Monday 18 March 2013

၁၈-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ


(၁)
ငှက်ကလေးရေ
အချစ်က အချစ်ကို အဆင့်မြှင့်တဲ့အခါ
အလွမ်းဆိုတာ ပျောက်ကွယ်တတ်သလား
ငှက်ကလေးအကြောင်းတွေးရုံနဲ့
စိတ်ချမ်းမြေ့မှုက အလိုလိုရခဲ့
ငှက်ကလေးရေ
စိတ်မဆိုးနဲ့
ကိုယ် မင်းကို မလွမ်းတတ်တော့ဘူး ။

(၂)
ငှက်ကလေးရေ
ဒီနေ့ ကိုယ်အလုပ်တော်တော်ရှုပ်တယ်
ငှက်ကလေးအကြောင်းတွေးလိုက်မိတော့
ရှုပ်နေတဲ့ အလုပ်တွေက
ငှက်ကလေးနဲ့ပေါင်းစပ်ထားတဲ့ ကမ္ဘာအဖြစ်ပြောင်းလို့
အိုးး ပျော်စရာကောင်းနေလိုက်တာ
ငှက်ကလေးသိလိမ့်မယ် မထင်ဘူး ။
(၃)
သစ်တစ်ပင်ရဲ့ အလုပ်ရှုပ်မှုလို့ပြောရင်
ငှက်ကလေး ရယ်မှာ တွေးမိပါရဲ့
ဒါပေမယ့်ကွယ်
သစ်ပင်မှာလည်း
ထမ်းဆောင်ရမယ့် တာဝန်ရှိတယ်
ဒီတာဝန်တွေမှာ ငှက်ကလေးအကြောင်းအတွေးတွေနဲ့
စိတ်ချမ်းချမ်းမြေ့မြေ့
တစ်နေ့တာ ထမ်းဆောင်ပစ်လိုက်ဦးမယ်
ငှက်ကလေး ပျော်ပါစေ ။
(၄)
အချစ်ကိုအချစ်လို့သတ်မှတ်မိလိုက်တဲအခါ
အလွမ်းလည်းပျောက်တယ်
သဝန်တိုမှုလည်းပျောက်တယ်
စိတ်တွေက ပေါ့ပါးလွတ်လပ်
ငှက်ကလေးရေ
ချစ်တယ် ချစ်တယ်လို့သာ အခါခါ မြည်တမ်းနေမိရဲ့
အချစ်ဆိုတဲ့ အရာမှာ ကိုယ်ယုံကြည်မှုတစ်ခုတိုးပစ်လိုက်တယ်
အချစ်သည် အချစ်သာ ဖြစ်၏
ကိုယ့်အတွက်အချစ်သည် ငှက်ကလေးသာ ဖြစ်ပေ၏ :D
(၅)
မနေ့ညကအိပ်မက်မှာ
ငှက်ကလေးက ပျောက်ဆုံးနေတယ်
သူ ကိုယ့်အိပ်မက်ကို အလည်မလာခဲ့ဘူး
ကိုယ် အချစ်တွေကို ကဗျာလုပ်ပစ်ရင်း
အိပ်မက်ကို ကဗျာအိမ်အဖြစ် ပြောင်းပစ်လိုက်မိ
စိတ်တွေ ငြိမ်းချမ်းလိုက်တာ
ငှက်ကလေးရ
မင်းအကြောင်းကဗျာတွေဟာ
ငါ့အတွက် အေးရိပ်ငြိမ်ပါပဲ
အရာအားလုံးက လွတ်မြောက်
ကိုယ် ငှက်ကလေးကဗျာတွေမှာ
ငြိမ်းချမ်းခြင်းများစွာနဲ့ စီးမျောတယ်
(၆)
ငှက်ကလေးရေ
ကိုယ်မလွမ်းဘူးနော်
(ကိုယ့်တစ်ယောက်တည်းအတွက်ရည်ရွယ်တဲ့)
ငှက်ကလေးရဲ့ အသံကိုပဲ ကြားချင်နေမိတာ
(ကိုယ့်တစ်ယောက်တည်းအတွက် ရည်ရွယ်တဲ့)
ငှက်ကလေးရဲ့ အပြုံးကိုပဲမြင်ချင်နေမိတာ
ငှက်ကလေးရေ
ကိုယ် သဝန်မတိုဘူးနော်
ငှက်ကလေးရဲ့ ငှက်ကလေးနဲ့များရှိနေလေမလားလို့ စိုးရွံ့နေမိတာ။
(၇)
တကယ်ဆို စိုးရိမ်ခွင့်ရသူ ဖြစ်ချင်တယ်
တကယ်ဆို ကူညီခွင့်ရသူဖြစ်ချင်တယ်
တကယ်ဆို နှစ်သိမ့်ခွင့်ရသူဖြစ်ချင်တယ်
စိတ်ထဲမှာ စိုးရွံ့နေမိတယ်
ငှက်ကလေး စိတ်ညစ်နေသလားလို့

အမည်မသိ လှိုင်းတွေက
ရင်ကို လာရိုက်ခတ်
ငှက်ကလေးရေ
ကျေးဇူးပြုပြီး ဖြေပါ
မင်း အဆင်ပြေရဲ့လား။
(၈)
ငှက်ကလေးရေ
ကိုယ့်ရဲ့ ကဗျာအိမ်လေးလို့ ဆိုရင်
အပိုလို့တွေးပြီး ပြုံးလေမလား
တကယ်ဆို ငှက်ကလေးကို ချစ်မိကတည်းက
ကဗျာတွေဟာ ကိုယ့်နှလုံးသားမှာသီးပွင့်မိပေါ့
ငှက်ကလေးက တေးဆိုရင်
ကိုယ်ကငှက်ကလေးဘေးမှာ
နားဆင်မယ်
ကိုယ့်ရဲ့သူရဲကောင်းရေ
လေပေါ်မှာ မြင့်မြင့်မားမားပျံပါ
အမြဲအားပေးနေမယ့်သစ်ပင်လေးတစ်ပင်ရှိကြောင်းလည်း
အမှတ်ရပါစေ။
(၉)
ငှက်ကလေးက
အတိတ်မှာဒဏ်ရာတွေရဖူးကြောင်း
ငှက်ကလေးရဲ့ တေးသံတွေက တဆင့်သိရ
ငှက်ကလေးရယ် ကိုယ်သနားလိုက်တာ
တကယ်ဆိုငှက်ကလေးက
ငှက်လိမ္မာလေးဖြစ်ပါရဲ့နဲ့ကွယ်
ဒဏ်ရာဆိုတာမခံစားသင့်ဘူး
ကံကြီးကို စိတ်ဆိုးပစ်လိုက်တယ်
ငှက်ကလေးကို ဒဏ်ရာတွေ ပေးခဲ့လို့လေ။
(၁၀)
ငှက်ကလေးရေ
ကောင်းသောည
ဒီညအတွက် ငှက်ကလေးကို နှုတ်ဆက်တယ်
တကယ်ဆို ကိုယ်က
အိပ်မက်ထဲထိတောင် ငှက်ကလေးကို သယ်တတ်သူ
ဒါပေယမယ့်လည်းဒီနေ့အတွက် နှုတ်ဆက်တယ်
ကောင်းသောည
ငှက်ကလေး ပျော်ရွှင်ပါစေ။

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်