Thursday 21 March 2013

၂၁-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ

“၂၁-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ”

(၁)
သူ တိတ်ဆိတ်နေတယ်
သူ မပြုံးတော့ဘူး
သူ စကားမဆိုတော့ဘူး
သူ့စိတ်ထဲ လေးပင်သွားလေမလား
ကိုယ့်အပြုအမှုတွေကို တစ်ခုချင်းစီဖြေလျော့
ချစ်သူရေ
ကိုယ်က ပိုင်ဆိုင်ခွင့်မရတောင်မှ
ချစ်သူကို လေးပင်မှု မရှိစေချင်သူပါ
ချစ်သူ့ စိတ်တို့ ပေါ့ပါးပါရဲ့လား။
ပျော်ပါစေ ရည်ရွယ်လို့
ဟာသလေးတွေနဲ့ ဖြေဖျော်
တကယ်ဆို ကိုယ်က
ကောင်းကင်ကို ဒူးနဲ့တိုက်ဖို့ရည်ရွယ်ရင်း
ပျော့ခွေယိုင်ကျနေတဲ့ အင်အားတွေကို
ချစ်သူမမြင်အောင် သိမ်းထားခဲ့သူပါ
ချစ်သူ ပျော်ရဲ့လားကွယ်။

သူ ရှောင်ထွက်သွားတဲ့ သံယောဇဉ်အပိုင်းအစတွေကို
ကိုယ်က တစချင်းစီကောက်
ကိုယ်ဟာကောင်းကင် လောင်းရိပ်မိနေတဲ့ သစ်တစ်ပင်မှန်း
သူသိအောင်ပြောလျှက်နဲ့
သူနားမလည်ခဲ့ဘူး
ချစ်သူနဲ့ကိုယ့်ကြားက စိတ်အကွာအဝေးတွေဟာ
တိုင်းလေတိုင်းလေ မိုင်ပိုရှည်လာခဲ့တယ်
ဒါပေမယ့်လည်း
သူစေညွှန်ရာ လမ်းတစ်ခုကို
ကိုယ်က သွားဖို့ ကြိုးစားဦးမယ်
သက်ဆိုင်ခွင့်မရှိသူဆိုရင်တောင်မှ
ချစ်သူစေခိုင်းသမျှကို
အရိုးကြေကြေအရေခမ်းခမ်းနဲ့
တာဝန်ကျေပွန်ချင်သူမို့..
သိချင်စိတ်နဲ့မေးဦးမယ်
ချစ်သူ ပျော်ရဲ့လားကွယ်။
မပြီးသေးတဲ့ ဇာတ်လမ်း
မဆုံးသေးတဲ့ ကဗျာ
နေ့ညမပြတ်
ကိုယ်က သူ့အတွက် စပ်မယ်
သူက တစ်စုံတစ်ယောက်အတွက်
စပ်ဆိုလိမ့်မယ်
ဒီကဗျာမဆုံးသလို
ဒီဇာတ်လမ်းမပြီးဘူး
နေ့စဉ်ရက်ဆက်
ချစ်သူ့အတွက်ကိုယ်က
ကဗျာလေးတွေနဲ့
အချစ်သဝဏ်လွှာပါးနေဦးမယ့်သူ
ချစ်သူ ချစ်သူ ချစ်သူ လို့
မြည်တမ်းနေမိတဲ့နှလုံးသားက
ဒဏ်ရာတွေကို မျိုသိပ်ရင်း
ဆုံချိန်ခဏတိုင်းမှာ
အဖြူရောင်(ယောင်)အပြုံးနဲ့ ပြုံးပြရဦးမယ်
ချစ်သူ ပျော်ပါစေကွယ်
(၂)
မန်းရွှေပြည်ကိုရွေ့မယ့်
ငါ့ကိုယ်ငါ မြင်ယောင်ကြည့်လိုက်တယ်
ငါ့မျက်လုံး ငါ့နှလုံးသားထဲမှာ
ငှက်ကလေးပုံရိပ်တွေပဲ ပေါ်နေလိမ့်မယ်
ဟူးး ကြိုလွမ်းမိလိုက်တာ
ငှက်ကလေးရေ
ငှက်ကလေးက ငှက်ကလေးကို လွမ်းပါ
ကိုယ်က ငှက်ကလေးကို လွမ်းမယ်
ဒီတစ်နေ့လည်း
တိုးတိတ်ဆွံ့အ
တိတ်ဆိတ်ရပြန်ပါပြီ
ကမ္ဘာတစ်ဖက်ကမ်းဆီက အလွမ်းမျိုးထက်
မျက်နှာချင်းဆိုင်လွမ်းနေရတဲ့ အလွမ်းဟာ
ပိုဆိုးတယ်
(၃)
ငှက်ကလေးရေ
ငှက်ကလေးရေ….
ငှက်ကလေးရေ
တမ်းတသူက တစ်နေရာ
ပြေးသွားသူက တစ်နေရာ
ဒီကမ္ဘာမှာ
ဒီကမ္ဘာမြေမှာ
ငှက်တစ်ကောင်နဲ့ သစ်ပင်တစ်ပင် ဆုံနိုင်ခွင့်မရှိဘူးလား
ဧရိယာပြင်ပကို
တော်တော်မုန်းနေပါပြီ
နှိပ်လိုက်မိသမျှ ဂဏန်းတွေကလည်း
ကိုယ့်ကို တော်တော်မုန်းနေလောက်ပြီ
ငှက်ကလေးက အသဲကွဲသီချင်းကိုကြိုက်တယ်
ကိုယ်က အလွမ်းအဆွေးသီချင်းကိုကြိုက်တယ်
ငှက်ကလေးက အသဲကွဲကဗျာကိုကြိုက်တယ်
ကိုယ်က ချစ်လျှက်နဲ့ ဝေးရတဲ့ကဗျာကိုကြိုက်တယ်
တကယ်ကိုဝေးရမယ်ဆိုရင်တောင်မှ
ချစ်ခြင်းတစ်ခုဆုံစည်းမှုဟာ
အရာရာအတွက်လုံလောက်တယ်မဟုတ်လား
ဒီလိုမတူညီတဲ့ သံစဉ်တွေကြားမှာမှ
ငှက်ကလေးက
ကိုယ့်နှလုံးသားကို ဓါးနဲ့ခွဲနိုင်စွမ်းရှိခဲ့တယ်
ငှက်ကလေးရေ
သတိရရင် ဖုန်းခေါ်ပါ
ဧရိယာပြင်ပမရောက်အောင်
ငါ..ကြိုးစားပါ့မယ်
ငှက်ကလေးရေ
ကောင်းသောည
ငါ့ကိုသတိမရဘူးဆိုရင်တောင်
မင်း ကောင်းကောင်းပျော်ရွှင်ပါစေ။

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်