Saturday 9 March 2013

၈--၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

(၁)
မနေ့က အိပ်မက်မှာ ငှက်ကလေးကို စိတ်ဆိုးဆိုးနဲ့ မေ့ထားတယ်
ဒီနေ့ ငှက်ကလေးကို လွမ်းတယ်း)

ငှက်ကလေးက ငှက်ကလေးပါပဲလေ
သူ့အိပ်မက်မှာ ကိုယ်ပါခွင့်မရှိဘူး
ကိုယ့်အိပ်မက်မှာ သူမပါဖို့လည်း တားခွင့်မရှိဘူး
တကယ်ဆို
နှလုံးသားရဲ့ စေစားခြင်းခံနေရမှတော့
ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ဟာ
ငှက်ကလေးကို တမ်းတခြင်းနယ်ပယ်မှာပဲ ရှိတော့တယ်။

(၂)

ငှက်ကလေးက သူ့အတောင်ပံခတ်သံမှာ
ကိုယ့်နှလုံးသားကို တဒိတ်ဒိတ်ခုန်ခိုင်းတယ်
သူ့ တေးတွေ သီချိန်တိုင်းမှာ
ရှိသမျှ အလုပ်တွေကို ပစ်ချထားခိုင်းတယ်
ကိုယ် ..လေပြေကို ငေးကြည့်ရင်း သူ့တေးသီသံတွေမှာ
ငေးမော
တကယ်ဆို ကိုယ်လည်းတားချင်တယ်
တားချင်တာပဲ ငှက်ငယ်ရေ
ကိုယ်က ခက်ထန်တဲ့ သစ်ပင်ပါ
သစ်ပင်တစ်ပင်ရဲ့ နှလုံးသားဟာ
ဘယ်လောက်ထိ နူးညံ့ခွင့်ရှိလဲ ကိုယ်မသိဘူး
ဒါပေမယ့်လည်း
ငှက်ကလေးအတွက် နူးညံ့မှုမှာ
ကိုယ်ဟာ အဆုံးသတ်ကို မေ့တယ်
ကိုယ်က ရွေ့လျားခွင့်မရှိတဲ့ သစ်ပင်တစ်ပင်ဖြစ်ပြန်သေးတယ်
နှလုံးသားရဲ့ စေစားမှုမှာ
ကိုယ်ဟာ ခန္ဓာတစ်ခုလုံးရပ်တန့်နေပေမယ့်
စိတ်ရဲ့ ပြေးလွှားနှုန်းကို သိခွင့်ရတယ်
တကယ်ဆိုကိုယ်ဟာ သစ်ပင်နဲ့ မတန်တဲ့ ခံစားချက်တွေနဲ့ အသက်ရှင်သန်ခဲ့ရသူ
ဟုတ်တယ်
တားချင်တယ်
ဒါပေမယ့်လည်း
ငှက်ငယ်ကို မြတ်နိုးရခြင်းကိုပဲ
တသသနဲ့ စွဲလမ်းတတ်ခဲ့ပြီ

(၃)

ငှက်ကလေးက ပြုံးတတ်တယ်
သူ့အပြုံးမှာ မာယာမပါဘူး
ဒီလေလှိုင်းထဲတိုးဝင်ရခြင်းအတွက် သူဂုဏ်ယူတယ်
တကယ်ဆို ဒီလှိုင်းလုံးတွေကြားမှာပဲ သူဟာ
ခဏခဏ ဒဏ်ရာရခဲ့ရှာတာ
ဒါပေမယ့်လည်း
ကြံရင်းသေတဲ့လူ ဆိုတဲ့ စကားကို သူ လက်ကိုင်ထားခဲ့တယ်

ငှက်ကလေး ငိုင်နေတယ်
သူ တစ်နေရာရာမှာ နားဖို့လိုနေပြီ
သူ့စိတ်အဆာပြေဖို့
သူ့အတောင်ပံကို ခဏအနားပေးဖို့
သူ သဲသောင်ပြင်မှာ ခဏရပ်ပါ
သူ တားနေတဲ့ စကားတွေကိုမကြားဘူး
အတောင်ပံတွေကို တဗြင်းဗြင်းခတ်နေတုန်း
ငှက်ငယ်
ကိုယ် ငိုချင်လာပြီ
ငှက်ငယ် ခေတ္တအနားယူပါ
ငှက်ငယ် ကိုယ့်အော်သံကို နားဆင်ပါ..
ငှက်ငယ်............။

