Wednesday 13 March 2013

၁၃-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ


၁၃-၃-၂၀၁၃ ၁၀း၁၄နံနက်
(၁)
ဒီအချိန်ဆို
ငှက်ကလေးအိပ်ယာကနိုးလုပေါ့
သူ အတောင်တွေဖြန့်နေပြီ
ကောင်းကင်ကြီးကိုမော့ကြည့်မယ်
ပြီးရင်တော့ သူ
ကောင်းကင်အနှံ့ခြေဆန့်တော့မယ်။
(၂)
ငါ့ရဲ့ငှက်ကလေးရေ
ခင်ဗျားဟာ
ငှက်ပေါက်စလေးမဟုတ်မှန်းသိပါရဲ့
ဒါပေမယ့်လည်း
ငှက်ပေါက်စလေးလို့ပဲ သတ်မှတ်ရင်း
နွေးထွေးချင်မိတယ်။


(၃)
ငှက်ကလေးရေ
ခင်ဗျားက
မပြုံးသာပြုံးသာ ပြုံးတော့
ကျုပ်က ဘယ်လိုပျော်ရမလဲ
အဲ့ဒီအပြုံးမှာ ကျုပ်နှလုံးသား ဘယ်လောက်ထိ နွမ်းလျသွားကြောင်း
ခင်ဗျားကို အစီရင်ခံတင်ပြချင်ပါရဲ့။

(၄)
ငှက်ကလေးရေ
ခင်ဗျားက
အတောင်ပံလေးတဖျတ်ဖျတ်နဲ့
ကောင်းကင်မှာ ခြေဆန့်နေလိုက်တာ
ကျုပ်မှာတော့
ခင်ဗျားရဲ့ အတောင်ပံခတ်သံလေးမှာ
တမေ့တမောနဲ့
မိန်းမောသွားလိုက်ရတာ
ခင်ဗျားသိစေချင်ပါရဲ့။

(၅)
ငှက်ကလေးရေ
ခင်ဗျားက
သစ်ပင်ကို ကြည့်ဖို့
ခေါင်းငုံ့မလာခဲ့ဘူး
ကျုပ်မှာတော့
ခင်ဗျားကို မော့ကြည့်ရလွန်းလို့
ဇက်တွေလည်း ညောင်းနေပါပြီ။

(၆)
ငှက်ကလေးရေ
သစ်ပင်တစ်ပင်နဲ့ ငှက်ကလေးတစ်ကောင်
ဆုံစည်းနိုင်ပါ့မလား
ကျုပ်ကတော့
ဒီနေ့ခင်ဗျားကိုစိတ်တိုနေမိတယ်
ဒါပေမယ့်လည်း
ဆုံစည်းခွင့်ရချင်တယ်

စကားမစပ်
ဝလုံးလေးတွေကို ကျုပ်ရှေ့မှာ ခဏခဏလာရွတ်မပြစမ်းပါနဲ့
မုန်းလွန်းလို့။

(၇)
အချစ်=ငှက်
ဝေးဝေးလွင့်လွင့်ပျံပါ
အချိန်က သမားတော်တဲ့
သစ်ပင်အတွက်
သမားတော်ဟာအစဉ်ရှိနေလိမ့်မယ်
ဝေးဝေးလွင့်လွင့်ပျံ
လှည့်မကြည့်စတမ်းပေါ့
ခင်ဗျားကလည်ပြန်တစ်ချက်ကြည့်ရုံနဲ့
အဲ့အကြည့်မှာ ကျုပ်
သေနိုင်တယ်။

(၈)
ငှက်ကလေးရေ
စိတ်မညစ်နဲ့ဗျာ
ကောင်းကင်ကို မော့ကြည့်လိုက်
ခင်ဗျားထက် စိတ်ညစ်နေသူတွေရှိတယ်
ခပ်ပျော်ပျော်နေလိုက်စမ်း
ပျူငှာလင်းလက်တဲ့အသံတွေနဲ့
ကျုပ်ကို တေးဆိုပြစမ်းပါ။

(၉)
ငှက်ကလေးရေ
တိတ်ဆိတ်နေလိုက်တာ
တီတျာတီတျာအသံတွေ
ဘာ့ကြောင့်ပျောက်ရှနေတာလဲ
အခါတိုင်းဆို
ဆိုသမျှတေးတိုင်းမှာ ရယ်ဟဟလေးနဲ့
ခုများတော့ အက်ကွဲရှတ
ခင်ဗျားရဲ့ ကြေကွဲခြင်းတေးသံကို နားမဆင်ချင်ဘူးဗျာ။

(၁၀)
ငှက်ကလေးရေ
ကောင်းသောည
ဒီတစ်နေ့တာအတွက် နှုတ်ဆက်ရင်း
အိပ်မက်ထဲရောက်လာဖို့ မှာပါရစေ
သစ်တစ်ပင်ရဲ့ အိပ်မက်ဟာ
ငှက်ကလေးအတွက် အမြဲစောင့်ကြိုလျှက်ရှိကြောင်း
ပျူပျူငှာငှာ နွေးနွေးထွေးထွေး..လေ။

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်