Tuesday 26 March 2013

၂၆-၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

Deleteခလုတ်အောက်
ပျက်ပြယ်သွားတဲ့ ဂဏန်းလေးတွေ
အသက်မရှိပါစေနဲ့
သူတို့သာ အသက်ရှိခဲ့ရင်
ငါ့ကို မုန်းလိမ့်မယ်
ပြတင်းက လာရပ်ကြည့်နေတဲ့ စာကလေးကို
ငါ ပြုံးပြလိုက်မိတယ်
ငါ့အလွမ်းတွေကို
ငှက်ကလေးဆီ သယ်သွားပေးလေမလား အတွေးနဲ့။


ငှက်ကလေးရေ
ငါက အချစ်ရူး
ဟုတ်တယ် အချစ်ရူး
ဆုံခွင့်မရှိတဲ့ လမ်းတွေကို ခဏခဏတွေးရင်းငိုတတ်သူ
ဆုံစည်းမှုကို တံခါးပိတ်ထားမှန်းသိရက်နဲ့
ပွင့်လေမလားတွေးရင်း
ခဏခဏခေါက်တတ်သူ
ခုလည်း ရူးဆဲ
ခေါက်ဖို့ပြင်နေတဲ့ လက်တွေကို ထိန်းသိမ်းနေရ
ဒီနှလုံးသားလည်း
ကြာရင်ဇကာပေါက်ဖြစ်တော့မယ်
ကြေကွဲမှုကို ထမ်းပိုးထားရလွန်းလို့။


ပြတင်းက စာကလေးရေ
ဒီစပါးနှံလေးက ငှက်ကလေးအတွက်
မင်းချီသွားပေးကွယ်
သူ ဗိုက်ဆာမှာစိုးတယ်

ပြတင်းက စာကလေးေ၇
တိမ်တွေကို ခိုစီးလို့ရသလား
ဒါဆို ငါ့ဆီကို တိမ်စလေးတွေ ဆွဲခေါ်ခဲ့ကွယ်
တိမ်တွေကို ခိုစီးရင်း
ငှက်ကလေးဆီအရောက်သွားချင်လို့

ပြတင်းက စာကလေးရေ
ဒီချိန်ဆို သူဘယ်မှာရှိနေလောက်လဲ
မင်းသွားစုံစမ်းပေးကွယ်
လာဘ်ထိုးတယ်မထင်နဲ့
ဒီစပါးနှံလေး ကျွေးပါ့မယ်

ပြတင်းက စာကလေးရေ
ငါ့ဆီလာတဲ့ လမ်းတစ်လျှောက်မှာ
မင်းဘာတွေကို တွေ့ခဲ့သလဲ
သတင်းလေးတွေ ပြောပြကွယ်
ငှက်ကလေးအကြောင်းများ ပါလာမလားလို့။


ဟောဒီ စူးအောင့်နေတဲ့ နှလုံးသားက
လိုအပ်နေတာ ငှက်ကလေးတဲ့လား...။
အချစ်= ငှက်ကလေး
ကိုယ့်ဘက်ကသေချာနေပြီ
ရိုက်ထားတဲ့ ဖိတ်စာတစ်ခြမ်းဟာ
ဖြည့်စွတ်သူကင်းတဲ့
ကြေကွဲမှုဇုန်မှာ
ရပ်တန့်နေခဲ့
ငှက်ကလေးရေ
အဝေးတစ်နေရာကို ငေးကြည့်တဲ့အခါ
သစ်ပင်လေးတစ်ပင်ကိုတွေ့ရင်
ခဏလောက်တော့ ငေးစိုက်ကြည့်ပေးပါ
သူက မင်းကို
ရင်တစ်ခုလုံးပုံအော ချစ်ခဲ့သူ
နှလုံးသားတစ်ခုလုံး ရင်းနှီး ခဲ့သူ
အလွမ်းထုတ်ကုန်တွေကို မင်းအတွက်
အဆက်မပြတ်ထုတ်ပေးနေခဲ့သူ...

ငှက်ကလေးရေ
လွမ်းလိုက်တာ/
 

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်