(၄)

ကောင်းကင်တစ်ခုအောက်မှာ
ငှက်ကလေးတစ်ကောင် တောင်ပံခတ်နေခဲ့တယ်
သူ
စိတ်ညွှန်ပြတံကို အကဲခတ်လို့
သူ့တောင်ပံတွေကို ခတ်တယ်
ပြင်းပြင်းထန်ထန်ခတ်တယ်

သူ လေလှိုင်းတွေကို ကြောက်တယ်
ဒါပေမယ့်လည်း
သူ ပျံသန်းနေခဲ့ရတယ်
ဘဝပေးတာဝန်
တာဝန်ကို တာဝန်လိုမြင်မိတော့
သူ ပျံသန်းနေခဲ့ရရှာတယ်

သူ ကြောက်တတ်တယ်
သူ အားနာတတ်တယ်
သူ ရှက်ရွံ့တတ်တယ်
သူ ကလေးတစ်ယောက်လိုပဲ
သူ စိတ်အားငယ်တတ်တယ်

သူ့ကို ကြည့်နေမိတဲ့ ကျွန်တော်
သူ့ကို မြတ်နိုးနေမိ
သူ့ကို သနားကြင်နာနေမိ
သူ့ကို......... ပြုံးရယ်ချင်မိ

တကယ်ဆိုသူဟာ တာဝန်တွေအတွက် သိမ်းငှက်ဟန်ဆောင်နေရ
တကယ်ဆိုသူဟာ တာဝန်တွေအတွက် ကြီးကျယ်မြင့်မြတ်ပြနေရ
တကယ်ဆိုသူဟာ တာဝန်တွေအတွက် ...........
တကယ်တော့ သူဟာ အားငယ်တတ်တဲ့ ငှက်ကလေးတစ်ကောင်ပါ
သူဟာ လွတ်လပ်ပေါ့ပါးချင်တဲ့ ငှက်ငယ်တစ်ကောင်ပါ
သူဟာ တိုက်ခိုက်နိုင်လောက်အောင်ထိ ခွန်အားမကြီးဘူး
တကယ်ဆို သူဟာ ........
တာဝန်တွေအတွက် သူ့မျက်ရည်တွေဟာ ပုန်းကွယ်ပြနေရ
ငှက်ငယ်ရေ သနားလိုက်တာ
သစ်ပင်လေးတစ်ပင်ဟာ ငှက်ငယ်လေးနားခိုဖို့ အစဉ်လက်ကမ်းကြိုနေကြောင်း သိစေချင်ရဲ့
ငှက်ငယ်ရေ......
ငှက်ကလေးရေ.. ငှက်ကလေးရေ..
င့ါလက်ဖျံမှာ ခိုနားလှည့်ပါ
ငါ့လက်မောင်းသွေးကို ရေအဖြစ်နဲ့ သောက်သုံးပါ
ငါ့နှလုံးအိမ်ကို တည်းခိုရာ သဘောထားပေးပါ..

(၅)

ငှက်ကလေးက ပြုံးတတ်တယ်
သူ့အပြုံးမှာ မာယာမပါဘူး
ဒီလေလှိုင်းထဲတိုးဝင်ရခြင်းအတွက်
သူဂုဏ်ယူတယ်
တကယ်ဆို ဒီလှိုင်းလုံးတွေကြားမှာပဲ သူဟာ
ခဏခဏ ဒဏ်ရာရခဲ့ရှာတာ
ဒါပေမယ့်လည်း
ကြံရင်းသေတဲ့လူ ဆိုတဲ့ စကားကို သူ လက်ကိုင်ထားခဲ့တယ်

ငှက်ကလေး ငိုင်နေတယ်
သူ တစ်နေရာရာမှာ နားဖို့လိုနေပြီ
သူ့စိတ်အဆာပြေဖို့
သူ့အတောင်ပံကို ခဏအနားပေးဖို့
သူ သဲသောင်ပြင်မှာ ခဏရပ်ပါ
သူ တားနေတဲ့ စကားတွေကိုမကြားဘူး
အတောင်ပံတွေကို တဗြင်းဗြင်းခတ်နေတုန်း
ငှက်ငယ်
ကိုယ် ငိုချင်လာပြီ
ငှက်ငယ် ခေတ္တအနားယူပါ
ငှက်ငယ် ကိုယ့်အော်သံကို နားဆင်ပါ..
ငှက်ငယ်............။

