Friday 29 March 2013

၂၈-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ


ချစ်သူ
မင်းမမြင်မသိတဲ့ နေရာမှာ
ငါက
တိတ်တိတ်လေးပုန်းကွယ်လို့
ချစ်သူရဲ့ အပျော်အပြုံးတွေကို
စည်းချက်နဲ့အတူရင်ခုန်ရင်း
ငေးကြည့်နေမိတယ်

ချစ်သူမသိပါစေနဲ့..။



ချစ်သူ
ချစ်သူက တခြားတစ်ဖက်ကိုကြည့်တယ်
ကိုယ်က ချစ်သူရဲ့ မျက်နှာကို ငေးတယ်
ချစ်သူ့လိုချင်တဲ့ ပန်းတစ်ပွင့်ဟာ
ကိုယ်မဖြစ်ခဲ့ရင်တောင်
ချစ်သူလိုချင်တဲ့ပန်းလေးကို
ချစ်သူ ပန်ဆင်ခွင့်ရပါစေ ဆုတောင်းပေးမယ့်သူ

ချစ်သူ့အတွက် ကိုယ်က
ပန်းတစ်ပွင့်မဖြစ်ခဲ့ပေမယ့်
ခင်မင်ရာသစ်ရွက်ကလေးတော့ ဖြစ်ခဲ့တယ်မဟုတ်လား
ကျေနပ်ပါတယ်
အချစ်ကို ညီမျှခြင်းချမရတဲ့အခါ ပိုတွယ်တာသွားတတ်လေသလား
ကိုယ် ချစ်သူကိုပိုပြီး မြတ်နိုးမိခဲ့
ချစ်သူ့အရိပ်အခြေကို
တိုးလို့ သိတတ်ခဲ့ပြီ
ချစ်သူ ပျော်သလား ငိုသလား
စိတ်ခံစားချက်အဖုံဖုံကို ဆုပ်ကိုင်တတ်မိခဲ့
ချစ်သူရေ လို့ တမ်းတမိရင်း
ချစ်သူပျော်ဖို့ရာ ဖျော်ဖြေပေးချင်နေခဲ့သူ

ချစ်သူရေ...
တိတ်တိတ်လေး ခေါ်မိရုံနဲ့
ရင်တစ်ခုလုံးနွေးထွေးလာတတ်တဲ့အရာကို
အချစ်လို့ ခေါ်သတဲ့
ချစ်သူကိုယ့်နာမည်ကို တစ်ခါလောက်ခေါ်ကြည့်ပါလားဟင်...။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်