Wednesday 27 March 2013

၂၇-၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

ကဲ ငှက်ကလေးရေ
အလင်းတွေတော့ဝေနေပြီ
လင်းလက်ဖို့တော့ မဟုတ်လေဘူး
ဟိုနေရာက စီစီ
ဒီနေရာက စီစီ
ဒို့များ ပါဝင်စရာနေရာက မရှိဘူး
လက်ပိုက်ကြည့်နေရုံသက်သက်
ဒါပေမယ့်
သတိဆိုတာ ပိုတယ်မရှိဘူး ငှက်ကလေးရဲ့
အရာရာကို သတိနဲ့ကြည့်နေ
နားကလေးကိုစွင့်ကာထား
ကြားရတဲ့သတင်းကို အမှားအမှန်ခွဲဖို့ထက်
ကိုယ့်တာ ကိုယ်လုံအောင် သတိကိုသာ ဆောင်ထားပါလေ
ဘယ်ဟာအမှန်
ဘယ်ဟာအမှား ဆိုတာ
ခဏခဏ မစစ်ပါနဲ့တော့
တကယ်ဆို မှားနေရင်တောင် ခဏနေ မှန်သွားတတ်တဲ့ ခေတ်မဟုတ်လား
ဒီတော့
သွားသတိစားသတိနဲ့
နေ။

ငှက်ကလေးရေ
စိုးရိမ်မှုဒီကရီတွေက တဖြည်းဖြည်းနဲ့မြင့်တက်
ကိုယ်အလေးစားခဲ့ရဆုံးအကျင့်လေးတစ်ခုကြောင့်ပဲ
မတားမြစ်နိုင်

တားမြစ်ခွင့်မရှိသလို
ရှိခဲ့မယ်ဆိုတောင် မတားမြစ်ပါဘူးလေ

ငှက်ကလေးရေ
သတိထားပါ
လေးသမားကို ရှောင်ပါ

စိုးရိမ်ပူပန်မှုတွေကို ကဗျာအဖြစ်ထုတ်ဖို့တောင် မချိတော့
ရင်ထဲမှာ စူးနစ်နေတယ်
ငှက်ကလေးရေ
စိုးရိမ်တယ်

မင်း လမ်းခရီးသာရင် အကြောင်းပြန်ပါ။


ငှက်ကလေးရေ
သတိထားပါ
ဂရုစိုက်ပါ
တတွတ်တွတ်မှာချင်သော်လည်း
မှာကြားခွင့်က မရှိရှာတဲ့ သစ်ပင်မို့
တစ်ခုတည်းသော စကားတောင် မပြောဝံ့ဝံ့ ပြောဝံ့ဝံ့

ဂရုစိုက်ပါ...။

ဟိတ်ကောင်းကင်ကြီး
ခင်ဗျားမဟုတ်လား
ငှက်ကလေးကို ဝှက်ထားတာ
ခု ငှက်ကလေးနဲ့ စကားပြောချင်တယ်
ခုချက်ခြင်း ငှက်ကလေးကို ခေါ်ပေး

အခွင့်ရှိရင် ကောင်းကင်ကြီးကို အဲ့လိုတောင်းဆိုပစ်ချင်တာ
ခုတော့
ရင်ထဲမှာပဲ တသသနဲ့ မြည်တမ်း
ငှက်ကလေးရေ
ငှက်ကလေးရေ
ငှက်ကလေးရေ... လို့

လွမ်းတယ်ဟာ
မဆုံခဲ့ရတဲ့နေ့ရက်တွေအတွက်လွမ်းတယ်
ဆုံခဲ့တုန်းက အဖြစ်အပျက်လေးတွေကို လွမ်းတယ်
ခွဲခွါရတော့မယ့် အချိန်လေးတွေကြောင့် လွမ်းတယ်
မပြယ်တဲ့ ဒီအလွမ်းဟာ
ချစ်ခြင်းရဲ့အနားသတ်
နောက်ဆုံးကြိုးတစ်ချောင်းသာဖြစ်ခဲ့မယ်ဆို
သေချာတယ်
ဘယ်တော့မှမပြတ်ဘူး....

အလွမ်းဆိုတာ
ပိုင်ဆိုင်ခွင့်မရှိခဲ့ရင်တောင်
ဖြူစင်မှုများစွာနဲ့ တမ်းတနေမယ့်အရာမဟုတ်လား..
ဒီချိန်မှာတော့
နင့်ဘေးက လက်တွဲဖေါ်အဖြစ်
ငါ စိတ်ကူးယဉ်ခွင့်ရှိသေးတယ်
ဒီတော့
အရောင်လေးတွေနဲ့ လွမ်းတယ်

ငှက်ကလေးရေ...
လွမ်းတယ်
လွမ်းတယ်
လွမ်းတယ်ဟာ...။

ငှက်ကလေးသို့ တစ်နေ့တာအလွမ်းတွေဟာ
အပိုင်းအခြားတွေ စီစီရီရီနဲ့ ဒါပေမယ့်လည်း
အဲ့ဒီ့အလွမ်းတွေဟာ
ရင်ထဲက အလွမ်းတွေကို မမီဘူး
နေ့လည်းလွမ်းတယ် ညလည်းလွမ်းတယ်
ငှက်ကလေးအတွက်ကလွဲလို့
အတိတ်မရှိတဲ့ ကိုယ့်နှလုံးသားကို
ပြန်ဖြူစင်ခွင့်ပေးမယ်ဆိုတောင်
ငှက်ကလေးကို ချစ်ခဲ့ရတဲ့အဖြစ်အတွက်
နောင်တမရှိဘူး
ဒါ့ကြောင့်
ဒီတိုင်းလေးပဲ အလွမ်းတွေနဲ့
ကိုယ့်နှလုံးသားလေး စိမ်းပါရစေ

အလွမ်းဆိုတာက
ခြောက်ကပ်ကပ်နဲ့ အစိမ်းရောင်သမ်းတယ်....
ခု ကိုယ့်ကမ္ဘာဟာ
အစိမ်းတွေနဲ့ ခြောက်ခြောက်ကပ်ကပ်ကမ္ဘာ
ငှက်ကလေး ဖန်တီးပေးခဲ့တာလို့ပြောရင်မရယ်နဲ့
တကယ်ကို...
ငှက်ကလေးအတွက်နဲ့
ဖြစ်တည်ခဲ့တဲ့ အလွမ်းတွေ
ကြည့်ပါ့လား
ကိုယ့်ကောင်းကင်ကြီးတစ်ခုလုံး
စိမ်းလို့...လေ။


ရည်ဝေ    

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်