 (၆)
ငှက်ကလေးအတွက်နေရာတစ်ခုဖန်ဆင်းပေးချင်မိတဲ့အခါ
ဘယ်ဖက်ရင်အုံက နှလုံးသားဟာ အောင့်အောင့်လာတယ်
ကိုယ် အခွင့်မှ မရှိပဲကွယ်

ငှက်ကလေးက ရင်ကွဲလုအောင် တောင်ပံတွေခတ်လို့
လှိုင်းလုံးတွေ တစ်ခုပြီးတစ်ခုကျော်ဖြတ်နေခဲ့ရ
ကိုယ် အားပေးနှစ်သိမ့်ချင်လိုက်တာ

ငှက်ကလေးက အားငယ်မှုတွေကို မြိုသိပ်ပြ
သူ့အသံဟာ တခါတခါမှာ အက်ကွဲနေတတ်တယ်
သူ့အသံဟာ ချိုနွေးမှုပျောက်နေတတ်တယ်
သူ့အသံဟာ တိုးရှပါးလျားနေတတ်တယ်

သူ တစ်ချိန်ချိန်တော့ ပျော်ရွှင်ခြင်းအသံကို တီးခေါက်မိမှာပါ
သူ တစ်ချိန်ချိန်မှာတော့ လွတ်လပ်မှုနဲ့ ရယ်နိုင်လိမ့်မယ်
သူ တစ်ချိန်ချိန်မှာတော့......
ငှက်ကလေးတစ်ကောင်နဲ့အတူ ပျော်နိုင်ပါလိမ့်မယ်

ငှက်ကလေးရေ....
ဘဝဆိုတာ တိုက်ပွဲလို့ပြောကြတယ်
သစ်ပင်ရဲ့ အတွေးကတော့
ဘဝဆိုတာ
ထာဝရရှင်သန်ရမယ့် ပြိုင်ပွဲလို့ပဲသတ်မှတ်မိတယ်
ငှက်ကလေး ပြိုင်ချင်သည်ဖြစ်မပြိုင်ချင်သည်
ဖြစ်စေ အချိန်တန်ရင်ရောက်လာလိမ့်မယ်
ပြိုင်ပွဲတိုင်း နိုင်ပါစေ ငှက်ကလေးရေ
ပြိုင်ပွဲတိုင်းမှာ မပင်ပန်းပါစေနဲ့
ပြိုင်ပွဲတိုင်း...
သူ
အောင်နိုင်ပါစေ..လေ

။။။။
“၆-၃-၂၀၁၃ ငှက်ကလေးသို့ ..”
(၁)


ငှက်ကလေးဟာ အချိန်တန်တာတောင် ပျံမလာသေးဘူး
ငါ ရူးတော့မယ်
ငှက်ကလေး ဘာတွေလုပ်နေလဲ
ငှက်ကလေး ဘယ်တွေရောက်နေလဲ
တကယ်ဆို
ဒီချိန်ဆို ငါဟာ ငှက်ကလေးကို ခိုးကြည့်နေကျ
ဒီချိန်ဆိုငှက်ကလေးရဲ့ ပတ်ဝန်းကျင်ကို
တိမ်ဖြူတွေစီးပြီး ရောက်နေတတ်ပြီ
ခုတော့ ငှက်ကလေး ဟာ ငါ့ကောင်းကင်ကို မေ့နေတယ်

လေပြေတွေ တေးမဆိုနဲ့
ငှက်ကလေးရဲ့ သတင်းကိုပေးပါတိမ်ဖြူတွေ ကမနေစမ်းနဲ့
ငှက်ကလေးရဲ့ တည်နေရာကို စုံစမ်းပါ
ငှက်ကလေးရေ
ငှက်ကလေးရေ.....
ငှက်ကလေးရေ စိုးရိမ်တယ်

တကယ်ဆို ငှက်ကလေးလာမှာမို့
ငါ့ မအိပ်ငိုက်သေးတာပါ
ဒီချိန်ဟာ သစ်ပင်တို့ အိပ်ငိုက်ချိန်
ငါ့အတွက်တော့
နှလုံးသားအာဟာရကို စားသုံးချိန်
ဟိုမှာ အိပ်ငိုက်နေတဲံ ကုက္ကိုရွက်လေးက လူးလွန့်ပြီး ငါ့ကို တစ်ချက်ခိုးကြည့်တယ်
မကြည့်နဲ့
ဒီချိန်မှာ ဘာကိုမှ မမြင်ချင်ဘူး
ငှက်ကလေးရဲ့ တောင်ပံခတ်သံကို ကြားချင်တယ်

