Saturday 16 March 2013

၁၆-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ

“ဟိတ်
ဘာတွေလုပ်”
ဒီစကားနဲ့ ငှက်ကလေးကို နှုတ်ဆက်ချင်တာ
နံနက်ခင်းတိုင်းမှာ
“ဟိတ် မနက်စာ စားဦး”
ဒီစကားလေးကို မနက်တိုင်း သတိပေးချင်တာ
ပြောခွင့်မရှိတဲ့ အသံတွေဟာ
သိမ်းထားရတာကြာတော့
တိတ်ဆိတ်တတ်တာ အကျင့်လိုဖြစ်လို့
ရွက်ဝါတွေက ကဗျာတွေလည်း ပိုပိုစုံလာခဲ့ပြီ
ငှက်ကလေးမြင်စေချင်လိုက်တာ....။

သူက မနက်ခင်းတိုင်းတေးဆိုတဲ့အခါ
ကိုယ်က သစ်ရွက်လေးတွေ လှုပ်ခတ်ပြီး
စည်းချက်နဲ့ အညီ ကချင်တာ
သူက ဝေဟင်ပေါ်ပျံသန်းတဲ့အခါ
ကိုယ်က ဝဲနေတဲ့ မျက်ရည်ကိုသိမ်းပြီး
ငှက်ကလေးအတွက်
အားပေးနေမိမှာ
သူ မပျော်ရွှင်တဲ့အခါ
ကိုယ့်သစ်ခက်ကလေးတွေနဲ့ ထွေးပိုက်နှစ်သိမ့်ချင်မိတာ
သူ ပျော်ရွှင်တဲ့အခါ
ကိုယ်က အဝေးမှာရှိတောင်
သူ့အတွက် ပျော်ပေးချင်မိတာ
တကယ်ဆို
ဒီချစ်ခြင်းရနံ့တွေ သင်းပျံ့နေတာဟာ
ငှက်ကလေးအတွက်ဖြစ်ကြောင်း
ငှက်ကလေးသိစေချင်လိုက်တာ..။
(2)
ရော်
မေ့ပါမယ် တွေးထားကာမှ
အလွမ်းချိုတွေ တစ်စိမ့်စိမ့်စီးဆင်းနေလိုက်တာ
(3)
လွင့်နေတဲ့ စိတ်တွေကို ပြန်စုစည်းတယ်
ရည်ဝေ ပြန်လာမယ်
ငှက်ကလေး ခဏနေခဲ့ဦး
တစ်နေ့တာရဲ့ င့ါစိတ်သုံးပုံတစ်ပုံကို
ငါ့ဆီ ပြန်ပေးဦး
ငါ ရည်ရွယ်ချက်တွေအတွက်တွေးရဦးမယ်
ငါ မျှော်လင့်ချက်တွေအတွက် တွေးရဦးမယ်
ခုတော့ တစ်နေ့တာလုံးယူထားလိုက်တာ
ငါ့အတွက်တောင် မတွေးမိတော့

