိပ်ယာကနိုးလိမ့်ဦးမယ်မထင်ဘူး။

(၂)
ငှက်ကလေးရေ
ပြောစရာစကားတွေမရှိဘူး
တိတ်ဆိတ်ဆွံ့အတဲ့ တေးသံလေးပဲ နားထဲ ကြားယောင်မိ
ခုထိ မချိပြုံး ပြုံးနေမိသေးလား
သစ်ပင်စိတ်ပူနေတယ်
ရောက်ရာအရပ်က အမြန်အကြောင်းပြန်။

ငှက်ကလေးရေ
ဘဝက အမြဲပြုံးနေရတာမှမဟုတ်တာ
တခါတရံငိုလို့
တခါတရံ မဲ့နေတတ်ရတာ သဘာဝ
အချိန်တစ်ခုရောက်ရင်
အရာရာ ပြီးဆုံးသွားမယ်
ရောက်ရာအရပ်ကနေ
သစ်ပင်ရဲ့ ကောင်းကင်ဆီကို
တစ်ခေါက်လောက်လာ အကြောင်းပြန်လှည့်ဦး။

ရော် ခက်ရချည့်
တကယ်ဆို ကိုယ်က တိုက်ပွဲဝင်နေတာ
ကိုယ့်အခက်အလက်တွေကောင်းကင်ဆီ ရောက်ဖို့
ကိုယ့်မိသားစုဆီက အခွင့်တောင်းခံနေတာ
ဒါပေမယ့် ကိုယ့်အတွက်ထက်
ငှက်ကလေးအတွက် စိတ်ပူနေမိရဲ့
ငှက်ကလေးရေ
တောင်ဝှေးလေးစိတ်ပူအောင် မလုပ်နဲ့ကွယ်
ဘဝဆို တာ တိုက်ပွဲ လို့သာ ခဏမှတ်ကြည့်လိုက်
မင်းနောက်မှာ
သစ်ပင်ဆိုတဲ့ အိုအေစစ်လေးရှိနေမယ်။
(၃)
ငှက်ကလေးရေ
ဒီနေ့ မင်းကို မလွမ်းချင်ဘူး
သတိရနေတဲ့ စိတ်တွေကို
အိတ်ထဲထည့်သိမ်းပြီး
ထွက်ကျနေတဲ့ ကဗျာတွေကို
အပြင်မထုတ်မိဖို့ ကြိုးစားနေရတယ်
ဟုတ်တယ်
မလွမ်းချင်ဘူး။
(၄)
ငှက်ကလေးရေ
ခွင့် ဆိုတဲ့ စကားလုံးကို
အသေအချာစဉ်းစားနေမိ
အချစ်တစ်ခုမှာ ယုံကြည်မိတဲ့သစ်ပင်
အချစ်တစ်ခုကို မမြင်မိတဲံ ငှက်ကလေး
ဒီနှစ်ခုရဲ့ ဆုံနိုင်ခွင့်ဟာ
ကန့်သတ်ချက်တော့ ရှိလိမ့်မယ်
စိတ်မောတယ် ငှက်ကလေးရေ။
(၅)
ငှက်ကလေးရေ
ဘဝနှစ်ခုက ကပြောင်းကပြန်နိုင်လွန်းတော့
တစ်ခါတစ်ခါ ကိုယ့်ကိုယ် ကိုတောင် သံသယဖြစ်လာမိ
ချစ်မိတာ မှားခဲ့ပြီလား..ဆိုတဲ့ အတွေးနဲ့လေ
ဒါပေမယ့်လည်း
နှလုံးသားကို မချစ်နဲ့ ခိုင်းလို့ရကြေးသာဆို
ဒီကမ္ဘာမှာ
Lonely ဆိုတဲ့ စကား ဘယ်တော့မှ ပေါ်လာမှာမဟုတ်ဘူး
ငါ မင်းအတွက်နဲ့ အထီးကျန်နေကြောင်း
ထပ်ဆင့်ပြောချင်တယ်။
(၆)
ငှက်ကလေးရေ..လို့
နှလုံးသားက တမ်းတမိလိုက်တိုင်းမှာ
ရင်ခွင်တစ်ခုလုံးနွေးထွေးသွားတယ်
ဒါ..ပေးဆပ်မှုအချစ်တဲ့လား
မတတ်နိုင်ဘူး ငှက်ကလေးရယ်
ပေးဆပ်ခွင့်ရှိနေတုန်း မို့ ကျေနပ်တယ်။
(၇)
ငှက်ကလေးက
ငှက်ကလေးကို လွမ်းတဲ့အခါ
တေးတွေဆိုတတ်သလား
ကိုယ်က ငှက်ကလေးကို လွမ်းရင်
သစ်၇ွက်ဝါတွေနဲ့ ကဗျာရေးတယ်
လမ်းလယ်ခေါင်မှာ လွင့်ကျနေတဲ့ သစ်ရွက်ဝါကိုတွေ့ရင်
တစ်ချက်လောက်တော့ ငဲ့ကြည့်လိုက်
မင်းအတွက် ကိုယ်ရေးထားတဲ့ ကဗျာတွေ ပါနိုင်တယ်။
(၈)
ငှက်ကလေးရေ
နဖူးက အမာရွတ်ကိုမြင်တိုင်း
မဟော်သဓါကို အမှတ်ရတဲ့ ကေဝဋ်ပုဏ္ဏားကို
ကိုယ်ချင်းစာတတ်မိပြီ
မင်းနဲ့ မင်းရဲ့ငှက်ကလေးတို့ တွေ့ဆုံမှုမှာ
ဝ-လုံးလေးတွေ အရေးပါမှန်းသိကတည်းက
ကိုယ်
ဝ-လုံးလေးတွေကို မုန်းတတ်ခဲ့ပြီ။
(၉)
ငှက်ကလေးရေ
ဒီနေ့ ကိုယ်တိတ်ဆိတ်နေတယ်
လေပြေတွေရေ
ငှက်ကလေးကို သွားမပြောနဲ့နော်
ကိုယ်သူ့ကြောင့်တိတ်ဆိတ်နေမှန်းသိရင်
ငှက်ကလေးဝမ်းနည်းသွားလိမ့်မယ်
သူက စိတ်ထားကောင်းသူလေ
သူ့ကြောင့် တခြားသူဝမ်းမနည်းစေတတ်သူ။
ငှက်ကလေးတစ်ကောင်ကို မှ
သံယောဇဉ်တွယ်မိတဲ့ သစ်ပင်။
အပြစ်ဖြစ်ရင်လည်း ခေါင်းငုံ့သာခံပေရော့။
အချစ်ဖြစ်မလာမယ့် သံယောဇဉ်ကိုမှ တိုးလို့တိုးလို့ နှောင်တွယ်နေမိသေး။ ကိုယ့်ထိုက်နဲ့ကိုယ့်ကံဆက်လွမ်းနေစမ်းဟယ်။
(၁၀)
ငှက်ကလေးရေ
ဒီနေ့ကဗျာတွေ ဆက်မရေးတော့ဘူး
ဝ-လုံးလေးကို ထိုင်ကြည့်နေမိတဲ့ငါက
ဒီဝ-လုံးလေးကို ဘယ်လောက်မုန်းကြောင်း
စာစီချင်သေးလို့
ဒီနေ့အတွက်တော့ ကောင်းသောည ကွယ်
မင်း အိပ်ပျော်ပါစေ။

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်