ငှက်ကလေးဟာ ဒီချိန်ဆို ငှက်ကလေးတစ်ကောင်နဲ့လား
သစ်ပင်လေး လွမ်းနေကြောင်း လေပြေရေ တေးဆိုပြလိုက်ပါ
ငှက်ကလေးဟာ ဒီချိန်ဆို အလုပ်ကြောင့်မောပန်းနေသလား
တစ်နေကုန် ခတ်လိုက်ရတဲ့ အတောင်ပံတွေ ညောင်းနေသလား
ငှက်ကလေးရေ
ငါ့လက်ဖျံမှာ နားလှည့်ပါ
ငှက်ကလေးရေ ဒဏ်ရာတွေ ရနေသလား
ငါ့ လက်ဖျံမှာ ခဏအိပ်ပါ
ငှက်ကလေးရေ ငှက်ကလေးရေ ငှက်ကလေး ရေ
သတိရလိုက်တာ
ရင်ထဲက နင့်နင့်သည်းသည်း လွမ်းတယ်


 (၂)
ငါဟာ ငါမဟုတ်တော့
ငါ အတောင်ပံပေါက်ချင်လာပြီ
ငါ ကောင်းကင် ထိ ပျံသန်းလို့
ငှက်ကလေးကို ရှာချင်လိုက်တာ
ငှက်ကလေးရေ

အချစ်က သစ်ပင်ကို သတ်တယ်
ငါ့မှာာ ရွက်ဝါတွေ များလာပြီ
မတတ်နိုင်ဘူး
သစ်ပင်မှာလည်း နှလုံးသားနာတဲ့ ရောဂါ ဖြစ်တတ်တယ်
ငှက်ကလေးရေ အချစ်က ငါ့ကို သတ်နေပြီ
တစ်ခါ စိုးရိမ်ပူပန်မိတိုင်း
ငါ့လက်ဖျံတွေဟာ သွေးစက်တွေ ဖေါက်ချပစ်မိ
ငါ ရူးတယ်ပဲထားပါ
အချစ်က ငါ့ကို သတ်တယ်
ငှက်ကလေးရေ.... သတိရလိုက်တာ
နင့်နင့်သည်းသည်း လွမ်းတယ်

(၃)


ငှက်ကလေးဟာ သစ်ပင်ကို မေ့လို့
ပျော်နေမှာ
ငှက်ကလေးဟာ သစ်ပင်ကို သတိမထားမိခဲ့ဘူး
ငှက်ကလေးဟာ ငှက်ကလေးတစ်ကောင်ကို ငေးနေခဲ့တာ
မပြောကြပါနဲ့

မကြားချင်ဘူး
တကယ်ဆို သစ်ပင်လည်း နာကျင်တတ်ပါတယ်
ငှက်ကလေးရေ
လေပြေတွေ တေးဆိုရင် နားပိတ်ထားပါ
ငှက်ကလေးကြောင့် သစ်ပင်နာကျင်နေကြောင်း
ငှက်ကလေးမသိပါစေနဲ့
ငှ့က်ကလေးရေ
တိမ်တွေ ကနေတာကို ရှောင်သွားပါ
သူတို့ သစ်ပင်အကြောင်း ပြဇာတ်ဖွဲ့ကြည့်နေကြတာ
ငှက်ကလေးကြောင့် သစ်ပင် နာကျင်နေကြောင်း
ငှက်ကလေး မသိပါစေနဲ့
ှုငှက်ကလေးရေ
ငှက်ကလေးရေ
ငှက်ကလေးရေ
နင့်နင့်သည်းသည်း လွမ်းတယ်။


၅-၃-၂၀၁၃ ...ငှက်ကလေးသို့
ပြောချင်တဲ့ စကားတွေဟာ ပွင့်ထွက်မလာဘူး
မေးချင်တဲ့ စကားလုံးတွေဟာ တိုးတိတ်ဖျော့လျော့
ငှက်ကလေးရေ
တကယ်ဆို ငါက
အသံတိတ်နေရပေမယ့်
ငါ့ရင်ထဲက စကားသံတွေ မင်းကြားရဲ့မဟုတ်လား
ကြားမယ်လို့ ယုံကြည်တယ်
ငှက်ကလေးရေ
နှလုံးသားချင်းနားလည်ရင်
အသံတစ်ချက်တော့ ပြုခဲ့ဦး
မပြောဖြစ်လိုက်တဲ့ စကားတွေအတွက်
နောင်တကင်းချင်လို့ပါ.......။