စကားမစပ်
မင်း လေးစားတဲ့ အန်တီအတွက် စိတ်ပူနေသလား
မပူပါနဲ့
သူမှန်ရင် သူ့မှာ ဒုက္ခမတွေ့နိုင်ဘူး အေးဆေးနေ
မင်းအန်တီကို မင်းလိုမလေးစားနိုင်ပေမဲ့ ငါမမုန်းဘူး
ငါတို့ဖခင်ရဲ့ သမီါ်အဖြစ် ငါလည်း သဘောကျဖူးကြောင်း ဝန်ခံလိုက်မယ်။
ဒါလေးပါပဲလေ။
စကားမစပ်
ဒီနေ့ည ကဗျာမစပ်ဖြစ်အောင် ငါ့အတွေးကခဏထွက်သွားပါ။
(4)
စိတ်တေလေကို လွှတ်ထားပေးလို့ရကြေးသာဆို....
သစ်ပင်မှာ စကားပန်းတွေ ပွင့်နေလိမ့်မယ်
ခုတော့
ငှက်ကလေးရေ နောက်နေ့တွေမှာ ငါတိတ်ဆိတ်နေရင် စိတ်မပူနဲ့ကွယ်
(5)
ငှက်ကလေးက
ဟိုးအဝေးက ကောင်းကင်နဲ့ ထိုက်တန်သူ
ကိုယ်က မြေခဖွါး ပါ
သိမ်ငယ်စိတ်တွေဟာ တလိမ့်လိမ့်တက်လာလို့
ငှက်ကလေးအနားသွားမိချင်စိတ်တွေကို ထိန်းနေရ
ငှက်ကလေး စိတ်ရှုပ်နေမလား အတွေးနဲ့ ...
တိတ်ဆိတ်ဖို့ ဆုံးဖြတ်မိတယ်
(6)
ငှက်ကလေးရေ
အလွမ်းတွေချည်း ခါးနေတဲ့ဘဝကို မမုန်းဘူး
သံယောဇဉ်ပျိုးပင်ကို ကြီးထွားလာမလား မျှော်လင့်နေမိတဲ့ မျှော်လင့်ချက်ကိုလည်း မမုန်းဘူး
ကိုယ့်ကြောင့် ငှက်ကလေး အနေရခက်မလားအတွေးနဲ့ မုန်းမိတယ်
ငှက်ကလေးက ကိုယ့်ကမ္ဘာဖြစ်လာပြီ
ငှက်ကလေးက ကိုယ့်ဘဝဖြစ်လာပြီ
ရုန်းထွက်လို့မရတဲ့ နှောင်ကြိုးတွေဟာ
ငှက်ကလေးမသိနိုင်ခင်မှာပဲ တစစနဲ့ရစ်ပတ်
သစ်ပင်ဟာ သစ်ပင်မဟုတ်တော့
ကိုယ်နဲ့ မဆိုင်တဲ့ ကမ္ဘာတစ်ခုအတွက်
ငှက်ကလေး ဖြစ်ချင်နေတယ်
ငှက်ကလေးဖြစ်ချင်နေတယ်
ငှက်ကလေးဖြစ်ချင်နေပါတယ်
ငှက်ကလေး ဘေးနားမှာနေခွင့်ရဖို့အတွက်
ငှက်ကလေးဖြစ်ချင်နေပါတယ်
(7)
ငှက်ကလေးရေ
ချစ်ခြင်းတစ်ခုမှာ နစ်ဝင်ဖို့
သစ်ပင်မတောင်းဆိုဘူး
လွမ်းပေးပါ
တစ်နေ့တာရဲ့ အချိန်တစ်ခုမှာ ငှက်ကလေးက
သစ်ပင်ကို လွမ်းပေးပါ
သီးပွင့်ခွင့်မရှိတဲ့ ချစ်ခြင်းတွေဟာ
ငှက်ကလေးအနားမှာ ရနံ့တွေပေးနေခဲ့
တကယ်ဆို ငှက်ကလေးတစ်ချက်လောက်ငဲ့ကြည့်ရင်သိမယ်ထင်ပါရဲ့
(8)
ငှက်ကလေးက ငှက်ကလေးကို လွမ်းတဲ့အခါ
တေးတွေဆိုသလား
သစ်ပင်က ငှက်ကလေးကိုလွမ်းတဲံအခါ
ငိုချင်တယ်
သစ်ပင်က ငှက်ကလေးကို လွမ်းတဲ့အခါ
ရင်ထဲကစကားတွေက
မျက်ရည်နဲ့အတူ ကဗျာအဖြစ်အံထွက်လာတယ်
ငှက်ကလေးရေ ပျော်ပါ
ပျော်ရွှင်ခွင့်ရသင့်တယ်တွေးပါ
တကယ်ဆို
လူကြီးတစ်ယောက်အဖြစ်ဟန်ဆောင်စရာမလိုဘူး
လူငယ်တစ်ယောက်လိုပဲ
လွတ်လပ်ပေါ့ပါးမှုနဲ့ အသက်ရှင်ပါ
(9)
ငှက်ကလေးရေ
ထပ်မှာဦးမယ်
နောက်နေ့တွေ ကိုယ်တိတ်ဆိတ်နေရင်
စိတ်မပူနဲ့ကွယ်
နှလုံးသားက ယုံကြည်တဲ့ လမ်းကို
လျှောက်ချင်သေးလို့
အချိန်တစ်ခုယူဦးမယ်
ငှက်ကလေးအတွက် ကဗျာတွေမသီဖြစ်တာမဟုတ်ဘူး
ရော်ရွက်ဝါတွေ ကုန်ရင် ငှက်ကလေးကိုတမ်းတကြောင်း
သဝဏ်လွှာစေမရမှာ စိုးလို့ပါ
ငှက်ကလေးရေ ကောင်းသောည
ကောင်းကောင်းအိပ်ပျော်ပါစေကွယ်

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်