ဟော့ဒီ ဝဲဘက်ရင်အုံဟာ
ငှက်ကလေးအတွက် စိုးရိမ်ပူပန်မှုနဲ့
တဆတ်ဆတ်ခုန်တယ်
ငါ့ပင်စည်အခက်အလက်တွေဟာ
မင်းကို တမ်းတစိတ်နဲ့ အသက်ရှင်တယ်
ငှက်ကလေးရေ ငှက်ကလေးရေ
လွမ်းလိုက်တာ
ဟိုကဗျာထဲကအတိုင်းပါပဲ
အချစ်အကြောင်းပြောတဲ့ညမှာ
ငှက်ကလေးက အနားနားမရှိဘူး
ငှက်ကလေးရေ..
လွမ်းလိုက်တာ
ငါ့သွေးကြောထဲက တမ်းမက်မှုကဗျာတွေ
မင်းကြားနာစေချင်လိုက်တာ
ငှက်ကလေးရေ..
စိုးရိမ်မှု အစိုင်အခဲတွေဟာ
ထုထည်ကြီးမားကုန်ပြီ
ဘေးရန်ကင်းရှင်းကြောင်း သတင်းပို့ပါ
တစ်မိနစ်လောက်မမြင်ရချိန်မှာတောင်
စိုးရိမ်ပူပန်လွန်းလို့ပါ
ငှက်ကလေးရေ..
ဆာရာ..ငဲ.........။

ငှက်ကလေးရေ
လွမ်းတယ်
အာရုဏ်ဦးဟာ ငှက်ကလေးကို ခေါ်ဆောင်မလာဘူး
မုန်းတယ်
နေမင်းဟာ ငှက်ကလေးကို ဖွက်ထားတယ် ထင်တယ်
မုန်းတယ်
လမင်းဟာ ငှက်ကလေးကို သိမ်းထားတယ်
မုန်းတယ်
ငှက်ကလေးကိုမမြင်ရတဲ့နေ့တိုင်းမှာ
ငါဟာ
သစ်ခြောက်ပင်
စိုပြည်ခြင်းကင်းတဲ့ သစ်ခြောက်ပင်
နှလုံးသားတစ်ခုလုံးမှာ ဟာတာတာနဲ့
ရင်နင့်တယ်ဆိုတာကို ခံစားလိုက်ရ
ငှက်ကလေးရေ
ငှက်ကလေးရေ
ငှက်ကလေးရေ
တွေ့ချင်လိုက်တာ...။

ငှက်ကလေးက ဒီချိန်ဆို
အိပ်တန်းတက်လုပြီ
ငှက်ကလေးရဲ့အနား
ဘယ်သူများရှိလေမလဲ
ငှက်ကလေးရေ
ထောင်ချောက်တွေကို လွတ်အောင်ရှောင်
ငှက်ကလေးရေ
စိတ်ခံစားချက်တိုင်းမှာ အထိန်းအကွပ်ရှိတယ်
မျိုသိပ်ပါ အားကြီးသွားရင် ပွင့်ထွက်လာတဲ့အခါ လှိုင်းကြီးတတ်သတဲ့
မင်းချစ်တဲ့ ငှက်ကလေးကို ဖွင့်ပြောပါ
ငှက်ကလေးရေ
တစ်ဖက်သတ်သာဆိုရင် လက်လျှော့လိုက်တော့
အင်အားပြင်းလွန်းတယ်
တစ်ဖက်တည်းတီးတဲ့ လက်ခုပ်သံဟာ ဘယ်တော့မှ မသာယာဘူး
ငှက်ကလေးရေ
မှာတာတွေ မမေ့ပါနဲ့
ငှက်ကလေးရေ ပျော်အောင်နေ
ကိုယ့်မှာကြားသံတွေကို သူမကြားမှန်းသိပါလျှက်
ကိုယ်ဟာ ရင်ကွဲမတက် ပွင့်အံထွက်မိနေတုန်း
ငှက်ကလေးရေ
သစ်ခြောက်ပင် ရင်ကွဲတာမကြည့်ဖူးရင် လာကြည့်လှည့်ဦး
ငါ အလွမ်းပြေအောင်..။

၂၇-၂-၂၀၁၃---ငှက်ကလေးသို့

ငှက်ကလေးက အဝေးပျံတယ်
ကျွန်တော်က ငှက်ကလေးကို ငေးတယ်
ဒီလိုနဲ့ပဲ..
ဒီလိုနဲ့ပဲ....
သစ်ပင်လေးတစ်ပင်
ငှက်ကလေးတစ်ကောင်
ကောင်းကင်အောက်မှာ အသက်ရှင်နေခဲ့တယ်။
---
ငှက်ကလေးက ပြောတယ်
သူ့ဘဝမှာ သူဟာ မိုးစိုခဲ့ဖူးသတဲ့
မိုးခိုစရာမရှိခဲ့ဖူးလားလို့ ကျွန်တော်တွေးရင်း
သစ်ရွက်တွေကို ငှက်ကလေးအတွက်
အုံ့ဆိုင်းပေးချင်မိစိတ်နဲ့
အကိုင်းတွေ ရုတ်တရက် နှိမ့်ချလိုက်မိ
ငှက်ကကလေးကတော့ သတိမမူခဲ့ဘူး။
----
ငှက်ကလေး ငေးနေပြန်တယ်
သူလို ငှက်ကလေးတစ်ကောင်ကို
လာပါငှက်ကလေးချစ်တဲ့ ငှက်ကလေးရေ
ကျွန်တော့်လက်ဖျံမှာ ငှက်ကလေးနဲ့အတူနားလှည့်ပါ
ကျွန်တော့် သစ်ခတ်အိမ်မှာ ငှက်ကလေးနဲ့အတူ နားလှည့်ပါ
ကျွန်တော့် သစ်ရွက်လေးတွေကို
ငှက်ကလေးနဲ့အတူ တို့ထိ ကစားပါ
အို ဒီလိုဖိတ်ခေါ်ပေးချင်ရဲ့ ငှက်ကလေးရေ
ကျွန်တော်က ငှက်ကလေးမျက်နှာညိုမှာကို
မိုးပြိုမှာထက် ကြောက်သူပါ
ငှက်ကလေးကတော့ သတိမမူခဲ့ဘူး။
-----
ငှက်ကလေး ပြုံးပြန်ပြီ
အရည်လဲ့နေတဲ့ သူ့မျက်ဝန်းတွေဟာ
တစုံတစ်ရာအတွက် ပျော်နေသလိုမျိုး
ကျွန်တော် ပျော်လိုက်တာ
ငှက်ကလေးပျော်ရင် ကျွန်တော်ပျော်တယ်
ငှက်ကလေး ငိုရင် ကျွန်တော် ငိုမယ်
ငှက်ကလေးရဲ့ ခံစားချက်နဲ့
ကျွန်တော် အသက်ရှင်နေတယ်
ငှက်ကလေးကတော့သတိမမူမိသေးဘူး။
-----
ငှက်ကလေးရေ
လာပါ နားပါ
ကျွန်တော့် အကိုင်းအခက်တွေကို ကစားပါ
ကျွန်တော့်ဖိတ်ခေါ်သံမှာ
ငှက်ကလေးဟာ ပြုံးလို့ အဝေးပျံသွားတယ်
ကျွန်တော့် ရင်ကွဲသံကို သူမကြားလိုက်ရရှာဘူး။
------
ကောင်းကင်က ငှက်ကလေးက
ကျွန်တော့်ကို ပြုံးပြနေတယ်
ကျွန်တော်လေ ပျော်လိုက်တာ
ရင်တစ်ခုလုံးပွင့်ထွက်မတက်
လေပြေလေး လာနှိုးမှ
ဝမ်းပန်းတနည်း သိလိုက်ရတယ်
အိပ်မက် တဲ့ ...လေ
ငှက်ကလေးရေ
ငှက်ကလေးရေ
ငှက်ကလေးရေ..
ရင်ကွဲအောင် အော်ခေါ်နေတဲ့ အသံကို
ငှက်ကလေး မကြားပြန်ဘူး
သူ ပျံသွားပြီ
ကောင်းကင်ထက်မှာ ........လေ။
------
ငှက်ကလေးက အဝေးပျံတယ်
ကျွန်တော်က ငှက်ကလေးကိုငေးတယ်
ဒီလိုနဲ့ပဲ
ဒီလိုနဲ့ပဲ
သစ်ပင်လေးတစ်ပင်
ငှက်ကလေးတစ်ကောင်
ကောင်းကင်တစ်ခုအောက်မှာ
အသက်ရှင်နေခဲ့ကြတယ်။

(ရည်ဝေ)
 

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်